နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘုရားပြင်အောင်ပ အုပ်ချုပ်ရေးမှူးက ရွာသားတစ်ဦးကို RB News သို့ သတင်းပို့နေသည်ဟု စွပ်စွဲ၍ ငွေညှစ်

MYARF
RB News
27.8.2018

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ဘုရားပြင်အောင်ပ ကျေးရွာ အုပ်ချုပ်ရေးမှူးက ငွေညှစ်မှုနှင့် ပတ်သက်၍ ရွာသားတစ်ဦးကို RB News သို့ သတင်းပေးပို့နေသည်ဟု စွပ်စွဲ၍ ငွေညှစ်ခဲ့သည်။ 

လွန်ခဲ့သည့် ဇူလိုင်လတွင် ဘုရားပြင်အောင်ပရှိ ရပ်ကွက် (၉) နေ လက်ထပ်ရန် စေ့စပ်ထားသူ အမျိုးသမီးတစ်ဦးသည် ယခင်က မိဘက သဘောတူခဲ့သော်လည်း ယခုအခါ မိဘများ စကားများ၍ တစ်ဖက်နှင့်တစ်ဖက် သဘောမတူတော့သဖြင့် ချစ်ကြိုက်သူ ၂ ဦး၏ လက်ထပ်ပွဲ ကြန့်ကြာနေသည့်အပြင် ရပ်ဆိုင်းသွားမည်ကို စိုးရိမ်၍ အမျိုးသမီးက ၎င်း၏ ဆန္ဒအလျောက် သူမနှင့် စေ့စပ်ထားသည့် သိမ်တောင်ပြင် ရွာသားနှင့်အတူ ခိုးရာလိုက်သွားခဲ့သည်။

ခိုးရာလိုက်သွားခြင်းကို အကြောင်းပြု၍ ဘုရားပြင်အောင်ပ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ကြီး နှင့် ၎င်း၏ တပည့်များ ပူပေါင်းပြီး အမျိုးသမီး၏ ဖခင် လယ်သမားကြီး ဦးအီလီယာစ် (အသက် ၅၀-နှစ်) ကို ''မင်းမှာ အပြစ်ရှိတယ်၊ မင်းကို နယ်ခြားစောင့် နယ်မြေရုံးကို ပို့ရမယ်၊ ပို့ရင် မင်းသိတဲ့ အတိုင်း ငွေကျပ် သိန်းနဲ့ချီ ပေးရမယ်'' ဟူ၍ ခြိမ်းခြောက်ကာ ငွေကျပ် ၃ သိန်း ညှစ်ယူခဲ့သည်။

ထို့အပြင် သြဂုတ်လ (၁၉) ရက်နေ့တွင် အုပ်ချုပ်ရေးမှူး ဦးမောင်ကြီးသည် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ဒုတပ်ကြပ် ဦးသန်းစိန်နှင့် ပူပေါင်း၍ အဆိုပါ ငွေညှစ်မှုနှင့် ပတ်သက်၍ RB News တွင် သတင်းတစ်ပုဒ် ဖတ်လိုက်ရသည်၊ ထိုသတင်းကို မလေးရှားနိုင်ငံနေသူ၏ သားမှတစ်ဆင့် ပေးပို့ကြောင်း၊ ထိုသို့ သတင်းပေးပို့လျှင် နှစ်ရှည်တောင်ဒဏ် ချမှတ်ရှိသည့် နိုင်ငံတော်အသရေဖျက်မှု၊ အီလက်ထရောနစ် စသည့် ပုဒ်မအမျိုးမျိုး ခြိမ်းခြောက်ပြီး ငွေကျပ် (၇) သိန်း ထပ်မံ ညှစ်ယူခဲ့ကြောင်း ဒေသခံများက RB News သို့ ပြောပါသည်။
ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးသည် ကိုယ့်ရွာသားများ ဒုက္ခမရောက်အောင်၊ အဆင်ပြေ အေးချမ်းစွာ နေထိုင်နိုင်အောင် အမြဲတမ်း ရွာသားများဖက်က ရပ်တည်ပြီး ကာကွယ်ထိန်းသိမ်းမည့်အစား ယခုလို နယ်ခြားစောင့်တပ်၊ စစ်တပ်၊ ရဲတပ်ဖွဲ့တို့နှင့် ပူပေါင်းကာ ပုဒ်မအမျိုးမျိုးဖြင့် ခြိမ်းခြောက်၍ ငွေညှစ်မှုများပြုလုပ်နေသည်ကို အထက်လူကြီးဖြစ်ကြသည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး နှင့် ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး တို့မှ အရေးယူ ဆောင်ရွက်သင့်သည်ဟု ဒေသခံများက ဆိုသည်။



Comment ရေးရန်

Rohingya Exodus