နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တော ဟာဘီရွာမှ ဖမ်းဆီးခံရသူ ၂၄ ဦး သိန်း ၂၄၀၀ သုံးသော်လည်း လွတ်မြောက်မလာနိုင်

Rohingya Eye
RB News
6.8.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် သီဟိုဠ်ကျွန်းကျေးရွာအုပ်စု ဟာဘီရွာမှ လုပ်ကြံစွပ်စွဲ ဖမ်းဆီးခံရသူများ လွတ်မြောက်လာနိုင်ရန် ငွေကျပ် သိန်း ၂၄၀၀ သုံးစွဲခဲ့သော်လည်း ပြန်လည် လွတ်မြောက်မလာဘဲ အမှုရင်ဆိုင်နေရသည်။

၂၀၁၇ ခုနှစ် နိုဝင်ဘာလ (၇) ရက်နေ့က မောင်တောမြို့နယ် သီဟိုဠ်ကျွန်းကျေးရွာအုပ်စု ဟာဘီရွာမှ ဒေသခံရိုဟင်ဂျာ (၃၈) ဦးကို အာဏာပိုင်များက ဖမ်းဆီးခဲ့ပြီး သက်ကြီးရွယ်အိုနှင့် အသက်မပြည့်သူ (၈) ဦးကို ရက်ပိုင်းအကြာတွင် ပြန်လည် လွှတ်ပေးခဲ့သည်။

ကျန်ရှိသည့် (၃၀) ဦးကို အုပ်စုနှစ်စုခွဲ၍ (၂၄) ဦးကို ၂၀၁၆ ခုနှစ် အောက်တိုဘာလ (၉) ရက်နေ့တွင် ကျီးကန်းပြင်ရှိ နေအိမ်များ မီးတင်ရှို့သည်ဟု လုပ်ကြံစွပ်စွဲပြီး၊ (၆) ဦးကို ၂၀၁၇ ခုနှစ် သြဂုတ်လ (၂၅) ရက်နေ့တွင် ကျောက်ပြင်ဆိပ်ရှိ ကင်းစခန်းကို တိုက်ခိုက်ခဲ့သည်ဟု စွပ်စွဲခဲ့သည်။

“အားလုံးက တကယ်ကို အပြစ်မဲ့တွေပါ။ ကျီးကန်းပြင်က အိမ်တွေကို အောင်ဇေယျရွာက န.တ.လ ဗုဒ္ဓဘာသာဝင်တွေ မီးရှို့ခဲ့တာ၊ ဖမ်းခံရသူတွေက ပြစ်မှုကျူးလွန်တဲ့ အထောက်အထား လုံးဝ မရှိဘူး” ဟု ဒေသခံတစ်ဦးက RB News သို့ပြောသည်။

“တရားရုံးကလည်း အာဏာပိုင်တွေဘက်က စွပ်စွဲတာတွေကို အတည်ယူလို့မရခဲ့ဘူး။ ကျီးကန်းပြင် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ ကိုယ်တိုင်က ဖမ်းခံရသူတွေက ပြစ်မှုကျူးလွန်ထားခြင်း မရှိဘူးလို့ ထွက်ဆိုခဲ့တယ်” ဟု ၎င်းက ဆက်လက်ပြောပါသည်။

ဖမ်းဆီးခံရသူများသည် အပြစ်မဲ့များ ဖြစ်သော်လည်း ငွေပေးမှ ပြန်လည် လွတ်မြောက်နိုင်မည်ဟု ယုံကြည်သောကြောင့် သက်ဆိုင်ရာဌာနများကို ပေးရန်အတွက် နယ်ခြားစောင့်ရဲများနှင့် တရားရုံးဝန်ထမ်းများက တစ်ဦးလျှင် ငွေကျပ် သိန်း (၁၀၀) စီ ပေးရန် တောင်းခံသောအခါ (၂၄) ဦးအဖွဲ့က ပေးရန် သဘောတူခဲ့ပြီး ငွေကျပ် သိန်း (၂၄၀၀) ပေးခဲ့သည်။ (၆) ဦးအဖွဲ့လည်း ငွေသိန်းပေါင်းများစွာ ပေးခဲ့သည်။ သို့သော်လည်း ၎င်းတို့၏ မိသားစု ဆွေမျိုးများက ထုတ်ဖော်ပြောခြင်း မရှိကြပေ။

(၂၄) ဦးအဖွဲ့က နယ်ခြားစောင့်ရဲများနှင့် တရားရုံးဝန်ထမ်းများကို ပေးခဲ့သည့် ငွေကျပ် သိန်း (၂၄၀၀) ဆုံးရှုံးသွားပြီး အခြေအမြစ်မရှိ စွဲချက်မှာ ယခုထိ ကျန်ရှိနေပြီး ၎င်းတို့အား ပုဒ်မ ၅၀၅ (က)၊ (ခ)၊ (ဂ)၊ (ဃ) တို့ဖြင့် ထပ်မံ၍ တရားစွဲဆိုထားကြောင်း သိရသည်။

ထို့အပြင် မောင်တောခရိုင်တရားရုံးက ဟာဘီရွာသား အပြစ်မဲ့ ၁၁၄ ဦးကို ဖမ်းဆီးရန် ဇူလိုင်လ (၂၆) ရက်နေ့က ၀ရမ်းထုတ်ထားသည်။ ၎င်းတို့အား အလားတူ ပုဒ်မများဖြင့် တရားစွဲဆိုမည်ဟု ဒေသခံများက ပြောပါသည်။




Comment ရေးရန်

Rohingya Exodus