RB News
24.1.2018
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် လက်ဝဲဒက်ပုဇွန်ချောင်း ကျေးရွာသို့ တပ်ရင်း ၃၄၅ မှ ဗိုလ်ကြီးနှစ်ဦးနှင့် စစ်သားများ ရောက်ရှိလာပြီး၊ ငွေညှစ်ခြင်း၊ သစ်များတောင်းယူခြင်းနှင့် ခြိမ်းခြောက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
တပ်ရင်း ၃၄၅ မှ ဗိုလ်ကြီးနှစ်ဦးနှင့် စစ်သား (၁၂) ဦးခန့် တို့သည် ဘူးသီးတောင်မြို့နယ် လက်ဝဲဒက်ပုဇွန်ချောင်း ကျေးရွာသို့ ရောက်ရှိလာပြီး ကျေးရွာအုပ်ချုပ်ရေးမှူးကို ဆင့်ခေါ်ကာ ၎င်းတို့၏ ဘောလုံးကွင်းတွင် အဆောင်ဆောက်ရန် သစ်များလိုအပ်နေကြောင်း၊ ရွာမှ သစ်များပေးရန် တောင်းခံခဲ့သည်။ ရွာသူရွာသားများ အားလုံးမှာ အလုပ်လက်မဲ့ ဖြစ်နေပြီး သစ်ဝယ်ပေးရန် မရှိသော်လည်း သစ်များရှာဖွေ၍ ခွဲပေးခဲ့ရကြောင်း ဒေသခံများက RB News သို့ပြောပါသည်။
အဆိုပါ ဗိုလ်ကြီးများနှင့် စစ်သားများသည် လက်ဝဲဒက်ပုဇွန်ချောင်းကျေးရွာမှ တဆင့် မောင်ကြီးတောင်ရွာသို့ သွားရောက်၍ ကျေးရွာအတွင်း ငွေကျပ် ၃ သောင်းဖိုးခန့် တန်ဖိုးရှိသည့် ကြက်များ ယူခဲ့ပြီး၊ ကျေးရွာမှ အပြန်တွင် ယင်းကျေးရွာ၏ အုပ်ချုပ်ရေးမှူးနှင့် ဒါးပိုင်ဆရာရွာမှ အုပ်ချုပ်ရေးမှူးတို့ကို လက်ဝဲဒက်ပုဇွန်ချောင်းသို့ ခေါ်ယူလာခဲ့သည်။ ထို့နောက် မောင်ကြီးတောင်ရွာ အုပ်ချုပ်ရေးမှူး ထံမှ ငွေကျပ် တစ်သိန်းသုံးသောင်းနှင့် ဒါးပိုင်ဆရာရွာ အုပ်ချုပ်ရေးမှူး ထံမှ ငွေကျပ် တစ်သိန်း ညှစ်ယူခဲ့ကြောင်း သိရှိရသည်။
လက်ဝဲဒက်ပုဇွန်ချောင်းရွာတွင် မှာထားခဲ့သည့် သစ်ချောင်း ၁၃ ချောင်းကိုယူပြီးနောက် ယင်းရွာမှ ကြက်နှစ်ကောင်ကို သတ်ဖြတ်ကာ အရက်များနှင့် စားသောက်ခဲ့သည်။ ရွာအတွင်းတွင် ရွာသားများကို အကြောင်းမဲ့ ရိုက်နှက် ကန်ကျောက်ခဲ့ကြောင်း၊ ထို့အပြင် ရွာသားတစ်ဦး၏ ခြံမှ ငွေကျပ်နှစ်သောင်းတန် ကြက်ဖတစ်ကောင်ကိုလည်း လေးခွဖြင့် ပစ်ခတ်၍ ဖမ်းယူသွားကြောင်း၊ ဂျူနိုက် (ဘ) ဦးအဲကရာမ် (အသက် ၂၁) နှစ်၏ ဆိတ်တစ်ကောင်ကိုလည်း ဖမ်းယူသွားကြောင်း၊ ဆိတ်ပိုင်ရှင် ဂျူနိုက် က ၎င်း၏ ဆိတ်ကို ပြန်တောင်းသောအခါ သေနတ်ဖြင့် ပစ်သတ်မည်ဟု ခြိမ်းခြောက်၍ ပါးပြင်ကို လက်သီးဖြင့် ထိုးခဲ့ကြောင်း၊ ဆိုင်တစ်ဆိုင်မှာ အအေးဗူးများ ယူသောက်ပြီးနောက် ဆိုင်ရှင် ဖြစ်သူက ငွေတောင်းသောအခါ ဆိုင်ရှင်ကို “အသေရှင်ချင်လား၊ သေချင်လား” ဟု မေး၍ ခြိမ်းခြောက်ပြီး ငွေမပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် လက်ဝဲဒက်ပြင်ရှည် ကျေးရွာအုပ်စုမှ ရိုဟင်ဂျာ နေအိမ် (၃) လုံးကို ရခိုင်အစွန်းရောက် များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိပါသည်။
ယနေ့ ဇန်န၀ါရီလ (၂၄) ရက်နေ့ နံနက် ၃ နာရီခန့် အချိန်တွင် ဘူးသီးတောင်မြို့နယ် လက်ဝဲဒက်ပြင်ရှည် ကျေးရွာအုပ်စု ထင်ရှားပြင်ကျေးရွာမှ လူမနေတော့သည့် ရိုဟင်ဂျာ နေအိမ် (၃) လုံးကို ရခိုင်အစွန်းရောက်များက မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။
“ပထမ နှစ်လုံးရှို့တယ်။ ဗလီရဲ့ တောင်ဘက်ပိုင်းမှာ ကပ်လျက်ရှိနေတဲ့ နေအိမ်တွေပါ။ နောက်တစ်ခါ အဲဒီ အိမ်တွေနဲ့ လေးလုံးလောက် ခြားနေတဲ့ အိမ်တစ်လုံးကို ထပ်ရှို့တယ်” ဟု အဆိုပါ ဒေသခံက ပြောပါသည်။
ထင်ရှားပြင်ရွာတွင် ရိုဟင်ဂျာ နေအိမ် ၃၀၀ ကျော်ရှိပြီး၊ ၁၀၀ ကျော်မှ မိသားစုများသည် စားဝတ်နေရေး ခက်ခဲမှုနှင့် စစ်တပ်၏ အကြမ်းဖက်မှုရန်တို့ကို ကြောက်ရွံ၍ တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် သွားရောက် ခိုလှုံနေကြောင်း သိရှိရသည်။
ယနေ့ မီးရှို့ခံရခြင်းမှာ ဒုတိယအကြိမ်ဖြစ်ပြီး လွန်ခဲ့သည့် တစ်လခွဲခန့်ကလည်း နှစ်အိမ် မီးရှို့ခံခဲ့ရသည်။ ထိုသို့ မီးရှို့ခံခဲ့ရပြီးနောက် ရွာအတွင်း ကင်းစောင့်များ ထားရန် စီစဉ်ခဲ့သော်လည်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံမှ ခွင့်ပြုချက် လက်မှတ်မရသဖြင့် ရပ်ရွာလူကြီးများက နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်း အမှတ် (၁၃) မှ ခွင့်ပြုချက်ယူ၍ ကင်းစောင့်ခဲ့သည်။ ယခုအခါ အခြေအနေ တည်ငြိမ်အေးချမ်းလာပြီဟု ယူဆ၍ ကင်းစောင့်များ မထားတော့သဖြင့် ယခုကဲ့သို့ မီးရှို့ခံရခြင်း ဖြစ်သည်။
ထင်ရှားပြင်ရွာ၏ အနောက်ဘက်တွင် အင်းပေါက်နှင့် သပြေတော ရခိုင်ရွာ နှစ်ရွာရှိပြီး လမ်းလျှောက် သွားလျှင် ငါးမိနစ်ခန့် ကြာသည့် အကွာအဝေးတွင် ရှိသည်။
ယနေ့ မီးရှို့ခံရသည့် နေအိမ်များ၏ ပိုင်ရှင်များမှာ --
(၁) ဦးအာစ်မာတ်တူလ္လာ (ဘ) ဦးဘာဆူမျာ
(၂) ဒေါ်ဆဖူရာ
(၃) ဦးမိုဟာမတ်အာလောမ် -- တို့ဖြစ်ကြသည်။
ဒေသခံများက မီးလောင်နေသည့် နေအိမ်များ အနီးရှိ ချောင်းမှ ရေစုပ်စက်ဖြင့် ရေစုပ်၍ ပိုက်များဖြင့် အချိန်မှီ ငြိမ်းသတ်ခဲ့သောကြောင့် မီးငြိမ်းသတ်သွားခြင်း ဖြစ်ပြီး၊ ရေစုပ်စက်ဖြင့် ရေစုပ်၍ မငြိမ်းသတ်ပါက အခြားအိမ်များ ကူးနိုင်သည့် အခြေအနေ ရှိခဲ့ကြောင်း သိရှိရပါသည်။
ဇန်န၀ါရီလ (၂၂) ရက်နေ့ ညပိုင်းတွင်လည်း မောင်တောမြို့နယ် မြောက်ပိုင်း တောင်ပြိုလက်ယျာတွင် ရိုဟင်ဂျာများ၏ နေအိမ် (၄) လုံးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့သည်။

MYARF
RB News
22.1.2018
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် အာဏာပိုင်များထံမှ ကောလဟလ သတင်းများ ထွက်ပေါ်လာလျက် ရှိနေပြီး မြို့ပေါ်အနီးတ၀ိုက်တွင် လုံခြုံရေးအင်အားဖြင့် ၀န်းရံပိတ်ဆို့ကာ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သတင်းရရှိပါသည်။
ယခုကဲ့သို့ ၀န်းရံပိတ်ဆို့ပြီး စစ်ဆေးမှုများ ပြုလုပ်နေခြင်းကို ဇန်န၀ါရီလ (၂၁) ရက်နေ့တွင် စတင်ခဲ့ခြင်းဖြစ်ပြီး၊ မောင်တောမြို့နယ် ဧတာလျာကျေးရွာနှင့် အမှတ် (၄) ရပ်ကွက် ဗိုလ်မှူးရွာ တို့တွင် ရှောင်တခင် စီးနင်း ၀င်ရောက် စစ်ဆေးခဲ့သည်။ သို့သော် ဥပဒေနှင့် မလွတ်ကင်းသည်များကို မတွေ့ရှိခဲ့သလို မင်္သကာစရာ လူပဂ္ဂိုလ်များလည်း မတွေ့ရှိခဲ့ပေ။
ယမန်နေ့ ညနေ ၁၀ နာရီခွဲခန့်အချိန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အနည်းဆုံး ကား ၁၈ စီးဖြင့် ရွှေဇားကျေးရွာထဲတွင် လှည့်လည်ခဲ့ပြီး ရွှေဇားကျေးရွာ၏ အနောက်ဖက် မြစ်ကမ်းနားတွင် ၎င်းတို့က ပစ်ခတ်ခဲ့မှုများ ပြုလုပ်ခဲ့ပြီး၊ ပစ်ခတ်ခံများသည် ဗုံးပေါက်ကွဲသံ ကဲ့သို့ ကျယ်လောင်ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။
ယနေ့ ဇန်န၀ါရီလ (၂၂) ရက်နေ့တွင် မောင်တောမြို့နယ်၊ ပန်းတောပြင်ကျေးရွာကို အလားတူပုံစံမျိုးဖြင့် ရှောင်တခင် စီးနင်းဝင်ရောက်စစ်ဆေးခဲ့သော်လည်း အဖမ်းအဆီးများ မရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောပါသည်။ စစ်ဆေးမှုများ ပြုလုပ်ရာတွင် ရုန်းရင်းဆန်ခတ်ပုံစံမျိုး မဟုတ်ဘဲ အိမ်ထောင်စု လူဦးရေစာရင်းနှင့် လူဦးရေး စစ်ဆေးသည်ဟု ဒေသခံများက ဆိုသည်။ နေအိမ်များ၏ အနီးတ၀ိုက်တွင် ရှာဖွေခြင်းများလည်း ပြုလုပ်သည်ဟု သိရှိရသည်။
မောင်တော ဒေသဆိုင်ရာ အာဏာပိုင်များက ဘင်္ဂလားဒေ့ရှ်မှ လူနှစ်ဦး ၀င်ရောက်လာပြီး မောင်တောမြို့ပေါ် အနီးတ၀ိုက်တွင် ဗုံးဖောက်ခွဲမှုများ ပြုလုပ်နိုင်ဖွယ် ရှိသည်ဟု သတင်းရရှိထားသည်ဟု ကောလဟလများ လွှင့်နေသည်ဟု မောင်တောမြို့ခံများ၏ ပြောကြားချက်များအရ သိရှိရပါသည်။
၂၀၁၇ ခုနှစ် သြဂုတ်လ (၂၅) ရက်နေ့နောက်ပိုင်းတွင် မြန်မာအာဏာပိုင်များ၏ ဥပဒေမဲ့ ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ် မီးရှို့မှုကြောင့် အိမ်နီးချင်းဘင်္ဂလားဒေရှ့်နိုင်ငံသို့ ထွက်ပြေးခိုလှုံနေရသော ရိုဟင်ဂျာများကို ဇန်န၀ါရီလ (၂၃) ရက်နေ့တွင် ပြန်လည်လက်ခံရန် စီစဉ်နေချိန်တွင် ထိုသို့ ကောလာဟလသတင်းများကို အာဏာပိုင်များဖက်က စပြီး ထွက်ပေါ်လာနေသည်မှာ အလွန် သံသယ ဖြစ်စရာကောင်းသည် လုပ်ရပ်တစ်ခုဟု ရှုမြင်ကြောင်း မောင်တောမြို့ခံ တစ်ဦးက RB News သို့ပြောပါသည်။

ရွှေဇားကပ္ပကောင်းကျေးရွာအုပ်စု တာဝန်ခံ ဦးမော်နိရ်အမတ် (ခ) ဟာလာသည် ရွှေဇားကပ္ပကောင်းကျေးရွာအုပ်စုအတွင်း ဆွဲ၊တင်၊စစ် ၀င်ရောက်သည့်နေ့မှစ၍ ယနေ့တိုင် ဆွဲတင်စစ်ကို အကြောင်းပြကာ ရွာသားများထံမှ နေ့စဉ်ရက်ဆက် ငွေညှစ်နေကြောင်း အမည်မဖော်လိုသူ ရွာသားတစ်ဦးက RB News သို့ပြောပါသည်။
RB News
21.1.2018
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ရွှေဇားကပ္ပကောင်း ကျေးရွာအုပ်စုရှိ ကျေးရွာများမှ ဒေသခံရိုဟင်ဂျာများသည် ဆွဲ၊တင်၊စစ် ၀င်ရောက်သည့်နေ့မှစ၍ ယနေ့တိုင် နေ့စဉ်ရက်ဆက် ငွေညှစ်ခံနေရကြောင်း သတင်းရရှိပါသည်။
ရွှေဇားကပ္ပကောင်းကျေးရွာအုပ်စု တာဝန်ခံ ဦးမော်နိရ်အမတ် (ခ) ဟာလာသည် ရွှေဇားကပ္ပကောင်းကျေးရွာအုပ်စုအတွင်း ဆွဲ၊တင်၊စစ် ၀င်ရောက်သည့်နေ့မှစ၍ ယနေ့တိုင် ဆွဲတင်စစ်ကို အကြောင်းပြကာ ရွာသားများထံမှ နေ့စဉ်ရက်ဆက် ငွေညှစ်နေကြောင်း အမည်မဖော်လိုသူ ရွာသားတစ်ဦးက RB News သို့ပြောပါသည်။
“ငွေကြေးအဆင်ပြေတယ်လို့ ထင်ရတဲ့ ရွာသားတွေကို ရွာတာဝန်ခံက ခေါ်တယ်၊ ပြီးတော့ ဆွဲ၊တင်၊စစ် အဖွဲ့က လ.၀.က ဦးစီးကို ငွေပေးရတယ်လို့ဆိုပြီး ရွာသားတွေဆီက ငွေတောင်းတယ်။ ငွေတောင်းတာလည်း နည်းနည်းပါးပါး မဟုတ်ဘူး။ သိန်းဂဏန်းထိ တောင်းတယ်၊ မပေးနိုင်ဘူး ငြင်းရင်လည်း ပုဒ်မတွေ ပြောပြီး ခြိမ်းခြောက်တယ်။ နောက်ဆုံးမှာ သူခြောက်တာကို မခံနိုင်တဲ့အဆုံး ပေးလိုက်ရတယ်” ဟု အဆိုပါ ရွာသားက ပြောပါသည်။
ဆွဲ၊တင်၊စစ် ၀င်ရောက်သည့်နေ့မှစ၍ ယနေ့တိုင် ငွေညှစ်ခံရသည့် လူပုဂ္ဂိုလ်များ၏ အမည်စာရင်းနှင့် ငွေကြေးပမာဏ အတိအကျ သိရသော်လည်း တာဝန်ခံက ငွေညှစ်ခံရသူများကို ပြဿနာရှာမည်ကို စိုးရိမ်ရသောကြောင့် ငွေညှစ်ခံသူများ၏ အမည်များကို RB News မှ ချန်လှပ်ထားပါသည်။ ကျေးရွာတာဝန်ခံက ငွေညှစ်ထားသည့် ငွေပမာဏမှာ စာရင်းအရ စုစုပေါင်း ၂၃၄၅၀၀၀ (နှစ်သန်း သုံးသိန်း လေးသောင်း ငါးထောင်) ကျပ် ဖြစ်သည်။
![]() |
| (Photo: Shafiur Rahman) |
ရိုနေဆန်းလွင်
RB News
21.1.2018
၂၀၁၆ ခုနှစ် အောက်တိုဘာလ (၉) ရက်နေ့ နောက်ပိုင်းတွင် ၉ သောင်းခန့် အရေအတွက် ရှိသည့် မောင်တောမြို့နယ် မြောက်ပိုင်းမှ ရိုဟင်ဂျာများ နှင့် ၂၀၁၇ ခုနှစ် သြဂုတ်လ (၂၅) ရက်နေ့ နောက်ပိုင်းတွင် ၆ သိန်းခွဲကျော် ရှိသည့် မောင်တောခရိုင်နှင့် ရသေ့တောင်မြို့နယ်များမှ ရိုဟင်ဂျာများသည် မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ တို့၏ အကြမ်းဖက် သတ်ဖြတ်မှု၊ မုဒိမ်းကျင့်မှုတို့မှ လွတ်မြောက်ရန် အတွက် နယ်စပ်နိုင်ငံဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခိုလှုံလျက်ရှိသည်။ ၂၀၁၇ ခုနှစ် အောက်တိုဘာလ အတွင်း ကုလသမဂ္ဂနှင့် နိုင်ငံတကာမှ မြန်မာအစိုးရအား ဖိအားပေးလာမှု များလာသောကြောင့် မြန်မာအစိုးရက ဘင်္ဂလားဒေ့ရှ်အစိုးရအား မြန်မာနိုင်ငံမှ ၂၀၁၆ ခုနှစ် အောက်တိုဘာလ နောက်ပိုင်းတွင် ထွက်ပြေးသွားပြီး ခိုလှုံနေသူများကို ပြန်လည် လက်ခံပါမည်ဟု ကတိပြု၍ နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလ (၂၃) ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့သည်။
ကနဦးတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၀န်ကြီးချုပ်က ကုလသမဂ္ဂမှ ကြီးကြပ်သည့် “လုံခြုံသည့် နယ်မြေ (Safe Zone)” အပါအ၀င် အချက် (၅) ချက် ကို တောင်းဆိုခဲ့သည်။ ထို့အပြင် နှစ်နိုင်ငံ ဘဘောတူညီချက် (Bilateral Agreement) အစား နိုင်ငံအများအပြားပါဝင်သည့် သဘောတူညီချက် (Multilateral Agreement) သာပြောဆိုခဲ့သည်။ သို့သော်လည်း ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး လာရောက် လည်ပတ်ပြီးနောက် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်က ၎င်းတောင်းဆိုခဲ့သည်များကို ဆက်လက် တောင်းဆိုခြင်း မပြုတော့ဘဲ နှစ်နိုင်ငံ သဘောတူညီချက်ကို အစောတလျင် လက်မှတ်ထိုးရန် သဘောတူခဲ့သည်ကို တွေ့ရှိရသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် နှစ်နိုင်ငံသဘောတူညီချက် ဖြစ်မြောက်ရန် တွန်းအားပေးခဲ့သူမှာ တရုတ်နိုင်ငံ ဖြစ်ကြောင်း ထင်ရှားနေသည်။
နှစ်နိုင်ငံသဘောတူညီချက်အရ လာမည့် ဇန်န၀ါရီလ (၂၃) ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခိုလှုံနေသည့် ရိုဟင်ဂျာများကို စတင်လက်ခံရန် မြန်မာအစိုးရဘက်မှ လိုအပ်သည်များကို ပြင်ဆင်လျက်ရှိသည်။ ပထမအသုတ်တွင် ဟိန္ဒူဘာသာဝင် ၅၀၀ ဦးနှင့် အစ္စလာမ်ဘာသာဝင် (ရိုဟင်ဂျာ) ၇၀၀ ဦးကျော် လက်ခံမည်ဟု မြန်မာအစိုးရက ကြေညာထားသည်။ အဆိုပါ ရိုဟင်ဂျာ ၇၀၀ ကျော်မှာ No Man’s Land ဟု ခေါ်သည့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်ကြားရှိ နေရာတွင် ခိုလှုံနေသူများ ဖြစ်သည်ဟု နိုင်ငံတကာသတင်းဌာနများတွင် ရေးသားဖော်ပြထားသည်။
မည်သို့ပင်ဖြစ်စေ နှစ်နိုင်ငံသဘောတူညီချက်တွင် မိမိတို့၏ သဘောဆန္ဒရှိမှသာ ပြန်ရမည် (Voluntary) ဟု ပါရှိသောကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခိုလှုံနေသည့် ရိုဟင်ဂျာများကို မည်သူတစ်ဦးတစ်ယောက်ကမှ အတင်းအဓမ္မ ပြန်ပို့ခွင့်မရှိပေ။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်ခိုလှုံနေသည့် ရိုဟင်ဂျာများသည် မိမိတို့၏ အသက်အန္တရာယ်ကို ကာကွယ်ရန် လိုအပ်နေသူများ၊ မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့၏ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ဒဏ်ရာရသူများနှင့် ရက်စက်ကြမ်းကြုတ်သည့် လိင်အကြမ်းဖက်မှု ခံရသူများ ဖြစ်ကြသည်။ ၎င်းတို့ ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များကို မေ့ပျောက်၍ ရမည် မဟုတ်ပေ။ ၎င်းတို့ အားလုံးသည် မိမိတို့၏ ဌာနေဖြစ်သည့် မြန်မာနိုင်ငံသို့ ပြန်သွားပြီးနောက် နောက်ထပ်တစ်ကြိမ်မက ယခင်ကဲ့သို့ ရက်စက်ကြမ်းကြုတ်မှုများနှင့် ကြုံတွေ့ရမည်ကို အလွန်စိုးရိမ်လျက် ရှိနေကြသည်။
၁၉၇၈ ခုနှစ်မှ စ၍ လေးကြိမ်မြောက် အစုလိုက်အပြုံလိုက် သွားရောက်ခိုလှုံရခြင်း ဖြစ်ပြီး၊ ရိုဟင်ဂျာများအပေါ် လူမျိုးတုန်းသတ်ဖြတ်နေသည်ဟု ပညာရှင်များ၊ ကျွမ်းကျင်သူများက ပြောဆိုလာသည့် အခြေအနေ ဖြစ်လာခဲ့သည်။ ရခိုင်ပြည်နယ် မြောက်ပိုင်းကို ရိုဟင်ဂျာများအား သတ်ကွင်းဟု နိုင်ငံတကာက ခေါ်ဆိုလာသည်။ ဤနေရာသို့ ပြန်သွားရန် အာမခံချက်များ လိုအပ်နေသည်ကို ရက်စက်ကြမ်းကြုတ်မှု ပေါင်းစုံ ခံစားခဲ့ရသည့် ရိုဟင်ဂျာများက သိရှိနားလည် သဘောပေါက်ကြသည်။
ထို့ကြောင့် လွန်ခဲ့သည့် နှစ်ပတ်ခန့်က ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခိုလှုံနေကြသည့် ရိုဟင်ဂျာ နှစ်သောင်းကျော် လက်မှတ်ရေးထိုး၍ ၎င်းတို့အား လုံခြုံစွာနှင့် ဂုဏ်သိက္ခာရှိစွာ ပြန်နိုင်မှသာ ပြန်ပို့ရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၀န်ကြီးချုပ်ထံ စာရေးသား၍ တောင်းဆိုခဲ့သည်။
အဆိုပါ တောင်းဆိုချက်စာတွင် ၂၀၁၆ ခုနှစ် အောက်တိုဘာလ မတိုင်မီ မြန်မာအာဏာပိုင်များ၏ ညှဉ်းပန်းနှိပ်စက်မှု မျိုးစုံကြောင့် ထွက်ပြေးခဲ့ရသူများ၊ ၁၉၉၁-၉၂ ခုနှစ် လူမျိုးစုအလိုက် ရှင်းလင်းမှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကျန်ရစ်နေသူများကိုပါ ပြန်ခွင့်ရရေး အတွက် လုပ်ဆောင်ရန် ရေးသားခဲ့သည်။
တောင်းဆိုချက်များတွင် --
- ၎င်းတို့အား ပြန်မပို့မီ စစ်တွေမြို့တွင် ၅ နှစ်ခွဲကျော် ဒုက္ခသည်စခန်းများတွင် ပိတ်လှောင်ခံထားရသူများကို နဂိုမူလနေရပ်တွင် ပြန်လည် နေထိုင်ခွင့်ပြုရန်
- ၎င်းတို့အား ပြန်မပို့မီ စစ်တွေမြို့တွင် ဒုက္ခသည်ဘ၀သို့ ရောက်သွားသူများကို ရိုဟင်ဂျာ လူမျိုးအမည်ပါ နိုင်ငံသားကဒ်ပြားများ ထုတ်ပေးရန်
- ၎င်းတို့အား မပို့ဆောင်မီ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်များ ထားရှိပေးရန်
- ကုလသမဂ္ဂ ကြီးကြပ်သည့် “လုံခြုံသည့် နယ်မြေ” သတ်မှတ်ပေးရန်
- နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာကို ပြောင်းလဲ၍ ကုလသမဂ္ဂ၊ အိုအိုင်စီ၊ ဥရောပသမဂ္ဂ၊ လူ့အခွင့်အရေး အဖွဲ့အစည်းများ ပါဝင် လက်မှတ်ရေးထိုးရန်
- ၎င်းတို့အား ပြန်ပို့ပြီးနောက် ရာဇ၀တ်မှုတစ်စုံတစ်ရာနှင့် ပတ်သက်နေသည်ဟု စွပ်စွဲခြင်း မပြုရန်
- ၎င်းတို့ ဆုံးရှုံးသွားသည်များကို မြန်မာအစိုးရက လျော်ကြေးပေးရန်
- နိုင်ငံသားအခွင့်အရေး အပြည့်အ၀ပေးပြီး၊ မည်သူတစ်ဦးတစ်ယောက်၏ လွတ်လပ်စွာ သွားလာခွင့်၊ လုပ်ကိုင်စားသောက်ခွင့်ကို တားမြစ်ခြင်း မပြုရန်
- မည်သူမဆို မြန်မာပြည်ဖွားဟု သက်သေပြနိုင်လျှင် လက်ခံရန်
- မြန်မာအာဏာပိုင်များက ရိုဟင်ဂျာများ၏ လယ်မြေများ၊ မြေယာများ သိမ်းဆည်းခြင်းကို ရပ်တန့်ရန်နှင့် ယခင်က သိမ်းဆည်းထားသည်များ အတွက် လျော်ကြေးပေးရန်
- မိမိတို့၏ နဂိုမူလ နေရပ် ကျေးရွာများတွင် နေထိုင်ခွင့်ပြုရန် -- စသည်တို့ ပါဝင်သည်။
မြန်မာအစိုးရက ပြန်လာမည့်သူများကို ရိုဟင်ဂျာများက ၂၀၁၅ ခုနှစ်မှစ၍ လုံးဝမယူနိုင်ဟု ငြင်းဆန်ထားသည့် NVC များ ထုတ်ပေး၍ ယာယီအမည်ခံ အကျဉ်းစခန်းများတွင် ထားရှိရန် စီစဉ်ထားသည်ကို တွေ့ရှိရသည်။
မြန်မာအစိုးရ စီစဉ်ထားသည်နှင့် ရိုဟင်ဂျာများ တောင်းဆိုနေသည်များမှာ မိုးနှင့်မြေလိုကွာခြားနေသည်။ ရိုဟင်ဂျာများသည်လည်း အာမခံချက် တစ်စုံတစ်ရာ မရရှိဘဲ ပြန်လာမည် မဟုတ်သည်မှာ သေချာသည်။ မြန်မာအစိုးရနှင့် စစ်တပ်ကလည်း အမှန်တကယ် ပြန်ခေါ်ချင်စိတ် မရှိသောကြောင့် ရိုဟင်ဂျာများအား NVC ပေး၍ အကျဉ်းစခန်းများတွင် ထားရှိရန် စီစဉ်နေခြင်း ဖြစ်ပေသည်။
ရိုဟင်ဂျာများနှင့် မြန်မာအစိုးရတို့ အားပြိုင်မည့် အခြေအနေတစ်ခု လာမည့် နှစ်ရက်တွင် စတင်တော့မည် ဖြစ်ပြီး၊ နိုင်ငံတကာနှင့် ကုလသမဂ္ဂတို့က အာမခံချက် မရှိသည့်နေရာသို့ မပြန်ရန် တိုက်တွန်းနေသည့် အတွက် နိုင်ငံတကာ၏ ဖိအားများ ရောက်လာနိုင်ဖွယ် ရှိသောကြောင့် ရိုဟင်ဂျာများအနေဖြင့် မိမိတို့၏ တောင်းဆိုချက်များ မပြည့်ဝမချင်း မပြန်ကြရန် တိုက်တွန်းအပ်ပါသည်။
Rohingya Eye
RB News
18.1.2018
မောင်တော ။ ။ ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် စစ်တပ်မှ အကြမ်းဖက် မီးရှို့မှုကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်သွားသူများထဲမှ အချို့သည် တဖက်နိုင်ငံသို့ သွားရောက်ခိုလှုံခြင်း မပြုဘဲ တဲများထိုး၍ နေထိုင်လျက်ရှိရာ ၎င်းတို့၏ တဲများကို အာဏာပိုင်များက အတင်းအဓမ္မ ဖျက်ခိုင်းလျက် ရှိကြောင်း သတင်းရရှိပါသည်။
၂၀၁၇ ခုနှစ် သြဂုတ်လ (၂၅) ရက်နေ့ နောက်ပိုင်းတွင် မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ရိုဟင်ဂျာများ နေထိုင်ရာ ကျေးရွာ ၃၅၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့သည်။ မီးရှို့ခံရသည့် ကျေးရွာများမှ ဒေသခံ ရိုဟင်ဂျာများသည် တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက် ခိုလှုံလျက် ရှိပြီး၊ အချို့မှာ မိမိတို့၏ ကျေးရွာများတွင် တဲများထိုး၍ နေထိုင်လျက် ရှိသည်။
ဇန်န၀ါရီလ (၇) ရက်နေ့တွင် တပ်ရင်း ၅၅၁ မှ ဒုတပ်ရင်းမှူး ဗိုလ်မှူးကျော်ဇေယျ သည် စစ်သားအချို့နှင့် လှဖိုးခေါင်ကျေးရွာသို့ သွားရောက်၍ ယင်းကျေးရွာတွင် တဲထိုး၍ နေထိုင်လျက်ရှိသည့် မိသားစု ၁၂ စုကို တဲများဖျက်၍ ထွက်သွားရန် ဖိအားပေး ပြောဆိုခဲ့သည့် အပြင် လူအချို့ကိုလည်း ကိုယ်ထိလက်ရောက် ရိုက်နှက်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။
တစ်ဖန် ဇန်န၀ါရီလ (၁၃) ရက်နေ့တွင်လည်း မြို့နယ် အုပ်ချုပ်ရေးမှူး အပါအ၀င် ဒေသဆိုင်ရာ အာဏာပိုင်များ သွားရောက်၍ တဲများကို ဖျက်ရန် အမိန့်ပေးခဲ့သည်။ အဆိုပါ တဲများတွင် နေထိုင်လျက်ရှိသည့် ရွာသားများက မိမိတို့၏ တဲများကို ဖျက်ပြီး မည်သည့်နေရာတွင် သွားနေရမည်နည်းဟု မေးမြန်းရာ နီးစပ်ရာ ရွာများတွင် ၀င်ရောက် နေထိုင်ရန် ပြောဆိုခဲ့ကြောင်း သိရှိရသည်။
ဇန်န၀ါရီလ (၁၅) ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်သည့် အဖွဲ့သည် ကျီးကန်းပြင်ကျေးရွာသို့ သွားရောက်၍ ရွာတစ်ဖက်စွန်းတွင် တဲထိုး၍ နေထိုင်လျက်ရှိသည့် ရွာသူရွာသားများနှင့် တွေ့ဆုံစဉ် ဒေါက်တာဝင်းမြတ်အေး က “ခင်ဗျားတို့ကို အစိုးရက စံပြရွာ ဆောက်ပေးမယ်၊ အိမ်တွေ ဆောက်ပေးမယ်၊ ရေမီးအဆင်ပြေအောင် လုပ်ပေးမယ်” ဟု ပြောဆိုခဲ့သည်။ ရွာသား အချို့က မိမိတို့သည် အစိုးရ ဆောက်လုပ်ပေးမည့် စံပြရွာတွင် မနေချင်ကြောင်း၊ ရေမီးလည်း မလိုချင်ကြောင်း၊ မိမိတို့၏ မူလနေရာတွင် သွားရောက် နေထိုင်လိုကြောင်း တောင်းဆိုရာ ဒေါက်တာဝင်းမြတ်အေးက ဥပဒေအရ မီးရှို့ခံထားရသည့် နေရာကို အစိုးရ ပြန်လည် ပေးခြင်း မရှိဟု ပြောဆိုခဲ့သည်။
“အစိုးရက ဒုက္ခသည်တွေကို နေရာပြန်လည် နေရာချထားရာမှာ ဒုက္ခသည်စခန်းမှာ ယာယီထားပြီး၊ မူလနေရာမှာ နေရာပြန်လည် ချထားမယ်လို့ ပြောနေပေမယ့်လည်း လက်တွေ့မှာတော့ မူလနေရာမှာ ပြန်လည် နေရာချထားမယ့် အစိုးရရဲ့ အစီအစဉ်တွေကို မတွေ့ရသလို မူလနေရာတွေမှာ ရှိနေတဲ့ အိမ်တွေကို ဖြိုဖျက်နေတာကို ကြည့်ရင် အစိုးရရဲ့ ပြောစကားတွေက ရှေ့နောက် မညီတာကို တွေ့နေရတယ်” မောင်တောမြို့ခံ တစ်ဦးက သုံးသပ် ပြောဆိုသည်။
RB News
18.1.2018
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် တောင်ပိုင်းရှိ ရိုဟင်ဂျာများ မြို့ပေါ်သို့ မလာနိုင်ရန် အတွက် သွားလာနေသူများထံမှ ငွေညှစ်လျက် ရှိကြောင်း သတင်းရရှိပါသည်။
ဘူးသီးတောင်မြို့နယ် တောင်ပိုင်းရှိ သပိတ်တောင်၊ စိမ့်ညှင်းပြား၊ ဂူတာပြင်၊ ဖိုးခေါင်ချောင်း၊ ဖရုံချောင်း၊ ဘုရားပြင်အောင်ပ၊ အထက်ကျွဲကြိုမော်၊ သိမ်တောင်ပြင်၊ ဒုအိုးသည်မ စသည့် ကျေးရွာအုပ်စုများမှ ဘူးသီးတောင်မြို့မဈေးသို့ ဈေးဝယ်ရန် သွားနေသည့် ဆိုင်ကယ်သမားများကို ကကျက်ဘက်ကံပြင် ကျေးရွာအုပ်စု တပ်ရာရွာမှ ဦးအစ္စမိုင်လ် (ဘ) ဦးဘဖြူနှင့် ယင်းကျေးရွာအုပ်စုမှ ရခိုင်လူမျိုးတစ်ဦး တို့က ရပ်တန့်၍ ရိုက်နှက်ပြီး ငွေညှစ်နေကြောင်း ဒေသခံများက RB News သို့ပြောပါသည်။
ငွေညှစ်ခံရသူများထဲမှ အချို့မှာ --
ဖရုံချောင်း ကျေးရွာမှ -
(၁) ဦးမာမတ်အီနုစ် (ဘ) ဦးအဒူဆော်လာမ် (၁၄.၁.၂၀၁၈ ရက်နေ့တွင် ငွေကျပ် ၄ သောင်း)
(၂) ဦးအာဇီမူလ္လာ (ဘ) ဦးနော်ဇိရ်အာမတ် (၁၁.၁.၂၀၁၈ ရက်နေ့တွင် ငွေကျပ် ၂ သောင်း)
(၃) ဦးအေနိုက်တူလ္လာ (၂၄.၁၂.၂၀၁၇ ရက်နေ့တွင် ငွေကျပ် ၂ သောင်း)
(၄) ဦးရှော်ဘိရ် (ဘ) ဦးအဒူမော်တော်လောဖ် (ငွေကျပ် ၂ သောင်း)
(၅) ဦးမာမတ်ဂျော်မိလ် (ငွေကျပ် ၃ သောင်း)
(၆) ဦးမာမတ်တာဟဲရ် (ငွေကျပ် ၂ သောင်း)
(၇) ဦးဂျာဟာန်ဂိရ် (ငွေကျပ် ၃ သောင်း)
စိမ်းညှင်းပြားကျေးရွာမှ -
(၁) ဦးဇူဘိုင်ရ် (ငွေကျပ် ၃ သောင်း)
(၂) ဦးဘော်ဒီရောန် (ငွေကျပ် ၂ သောင်း)
(၃) ဦးမူဂျီရာမာန် (ငွေကျပ် ၃ သောင်း)
(၄) ဦးရှော်ဘီယာ (ငွေကျပ် ၁ သောင်း ၅ ထောင်)
ဘုရားပြင်အောင်ပ ကျေးရွာမှ -
(၁) ဦးတာဟဲရ် (ငွေကျပ် ၃ သောင်း)
(၂) ဦးမူဟိဘုလ္လာ (ငွေကျပ် ၄ သောင်း)
(၃) ဦးဟာဘေဇူလ္လာ (ငွေကျပ် ၂ သောင်း ၅ ထောင်)
(၄) ဦးဇော်လိလ် (ငွေကျပ် ၂ သောင်း)
(၅) ဦးအဒူရော်ကိမ်း (ငွေကျပ် ၂ သောင်း) -- တို့ဖြစ်ကြသည်။
ယခုကဲ့သို့ ငွေညှစ်နေရခြင်းကြောင့် မြို့ပေါ်သို့ ဈေးဝယ်ရန် အခက်အခဲ ကြုံတွေ့လျက် ရှိနေသည်ဟု ဒေသခံများက ဆိုသည်။
![]() |
| ယာယီစခန်း အမည်တပ်ထားသည့် အကျဉ်းစခန်း |
RB News
16.1.2018
၂၀၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်း ၃ ခု ကို အာဆာ ဟု ခေါ်သည့် အာရ်ကာန် ရိုဟင်ဂျာ ကယ်တင်ရေး တပ်မတော်မှ တိုက်ခိုက်ခဲ့ပြီးနောက် မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေး ခေါင်းစဉ်တပ်ကာ ရိုဟင်ဂျာများ နေထိုင်သည့် ရွာ ဒါဇင်ချီ၍ မီးရှို့ဖျက်ဆီးခဲ့သည်။ အပြစ်မဲ့ အရပ်သား တစ်ထောင်ကျော် သတ်ဖြတ်ခဲ့သည့် အပြင် အမျိုးသမီးများနှင့် မိန်းကလေးငယ်များကို အုပ်စုဖွဲ့ မုဒိမ်းကျင့်ခဲ့သည်။
မြန်မာစစ်တပ်၏ လူမဆန်စွာ ရက်စက်ကြမ်းကြုတ်မှုကြောင့် ရိုဟင်ဂျာ ၉ သောင်းခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံခဲ့ရသည်။ ယင်းရိုဟင်ဂျာများမှာ ယခုအချိန်ထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်လျက်ရှိနေကြသည်။
တစ်ဖန် ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့တွင် မြန်မာစစ်တပ်၏ တပ်ရင်းတစ်ခု အပါအ၀င် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်း ၃၀ ခန့်ကို အာဆာ က တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ ၂၀၁၆ အောက်တိုဘာလ ၉ ရက်နေ့တွင် တိုက်ခိုက်ခဲ့သည့် ကင်းစခန်းများ၏ အခြေအနေများကို သတင်းမီဒီယာများတွင် ဖော်ပြခဲ့သော်လည်း ၂၀၁၇ သြဂုတ်လ (၂၅) ရက်နေ့၌ နေရာ ၃၀ ခန့်တွင် တိုက်ခိုက်ခဲ့သည့် ကင်းစခန်းများ၏ အခြေအနေများကို သတင်းမီဒီယာများတွင် ဓါတ်ပုံ အထောက်အထားများဖြင့် ဖော်ပြခြင်း မရှိခဲ့ပေ။ မည်သို့ပင် ဆိုစေကာမူ အာဆာ က ၎င်းတို့၏ တွစ်တာမှ တိုက်ခိုက်ခဲ့သည်ဟု ၀န်ခံထားသည့် အတွက် စာရေးသူ အနေဖြင့် စောဒက တက်မည် မဟုတ်သော်လည်း သံသယ တစ်ခုတော့ ရှိသည်ဟု ရိုးသားစွာ ၀န်ခံပါသည်။
သြဂုတ်လ ၂၅ ရက်နေ့ နောက်ပိုင်းတွင် မြန်မာစစ်တပ်က ထုံးစံအတိုင်း နယ်မြေရှင်းလင်းရေး ခေါင်းစဉ်တပ်ကာ အပြစ်မဲ့ အရပ်သားများကို ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်ခြင်း၊ အမျိုးသမီးများကို မုဒိမ်းကျင့်ခြင်း၊ ရွာများကို မီးရှို့ခြင်းများ ပြုလုပ်ခဲ့သည်။ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းများ ဖြစ်သည့် Human Rights Watch နှင့် Amnesty International တို့က မီးရှို့ခံရသည့် ရွာများကို ဂြိုဟ်ထုမှ ကြည့်ရှု၍ ရေတွက်ရာတွင် ၃၅၄ ရွာရှိမည်ဟု ထုတ်ဖော်ရေးသားခဲ့သည်။
အသတ်ခံရသည့် ရိုဟင်ဂျာ အရပ်သား အရေအတွက် တစ်သောင်းထက် မနည်းရှိမည်ဟု စာရေးသူ ယုံကြည်သည်။ မုဒိမ်းကျင့်ခံရသည့် အမျိုးသမီး၊ မိန်းကလေး အရေအတွက် ထောင်ဂဏန်းရှိသည်။
စာရေးသူကိုယ်တိုင် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းသို့ သွားရောက်လေ့လာခဲ့သည်။ လက်နက်ကြီး လောင်ချာများ သုံး၍ ပစ်ခတ်မှုကြောင့် ခန္ဓာကိုယ် အစိတ်အပိုင်းများ ပြတ်သွားသည့် ကလေးငယ်များ၊ အုပ်စုဖွဲ့ မုဒိမ်းကျင့်ခံရသည့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၊ သေနတ်ဒဏ်ရာရရှိထားသူများ၊ လည်လှီး သတ်ဖြတ်ခြင်း၊ ပစ်ခတ်သတ်ဖြတ်ခြင်း၊ အရှင်လတ်လတ် မီးရှို့ခံရသူများ၏ မိသားစုဝင်များနှင့် တွေ့ဆုံခဲ့သည်။ မိမိ၏ မျက်စိဖြင့် ကိုယ်တိုင် မြင်တွေ့ခဲ့ခြင်းများ၊ နှစ်ပေါင်း ၄၀ ခန့် ညှဉ်းပန်းနှိပ်စက်ခံနေရသည့် သက်သေအထောက်အထားများ၊ လူမျိုးတုန်းသတ်ဖြတ်မှု၏ အဓိပ္ပာယ် ဖွင့်ဆိုခြင်းတို့ ပေါင်းစပ်လျှင် မြန်မာစစ်တပ်က ရိုဟင်ဂျာများ အပေါ် လူမျိုးတုန်း သတ်ဖြတ်မှု ကျူးလွန်နေခြင်း ဖြစ်သည်ဟုသာ ယုံကြည်ပါသည်။
၂၀၁၆ ခုနှစ် အောက်တိုဘာလမှ စ၍ ယနေ့ထိ ရိုဟင်ဂျာ ၇ သိန်းခွဲကျော်နှင့် ယခင်က ထွက်ပြေးခိုလှုံနေသူ ၃ သိန်းခွဲ ခန့် ပေါင်းလိုက်လျှင် ရိုဟင်ဂျာ ၁၁ သိန်းခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခိုလှုံလျက်ရှိသည်။
၁၉၇၈ ခုနှစ်မှစ၍ ၂၀၁၇ ခုနှစ်ထိ လေးကြိမ်တိတိ ရိုဟင်ဂျာများ ထွက်ပြေးခိုလှုံနေရခြင်း ဖြစ်သည်။
အချိန်တိုအတွင်း ရိုဟင်ဂျာ သိန်းချီ၍ ထွက်ပြေးခိုလှုံရသောကြောင့် မြန်မာအစိုးရနှင့် စစ်တပ် အပေါ် နိုင်ငံတကာမှ ဖိအားပေါင်းစုံ ပေးခြင်းခံရသည်။ ထိုဖိအားများ လျော့နည်းသွားရန် အတွက် ထွက်ပြေးခိုလှုံနေသည့် ရိုဟင်ဂျာများအား ပြန်လည်လက်ခံပါမည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးရန် အလျင်စလို လိုအပ်ခဲ့ပေသည်။ အလျင်စလို လက်မှတ်မထိုးပါက နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ မဟုတ်ဘဲ နိုင်ငံများစွာပါဝင်သည့် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးရမည်ကို မြန်မာအစိုးရနှင့် စစ်တပ်က နားလည်သဘောပေါက်ထားသည်။
ထို့ကြောင့် ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် ၂၀၁၇ ခုနှစ် နိုဝင်ဘာလ (၂၃) ရက်နေ့တွင် နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့သည်။ ထွက်ပြေးသွားသည့် ရိုဟင်ဂျာများကို ၂၀၁၈ ခုနှစ် ဇန်န၀ါရီလ (၂၂) ရက်နေ့မှစပြီး ပြန်လည် စီစစ်၍ လက်ခံမည်ဟု ကတိပေးခဲ့သည်။

၁၉၇၈ ခုနှစ်မှစပြီး နိုင်ငံတော်မှ မူဝါဒတစ်ခု ချမှတ်၍ ရိုဟင်ဂျာများကို နည်းမျိုးစုံဖြင့် နိုင်ငံတွင်းမှ မောင်းထုတ်ရန် ကြိုးစားနေခဲ့သော်လည်း ယခု လက်မှတ်ရေးထိုးထားသည့် နားလည်မှု စာချွန်လွှာအရ အနည်းဆုံး ရိုဟင်ဂျာ ၇ သိန်းခွဲကို ပြန်လည် လက်ခံရမည် ဖြစ်သည်။ ကျန်သည့် ရိုဟင်ဂျာ ၃ သိန်းခွဲ ပြန်လာနိုင်ရန် ဘင်္ဂလားဒေ့ရှ် အစိုးရက ဖိအားများများ ပေးမှသာ ဖြစ်နိုင်မည်။
ရိုဟင်ဂျာများသည် အာရ်ကာန်ဒေသ၏ မူလဘူတ တိုင်းရင်းသားဖြစ်သည်ကို မြန်မာအစိုးရ၊ စစ်တပ်နှင့် ဗုဒ္ဓဘာသာဝင် အများစုက လက်မခံသော်လည်း သမိုင်းတွင် ရှိသည့် အချက်များကို ဖျက်ပစ်၍ ရမည်မဟုတ်သည်မှာ အမှန်တရားပင်တည်း။ အာရ်ကာန်ဒေသသည် ရိုဟင်ဂျာများ၏ ဌာနေ ဖြစ်သော်လည်း အာရ်ကာန်ဒေသကို ၁၇၈၄ မှစ၍ အုပ်စိုးထားသည့် ဗမာများနှင့် ဗမာအုပ်စိုးမှုအောက်တွင် ဗမာဘက်လိုက် ဖြစ်နေသည့် ရခိုင်အချို့က ဤဒေသကို မွတ်စလင် ကင်းစင်သည့် ဒေသဖြစ်အောင် အင်တိုက်အားတိုက် ကြိုးပမ်းလျက်ရှိသည်။ တစ်နှစ်အတွင်း ရိုဟင်ဂျာ ၇ သိန်းခွဲကျော် မောင်းထုတ်နိုင်ခဲ့ခြင်းသည် ဗမာနှင့် ဗမာဘက်လိုက် ရခိုင်အချို့အတွက် မဟာအောင်ပွဲကြီးတစ်ခု ဖြစ်ပေသည်။
မြန်မာအစိုးရက ပေးထားသည့် ကတိအတိုင်း ရိုဟင်ဂျာများ ပြန်လည် လက်ခံရမည့်နေ့ နီးလာသည့်အမျှ ထမင်းထုပ် တစ်ဖက်နှင့် ဓါးတစ်ဖက် ပြနေသည်ဟု ဆိုရမည် ဖြစ်သည်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ရိုဟင်ဂျာများကို တိုင်းရင်းသားဟု သတ်မှတ်ခဲ့ပြီး၊ နိုင်ငံသား အခွင့်အရေး အပြည့်အ၀ ပေးခဲ့သည်။ ၁၉၈၂ ခုနှစ်တွင် နိုင်ငံသားဥပဒေ အသစ်ပြဌာန်း၍ ရိုဟင်ဂျာများကို နိုင်ငံမဲ့ ဘ၀သို့တွန်းပို့ခဲ့ခြင်း ဖြစ်သည်။ တိုင်းရင်းသား၊ နိုင်ငံသား ဖြစ်ခဲ့သူများကို တစ်ဖက်နိုင်ငံမှ ခိုးဝင်လာသူများဟု သမုတ်နေကြသည်။ ဤတိုင်းရင်းသား၊ နိုင်ငံသားများကို NVC ဟုခေါ်သည့် နိုင်ငံသားစိစစ်ခံရမည့်သူများ၏ သက်သေခံကတ်ပြား ကိုင်ဆောင်ရန် မြန်မာအစိုးရ အာဏာပိုင်များက ၂၀၁၅ ခုနှစ်မှစ၍ ဖိအားပေးလျက်ရှိရာ ယနေ့တိုင်ပင် ဖြစ်သည်။
၂၀၁၂ ခုနှစ် ဇွန်လမှစ၍ စစ်တွေမြို့နှင့် ရခိုင်ပြည်နယ် တောင်ပိုင်းရှိ မြို့များမှ ရိုဟင်ဂျာများကို နေအိမ်များမှ အတင်းအဓမ္မ ထုတ်၍ ဒုက္ခသည်စခန်းသို့ ပို့ထားသည်မှာ ၅ နှစ်ခွဲကျော်ပြီဖြစ်သည်။ ဒုက္ခသည်စခန်းများ အတွင်းတွင် ပိတ်မိနေသည့် ရိုဟင်ဂျာများ၏ မူရင်းနေရပ် ပြန်ရေးကို မြန်မာအစိုးရက လုပ်ဆောင်မည်ဟု အကြိမ်ကြိမ် ပြောဆိုခဲ့သော်လည်း ယနေ့ထိ အကောင်အထည်ဖော်ခြင်း လုံးဝမရှိပေ။
မြန်မာအစိုးရ အာဏာပိုင်များက ရိုဟင်ဂျာများသည် ရုပ်သိမ်းခံထားရသည့် နိုင်ငံသား၊ တိုင်းရင်းသား အခွင့်အရေး အပြည့်အ၀ လိုချင်သူများသာ ဖြစ်ပြီး၊ မိမိတို့၏ ဇာတိဌာနေတွင် အမိုးပွင့်အကျဉ်းထောင်မှ ဒုက္ခသည်စခန်းသို့ ရောက်ရှိမည့် ဘ၀ကို မလိုလားသူများ ဖြစ်သည်ကို ကောင်းစွာ သိရှိနားလည်ထားသည်။
ဤအချက်နှစ်ချက်နှင့် ထောင်ချောက်ဆင်လျှင် မည်သူတစ်ဦးတစ်ယောက်မှ ပြန်လာမည် မဟုတ်ဟု တထစ်ချ ယုံကြည်ထားသည်။ ထို့ကြောင့် မြန်မာအစိုးရ အာဏာပိုင်များက ဘင်္ဂလားဒေ့ရှ်မှ ပြန်လာမည့်သူများကို NVC ထုတ်ပေးမည်ဟု ကြေညာခြင်း၊ ယာယီစခန်းများဟု အမည်တပ်ထားသည့် အကျဉ်းစခန်းများကို ထုတ်ဖော်ပြသခြင်းများ ပြုလုပ်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခိုလှုံနေသည့် ရိုဟင်ဂျာများ ပြန်မလာစေရန် အပူတပြင်း ဆောင်ရွက်လျက် ရှိသည်။
မိမိတို့၏ နိုင်ငံသို့ ပြန်လာနိုင်သည်ဟု ပြောဆိုနေခြင်းမှာ ထမင်းထုပ် ပြနေခြင်းဖြစ်ပြီး၊ NVC နှင့် ယာယီစခန်းများ ပြနေခြင်းမှာ ဓါးကိုင်ပြနေခြင်း ဖြစ်သည်။
ရိုဟင်ဂျာများကို မိမိတို့ အတွက် အာမခံချက် တစ်စုံတစ်ရာ မရှိသည့် လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ကွင်းသို့ ပြန်လာရန် အလျင်စလို ဆုံးဖြတ်ခြင်း မပြုနှင့်ဟုသာ ပြောချင်ပါသည်။
MYARF
RB News
15.1.2018
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ရွှေဇားကျေးရွာအုပ်စုမှ NVC သည် ရိုဟင်ဂျာများ အတွက်ဟု ပြောဆိုသူ တစ်ဦးကို နယ်ခြားစောင့်ရဲများနှင့် မ.က.ဖ များက ငွေညှစ်ယူသည့် အပြင် တရားစွဲဆို၍ ထောင်ဒဏ် ၄ နှစ် ၄ လ ချမှတ်ခဲ့ကြောင်း သတင်းရရှိပါသည်။
၂၀၁၇ ခုနှစ် အောက်တိုဘာလ တတိယပတ်တွင် မောင်တောမြို့နယ် ရွှေဇားကျေးရွာအုပ်စု ဂုံးနားရွာမှ ဆရာ ဦးဘော်ရှော်ရ်၏ သားဖြစ်သူ ဖူတူချေ (မြို့မစည်ပင်သာယာဈေးတွင် အိုးခွက် ပန်းကန် ဆိုင်ရောင်းသူ) က တစ်ရွာတည်းနေ NVC ရယူထားသည့် ဆိုက်ကားသမား တစ်ဦးကို ရိုဟင်ဂျာများသည် NVC လက်ခံရန် မလိုအပ်ကြောင်း၊ ယူထားလျှင်လည်း အသုံးမတည့်ကြောင်း၊ NVC သည် ရိုဟင်ဂျာများ အတွက် မဟုတ်ဟု ပြောဆိုခဲ့ရာ အဆိုပါ ဆိုက်ကားသမားက နယ်ခြားစောင့်ရဲများ၏ သတင်းပေး မောင်မောင်တင် ဆိုသူအား ဖူတူချေက ၎င်းအား ပြောသည်များကို ပြန်လည် ပြောပြခဲ့သည်။ ထို့နောက် ယင်းကိစ္စကို ရွှေဇားတံတား ကင်းစခန်း တာဝန်ခံ ဒုရဲအုပ်က သိရှိသွားပြီး ဖူတူချေ ထံမှ ငွေညှစ်ခဲ့သည်။
သီတင်းတစ်ပတ်အကြာတွင် ရွှေဇားကျေးရွာအုပ်စုရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်း အမှတ် (၁၄) ကညင်ချောင်းစခန်းမှ နယ်ခြားစောင့်ရဲများနှင့် မ.က.ဖ များက ဖူတူချေ အား ခြိမ်းခြောက်၍ ထပ်မံခြိမ်းခြောက်၍ ငွေညှစ်ခဲ့သည်။
“တစ်ပတ်အတွင်းမှာ ငွေနှစ်ကြိမ်ညှစ်ခံရတယ်။ ဒါပေမယ့် ငွေဘယ်လောက် ညှစ်ခံရလဲဆိုတာ အတိအကျ မသိဘူး” ဟု ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။
၂၀၁၈ ခုနှစ် ဇန်န၀ါရီလ (၁၂) ရက်နေ့တွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်း အမှတ် (၁၄) မှ ဖူတူချေ ကို ဆင့်ခေါ်၍ အမှုဖြေရှင်းပြီးပြီ ဖြစ်ကြောင်း၊ သို့သော်လည်း တရားရုံးသို့ သွားရောက်၍ လက်မှတ်ထိုးရန် လိုသည်ဟု လိမ်လည် လှည့်ဖြား၍ တရားရုံးသို့ ခေါ်ဆောင် သွားပြီး ထောင်ဒဏ် ၄ နှစ် ၄ လ ချမှတ်ခဲ့ကြောင်း သိရှိရပါသည်။
ယျာတင် (ရိုဟင်းသား)
RB News
14.1.2018
အခုတလော ကျွန်တော့်စိတ်ကို စာအုပ်တွေထဲ ကျက်စားစေ၏။ စာအုပ်ကောင်းတစ်အုပ်သည် သင်ခန်းစာများစွာ၊ ဗဟုသုတများစွာတို့ကို ပေးနိုင်စွမ်းရှိသည့်အပြင် တွေးစရာများစွာကိုလည်း မွေးပေးနိုင်စွမ်းရှိသည်။ စာအုပ်တစ်အုပ်ဖတ်ပြီးနောက် ထိုစာအုပ်၏ ဇတ်လမ်းထဲတွင် အချိန်ကြာကြာ စီးမျောသွားတတ်၏။ ပကတိခံစားချက်များ၏ ဖိစီးနှိပ်စက်မှုသည်လည်း ခဏတဖြုတ်တော့ ပျောက်ကင်းသွား၏။ ကျွန်တော်က အမိုးပွင့်အကျဉ်းထောင်ထဲ၌ ပိတ်မိနေသော လူသားမြူမှုန်တစ်ပွင့် မဟုတ်ပါလော။
မနေ့ မနက်ကစ၍ ဖတ်လာခဲ့သော စာရေးဆရာ မြသန်းတင့်၏ "ကျွန်တော်ဆက်၍ရေးချင်သော ဝတ္ထုများ" စာအုပ်ကို ဒီနေ့ည ၁၁ နာရီတွင် ဖတ်ပြီး၏။ တွေးစရာများစွာလည်း ကျွန်တော်ထဲခေါင်းထဲ နေရာယူခဲ့ပြီ။
အခန်းထဲတွင် ရေနွေးကြမ်း ငှဲ့သောက်ရင်း ကျွန်တော်တစ်ယောက်တည်း တွေးနေ၏။ ခေါင်းစဉ်ဟူ၍ သီးသန့် မရှိသော တွေးမိတွေးရာများ။ တွေးချင်ရာတွေးနေခြင်းပင်ဖြစ်သည်။
တလောက ဖတ်ဖူးသော "စာရေးခြင်း အတတ်ပညာ" စာအုပ်ထဲက စကားလုံးအများကြီးလည်း ခေါင်းထဲမှာ နေရာယူထားသည်မှာ ပူပူနွေးနွေး။ စာရေးခြင်း ဆိုတာ ကျွန်တော့အတွက် အကျဉ်းကျခံနေရသည့် ခေါင်းကို လွတ်လပ်မှုပေးခြင်းဖြစ်၏။ ကျွန်တော် တစ်ခုခုရေးချင်သည်။ အကျဉ်းကျခံနေရသော အမှန်တရားများကို ထုတ်ရေးချင်သည်။ ထို့ကြောင့် တွေးနေ၏။ အတွေးကို ဘောင်ခတ်မထားဘဲ လွတ်လပ်စွာထား၏။ တွေးချင်ရာတွေးပါစေတော့။
အခန်းထဲက မီးကြီးကိုပိတ်လိုက်သည်။ ညအိပ်မီးသည်သာ မှိတ်တုတ်မှိတ်တုတ် လင်းလျက်။ တိတ်ဆိတ်နေသော အမှောင်ထဲတွင် အတွေးခန်းဝင်ရသည်ကို ကျွန်တော် အလွန်နှစ်သက်သည်။
"ဟေ့ ... လူ ... ဟေ့ ... လူ ..."
ခေါ်သံတစ်ခု။ အသံက ပက်လက်ကုလားထိုင်ပေါ် လဲလျောင်းနေသည့် ကျွန်တော့၏ ခေါင်းရင်းက ထွက်လာသည်အလား အလွန်နီးကပ်သော အသံ။ လှည့်ကြည့်လိုက်တော့ ထူးဆန်းသော လူတစ်ယောက်။ ထိုလူကို ကျွန်တော်မသိ။ အသက်က ကျွန်တော်နှင့် မတိမ်မယိမ်းပင် ရှိမည်ထင်ရ၏။ ကျွန်တော့ကဲ့သို့ပင် ခပ်ပိန်ပိန်၊ အသားဖြူဖြူ၊ များလုံးကြည်ကြည်၊ ဆံပင်က မတိုလွန်းမရှည်လွန်း။ အပြာရင့်ရင့် အင်္ကျီကို အပြာရင့်ရင့် ဘောင်းဘီနှင့်တွဲဝတ်ဆင်ထားပြီး အဖြူရောင် လည်စီးကို အနောက်တိုင်းဆန်ဆန် ဝတ်ဆင်ထားသည်။ မြင်ဖူးသလိုလို ဖြစ်နေသော်လည်း မည်သူမည်ဝါဆိုသည်ကို သေချာ မှတ်မရ။
ကျွန်တော်က အခန်းတံခါးကို သေချာပိတ်ထားခဲ့သည်ပင်။ ဒီလူ အခန်းထဲသို့ မည်သို့ဝင်လာခဲ့သနည်း။ ကျွန်တော့ လိပ်ပြာတောင် အေးခနဲဖြစ်သွား၏။ ကျွန်တော့် ခန္ဓာကိုယ်လည်း မသိမသာ တုန်ယင်နေသည်။ ကြောက်စရာပင်မဟုတ်လား။ စဉ်းစားနေတုန်းမှာပင် ဒီလူက ထပ်ပြီးခေါ်သံပြုလိုက်သည်။
"ဟေ့ လူ ... ခေါ်နေတာ မကြားဘူးလားဗျ ... ဘယ်အတွေးထဲ နစ်မြုပ်နေတာလဲ ..."
ပြောရင်းနှင့် ကျွန်တော့ရှေ့ကိုတောင် ရောက်လို့လာခဲ့ပြီ။ သူ့အသံက ပြတ်သားသော်လည်း ညှင်သာလှ၏။
"ခင်ဗျာ ... ဘာမှတော့ ထွေထွေထူးထူး မတွေးပါဘူး ... ဒီအတိုင်းပဲ မှိန်းနေတာပါ ... ဒါနဲ့ ခင်ဗျား ဘယ်သူလဲဗျာ ..."
ကျွန်တော်က မဝံ့မရဲ မေးလိုက်သည်။ သူက တစ်ချက်ပြုံးလိုက်၏။ မဲ့ပြုံး လှောင်ပြုံးလား။ သူ့ဟာသူ သည်အတိုင်း ပြုံးကျင့်ရှိလို့ ရိုးရိုးသားသားပဲ ပြုံးမိတာလား ကျွန်တော်မခွဲဝေတတ်။ အခန့်မသင့်လျှင် အော်ပြီး အကူအညီတောင်းရန်သာ ကျွန်တော် အသင့်ပြင်ထား၏။
"ကျုပ်က Facebook လေဗျာ ... ခင်ဗျား ကျုပ်ကို တကယ်မသိတာလား ... မသိဟန်ဆောင်နေတာလား ..."
သူက တအံ့တဩ မေးသည်။ အသံက ရင်းရင်းနှီးနှီး။ ကျွန်တော့် အကြောက်စိတ်သည်လည်း အတန်အသင့် ပြေစပြုပြီ။ သို့ရာတွင် ကျွန်တော် ရှက်မိသွား၏။ တုံးလွန်းတဲ့ ငါပါလားနော်။
"သိပါပြီဗျာ ... အခုတလော ခင်ဗျားဆီ သိပ်မရောက်ဖြစ်တာနဲ့ .... ပြီးတော့ ခင်ဗျားကလည်း အသွင်အပြင် နည်းနည်း ပြောင်းလိုက်တော့ ... "
ကျွန်တော်က ကိုယ့်အပြစ်ချည်းသက်သက်လည်း မဟုတ်အောင် သူ့ဖက်ကိုလည်း အနည်းငယ်ထိုးချပြီးပြောလိုက်လျှင် သူက ရယ်လျက် --
"ဟားဟား ... ဟုတ်တယ်ဗျာ ... ကျုပ်ဘဝကလည်း မလွယ်ဘူး ... ပြဿနာပေါင်း သောင်းခြောက်ထောင်နဲ့ လုံးပန်းနေရတာနဲ့ သေချာ ပြင်ဆင်ချိန်တောင် ရတာမဟုတ်ဘူး ... "
သူက ညည်းတွားသည်။
"ပြောပြပါအုံး ... ဘယ်လို ပြဿနာတွေနဲ့များ လုံးပန်းနေရတာလဲဆိုတာလေး"
" ကဲဗျာ ... ဒါဆိုလည်း ကြုံတုန်း နည်းနည်း ရင်ဖွင့်လိုက်မယ်... ဒီမှာ ထိုင်မယ်နော် ... "
" ထိုင်ပါ ထိုင်ပါ ..."
ကျွန်တော့ ရှေ့က ထိုင်ခုံတွင် ဝင်ထိုင်လိုက်၏။
"ကျုပ်စင်မြင့်ပေါ်တက်ပြီး ကျုပ်ကိုရော သူတစ်ပါးကိုရော ဆဲနည်းမျိုးစုံနဲ့ ဆဲနေတဲ့လူတွေရဲ့ ပြဿနာ ... ကျုပ်စင်မြင့်ပေါ်တက်ပြီး သူများသားသမီးကို လွယ်လွယ်လေး ရည်စားစကားသွားပြောတဲ့ ပြဿနာ ... ကျုပ်စင်မြင့်ပေါ်တက်ပြီး အပြိုင်အဆိုင် နိုင်ငံရေးမဲဆွယ်နေတဲ့ ပြဿနာ ... ကျုပ်စင်မြင့်ပေါ်တက်ပြီး လူမျိုးရေး ဘာသာရေး အမုန်းတရားတွေ ဟောပြောနေတဲ့ ပြဿနာ ... ပြောရရင် ပြောမဆုံးဘူးဗျာ ... ဒီပြဿနာတွေ လိုက်ဖြေရှင်းနေရတာနဲ့ ကျုပ်ရဲ့ အသွင်အပြင်ကို ကျုပ်တောင် မှန်ထဲ မကြည့်အားတာ ကြာလှပြီ ..."
ဒီလူပြောပြနေသည့် အကြောင်းအရာများကို ကျွန်တော် ချက်ချင်းနားလည်၏။ သူ့စင်မြင့်ပေါ်တက်လျှင် နိစ္စဓူဝ ကိုယ်တွေ့ကြုံတွေ့နေရသည့် အကြောင်းအရာချည်းပဲ မဟုတ်ပါလား။
"ခင်ဗျား ပြောပြတဲ့ ပြဿနာ အများစုဟာ ဘယ်နိုင်ငံက user တွေကြားမှာ ပိုများသလဲ ..."
ကျွန်တော်က ဗဟုသုတအလို့ငှါ မေးလိုက်သည်။
"ခင်ဗျားတို့ နိုင်ငံက user တွေပေါ့ဗျာ ... ခင်ဗျားလည်း တွေ့နေကျပဲဟာကို အထူးအဆန်း လာမေးနေသေးတယ် ... ဟွန့် "
လာပြီ။ အရေးထဲ ကိုယ့်နိုင်ငံကို နှိမ်ပြီးပြောတယ် .. ဟု သူမသိအောင် ရေရွတ်လိုက်မိသည်။
"ခင်ဗျား ပြောတဲ့ ပြဿနာနဲ့ မတူဘဲ အမှန်တရားအကြောင်း၊ မေတ္တာတရားအကြောင်း၊ ပညာဗဟုတ ရစေတဲ့အကြောင်းတွေ ရေးပြောနေတဲ့ user တွေလည်း ကျုပ်တို့ နိုင်ငံမှာ ရှိတယ်လေဗျာ ..."
ကျွန်တော်ကလည်း ခေသူမဟုတ်တော့ ကိုယ့်နိုင်ငံ၏ ဂုဏ်သိက္ခာကို သူကချလည်း ကိုယ်က ပြန် မ,ယူဖို့ အားထုတ်သည်။
"ရှိတော့ရှိတယ် ... ဒါပေမယ့် သိပ်နည်းတယ်ဗျာ ... အဲ့လို user တွေများလေ ပြဿနာ နည်းလေပဲ ... ဒါပေမယ့် ခင်ဗျားတို့ နိုင်ငံက ဝီရသူတစ်ယောက်ရဲ့ တစ်ရက်တည်း ပြဿနာကိုတောင် တစ်နှစ်လောက် လိုက်ပြီး ဖြေရှင်းနေရတာတောင် ရှင်းမကုန်ဘူးဗျာ... ကျန်တာ ခင်ဗျားပဲ တွေးကြည့်ပေတော့ ..."
သူ၏ သက်သေသာဓကနှင့်တကွ ပြောပြလာသည်ကို ပြန်ချေပဖို့ အားအင် ကျွန်တော့်မှာ မရှိတော့။ ထပ်ပြီး မည့်သည့်သက်သေများ လာချပြမည်နည်း။ ကျွန်တော် စိတ်ဝင်တစား နားစွင့်နေမိသည်။
"ပြီးတော့ ... ရခိုင်အရေး ပြဿနာ ... အဲ့ ပြဿနာနဲ့လည်း တော်တော် ပင်ပန်းတယ်ဗျာ ... ခင်ဗျားတို့အစိုးရက အဲ့ဒေသကို သတင်းသမားတွေ နိုင်ငံတကာသံတမန်တွေ သွားခွင့်မပြုတော့ အဲ့ဒေသမှာ ရှိနေတဲ့ လူနည်းစုတစ်စု ... နာမည်ဘာလဲ ... ဪ ... မှတ်မိပြီ ... ရိုဟင်ဂျာပဲ ... ခပ်နွမ်းနွမ်း မျက်နှာနဲ့ ပိန်ပိန်ချုံးချုံး ခန္ဓာနဲ့ အဲ့လူတစ်စုအပေါ် အစိုးရကိုယ်တိုင်က စီမံကိန်းချပြီး အနိုင်ကျင့် လူမျိုးတုံး သတ်ဖြတ်နေတဲ့ ဖြစ်စဉ်တွေကို verify လုပ်ပေးရတာကလည်း ကျုပ်အတွက် အတော်ခေါင်းစားနေတဲ့ ပြဿနာဗျာ ... တစ်ချို့လူတွေက တစ်ခါတလေ ကျုပ်ကပါ ဂျီနိုဆိုက်တရားခံတွေကို အားပေးနေတယ် ဘာညာဆိုပြီး စွပ်စွဲတယ်လေဗျာ ... တကယ်တော့ အဲ့တာမမှန်ဘူးလေ ... ကျုပ်က ဂျီနိုဆိုက်တရားခံတွေကို ရအောင်ဖော်မယ့် အမျိုးအစားထဲကပဲဆိုတာ အဲ့လူတွေ နားလည်အောင် ရှင်းပြဖို့ကလည်း ကျုပ်မတတ်သာဘူး ... "
ရခိုင်အရေး ပြောလာတော့ ကျွန်တော်ပို၍ စိတ်ဝင်စားသွားမိ၏။ သည်တစ်ခါ သူ၏ ပြောပြပုံမှာ သူ့ကိုသူ အားမလိုအားမရသည့်ပုံစံမျိုး။
"တကယ်လည်း ခင်ဗျားက မတရားခံနေရတဲ့ လူတွေရဲ့ ပိုစ့်တွေကို တစ်ခါတလေ ဖြုတ်တတ်တယ်လေ ... ကျုပ်ရဲ့ အကောင့် သုံးလေးခုတောင် ပိတ်ပစ်တာပဲ မဟုတ်လား"
ဂွင်ကြုံတုန်း ကျွန်တော်ကလည်း ဖိပြောလိုက်သည်။
"အေးဗျာ ... ကျုပ်တို့အဖွဲ့ကလည်း တစ်ခါတလေ အမှားကျူးလွန်တတ်တာ ရိုးရိုးသားသားပဲ ဝန်ခံပါရစေ ... ဒါပေမယ့် အဲ့ဒီ လူနည်းစု ရိုဟင်ဂျာအကြောင်း အများဆုံးနဲ့ အမှန်ဆုံးတွေ အရေးများတဲ့ လူတစ်ယောက်ကို ကျုပ်တို့က Blue Mark တောင်ပေးပြီး authentic ဖြစ်အောင် လုပ်ပေးတယ်လေ... "
သူ ဘယ်သူ့အကြောင်း ပြောနေသည်ဆိုတာကို ကျွန်တော်တပ်အပ်သိနေ၍ ပြန်ပြီး မေးခွန်းမထုတ်ဖြစ်။
"ဒါနဲ့ ... ပြောလက်စ ပြဿနာအကြောင်း ဆက်ပြောပြမယ်ဗျာ ... အဲ့ဒီ ရခိုင်ဒေသက ရိုဟင်ဂျာတွေ နေ့တိုင်း မတရား အသတ်ခံရတာတို့ ... မတရား ဖမ်းဆီးခံရတာတို့ ... ဒီသတင်းတွေကို တစ်ချို့လူတွေက ခက်ခက်ခဲခဲလိုက်ပြီး ကျုပ်စင်မြင့်ပေါ်ကနေ ကမ္ဘာကို သိစေချင်တာလေ ... ကျုပ်လည်း ကမ္ဘာကြီးလက်ခံစေနိုင်တဲ့ သတင်းအမှန်လား သတင်းအမှားလား ဆိုတာတွေ verify လုပ်ပေးရတယ်ဆိုပါတော့ ... ခက်တော့ ခက်သားဗျ ... တစ်ဖက်က ဒီလူတွေကို မျိုးတုံးအောင် ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်နေတဲ့ လူသတ်သမားတွေ ကိုယ်တိုင်က လုပ်ကြံဇတ်လမ်းအမျိုးမျိုးနဲ့ ကမ္ဘာကြီးကို ဗြောင်လိမ်ဖို့ကြိုးစားနေတယ်လေ ... ခင်ဗျားတို့ စကားနဲ့ပြောရရင် ဂျင်းထည့်နေတယ်ပေါ့ဗျာ ... အဲ့ဒါတွေကို ကျော်ပြီး ခံနေရသူတွေရဲ့ သတင်းကို လူအများကယုံအောင် လုပ်ရတာကလည်း တကယ်မလွယ်ဘူးဗျာ ..."
သူက စီကာပတ်ကုံး ပြောပြနေသည်။
"ဒါနဲ့ ... ကွမ်းတစ်ယာလောက်ရှိရင် ကျွေးပါအုံး ..."
"ကွမ်းဖြတ်ထားတာ ကြာပြီဗျာ ... ရေနွေးကြမ်းလေး သောက်ပါလား .... "
"ဒါဆို စီးကရက် တစ်လိပ်လောက် ... ရေနွေးကြမ်းနဲ့ စီးကရက်တွဲလိုက်ရင် တကယ်အရသာဗျာ ... အချမ်းလည်းပြေစေတယ်လေ ... ဟားဟား ..."
သူက ပြောပြီး သူ့ဘာသာသူ ရယ်လိုက်သည်။
"အားနာပါတယ်ဗျာ ... ကျုပ်က စီးကရက်သမားမဟုတ်တော့ ..."
" အို့ ... ဆောရီးနော် ..."
သူအားနာသွားသည်။ ကျွန်တော်လည်း အားနာသွားပြန်သည်။ ရှက်လည်းရှက်မိသွား၏။ သူက ကျွန်တော့်ဆီ လာလည်သော ဧည့်သည်။ တစ်ခုခုနှင့် တည်ခင်းဧည့်ခံသင့်သည် မဟုတ်လား။
"ခဏဗျာ ... ကျုပ် စီးကရက် သွားယူမယ်" ဆိုပြီး အခန်းထဲက ကျွန်တော် ထွက်လာခဲ့သည်။ အိမ်းနားက ဆိုင်ရှင်က အိပ်နေပြီ။ အတော်ခေါ်ယူခဲ့ရ၏။ ပရီမီယားဂုလ်စီးကရက်တစ်ဗူး ဝယ်လာသည်။
"ရော့ ... သောက်ပါအုံး ... ကျုပ်လည်း သောက်မယ်ဗျာ ... ခင်ဗျားနဲ့ စကားပြောရတာ အားရတယ် ..."
"ဟား ဟား ... ဟား ဟား ..."
သူက ခွက်ထိုးခွက်လှန် ရယ်သည်။ စီးကရက်တစ်လိပ်ကို မီးညှိပြီး ဖွာလိုက်ရင်း ...
"တလောက မောင်တော အင်းဒင်ဆိုတဲ့ရွာက လူဆယ်ယောက် အသတ်ခံရပြီး အစုလိုက်အပြုံလိုက်မြုပ်ထားတယ်ဆိုတဲ့ သတင်းတက်လာတာ ခင်ဗျား ဖတ်ပြီးပြီ ထင်တယ် ..."
"အင်း ... ဖတ်လိုက်တယ်လေ ... အဲ့အလောင်းတွေကို အစိုးရက သွားဖော်တယ်လို့ ဖတ်လိုက်ရတယ် ... ဘယ်သူသတ်လဲ ဆိုတာတော့ သေသေချာချာ ရေးမထားဘူး ... ကျွန်တော် ဖတ်ဖူးတာ တစ်လလောက်က ရှိမယ်ထင်တယ် ... အခုတလော သိပ် online မတက်ဖြစ်တာနဲ့ ... "
"ဪ ... ခင်ဗျားက update နဲ့ ပြတ်နေတယ်ပေါ့လေ ... ကျုပ်ပြောပြမယ်ဗျာ ... အဲ့လူဆယ်ယောက်ကို ဘယ်သူသတ်လဲ ဆိုတာထက် အဲ့အလောင်းတွေကို အစိုးရက ဘာလို့ သွားတူးဖော်သလဲဆိုတာ အတော်စိတ်ဝင်းစားဖို့ ကောင်းတယ် ... မနှစ်က ဩဂုတ်လ ၂၅ ရက်နေ့ကစပြီး ရိုဟင်ဂျာ ထောင်ပေါင်းများစွာကို အစိုးရကိုယ်တိုင်က သတ်တယ်လို့ နိုင်ငံတကာအစိုးရကရော လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့တွေကရော ခိုင်ခိုင်မာမာ သက်သေတွေနဲ့ ပြောနေတယ်လေ ... ဒီလို အပြောခံနေရတဲ့ အစိုးရကိုယ်တိုင်က သူတို့သတ်တယ်လို့ စွပ်စွဲခံရတဲ့ အလောင်းတွေကို သူတို့ကိုယ်တိုင် သွားတူးဖော်တာ အကြောင်းရှိတယ်ဗျာ ... "
သူက ကုန်လက်စ စီးကရက်ကနေ မီးကို နောက်တစ်လိပ်မှာ ကူးပြီး ဆက်ဖွာလိုက်သည်။ ကျွန်တော်က မသောက်တတ်သောက်တတ်နှင့် စီးကရက်ကို ဖွာနေလေတော့ သိပ်အရသာမတွေ့။ အချမ်းတော့ နည်းနည်းပြေစေတာ သတိပြုမိသည်။ သူက ဆက်ပြောပြလာ၏။
"ဒီအလောင်းကိစ္စနဲ့ ရိုက်တာ သတင်းထောက်နှစ်ယောက်အဖမ်းခံရတာနဲ့လည်း တိုက်ရိုက်ပတ်သက်နေတယ်ဗျာ ... ပြီးတော့ အင်းဒင်က ရခိုင် ကျောင်းဆရာတစ်ချို့နဲ့ ရခိုင်ရွာသားတစ်ချို့ အဖမ်းခံရတာနဲ့ပါပေါ့ ... ဒီတော့ အစိုးရက သူတို့သတ်တာ မဖုံးနိုင်တဲ့အဆုံး လိုက်ဖော်လိုက်တာလေ ... "
သူက ရေနွေးကြမ်း တစ်ငုံသောက်ပြီး စီးကရက်ကို ဆက်ဖွာနေ၏။ စိတ်ဝင်းစာစရာကောင်းသော သူ၏ ပြောပြချက်များကို ကျွန်တော် အသေအချာ နားထောင်နေသည်။
"အဲ့တုန်းက ရိုဟင်ဂျာ အက်တီဗစ် ကို Ro Nay San Lwin က ဒီလူတွေကို ဘယ်နေ့ ဘယ်နေရာကနေ ဖမ်းပြီး ဘယ်မှာ သတ်လိုက်တယ်ဆိုတာ ဓာတ်ပုံသက်သေနဲ့တကွ အတိအလင်း ပြောပြသွားတာ ... ကိုနေဆန်းလွင်ကလည်း တကယ် FBI ဗျာ ... လျှို့ဝှက်ချက်တွေ သိပ်ဖော်တတ်တယ် ... ဟားဟား ..."
သူက သူ့ဘာသာသူ သဘောကျပြီး သူဘာသာသူ ရယ်မိပြန်သည်။
"ကျွန်တော်လည်း သတိပြုမိတယ် ... ကိုနေဆန်းလွင်က ဒီလောက်အဝေးကြီးမှာနေပြီး ရခိုင်က သတင်းအတော်များများကို လိုက်ပြီး အမှန်အတိုင်း ဖော်ရေးတတ်တယ်နော် ... "
"ဟုတ်တယ်ဗျာ ... ဒီအစိုးရကလည်း သူ့ကြောင့် ဗျာများရတာတွေ မနည်းဘူး ... အခုကိစ္စမှာလည်း ဒီအစိုးရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းဘယ်လို ထုတ်ပြန်တယ်လို့ ထင်လဲ ... "
သူက ကျွန်တော့်ကို မေးလိုက်သည်။ ကျွန်တော် သေသေချာချာ မသိ။ အစိုးရ လုပ်နေကျ "အမည်မသိ လူအုပ်စုက သတ်တယ်လို့ပဲ ထုတ်ပြန်တာလား ..." ဆိုပြီး ပြန်မေးခွန်းထုတ်လိုက်၏။
"ဒီတစ်ခါ အဲ့လို ဘယ်ရမလဲဗျာ ... ရိုက်တာသတင်းထောက်နှစ်ယောက်ကြောင့်ရယ် ... အင်းဒင် ရွာသားအချို့ကြောင့်ရယ် ... ပြီးတော့ ကိုနေဆန်းလွင်ကြောင့်ရယ်ပေါ့ ... "
သူက စီးကရက်ကိုသာ တစ်လိပ်ပြီးတစ်လိပ် ဖွာနေ၏။
"ဒီတော့ ..."
"ဒီတော့ ... ဒီတစ်ခါ သူတို့ တပ်မတော်ကိုယ်တိုင်က သတ်တယ်လို့ ဝန်ခံရတာပေါ့ဗျာ ..."
"ဟာ ... တကယ်လားဗျာ ... ထူးဆန်းလိုက်တာ ... ဒါဟာ လူသတ်တယ်ဆိုပြီး တပ်မတော်က ပထမဆုံးအကြိမ် ဝန်ခံတာရှိမယ် ..."
ကျွန်တော်က တအံတဩ ပြောလိုက်သည်။
"ဒါပေမယ့် ... ဇတ်လမ်းကို မိတ်ကပ်လိမ်းပြီး စိတ်ကူးနဲ့ ထွင်တယ်လေဗျာ ... ဒီလူဆယ်ယောက်က ရခိုင်ရွာတွေကို တိုက်ဖို့ သွားတယ် ... ထိန်းမနိုင်တဲ့အဆုံး လုံခြုံရေးတပ်ဖွဲ့တွေက ရှင်းလိုက်ရတယ် သဘောနဲ့ ရေးထားတယ်လေ ... အကြမ်းဖက်သမားတွေကို ရှင်းလိုက်တဲ့သဘောနဲ့ သတင်းထုတ်ပြန်လိုက်တာပေါ့ဗျာ ..."
"ဒါက ဒေသခံရခိုင်နဲ့ ရိုဟင်ဂျာတွေကြား သက်သက်ကို မသင့်မတင့်ဖြစ်အောင် ပြဿနာမီးမွှေးပေးတာ ... အကြမ်းဖက်သမားဖြစ်ဖြစ် ဘာသမားပဲဖြစ်ဖြစ် လူတွေကို အဲ့လို လက်လွတ်စပယ် သတ်လို့မှ မရတာ ... သတ်တုန်းက သတင်းထုတ်ပြန်တာလည်း မရှိဘူး ... ဒီအစိုးရက တော်တော် တစ်ဇောက်ထိုး လိမ်ရဲတယ်ဗျာ ..."
ကျွန်တော့်အသံမှာ ဒေါသထွက်လာသံက မသိမသာ ရောထွေးလာ၏။
"ခင်ဗျားပြောသလိုပဲ ... ကိုနေဆန်းလွင်ကလည်း ပြောတယ် ... ပြီးတော့ နိုင်ငံတကာ အစိုးရကရော လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့တွေကရော အဲ့ဒီလို မေးခွန်းထုတ်နေပြီ ... ဒီတစ်ခါတော့ ဒီအစိုးရမိပြီဗျာ ... ICC အတွက် ကုန်ကြမ်းတွေ သူတို့ကိုယ်တိုင် ထုတ်ပေးသလို ဖြစ်နေတယ်လေ ... ဟားဟား ...."
သူက ပြောပြီး ရယ်ပြန်သည်။ စကားပြောကောင်းနေသည်နှင့် စီးကရက်ဗူးကလည်း တစ်ဝက်လောက် ကုန်ခဲ့ပြီ။ အချိန်ကလည်း ညသန်းခေါင်ကျော်လာပြီ။ ကျွန်တော့ မျက်လုံးတွင် အိပ်ရေးက တွဲခိုလာစပြုနေ၏။
"ဟိုကြောင်း ဒီကြောင်းတွေပြောရင်းနဲ့ ခင်ဗျားဆီရောက်လာတဲ့ အဓိက အကြောင်ရင်းတောင် လွဲကုန်ပြီဗျာ ... "
"ပြောပါ ခင်ဗျား"
"ခင်ဗျား ကျုပ်ဆီမလာတာကြာလေတော့ ဖျားများဖျားနေသလား ဆိုပြီး စုံစမ်းချင်တာနဲ့ ဝင်လာမိတာ ... ပြီးတော့ ခင်ဗျားရဲ့ "သူလေး" ကဗျာတွေ၊ "နှလုံးသားအတိုအထွာ"တွေ ဆက်ဖတ်ချင်တယ်လေ... အဲ့ဒါလေ ရေးဖို့ တောင်းဆိုမလို့ ... "
သူက ရွှင်ရွှင်ပြပြ ပြုံးလျက် တောင်းဆိုလိုက်သည်။ ကျွန်တော်က ပြန်ပြောစရာမရှိသလို ငြိမ်နေမိ၏။ အမျိုးအမည်မသိသော ခံစားချက်များ၊ ခေါင်းစဉ်မရှိသော အလွမ်းများ ကျွန်တော့် ကိုယ်ထဲသို့ မသိမသာ ဝင်ပူးလာနေသည်။
"ခင်ဗျားကို တစ်ခုဝန်ခံရမယ်ဗျာ ... သူလေးအတွက် ရေးရေးပြီး only me နဲ့ တင်နေတဲ့ ခင်ဗျားရဲ့ အလွမ်းစာတွေ သတိရစာတွေ သူလေးကိုဘယ်လောက်ချစ်ကြောင်း ခံစားချက်တွေ ချရေးတဲ့စာတွေကို ကျုပ် ဝင်ဝင်ပြီး ခိုးဖတ်တယ်ဗျာ ...ဟားဟား ..."
သူက လျှို့ဝှက်ချက်တစ်ခုကို ရင်ဖွင့်လိုက်ပြီးနောက် စိတ်ပေါ့ပါးသွားသည့်ဟန်ပန်ဖြင့် တဟားဟား ရယ်လိုက်သည်။ ကျွန်တော့် စိတ်ထဲ ထင့်ခနဲ ဖြစ်သွား၏။ သူလေးနှင့် ပတ်သက်ပြီး မည်သူ့ကိုမျှ ကျွန်တော် မသိစေလို။ သူလေး ဂုဏ်သိက္ခာကျစရာတွေ ကျွန်တော့်ဖက်က မည်သည့်အခါမှ မည်သည့်အခြေအနေကြောင့်မှ မကျူးလွန်စေရ။ ဤသည်မှာ သူလေးနှင့် ပတ်သက်ပြီး ကျွန်တော့၏ ရိုးသားသော ခံယူချက်ပင်ဖြစ်သည်။
သို့သော် ကျွန်တော့အတွက် only me ဆိုသော်လည်း သူ့အတွက် မဟုတ်။ သည်စင်မြင့်ပေါ်မှာ ဘယ်သူ့မှမမြင်အောင် တက်လည်း စင်မြင့်ကိုယ်တိုင်က သူပဲ မဟုတ်လား။ ကျွန်တော့ only me တွေ သူက ခိုးဖတ်တယ်ဆိုတာ ကျွန်တော့ဖက်က စိတ်ဆိုးခွင့် နည်းနည်း ရှိသော်လည်း စောဒကတက်စရာ မရှိ။ သို့သော် ...
"social media ကျင့်ဝတ်နဲ့တော့ နည်းနည်း လွဲနေမှာပေါ့နော် ... "
အတန်ကြာမှ ပြောသော ကျွန်တော့် စကားကြောင့် သူက ကုန်လက်စ စီးကရက်ကို မီးသတ်လိုက်ပြီး _
"ခင်ဗျားသာ မကြိုက်ဘူးဆိုရင် ကျုပ် အနူးအညွှတ် တောင်းပန်ပါတယ်ဗျာ ... ဒါပေမယ့် ကျုပ်က ခင်ဗျားရဲ့ စာဖတ်ပရိသတ်ဆိုတော့ တစ်ခါတလေ စိတ်ဝင်စားလို့ ဝင်ဖတ်ရုံပါပဲ ... privacy ပိုင်းမှာတော့ လုံးဝစိတ်ချလို့ရပါတယ် ... "
ပြုံးစိစိနှင့် ပြောပြနေသော သူ့ကိုကြည့်ပြီး စိတ်ဆိုးရမလား ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူရမလား ကျွန်တော် မခွဲဝေတတ်။
"ဖြစ်နိုင်ရင် ခုနက တောင်းဆိုသလိုပဲ "သူလေး" ကဗျာတွေ၊ "နှလုံးသားအတိုအထွာ"တွေ ဆက်ရေးပါဗျာ ... ပရိသတ်ကလည်း မျှော်လောက်ရောပေါ့ ... ပြီးတော့ ခင်ဗျားရဲ့ သူလေးကလည်း သူ့ကို သတိမရဘူးဆိုပြီး တွေးကောင်းတွေးနိုင်တယ် ... ကျုပ်လည်း ဖတ်ချင်လှပြီ ..."
ပြောချင်ရာပြောပြီး သူက ထိုင်ရာက ထလိုက်သည်။ ပြန်သွားရန် ဟန်ပြင်နေခြင်းဖြစ်နိုင်သည်။
"ခဏလေး ... သူလေးကို တွေ့ရင် ဒီကဗျာလေး ပေးလိုက်ပါဗျာ ... နေ့လည်က သတိရတုန်း သူ့ပုံလေးကို ထုတ်ကြည့်ပြီး ရေးလိုက်တာ ... "
ကျွန်တော်က ဒိုင်ယာရီထဲရေးထားသည့် သူလေး (၈) ကဗျာ၏ စာမျက်နှာကို ဆုတ်ပြီး သူ့ကိုကမ်းပေးလိုက်လျှင် သူက လှမ်းယူပြီး အသံထွက်၍ ရွတ်ဆိုနေသည်။
"သူလေး (၈)"
နှစ်တွေကား အလီလီပြောင်းလဲလို့
ရက်ကြွေးတွေလည်း ဟောင်းနွမ်းသွားခဲ့။
ကျွန်တော့မျက်လုံးမှာတော့ သူလေးက
အလှမပျက် အနုမပျက်နဲ့။
ကျွန်တော့ အတွေးထဲမှာလည်း
သူလေး အနုကြမ်းစီးဝင်မြဲ။
တကယ်ပါ ...
သူလေးကို ကျွန်တော် မေ့ရခက်နေဆဲ။
ယျာတင် (ရိုဟင်းသား)
"တကယ် မိုက်တယ်ဗျာ ... ခင်ဗျာ စာရေးဆရာ လုပ်စားလို့ရပြီ ... စာရေးဆရာ လုပ်ဗျာ ..."
သူက ကျွန်တော့ကို အကွက်ကောင်းကောင်းနှင့် မြှောက်ထိုးပင့်ကော် လုပ်နေသည်။
"ဟားဟား ... ခင်ဗျားက ကျုပ်ကို ငမွဲဖြစ်စေချင်နေပြီနဲ့ တူတယ် ... "
"ဘာဆိုင်လို့တုန်း ... စာရေးတာနဲ့ ငမွဲ ဖြစ်ရတာ ဘာဆက်စပ်မှု ရှိတာတုန်း ...."
သူက မကျေမနပ်သံဖြင့် မေးခွန်းထုတ်သည်။
"တစ်နေ့က ဆရာကြီး မြသန်းတင့်ရဲ့ စာအုပ်တစ်အုပ်မှာ ဖတ်ဖူးတယ်ဗျာ ... ပီမိုးနင်းတို့ အင်္ဂလိပ် စာရေးဆရာကြီး အော်လစ်ဗာဂိုးစမစ်တို့ကို ဥပမာပေးပြီး ပြောသွားတာလေ ... တကယ့် စာရေးဆရာကြီးတွေက ဘဝအဆင်မပြေမှုတွေနဲ့ ကြုံတွေ့ခဲ့ရတယ်တဲ့ ... အဲ့လို အဆင်မပြေမှုတွေကပဲ သူတို့ကို ခံစားချက်တွေ ဖြစ်စေပြီး စာကောင်းပေကောင်းတွေ ထွက်လာစေတတ်တာတဲ့ ... ဟားဟား ... ကျုပ်လည်း သေချာမသိဘူးဗျာ ... ဖတ်မိတာလေး ပြောပြတာပါ ..."
သူက သက်ပြင်းရှည်တစ်ခုကို ချပြီး တစ်ခုခုပြောရန် အားယူလိုက်သည်။ ပြီးလျှင် ......။
သူ ဆက်ပြီး ဘာတွေပြောခဲ့သနည်း။ သူဘယ်အချိန် ပြန်သွားခဲ့သနည်း။ ကျွန်တော် မမှတ်မိတော့။ နေအတော်မြင့်မှ ကျွန်တော် မနက်အိပ်ရာက နိုးလာတော့သည်။
ဪ ... ဟိုလူနှင့် စကားပြောရင်း ညက ကျွန်တော် အိပ်ပျော်သွားသည်ကိုး။
Saed Arkani
RB News
13.1.2018
စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် သက္ကေပြင်ရှိ ရိုဟင်ဂျာ ဒုက္ခသည်စခန်းသို့ မြို့နယ် အုပ်ချုပ်ရေးရုံးမှ စာရေးတစ်ဦး သွားရောက်၍ ရိုဟင်ဂျာများကို NVC ယူရန် စည်းရုံးသော်လည်း မအောင်မြင်ခဲ့ကြောင်း သတင်းရရှိပါသည်။
ဇန်န၀ါရီလ (၁၂) ရက်နေ့ နေ့လည် ၁၂ နာရီ အချိန်တွင် စစ်တွေမြို့ သက္ကေပြင် ရိုဟင်ဂျာဒုက္ခသည် စခန်းသို့ စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ စာရေးတစ်ဦးနှင့် သက္ကေပြင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး တို့ ရောက်ရှိလာပြီး သက္ကေပြင် ဒုက္ခသည်စခန်း စီမံခန့်ခွဲရေး ကော်မတီကို ခေါ်ယူ၍ ၎င်းတို့အား မြို့နယ် အုပ်ချုပ်ရေးမှူးက သက္ကေပြင် စခန်းတွင် နေထိုင်သူများကို NVC လုပ်ပေးရန် လွှတ်လိုက်ခြင်း ဖြစ်ကြောင်း၊ စခန်းတွင်း နေထိုင်သူများကို NVC ကဒ် လက်ခံလာအောင် ဖိအားပေး ဆောင်ရွက် ပေးရမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
သက္ကေပြင် ဒုက္ခသည်စခန်း စီမံခန့်ခွဲရေး ကော်မတီဝင်များက NVC ကို လူအများ မယူလျှင် ၎င်းတို့ မည်သို့မျှ မတတ်နိုင်ကြောင်း၊ လူအများအား ဖိအားပေး ပြော၍ မရကြောင်း၊ လူအများ မကြိုက်၍ မယူခြင်းကို ၎င်းတို့ ဖိအားပေး၍ ယူခိုင်းခြင်း မပြုလုပ်နိုင်ကြောင်း ပြတ်ပြတ်သားသား ပြောဆို၍ ငြင်းဆန်ခဲ့သည်။
ထို့နောက် မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးမှ စာရေးနှင့် သက္ကေပြင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး တို့သည် ၎င်းတို့အား အဖော်လိုက်ပေးရန် တောင်းဆိုပြီး ဒုက္ခသည်စခန်းထဲသို့ ၀င်ရောက်ကာ တစ်ခန်းဝင် တစ်ခန်းထွက် NVC ယူရန် နိုးဆော်သော်လည်း တစ်ဦးတစ်ယောက်မှ လက်မခံသောကြောင့် မျက်နှာငယ်ဖြင့် ဒုက္ခသည်စခန်းမှ ထွက်လာခဲ့သည်။
အုပ်ချုပ်ရေးမှူးရုံးမှ စာရေးက မြို့နယ် အုပ်ချုပ်ရေးမှူးထံ ဖုန်းဆက်၍ NVC ယူရန် စည်းရုံး၍ မရသည့် အကြောင်းကို အကြောင်းကြားရာ မြို့နယ် အုပ်ချုပ်ရေးမှူးက လူအများက NVC မယူလျှင်လည်း ဒုက္ခသည်စခန်း ကော်မတီဝင်များအား NVC ပေးရန် ပြောဆိုပြီး ကြိမ်းမောင်းခဲ့ကြောင်း သိရှိရသည်။
ဒုက္ခသည်စခန်း ကော်မတီဝင်များက ၎င်းတို့ မိဘများထံတွင် အမျိုးသား မှတ်ပုံတင်ကဒ်ပြားများ ရှိကြောင်း၊ NVC ကို မိမိတို့ မယူချင်ကြောင်း၊ လိုအပ်လျှင် နိုင်ငံသားစီစစ်ရေး ကဒ်ပြားကို တိုက်ရိုက် လျှောက်ထားမည် ဖြစ်ကြောင်း ပြန်လည် ပြောဆိုခဲ့သည်။
NVC ပေးရန် လာသည့် မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးမှ စာရေးနှင့် သက္ကေပြင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး တို့သည် နေ့လည် ၁ နာရီ အချိန်တွင် ၎င်းတို့၏ စီမံကိန်း မအောင်မြင်ဘဲ ဒုက္ခသည်စခန်းမှ ပြန်လည် ထွက်ခွာသွားခဲ့သည်။
MYARF & Rohingya Eye
RB News
11.1.2018
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ဒေသခံရိုဟင်ဂျာများကို ကိုယ်ထိလက်ရောက် ရိုက်နှက် ထိုးကြိတ်၍ NVC ထုတ်ပေးခြင်း၊ အမျိုးသားမှတ်ပုံတင် ရှိသူများကိုပင် အတင်းအဓမ္မ NVC ထုတ်ပေးခြင်းများ ပြုလုပ်လျက် ရှိကြောင်း သတင်းရရှိပါသည်။
ယနေ့ ဇန်န၀ါရီလ (၁၁) ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် မောင်တောမြို့နယ် အမှတ် (၄) ရပ်ကွက် (မြို့မ အလယ်ရပ်ကွက်) မှ စီအာန်ဂျီမောင်းသူ မာမတ်ဇူဘိုင်ရ် (ဘ) ဦးအစ္စမိုင်လ် သည် ရွှေဇားကျေးရွာသို့ ယာဉ်အငှားလိုက်ပြီးနောက် နေအိမ်သို့ ပြန်လာနေစဉ် ရွှေဇားကျေးရွာအုပ်စု ဂုံးနားရွာရှိ ကျောင်းတွင် နိုဝင်ဘာလ (၁၂) ရက်နေ့မှစ၍ စခန်းချ၍ လမ်းသွားလမ်းလာ ရိုဟင်ဂျာများကို အတင်းအဓမ္မ NVC ထုတ်ပေးသည့် လ.၀.က ၀န်ထမ်းများ နှင့် နယ်ခြားစောင့်ရဲများက ရပ်တန့်ခိုင်းပြီး အတင်းအဓမ္မ NVC ကဒ် လက်ခံရန် ပြောဆိုခဲ့သည်။ မာမတ်ဇူဘိုင်ရ်က NVC မယူနိုင်ဟု ငြင်းဆိုသဖြင့် ၎င်းအား ၀ိုင်းဝန်းထိုးကြိတ် ရိုက်နှက်၍ မောင်တေ လ.၀.က ရုံးသို့ ခေါ်ဆောင်သွားခဲ့သည်။ ထို့နောက် ၎င်း၏ ဖခင်ဖြစ်သူ ဦးအစ္စမိုင်လ် ကို အကြောင်းကြားခဲ့သည်။
ဖခင်ဖြစ်သူ ရောက်လာသည့် အချိန်တွင် ၎င်းအား NVC ထုတ်ပေးထားသည့် အပြင် ဖခင်ဖြစ်သူကိုလည်း NVC လက်ခံရန် ပြောရာ ဖခင်ဖြစ်သူက မိမိသည် အမျိုးသားမှတ်ပုံတင် ကိုင်ဆောင်ထားသူ ဖြစ်သောကြောင့် NVC လက်ခံရန် မလိုအပ်ဟု ဆိုကာ ငြင်းဆိုခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။
ဂုံးနားရွာရှိ ကျောင်းတွင် စခန်းချ၍ NVC ထုတ်ပေးနေသည့် လ.၀.က ၀န်ထမ်းများနှင့် နယ်ခြားစောင့်ရဲများသည် တွေ့ရှိသမျှ ရိုဟင်ဂျာများနှင့် ဟိန္ဒူများကို ခေါ်၍ အတင်းအဓမ္မ ဓါတ်ပုံရိုက်ကာ NVC ထုတ်ပေးသည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။ အိမ်ထောင်စု လူဦးရေ စာရင်းပင် မတောင်းဘဲ နာမည်မေးကာ ထုတ်ပေးခြင်း ဖြစ်သည်ဟု ဆိုသည်။
ထို့အပြင် ဇန်န၀ါရီလ (၉) ရက်နေ့မှစ၍ အတင်းအဓမ္မ NVC ထုတ်ပေးသည့် အဖွဲ့သည် ရွှေဇားတံတားကို ပိတ်ဆို့၍ မြို့ပေါ်သို့ ဈေးဝယ်ရန်၊ ဆေးကုသရန်နှင့် အခြားကိစ္စများအတွက် လာရောက်သူများကို ရပ်တန့်ခိုင်းပြီး ရာဇ၀တ်မှု ကျူးလွန်သူများကို ဖမ်းဆီးသကဲ့သို့ ဖမ်းဆီးသည့် ပုံစံဖြင့် ထိုင်စောင့်ခိုင်းကာ ၂၀ ဦး သို့မဟုတ် ၃၀ ဦး ပြည့်လျှင် မြို့နယ် လ.၀.က ရုံးသို့ အစောင့်အကြပ်များဖြင့် စေလွှတ်၍ အတင်းအဓမ္မ NVC ယူခိုင်းကြောင်း၊ မယူဟု ငြင်းဆိုသူများ၊ အမျိုးသားမှတ်ပုံတင်ရှိ၍ မယူနိုင်ဟု ပြောဆိုသူများကို ကိုယ်ထိလက်ရောက် စော်ကားခြင်း၊ ခြိမ်းခြောက်ခြင်းများ ပြုလုပ်ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

စက်တင်ဘာ ၂ ရက်နေ့က အစိုးရလုံခြုံရေးတပ်ဖွဲ့တွေ သတ်ဖြတ်ခဲ့တဲ့ အင်းဒင်ကျေးရွာသား ၁ဝ ဦးဟာ ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ပြောဆိုခဲ့သလို အကြမ်းဖက်မှုနဲ့ တစ်စုံတရာ ပတ်သက်မှုမရှိဘဲ သူတို့ကို မြန်မာ့တပ်မတော်နဲ့ နယ်ခြားစောင့်ရဲတွေက ကမ်းခြေကနေ ဖမ်းဆီးခေါ်ဆောင်သွားပြီး သတ်ဖြတ်ခဲ့ကြောင်း မိမိတို့မှာ သက်သေအထောက်အထားတွေ ခိုင်ခိုင်လုံလုံရှိတယ်လို့ ဥရောပအခြေစိုက် ရိုဟင်ဂျာအရေးလှုပ်ရှားသူ ကိုရိုနေဆန်းလွင် က RFA ကို ပြောပါတယ်။
"အင်းဒင်ကျေးရွာအုပ်စုမှာရှိတဲ့ ရိုဟင်ဂျာရွာတွေကို သြဂုတ်လ ၂၉ ရက်နေ့ကနေ ၃ဝ ရက်နေ့အထိ စစ်တပ်ကဝင်ပြီး မီးရှို့ခဲ့တယ်၊ အဲဒီမီးရှို့တဲ့အချိန်မှာ ရွာသားတွေအားလုံး တချို့က အင်းဒင်ကမ်းခြေဘက်ကို ထွက်ပြေးတယ်၊ တချို့က အနားကရွာတွေဆီ ထွက်ပြေးခဲ့တယ်၊ အဲဒီရွာအထိ ထွက်ပြေးခဲ့တဲ့ ဗီဒီယိုဖိုင်တွေလည်း ကျနော့်ဆီမှာရှိတယ်၊ ယခုအသတ်ခံရတဲ့လူ ၁ဝ ယောက်ရဲ့ နာမည်အပြည့်အစုံ သူတို့ဘာတွေလုပ်လဲ၊ သူတို့ရဲ့ဓါတ်ပုံအချို့လည်း ကျနော့်ဆီမှာရှိတယ်၊ ကျနော်က ရွာသားတွေအားလုံးနဲ့ စကားပြောထားတယ်၊ တပ်မတော်ဘက်ကနေ ပြောတဲ့ပုံစံအတိုင်း ရခိုင်ရွာသားတွေကို ရိုဟင်ဂျာရွာသားတွေက ခြိမ်းခြောက်တာဒါတွေလုံးဝမရှိခဲ့ဘူး၊ စစ်တပ်ကဝင်ပြီး မီးရှို့လို့ထွက်ပြေးတယ်၊ ထွက်ပြေးတဲ့အချိန်မှာ အင်းဒင်ကမ်းခြေမှာသွားပြီးတော့ ရှောင်နေတဲ့လူတွေထဲကနေ စစ်တပ်နဲ့ နယ်ခြားစောင့်ရဲတွေက ၁ဝ ယောက်ကို ရွေးဖမ်းသွားပြီးတော့ အစုလိုက်အပြုံလိုက်သတ်ပြီးတော့ မြှုပ်ထားခဲ့တယ်၊ ဒီလူတွေက တိုက်ခိုက်တဲ့လူတွေလည်း မဟုတ်ဘူး၊ အကြမ်းဖက်သမားတွေလည်း မဟုတ်ဘူး၊ သာမန်ရွာသားတွေဖြစ်တယ်။"
ဒါ့အပြင် အဲဒီရွာသား ၁ဝ ဦးကို ဖမ်းဆီးပြီး မသတ်ခင်မှာ ရိုက်ကူးထားတဲ့ ဓါတ်ပုံတပုံကိုလည်း သူရရှိခဲ့ကြောင်းနဲ့ တခြားမှတ်တမ်းတွေနဲ့အတူ အမည်မဖေါ်လိုတဲ့ သတင်းဌာနတခုကို ပေးပို့ထားပြီးဖြစ်ကြောင်း သူက ပြောပါတယ်။
"လူ ၁ဝ ယောက်ကို တန်းစီပြီးတော့ ချုပ်ထားတဲ့ပုံ ဒီဓါတ်ပုံက အမှန်တကယ်ဆိုရင် ကျနော်က ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းကနေရခဲ့တာ၊ ဒါကို သတင်းထောက်ကနေပြီးတော့ ဟိုမှာသွားပြီးတော့ ဒီလူတွေရဲ့နာမည်တွေကို သူတို့ကသေချာသွားစစ်ဆေးတယ်၊ ရွာသားတွေကိုဖြစ်စဉ်တွေကိုမေးတယ်၊ ဒီဥစ္စာက တိတိကျကျမီဒီယာပေါ် မရောက်သေးဘူး၊ ဒါပေမဲ့ တချိန်ချိန်မှာ ရောက်လာမယ်ဆိုတာ ကျနော်ပြောလို့ရတယ်"
လန်ဒန်အခြေစိုက် မြန်မာ - ရိုဟင်ဂျာအစည်းအရုံး BROUK ဥက္ကဌ ဦးထွန်းခင်ကလည်း ရိုဟင်ဂျာ အများအပြားကို အလားတူ သတ်ဖြတ်မြှုပ်နှံထားတဲ့ကျင်းတွေ ရာနဲ့ချီရှိကြောင်း မျက်မြင်သက်သေ အချက်အလက်တွေ ရရှိထားပါတယ်၊ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေ လုံခြုံစိတ်ချစွာ နေထိုင်ရေးအတွက် ကုလသမဂ္ဂအနေနဲ့ ၂ဝဝ၅ ခုနှစ် ကမ္ဘာ့ထိပ်သီးညီလာခံမှာ အဖွဲ့ဝင်နိုင်ငံအားလုံး သဘောတူပြဌာန်းခဲ့တဲ့ R2P (Responsibility to Protect) ခေါ် အကာအကွယ်ပေးရန် ကတိကဝတ်ရှိသည်နဲ့အညီ ဝင်ရောက်ဆောင်ရွက်ပေးဖို့ သူတို့ ဆက်လက်ကြိုးစားမယ်လို့ ပြောပါတယ်။
ဖမ်းဆီးမိတဲ့ မွတ်စလင် ၁ဝ ဦးကို ရဲစခန်းမပို့နိုင်တဲ့အတွက် လုံခြုံရေးတပ်ဖွဲ့တွေက သတ်ဖြတ်ခဲ့ကြောင်း ကာကွယ်ရေးဦးစီးချုပ်ရုံး ထုတ်ပြန်ကြေညာခဲ့တာနဲ့ပတ်သက်ပြီး AI ခေါ် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ရဲ့ အရှေ့တောင်အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ ညွန်ကြားရေးမှူး James Gomez ဂျိမ်းစ် ဂိုမက် က အခုလို မြန်မာစစ်သားတွေရဲ့ ဥပဒေမဲ့ သတ်ဖြတ်မှုကို ဆင်ခြေပေးပုံဟာ အံသြဖွယ်ကောင်းလှပါတယ်။ ဒါဟာ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေ ကျူးလွန်ခဲ့တဲ့ လူမဆန်ရက်စက်မှုတွေရဲ့ အစိတ်ပိုင်းငယ်တခုမျှသာ ဖြစ်နိုင်ပါတယ်။ မိမိတို့ရရှိထားတဲ့ သက်သေခံ မှတ်တမ်းတွေအရဆိုရင် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ စစ်တပ်က ရိုဟင်ဂျာတွေကို သတ်ဖြတ်၊ မုဒိမ်းကျင့်၊ အိမ်မီးရှို့မှုတွေ ကျူးလွန်ခဲ့ပါတယ်။ ဒီအပြုအမူတွေဟာ လူသားအဖြစ်ရပ်တည်ခွင့်ကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေဖြစ်ပြီး အပြစ်ရှိသူတွေကို တရားဥပဒေနဲ့အညီ စစ်ဆေးအပြစ်ပေးဖို့ လိုအပ်ပါတယ်လို့ မနေ့က ကြေညာချက်တစောင် ထုတ်ပြန်ပြောကြားလိုက်ပါတယ်။
ဒါ့အပြင် ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့နဲ့ တခြားလွတ်လပ်တဲ့စုံစမ်းသူတွေကို မြန်မာနိုင်ငံ အထူးသဖြင့် ရခိုင်ပြည်နယ် သွားခွင့်မပေးရင် ရိုဟင်ဂျာတွေနဲ့ တခြားလူနည်းစုတွေအပေါ် မြန်မာတပ်ဖွဲ့တွေက ဥပဒေမဲ့ လူမဆန်ရက်စက်စွာကျူးလွန်ခဲ့ပုံတွေကို ဘယ်တော့မှာပြည့်ပြည့်စုံစုံ သိနိုင်မှာ မဟုတ်ပါဘူးလို့လည်း AI ညွန်ကြားရေးမှူးက ပြောပါတယ်။

ရိုနေဆန်းလွင်နဲ့ ဦးထွန်းခင် တို့ရဲ့ အင်တာဗျူး အပြည့်အစုံကို အောက်ပါ ဗီဒီယိုဖိုင်တွင် နားဆင်နိုင်ပါတယ်။
ဓါတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
(မောင်တောမြို့နယ် အင်းဒင်ကျေးရွာသုဿာန်မှာ အမည်မသိရုပ်အလောင်းတွေ မြှုပ်နှံထားတဲ့နေရာကို တပ်မတော်စုံစမ်းစစ်ဆေးရေး အဖွဲ့မှ စစ်ဆေးနေစဉ်)
RB News
10.1.2018
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ညောင်ချောင်းကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ နယ်မြေစခန်းမှ နယ်ခြားစောင့်ရဲများက ရိုဟင်ဂျာရွာများ အတွင်းသို့ ၀င်ရောက်၍ ဒေသခံ ရိုဟင်ဂျာများကို အကြောင်းပြချက်မဲ့ ဖမ်းဆီးကာ နေ့စဉ်နေ့တိုင်း ငွေညှစ်လျက် ရှိကြောင်း သတင်းရရှိပါသည်။
ယနေ့ ဇန်န၀ါရီလ (၁၀) ရက်နေ့ နေ့လည် ၁၂း၃၀ နာရီ အချိန်တွင် ညောင်ချောင်း နယ်မြေစခန်းမှ သန်းစိန်ဆိုသူနှင့် တပ်ဖွဲ့ဝင်များသည် ညောင်ချောင်း ဘုရားပြင်အောင်ပ ကျေးရွာအုပ်စုသို့ ၀င်ရောက်၍ ရိုဟင်ဂျာ လူငယ်နှစ်ဦး ဖြစ်သူ တစ်ကူရိုနီ (ဘ) ဦးအစ္စမိုင်လ်နှင့် အာယာစ် (ဘ) ဦးအစ္စမိုင်လ် တို့ကို အကြောင်းပြချက် တစ်စုံတစ်ရာ မရှိဘဲ ဖမ်းဆီးရန် ရှာဖွေခဲ့သည်။ ၎င်းတို့ နှစ်ဦးကို ရှာဖွေ မတွေ့ရှိသောအခါ မိဘများကို ဇန်န၀ါရီလ (၁၁) ရက်နေ့ နံနက်ပိုင်းတွင် နယ်မြေစခန်းသို့ ကိုယ်တိုင် လာရောက်ပို့ဆောင်ပေးရန် ပြောဆိုသွားခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။
ထိုကဲ့သို့ ပြောဆိုခဲ့ခြင်းကြောင့် လူငယ်နှစ်ဦးကို နယ်မြေစခန်းသို့ ပို့ဆောင်လျှင် ငွေညှစ်ခံရမည်ကို စိုးရိမ်လျက်ရှိနေကြသည်။ သွားရောက် မပို့ဆောင်လျှင်လည်း လာရောက် ဖမ်းဆီးပြီး ငွေညှစ်မည်ကို စိုးရိမ်နေကြသည်ဟု အဆိုပါ ဒေသခံကပြောပါသည်။
အဆိုပါ နယ်ခြားစောင့်ရဲများသည် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ (၁၉) ရက်နေ့တွင် ဦးအာနိုဝါရ် (ဘ) ဦးအာမွတ်ဆောင်း ထံမှ ငွေကျပ် သိန်း (၃၀)၊ ဦးရွှေလုံး (ဘ) ဦးအစ္စမိုင်လ် ထံမှ ငွေကျပ် သိန်း (၃၀)၊ ဦးကာဆိမ်း (ဘ) ဦးအာဘူလ်ဟူဆောင်း ထံမှ ငွေကျပ် (၁၀) သိန်းနှင့် ဦးဟာမိတ်ဟူဆောင်း (ဘ) ဦးတော်ဘီအာမတ် ထံမှ ငွေကျပ် (၈) သိန်း ညှစ်ယူခဲ့ကြောင်း စုံစမ်းသိရှိရပါသည်။
Rohingya Eye
RB News
9.1.2018
မောင်တော ။ ။ ရခိုင်ပြည်နယ်တွင်းမှ ဒုက္ခသည်စခန်းမှ ပိတ်ရန် ပြောဆိုနေသည်များ တွေ့နေရသော်လည်း မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးက ဒုက္ခသည်စခန်းနှင့် ပုံစံတူ စံပြကျေးရွာ တည်ထောင်ရန် စီစဉ်နေကြောင်း သတင်းရရှိပါသည်။
ဇန်န၀ါရီလ (၆) ရက်နေ့ နံနက် ၁၀ နာရီ အချိန်ခန့်တွင် မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးသည် ၎င်း၏ ရုံးမှ ရုံးအုပ်များ၊ ကျီးကန်းပြင်ကျေးရွာ အုပ်ချုပ်ရေးမှူးတို့နှင့် အတူ ကျီးကန်းပြင်ကျေးရွာအုပ်စု တောင်ရွာရှိ ဒုက္ခသည်စခန်းသို့ သွားရောက် ကြည့်ရှုခဲ့သည်။ အဆိုပါ ဒုက္ခသည်စခန်းတွင် နေထိုင်နေသူများမှာ ၂၀၁၇ သြဂုတ်လနှင့် စက်တင်ဘာလများတွင် မြန်မာစစ်တပ်၏ အကြမ်းဖက်မှုကြောင့် အိုးအိမ်မဲ့သွားသူများ ဖြစ်ကြပြီး၊ နွားရုံတောင် ကျေးရွာအုပ်စုအနီးတွင် တည်ရှိသည်။
မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့သည် ဒုက္ခသည်စခန်းသို့ ရောက်ရှိပြီး ဒုက္ခသည် မိသားစုများအား၂၅ ကီလိုပါသည့် ဆန်အိတ်၊ ခေါက်ဆွဲထုပ် (၃) ထုပ်၊ ဆီ တစ်လီတာစီနှင့် အခြားအသုံးအဆောင် ပစ္စည်းအချို့ ပေးအပ်ခဲ့သည်။ ထို့နောက် ၎င်းက ငြိမ်းချမ်းစွာ နေထိုင်ရန်၊ လက်နက်ကိုင်အဖွဲ့များ တွေ့လျှင် နီးစပ်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များကို အကြောင်းကြားရန် မှာကြားရာ ဒုက္ခသည်များကလည်း မှာကြားသည့် အတိုင်း လုပ်ဆောင်မည်ဟု ပြန်လည် ပြောကြားခဲ့သည်။
မြို့နယ် အုပ်ချုပ်ရေးမှူးက တင်ပြစရာရှိလျှင်လည်း တင်ပြနိုင်ကြောင်း ပြောဆိုရာ ဒုက္ခသည်များက နွေရာသီတွင် ရေအခက်အခဲဖြစ်မည့် ကိစ္စများနှင့် အခြား တွေ့ကြုံနေရသည့် ပြဿနာများ တင်ပြခဲ့သည်။ ဒုက္ခသည်များက ရခိုင်ပြည်နယ် အတွင်းရှိ ဒုက္ခသည်စခန်းများ ပိတ်၍ ဒုက္ခသည်များကို မူရင်းနေရာတွင် ပြန်လည် နေရာချထားမည်ဟု ပြည်နယ်အစိုးရက ကြေညာထားသည်ကို ကြားသိရကြောင်း ပြောကြားရာ မြို့နယ် အုပ်ချုပ်ရေးမှူးက “အခုနေရာမှာ ဘာဖြစ်နေလဲ” ဟု မေးမြန်းခဲ့သည်။ ဒုက္ခသည်များက ၎င်းတို့ မကြာမီ ကြုံတွေ့ရမည့် ပြဿနာများကို ဆက်လက်တင်ပြပြီး၊ ၎င်းတို့အား မူရင်းနေရာတွင် ပြန်လည် နေရာချထားပေးရန်၊ ၎င်းတို့အား ပံ့ပိုးပေးရန် မလိုအပ်ဘဲ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဖြစ်သလို ဆောက်လုပ်၍ နေမည်ဟု တင်ပြခဲ့သည်။
မြို့နယ်အုပ်ချုပ်ရေးမှူး မီးလောင်ထားသည့် နေရာများတွင် ပြန်လည် နေထိုင်ရန် ခွင့်မပြုနိုင်ကြောင်း၊ ရွာ၏ အနီးရှိ လယ်ကွင်းများတွင် စံပြကျေးရွာ ဆောက်လုပ်ပေးမည် ဖြစ်ကြောင်း (ဒုက္ခသည် စခန်းများနှင့် ပုံစံတူ)၊ ကုန်ကျစရိတ်များကို ၎င်းက ကျခံမည် ဖြစ်ကြောင်း၊ လမ်းနှင့် အခြားလိုအပ်ချက်များကို ၎င်းက ကျခံမည် ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
ဒုက္ခသည်များက မြို့နယ် အုပ်ချုပ်ရေးမှူး ပြောကြားချက်များနှင့် ပတ်သက်၍ အချင်းချင်း တိုင်ပင် ဆွေးနွေးပြီးမှ အကြောင်းပြန်မည် ဖြေကြားခဲ့ပြီး၊ ဇန်န၀ါရီလ (၇) ရက်နေ့တွင် ဒုက္ခသည်တစ်ဦးက ဒုက္ခသည်များ အားလုံး ကိုယ်စား မြို့နယ် အုပ်ချုပ်ရေးမှူးထံ ဖုန်းဆက်၍ ဒုက္ခသည်စခန်းနှင့် ပုံစံတူ စံပြကျေးရွာတွင် နေထိုင်နိုင်မည် မဟုတ်ကြောင်း၊ မူရင်းနေရပ်သို့ ပြန်သွားခွင့်မရပါက လက်ရှိ ရှိနေသည့် နေရာတွင်သာ ဆက်နေမည် ဖြစ်ကြောင်း အကြောင်းကြားခဲ့ကြောင်း ဒုက္ခသည်တစ်ဦးက RB News သို့ပြောပါသည်။

8.1.2018
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အမှတ် (၅) ရပ်ကွက်တွင် ဆွဲ၊တင်၊စစ် စစ်ဆေးလျက်ရှိရာ မွေးတိုး ကလေးများ စာရင်းသွင်းရန် ငွေကြေး ကုန်ကျမှုများသောကြောင့် မရှိဆင်းရဲသားများ၏ ကလေးများ အမည်မည်းစာရင်း သွင်းခံရမည်ကို စိုးရိမ်လျက်ရှိကြောင်း သတင်းရရှိပါသည်။
ဇန်န၀ါရီလ (၆) ရက်နေ့မှစ၍ မောင်တောမြို့နယ် အမှတ် (၅) ရပ်ကွက် (ရွာသစ်ကေ ရပ်ကွက်) အရှေ့အုပ်စုတွင် ဆွဲ၊တင်၊စစ် စစ်ဆေးလျက်ရှိရာ မွေးတိုးတစ်ဦး အတွက် ပုံမှန်အတိုင်းဟု ဆိုကာ ငွေကျပ် တစ်သောင်းတစ်ထောင်စီ ကောက်ခံလျက် ရှိပြီး၊ လွန်ခဲ့သည့်နှစ်က ဆွဲ၊တင်၊စစ် တွင် မွေးတိုးစာရင်း မတင်ခဲ့သည့် ကလေးများကို နှစ်ကျော်လွန်သည်ဟု ဆိုကာ ငွေကျပ် သုံးသောင်းငါးထောင်မှ ငါးသောင်း အထိ ကောက်ခံလျက် ရှိကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။
လွန်ခဲ့သည့်နှစ်က မွေးတိုးစာရင်း မတင်ရသေးသည့် ကလေးများ အတွက် ကောက်ခံသည့် ငွေကြေးပမာဏ များပြားသောကြောင့် ငွေကြေးမတတ်နိုင်သည့် ဆင်းရဲသားများ၏ ကလေးများကို စာရင်းတွင် မထည့်သွင်းနိုင်လျှင် အမည်မည်းစာရင်း သွင်းခံရမည်ဖြစ်ပြီး အဆိုပါ ကလေးများ၏ ပညာသင်ကြားခွင့်နှင့် အခြား ကိစ္စရပ်များ အားလုံး ပိတ်ပင်ခံရမည်ကို မိဘများက အထူးစိုးရိမ်နေကြကြောင်း အဆိုပါ ဒေသခံကပြောပါသည်။

5.1.2018
တိုကျို၊ ဂျပန် ။ ။ မြန်မာနိုင်ငံသား ရိုဟင်ဂျာများအသင်း (ဂျပန်) BRAJ အဖွဲ့ဝင်များသည် ဂျပန်နိုင်ငံခြားရေး ၀န်ကြီးဌာနရုံးသို့ သွားရောက်၍ လက်ရှိ ရိုဟင်ဂျာများ၏ အခြေအနေများကို တင်ပြခဲ့ကြောင်း သတင်းရရှိပါသည်။
BRAJ အဖွဲ့မှ ဥက္ကဌ ဦးဟာရုံရော်ရှိတ်နှင့် ဒု-ဥက္ကဌ ဦးမိုဟာမတ်ယာစီးန် တို့သည် ဂျပန်နိုင်ငံခြားရေး ၀န်ကြီးဌာနရုံးသို့ သွားရောက်၍ အရှေ့တောင်အာရှ ရေးရာ အရာရှိ Mr Kota Watanabe လူ့အခွင့်အရေးဌာနမှ အရာရှိ Mrs Chizuru Yamamoto တို့နှင့် တွေ့ဆုံ၍ မြန်မာစစ်တပ်မှ ရိုဟင်ဂျာများကို အကြမ်းဖက် သတ်ဖြတ်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးအောင် ပြုလုပ်ခဲ့ခြင်းများ၊ နေအိမ်များ မီးရှို့ အကြမ်းဖက်ခြင်းများ၊ မုဒိမ်းကျင့် ခြင်းများနှင့် လက်ရှိ ပြည်တွင်းတွင် ကျန်ရှိနေသူများကို NVC ကဒ်ပြားများ အတင်းအဓမ္မ ယူခိုင်းနေခြင်းများ၊ အစာရေစာ ငတ်ပြတ်အောင် ထားရှိပြီး တဖက်နိုင်ငံသို့ ထွက်ပြေးအောင် ဖန်တီးနေမှုများကို တင်ပြခဲ့သည်။
ဂျပန်နိုင်ငံခြားရေး ၀န်ကြီးသည် ယခု ဇန်န၀ါရီလ အလယ်တွင် မြန်မာနိုင်ငံသို့ သွားရောက်မည် ဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ၍ ရိုဟင်ဂျာအရေးလည်း ဆွေးနွေးမည် ဖြစ်ကြောင်း သိရှိရသည်။
BRAJ အဖွဲ့က လက်ရှိ အခြေအနေသည် တဖက်နိုင်ငံသို့ ထွက်ပြေး တိမ်းရှောင်သွားသော ရိုဟင်ဂျာများ ပြန်လည် လာရောက်နိုင်မည့် အခြေအနေ မဟုတ်ကြောင်း၊ ရိုဟင်ဂျာများကို ဂုဏ်သိက္ခာရှိစွာ၊ လုံခြုံစွာဖြင့် ပြန်လည် လာရောက်နိုင်ရန် အတွက် နိုင်ငံခြားရေး ၀န်ကြီး မြန်မာနိုင်ငံ သွားသည့်အခါ ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးရန် ပြန်ကြားခဲ့သည်။
မြန်မာနိုင်ငံသား ရိုဟင်ဂျာများ အသင်း (ဂျပန်) ၏ ပန်ကြားစာ တစ်စောင်ကိုလည်း ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
RB News
4.1.2018
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ မြို့နယ်များတွင် အသက် (၁၀) နှစ် အထက်များကို နိုင်ငံတော်၏ တည်ဆဲ ဥပဒေများကို လိုက်နာပါမည်ဟု ၀န်ခံလက်မှတ်ရေးထိုးခိုင်း နေကြောင်း သတင်းရရှိပါသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်မြို့နယ်များရှိ ကျေးရွာများတွင် အာဏာပိုင်များက အောက်ဖော်ပြပါ ပုံစံများကို ဖြန့်ဝေ၍ အသက် (၁၀) နှစ် အထက်များကို နိုင်ငံတော်၏ တည်ဆဲဥပဒေများကို လိုက်နာပါမည်ဟု ၀န်ခံလက်မှတ်ရေးထိုးခိုင်း နေသည်ဟု ဒေသခံများ၏ ပြောကြားချက်များအရ သိရှိရပါသည်။
“ကျွန်တော်တို့ ဘူးသီးတောင်မြို့နယ်မှာတော့ အသက် (၁၀) နှစ် အထက် ကလေးတွေကိုပါ ပေးထားတဲ့ ပုံစံမှာ ဖြည့်ပြီး လက်မှတ်ထိုးခိုင်းတယ်။ လက်မှတ်မထိုးတတ်ရင် လက်ဗွေနှိပ်ပေါ့” ဟု ဘူးသီးတောင်မြို့နယ်မှ ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။
ရသေ့တောင်မြို့နယ်မှ ဆင်ခုန်တိုင်းရွာမှ ဒေသခံတစ်ဦးက “ကျွန်တော်တို့ဆီမှာတော့ အသက် (၉) နှစ်အထက် ဆိုရင် လက်မှတ်ထိုး၊ မဟုတ်ရင် လက်ဗွေနှိပ်ပေးရတယ်” ဟု ဆိုသည်။
အာဏာပိုင်များက ဖြန့်ဝေသည့် ပုံစံတွင် မြန်မာဘာသာဖြင့် ရေးသားထားပြီး၊ အရဗီဘာသာဖြင့် ရေးသားရန် ကွက်လပ် ထားရှိသည့်နေရာတွင် ဒေသခံများကို အာရဗီဘာသာဖြင့် ရေးသားရန် ညွန်ကြားထားကြောင်း သိရှိရသည်။
ဒေသခံရိုဟင်ဂျာများသည် အာရဗီဘာသာကို ကုရ်အာန်ကျမ်းစာ ဖတ်တတ်ရုံမှလွဲ၍ ဘာသာစကား ရေးသား ပြောဆိုတတ်ခြင်း မရှိသော်လည်း အာဏာပိုင်များက အာရဗီဘာသာဖြင့်လည်း ရေးသားခိုင်းခြင်း အတွက် အာရဗီဘာသာရေးသားတတ်သော ဘာသာရေးဆရာ အချို့ထံမှ အကူအညီယူ၍ ဖြည့်စွက် ရမည်ဟု ဆိုသည်။
![]() |
| (Photo Credit: Moises Saman/Magnum/MSF) |
ရေးသားသူ -- ယျာတင် (ရိုဟင်းသား)
RB News
31.12.2017
"ယောက်ျား ... လုပ်ပါဦး... ဗိုက်က အရမ်းနာနေပြီ.... ကျမ မခံနိုင်တော့ဘူး မောင်ရေ...."
ဇနီးသည် ခံစားနေသော နာကျင်မှုဒဏ်သည် သူ့ထံသို့ပင် ကူးစက်လာနေသလို သူခံစားနေရ၏။
"မိန်းမရေ ... ခဏလောက် အောင့်ခံထားပါ ... ညီလေး... ဆိုက္ကား မရောက်သေးဘူးလားကွ ... မြန်မြန်လုပ်ပါဆိုမှ ... "
အာဇီးမ်၏ ပျာလောင်ခတ်နေမှုကို ကြည့်လျှင် မိန်းမအပေါ် ထားရှိသည့် သူ၏ ချစ်ခြင်းမေတ္တာကို သိသာစွာ မြင်နိုင်ပါသည်။
လက်ထပ်ထိမ်းမြားခဲ့သည်မှာ လေးနှစ် ရှိသွားပြီ ဖြစ်သော်လည်း သူ့ချစ်ဇနီးသည်မှာ သန္ဓေသားက မတည်မြဲ။ အမြဲပဲ ပျက်သွားတတ်သည်။ ထို့ကြောင့် သားသမီး မရခဲ့သော သူသည် သားသမီး ရတနာလေးကို တကယ်ပဲ မျှော်လင့်တောင့်တ နေလေ၏။ သည်တစ်ခါတော့ သူ့ချစ်ဇနီးမှာ ကိုယ်ဝန်ကမြဲခဲ့ပြီး မွေးရမယ့်နေ့ရက်တောင် စေ့လို့လာခဲ့ပြီ။
"ကိုလတ်.... ဆိုက္ကားရောက်ပြီ...."
ညီဖြစ်သူ၏ ခေါ်သံကြောင့် အာဇီးမ်၏ တွေးလက်စအတွေးများ ပြတ်တောက်သွားလေ၏။
အင်္ကျီကို ကောက်ဝတ်လိုက်သည်။ ဆေးရုံတွင်လိုအပ်မည့် အသုံးအဆောင်အနည်းငယ် စုလိုက်သည်။ ပြီးလျှင် ဇနီးသည်ကို ပွေ့ချီပြီး ဆိုက္ကားပေါ် တင်လိုက်၏။ ဇနီးသည်က ဗိုက်ကို လက်တစ်ဖက်နှင့် ဖိထားကာ ခံစားနေရသော နာကျင်မှုကို အောင့်ခံနေလေသည်။
လမ်းက မကောင်းသဖြင့် ဆိုက္ကားကို နင်းမရ။ ဆိုက္ကားသမားနှင့်အတူ အာဇီးမ်လည်း ဆိုက္ကားကို တစ်ဖက်ကနေ တွန်းရင်း သွားနေသည်။ သူတို့ရွာသည် မြို့နှင့် ငါးမိုင်လောက်ဝေးသောကြောင့် ဆေးခန်းရောက်ဖို့တော့ အတော်ကြာနေဦးမှာပင်။ လက်က နာရီကို ကြည့်လိုက်တော့ လေးနာရီ ထိုးရန် ဆယ့်ငါးမိနစ်သာ လိုတော့၏။ လမ်းခရီးကလည်း သုံးပုံ တစ်ပုံလောက် ဆန့်ပြီးဖြစ်လေသည်။
မွန်းတည့်ချိန်ကစပြီး သူ့မိန်းမက ဗိုက်နာလာသည်ဆို၍ ရွာက အကောင်းဆုံး လက်သည်ကို ခေါ်လာခဲ့၏။ သို့သော် လက်သည်က အတော်ကြာကြာစမ်းခဲ့ပြီး အခြေအနေ မဟန်ဘူးဆို၍ ဆေးရုံတက်ရန်သာ အကြံပေးခဲ့ခြင်းဖြစ်သည်။ တကယ်တော့ အသွားအလာ ခက်ခဲသည်က တစ်ကြောင်း၊ လမ်းမှာ ရှိနေသော န.စ.က စခန်းကို ဖြတ်သန်းသွားရတာကတစ်ကြောင်း၊ ဆေးရုံမှာလည်း လူမျိုးရေးခွဲခြားတတ်သည်ကတစ်ကြောင်း၊ အဲ့သလို အကြောင်းအမျိုးမျိုးကြောင့် သည်ဒေသက အမျိုးသမီးများသည် ဆေးရုံတက်ပြီး ကလေးမွေးရသည်ထက် ကိုယ့်အိမ်မှာပဲ လက်သည်အကူအညီနှင့် ကလေးမွေးတတ်သည်မှာ မည်သို့မျှ မဆန်း။
"ဟေ့ကောင်တွေ... ဘယ်သွားမလို့လဲ ... ရွာထွက်လက်မှတ်ပြ...."
ကင်းစခန်းမှ န.စ.က တစ်ယောက်၏ ခပ်ကြမ်းကြမ်း အသံက အတွေးထဲ မျှောပါနေသည့် အာဇီးမ်ကို တုန်လှုပ်စေသည်။
"ဆရာ...ဆေးခန်းသွားပြမလို့ပါ ... အရေးတကြီး ချက်ချင်းလာလိုက်ရတာနဲ့ ရွာထွက်လက်မှတ် မပါလိုက်ပါဘူး ဆရာ ..."
အာဇီးမ်က န.စ.က ရဲ ကို ညှင်ညှင်သာသာ ယဉ်ယဉ်ကျေးကျေး ပြောပြလိုက်သည်။
"မရဘူးကွ ... ဘယ်သွားပြပြ ကုလားဆို ရွာထွက်လက်မှတ်ပါရမယ်ဆိုတာ မင်းတို့ မသိဘူးလား ... သွားယူကွာ ..."
"ဆရာ... လူနာက ရက်စေ့နေတဲ့ ကိုယ်ဝန်နဲ့ပါ ... အရမ်း နာနေလို့ ချက်ချင်းထွက်လာလိုက်တာနဲ့ ရွာထွက်လက်မှတ် မယူနိုင်တာပါ.... နောက်တစ်ခါဆို ယူလာပါမယ်... ဒီတစ်ခါတော့ သွားခွင့်ပြုပါ..."
အာဇီးမ်က ခွင့်တောင်းသလို ပုံစံမျိုးဖြင့် အေးအေးဆေးဆေး တောင်းဆိုလိုက်တဲ့အဆုံး....
"ဟေ့ကုလား...လျှာရှည်မနေနဲ့.... သနားလာအောင် ပုံစံမျိုးနဲ့ လာမပြောနဲ့ ... ကုလားဆို မသနားတတ်ဘူး.... ရွာထွက်လက်မှတ်မပါရင် ပြန်ကွာ..."
န.စ.က ရဲ၏ ပြတ်သားသော အပြောကြောင့် အာဇီးမ်က သူ့ဒေါသကို ခေတ္တမျှ မထိန်းမနိုင်ဖြစ်သွားသည်။
"ရွာထွက်လက်မှတ်လည်း မပါဘူး ... ဒီအတိုင်းသွားမှာပဲ ...သတ်ချင်ရင်သတ်လို့ရတယ် ...လူနာကို ဆရာလည်း ကိုယ်တွေ့ပဲ ... "
"ငါလိုးမ ကုလား ... အာခံပြီး ပြောတယ်ပေါ့ ... ရော့ ..."
____________________×××____________________
(၂)
"ရော့ ...!!! ပြီးတော့ ဆက်ပြောပြလေ" ဆိုပြီး ကျွန်တော်က သိချင်စိတ်ပြင်းစွာ မေးကြည့်လိုက်လျှင် ဦးလေးဟာရုန်းက သူ့လက်သီးကို ငါ့ဝမ်းဗိုက်တည့်တည့်ကို အသာအယာ လာထိုးပြီး ပြောပြသည်။
"န.စ.က တွေက ဝိုင်းထိုးရိုက်တာပေါ့ကွာ ..."
"ပြီးတော့ ... ဦးလေးအာဇီးမ်ရဲ့ မိန်းမရော ... ပြီးတော့ နောက်ဘာဖြစ်သွားလဲ"

ကျွန်တော်က တရစပ်မေးကြည့်လိုက်ပြန်သည်။
"အေးပေါ့ကွ ... ငါ့မှာ တပူပေါ် နှစ်ပူဆင့်ရတာပေါ့ ... ဟိုက စိတ်ရှိတိုင်း ဝိုင်းထိုးရိုက်နှက်တာ ခံရတော့ အာဇီးမ်ဘိုင် လည်း သတိမေ့သွားတယ် ... သူ့မိန်းမကလည်း အရမ်းနာနေတယ် ဆိုပြီး အော်အော်နေတယ် ... ငါ့မှာ ရွေးချယ်စရာမှ မရှိခဲ့တာ ... အာဇီးမ်ဘိုင်ကိုပါ ဆိုက္ကားပေါ်တင်ပြီး အိမ်ပြန်လမ်းကို နှင်ရတာပေါ့ ... နေကလည်း ဝင်လုဆဲ ဖြစ်နေတော့ မှောင်စပြုလာတယ် ... ပြန်လာရင်းနဲ့ အိမ်မရောက်ခင် လမ်းတစ်ဝက်မှာပဲ ကလေးမွေးလိုက်ရတယ်လေ ... "
"ဘာ ...!!! လမ်းမှာ ကလေးမွေးတယ် ...!!! "တောက် ... ဒီ န.စ.က တွေမှာ လူ့စိတ်မရှိလိုက်တာဗျာ ...''
ဆိုက္ကားသမား ဦးလေးက လွန်ခဲ့သော နှစ် ၂၀ အရင်က အကြောင်းတစ်ခုကို တွေးတွေးပြီး ပြန်ကာပြောပြနေသည်ကို နားထောင်နေရသူ ကျွန်တော့မှာတော့ ကြက်သီးက တဖြန်းဖြန်းထလို့။
"အေးကွာ ... လမ်းပေါ်မှာ အမျိုးသမီးတစ်ယောက် မီးဖွားနေတာကို ဆိုက္ကားသမားဖြစ်တဲ့ ငါက ဘာလုပ်ရမှန်းကို မသိခဲ့ဘူး ... အဲ့ချိန်ခဏတော့ ငါ တကယ်ရူးသွားခဲ့တာပဲ ... ကလေးလည်း မွေးပြီးရော့ အာဇီးမ်ဘိုင် လည်း ပြန်ပြီး သတိရလာတယ် ... ဒီတော့ အာဇီးမ်ဘိုင် ... ငါ ဒီရွာကလူတွေကို အကူအညီသွားတောင်းမယ် ဆိုပြီး ပြေးသွားလိုက်တာ ... ဒါပေမယ့် အချိန်မမီလိုက်ဘူး ... ကူညီမယ့်လူတွေ ရောက်လာချိန်မှာတော့ အာဇီးမ်ဘိုင် က သူ့ အမျိုးသမီးရဲ့ အသက်မရှိတော့တဲ့ ခန္ဓာကိုယ်ကို ပွေ့ဖက်ရင်း ငိုနေတာကိုပဲ တွေ့လိုက်ရတယ် ... သူ့မိန်းမ ဆုံးသွားရှာတယ် တူလေးရာ .... သူ့အသက်ဆုံးရှုံးသွားတယ် ..."
ပြောပြရင်းနှင့် ဆိုက္ကားသမား ဦးလေး တစ်ယောက် ချုံးပွဲချ ငိုကြွေးလိုက်တော့သည်။ ကျွန်တော့် ပါးပြင်မှာလည်း မျက်ရည်တွေ စီးကျပြီး နေရာယူနှင့်လို့။
၁၉၉၄ ခုနှစ်၏ တစ်ခုသော ညနေခင်း။ သည်လို ညနေခင်းမျိုး ရိုဟင်ဂျာတို့ဘဝမှာ ခပ်များများရယ်။
____________________×××____________________
(၃)
"ဟာရုန်းဘိုင် ... ဟာရုန်းဘိုင် ...ခင်ဗျား သိပြီးပြီလား ... ခင်ဗျား သိပြီးပြီလား ... ဆာဒဲက်လေ ...ဆာဒဲက်လေ ... "
ပြေးလာခဲ့သောကြောင့် အာဇီးမ်တစ်ယောက် မောဟိုက်နေ၏။ မောဟိုက်စွာ ပြောပြနေသော အာဇီးမ်၏ စကားလုံးတစ်ခုကြောင့် ဟာရုန်း၏ ရင်ထဲ မီးခဲ ထည့်လိုက်သလို ချက်ချင်း ပူလောင်သွားသည်။
"အာဇီးမ်ဘိုင် ... ဆာဒဲက် ဘာဖြစ်တာလဲ ...ငါ့ဆာဒဲက် ဘာဖြစ်တာလဲ"
"ဆာဒဲက် ဆယ်တန်းအောင်ပြီဗျာ ... ဂုဏ်ထူးလည်း လေးဘာသာ ပါတယ် ... ငါလေ ဒီသားတစ်ယောက်တည်းရဲ့ အဖေဖြစ်ရတာနဲ့တင် လူဖြစ်ရကျိုးနပ်ပြီဗျာ ... ငါ ဒီနေ့ အရမ်းပျော်တယ်..."
"ဟာကွာ ... မင်းက လူကို တမင် စိတ်ပူလာအောင်လုပ်လိုက်တယ် ... ငါဖြင့် စိုးရိမ်သွားလိုက်တာ ..."
ထိုအခါမှ ဆိုက္ကားသမားကြီး ဟာရုန်းတစ်ယောက် သက်ပြင်းချနိုင်ခဲ့ပြီ။
"ဘာလဲ မင်းရော မပျော်ဘူးလား ... ငါ့သား ဂုဏ်ထူးလေးဘာသာနဲ့ ဆယ်တန်း အောင်တာ မင်း မပျော်ဘူးလား ... မင်းလည်း ပျော်သင့်တာပေါ့ .. မဟုတ်ဘူးလား ဟာရုန်း ... ငါတော့ အရမ်းအရမ်းကို ပျော်တယ် ... မနက်ဖြန် နွားဖော်ပြီး ရွာသူရွာသားတွေကို ထမင်းဖိတ်ကျွေးမယ် ... မင်းလည်း စောစောစီးစီး လာကွာ ... ငါတော့ အရမ်း ပျော်နေတယ်... အရမ်းပဲ ..."
ငါလည်း သိပ်ပျော်တာပေါ့။ ဆာဒဲက်ဟာ ငါ့ လက်ပေါ်မှာပဲ မွေးဖွားလာသူ မဟုတ်လား။ ငါ့ကို ချစ်ချစ်ခင်ခင်နဲ့ ဘကြီးခေါ်တဲ့ မင်းသား ဆာဒဲက်ကို ငါလည်း သားအရင်း တစ်ယောက်လို ချစ်မြတ်နိုးတာ မင်းလည်း သိသားပဲ။
ကခုန်သည့်ဟန်ပန်ဖြင့် လျှောက်ကာ ပြန်သွားနေသော တစ်ရွာတည်းသား အာဇီးမ်ကို ငေးကြည့်ရင်း ဟာရုန်းတစ်ယောက် တစ်ကိုယ်တည်း တီးတိုးစွာ ပြောလိုက်သည်။
"မိန်းမရေ ... ငါ့ ချစ်တော်ကြီး ဂုဏ်ထူးလေးဘာသာနဲ့ ဆယ်တန်းအောင်တယ်တဲ့"
ဟာရုန်းက အိမ်နောက်ဖေးမှာ အလုပ်လုပ်နေသော သူ့မိန်းမကို တက်ကြွနေသည့်လေသံဖြင့် လှမ်းအော်ပြောလိုက်သည်။
အပြင်မှာ မိုးဖွဲ့ဖွဲ့ရွာနေသည်။ ၂၀၁၁ ခုနှစ်၊ ဇွန်လထဲက သည်နေ့ရက်သည် ၁၇ နှစ်ကြာကြာ ခံစားနေရသော အာဇီးမ်ဘိုင်၏ စိတ်ထိခိုက်နာကျင်ခံစားခဲ့ရမှုများကို ပျောက်ကင်းသွားပါစေလို့ ဟာရုန်းက စိတ်ထဲကနေ ဆုတောင်းပေးလိုက်သည်။

ပျော်ရွှင်မှု တိမ်တိုက်များ ကောင်းကင်တစ်ခွင်မှာ ပြန်ပြီး ထူထပ်နေလို့။
____________________×××____________________
(၄)
"ဦးလေး ... ပထမတစ်ခေါက် စိတ်ညစ်လို့ ငိုခဲ့ရပေမယ့် ဒီတစ်ခေါက်တော့ ဦးလေးတို့နဲ့အတူ ကျနော်လည်း ပျော်လာတယ် ... မိတဆိုး သားတစ်ယောက် ဆယ်တန်းကို လေးဘာသာနဲ့ အောင်အောင် ကြိုးစားခဲ့တာ တကယ် လေးစားဖို့လည်း ကောင်းတယ်... အင်မတန် လိမ္မာတဲ့ သားလေးပါပဲနော် ..."
ကျွန်တော်က ဒီတစ်ခါ ပျော်ရွှင်ပေါ့ပါးစွာ ပြောလိုက်လျှင် ...
"သိပ်မှန်တာပေါ့ကွယ် ... ဆာဒဲက်က တကယ့်ကို လူလိမ္မာလေး ... သူ့အဖေကလည်း သားရဲ့ ပညာရေးမှ ပညာရေးပဲ ... အလားတူ ဆာဒဲက်ကလည်း သူ့အဖေရဲ့ အိပ်မက်တွေ အကောင်အထည်ဖော်ခွင့်ရဖို့ အင်တိုက်အားတိုက် စာကြိုးစားတယ် ...ဒါပေမယ့် .... "
"ဒါပေမယ့်" ဆိုပြီး ဦးလေး ဟာရုန်းက စကားကိုရပ်တန့်လိုက်ပြီး ဟိုအဝေးကြီးကို ရီဝေစွာငေးနေ၏။ အတော်ကြာကြာအထိ ဘာမှပြောမလာသောအခါ ကျွန်တော်က ဝင်ထောက်ပေး၍ မေးလိုက်၏။
"ဒါပေမယ့် ... နောက်ဘာဖြစ်သွားတာလဲ ဦးလေး"
"ဒီလိုကွာ ... အာဇီးမ်ဘိုင်ရဲ့ ရည်မှန်းချက်က သူ့သားကို သွားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး တစ်ယောက် ဖြစ်လာဖို့ မျှော်လင့်ချက်ထားတယ် ... နောက်ထပ်နောက်ထပ်သော အမျိုးသမီးတွေ သူ့အမေလို လမ်းတစ်ဝက်မှာ ကလေးမမွေးရအောင်ပေါ့တဲ့ ... သူ့အမေလို လမ်းတစ်ဝက်မှာ အကူအညီမဲ့ မသေရအောင်ပေါ့တဲ့ ... သူ့သားကလည်း အမှတ်မှီတယ် ... ဒါပေမယ့် ... ပညာရေးဝန်ကြီးဌာနက သူ့သားလျှောက်တဲ့ ဆေးတက္ကသိုလ်ကို မပေးဘဲ သာမန်ဘာသာရပ်မေဂျာတစ်ခု ချပေးတယ် ... စစ်တွေတက္ကသိုလ်မှာ တက်ပေါ့တဲ့ ... မှတ်ပုံတင်မရှိလို့တဲ့ ... ဟူး ..."
ဦးလေးဟာရုန်းက "ဟူး" သက်ပြင်းရှည်တစ်ချက်ချလိုက်ပြီး စကားကို ရပ်တန့်လိုက်ပြန်သည်။
ဒုက္ခသည်စခန်းရှိရာ တောင်။ ထိုတောင်ထိပ်၏ အပင်တစ်ပင်အောက်မှာ ထိုင်နေပြီး အတိတ်တစ်ခုကို ပြန်ပြီး တွေးတွေးပြောပြနေသော ဦးလေး ဟာရုန်းက အမိမြေ မြန်မာဖက်ခြမ်းကို အဆုံးအစမဲ့စွာ ငေးကြည့်နေ၏။ နေမင်းသည် အနောက်ရပ်ဝန်းသို့ အတော်ယိုင်သွားခဲ့ပြီ။ အတော်ကြာကြာအထိ စကားဆက်မလာသောကြောင့် သိချင်စိတ်ပြင်းပြနေသော ကျွန်တော်က ဦးလေးကို ထပ်တစ်ပြန် စကားဝင်ထောက်လိုက်၏။
"ပြီးတော့ ... ဆက်ပြီး ဘာဖြစ်သေးလဲ ဦးလေး ..."
"အာဇီးမ်ဘိုင်က ဒီလောက်တော်နေတဲ့ သူ့သားကို သာမန်မေဂျာတစ်ခုနဲ့ တက္ကသိုလ်တက်ပြီး အချိန်မကုန်စေချင်ဘူး ... သူ အင်မတန် မျှော်လင့်တဲ့ သားဖွားမီးယပ် အထူးကု ပညာရပ်ကို ဒီနိုင်ငံမှာ သင်ယူခွင့်မရရင်လည်း နိုင်ငံရပ်ခြားကို စေလွှတ်ပြီး သင်စေချင်တယ် ... သူ့မှာ ရှိတဲ့ လယ်ယာမြေ အများစုကို ရောင်းချလိုက်တယ် ... နိုင်ငံရပ်ခြားမှာ တက္ကသိုလ်တက်ဖို့ဆိုတာ ငွေအတော်လိုတယ်လေ ... ပြီးတော့ သူ့သားကို ဒီဘင်္ဂလားဒေရှ့်နိုင်ငံကို လွှတ်လိုက်တာပေါ့လေ .... အဲ့မှာပေါ့ဟ ... အဲ့မှာပေါ့ ..."
ဦးလေးဟာရုန်း၏ အသံမှာ ရှိုက်ငိုသံနှင့်အတူ တိမ်ကောသွားလို့။ ဆက်ပြီး ဘာဖြစ်ခဲ့သလဲဆိုသည်ကို ကျွန်တော် အတိအကျ မှန်းဖို့ခက်နေပေမယ့် သည်မိသားစု ထပ်ပြီး တစ်ခါ ဝမ်းနည်း နာကျင်စရာများနှင့် ကြုံတွေ့ခဲ့ရပြီဆိုတာကိုတော့ ယေဘုယျအားဖြင့် မှန်းလို့ရနေသည်။ ဦးလေးဟာရုန်း ဆက်ပြောပြလာမည်ကို ကျနော် စိတ်ဝင်တစား နားစွင့်နေမိ၏။
"သူ့သား စီးလာတဲ့ လှေက ဒီနတ်မြစ်အလယ်မှာ မြုပ်သွားခဲ့ပါလေရော ... အဲ့ဒီ သတင်းကြားကြားချင်း အာဇီးမ်ဘိုင်လည်း သတိလစ်သွားတယ် ... ငါတို့အားလုံးလည်း အရူးတစ်ပိုင်း ဖြစ်သွားခဲ့တာပေါ့ ... ဆာဒဲက်ကို ရှာဖို့ လိုက်သွားရမလား ... အာဇီးမ်ဘိုင်ကို ဆေးရုံတင်ရမလားနဲ့ပေါ့ ...
နှစ်ရက်အကြာမှာတော့ ဆာဒဲက်ရဲ့ ပုပ်စော်နံနေတဲ့ အလောင်းက မြစ်ထဲက မျှောလာပြီး ကမ်းခြေတစ်ခုမှာ တင်နေတာ တွေ့လိုက်ရတယ် ... အဲ့ချိန် အာဇီးမ်ဘိုင်က ပုပ်စော်နံနေတဲ့ သူ့သားကို ဖက်ပြီး "သားရေ" ဆိုပြီး အော်ဟစ်ငိုကြွေးခဲ့တဲ့ပုံရိပ်ဟာ ယခုထိ ငါ့အတွေးထဲက ထုတ်ရခက်နေတုန်းပါပဲ တူလေးရာ ..."
ဦးလေးဟာရုန်း၏ စကားအဟုန်တွင် စီးမျှောသွားရင်း ကျွန်တော်လည်း ရှိုက်ငိုလိုက်တော့သည်။
____________________×××____________________
(၅)
အခု ဆာဒဲက် အဖေရော ဘယ်မှာလဲ။ သူ နောက်အိမ်ထောင်ကျပြီး ဘဝကို နောက်တစ်ပြန် အစပြုခဲ့သလား။ ဘဝကို ဘယ်လိုပုံစံမျိုးနဲ့ ဆက်လက်ရှင်သန် ဖြတ်သန်းခဲ့သလဲ။ ကျွန်တော့ အတွေးထဲမှာ သိချင်စရာများစွာ ဖြစ်ပေါ်လာခဲ့ပေမယ့် ဦးလေး ဟာရုန်းကို ထပ်ပြီး ဘာမှမေးချင်တဲ့စိတ် ကျွန်တော့မှာ ရှိမနေတော့။
ဦးလေးဟာရုန်းကို ကျွန်တော်သိသည်မှာ သည်ဒုက္ခသည်စခန်းကို ရောက်ပြီးမှ ဖြစ်သည်။ အာရ်ကာန်မှာ ရှိစဉ် မမြင်မတွေ့ဖူးပေမယ့် အသက် ၆၀ ကျော်ရှိမည့် စိတ်စေတနာကောင်းသည့် ဦးလေးဟာရုန်းကို "ဦးလေး" ဆိုပြီး ကျွန်တော် တလေးတစား ခေါ်ခဲ့သည်။ အတိတ်က အကြောင်းအရာများကို စပ်စုတတ်သော ကျွန်တော်က ဦးလေးကို သူတို့ ငယ်စဉ်က အကြောင်းအရာများ မေးဖြစ်ခဲ့ရာမှ သည်ဖြစ်ရပ်မှန်လေးကို သူပြောပြခြင်းဖြစ်၏။
၂၀၁၇ ခုနှစ်၊ ဩဂုတ်လ (၂၅) ရက်နေ့ အရေးအခင်းနောက်ပိုင်း အသက်လွတ်နိုင်ရာ ဘင်္ဂလားဒေရှ့်နိုင်ငံကို ထွက်ပြေးတိမ်းရှောင်လာခဲ့သော လူပေါင်း ၇ သိန်းနီးပါးမှာလည်း ဆာဒဲက်တို့မိသားစုလို ဖြစ်ရပ်ဆိုး တစ်မျိုးမျိုးနှင့် ကြုံတွေ့ခဲ့ရသည့် ဖြစ်ရပ်မှန် ဇတ်လမ်းများ ကိုယ်စီရှိနေဦးမည်ပင်။
တောင်ပေါ် အပင်၏ အရိပ်အောက်၌ ထိုင်နေသည့်နေရာမှ ကြည့်လိုက်လျှင် တစ်ခုနှင့် တစ်ခုကပ်ပြီး ဆောက်ထားသည့် ထူထပ်နေသော ဒုက္ခသည်စခန်းရှိ တဲအိမ်လေးများ၊ အိုးအိမ်ထားရစ်ပြီး အမိမြေကို စွန့်ခွာလာခဲ့ရသော မျှော်လင့်ချက်မဲ့နေသည့် ဒုက္ခသည်များကို တွေ့နေရ၏။
မကြာခင် နေမင်း ပျောက်ကွယ်ပြီး သည်နေရာလေးကို အမှောင်က မျိုသွားပါလိမ့်မည်။ ကျွန်တော်တို့ ရိုဟင်ဂျာများ၏ ဘဝနေ့ရက်များသည်လည်း အမှောင်၏ မျိုခြင်းကို ခံလာနေရသည်မှာ နှစ်ကာလအားဖြင့် အတော် ကြာရှည်လှခဲ့ပြီ ဖြစ်၏။
"တူလေး ... မနက်ဖြန် အလှူအတန်းပွဲတစ်ခုလုပ်ရအောင် ... မင်းလည်း လာကူညီပေးပါလား ..."
ဦးလေးဟာရုန်း၏ စကားကြောင့် အတန်ကြာကြာ အတွေးထဲနစ်မြုပ်နေသည့် ကျွန်တော် သတိပြန်ရလာသည်။
"ဘယ်သူ့အတွက် ရည်စူးပြီး လုပ်မှာလဲ ဦးလေး"
"ငါ့အချစ်တော်ကြီး ဆာဒဲက်နဲ့ ငါ့ကျေးဇူးရှင်ကြီး အာဇီးမ်အတွက်လေ ..."
ဦးလေး ဟာရုန်းက ခပ်ပြင်းပြင်း သက်ပြင်းရှည်တစ်ချက်ချလိုက်ပြီး ဆက်လက်ပြောပြသည်။
"ဆာဒဲက်ဆုံးတဲ့နေ့ကစပြီး သူ့အဖေလည်း စိတ်မမှန်တဲ့ ဘဝရောက်သွားတာလေ ... နောက်နှစ်နှစ်အကြာမှာ စိတ်ရောဂါနဲ့ပဲ ဆုံးသွားရှာတယ် ... သူဆုံးသွားတဲ့နောက် သူ့ပိုင်လယ်မြေတွေ ငါ့မိသားစုကို ပေးလိုက်ဖို့ သူ့အစ်ကိုကို မှာထားခဲ့တာတဲ့ ... အဲ့တော့ သူ့ပိုင်လယ်မြေတွေ သူ့အစ်ကိုက ငါ့ကို လွှဲပေးခဲ့တယ် ... ငါက အဲ့ဒီလယ်တွေလုပ်ပြီး ရလာတဲ့ အကျိုးအမြတ်ထဲက လေးပုံး သုံးပုံကို သူတို့ သားအဖ အမိ သုံးယောက်အတွက် နှစ်တိုင်း အလှူပွဲလုပ်တယ် ... ဒီနှစ်က ဖြစ်သွားတဲ့ အခြေအနေကြောင့် အဲ့ပွဲမျိုး မလုပ်နိုင်ခဲ့ဘူး ... သူပေးတဲ့ လယ်ယာမြေတွေကိုထားပြီး ဒီကိုလာခဲ့ရတယ် ဆိုပေမယ့် မလေးရှားက ငါ့သားလေးဆီက ပိုက်ဆံတောင်းလိုက်တယ် ... မနက်ဖြန် လုပ်ကြရအောင် ... ငါ သူတို့ မိသားစုကို အရမ်း သတိရနေပြီ တူလေးရာ ... ငါ့အပေါ် အရမ်းလည်း ကျေးဇူးကြီးမားခဲ့သူတွေလေ ..."
သည်တစ်ခါ ကျွန်တော်လည်း ဆာဒဲက်အဖေ၏ ဖြစ်ရပ်ဆိုးကို ကြားရပြီး သတိလစ်သွားလုမတတ် ခံစားခဲ့ရသည်။ စိတ်ထဲကနေလည်း ဆုတောင်းပေးလိုက်ပါတော့သည်။
ဆာဒဲက်တို့ သားအမိ အဖ သုံးယောက်စလုံး အမြင့်ဆုံးသော သုခဘုံမှာ ပြန်ဆုံဆည်းခွင့်ရပြီး အဆုံးမဲ့ ချမ်းမြေ့ပျော်ရွှင်မှုများနှင့် စံမြန်းခွင့်ရပါစေ။
ကျွန်တော်၏ ပါးပြင်ပေါ်က မျက်ရည်စက်များကို သုတ်လိုက်ပြီး ဒုက္ခသည်စခန်းထဲက တဲလေးဆီ ခြေလှမ်းစလိုက်တော့သည်။ ဒုက္ခသည်စခန်း၏ အနီးတစ်ဝိုက် ပတ်ဝန်းကျင်ကိုလည်း အမှောင်က စိုးမိုးလိုက်နေခဲ့ပြီ။
ယျာတင် (ရိုဟင်းသား)
၃၁၊ ၁၂၊ ၂၀၁၇
Saed Arkani
RB News
30.12.2017
စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ ငါးဖမ်းခြင်း လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေသူများကို မြို့နယ် လ.၀.က မှ အရာရှိများက NVC လက်ခံရန် ထပ်မံ၍ ဖိအားပေးကြောင်း သတင်းရရှိပါသည်။
ယနေ့ ဒီဇင်ဘာလ (၃၀) ရက်နေ့ နံနက် ၉ နာရီခန့် အချိန်တွင် စစ်တွေမြို့နယ် လ.၀.က ဦးစီးအရာရှိနှင့် အခြားဒေသဆိုင်ရာ အာဏာပိုင်များသည် စစ်တွေမြို့နယ် ဘုမေရပ်ကွက် ၀ယာလစ်ရွာရှိ အုပ်ချုပ်ရေးမှူးရုံးသို့ ရောက်ရှိလာပြီး ငါးဖမ်းစက်လှေပိုင်ရှင်များနှင့် တွေ့ဆုံ၍ NVC လက်ခံရန် ဖိအားပေးခဲ့သည်။
လ.၀.က ဦးစီးအရာရှိ ဦးကျော်သန်းက NVC လျှောက်ထားရန်လိုကြောင်း၊ ပြီးလျှင် နိုင်ငံသားကဒ် လျှောက်နိုင်မည် ဖြစ်ကြောင်း၊ ငါးဖမ်းနိုင်ရန်အတွက် NVC လိုကြောင်း၊ NVC မရှိလျှင် ငါးဖမ်းခွင့်ရမည် မဟုတ်ကြောင်း၊ တစ်ဆင့်ပြီး တစ်ဆင့် သွားရမည် ဖြစ်ကြောင်း၊ တစ်ကြိမ်တည်းဖြင့် အကုန်မရနိုင်ကြောင်း ပြောဆို၍ NVC လက်ခံမှ ငါးဖမ်းခွင့်ပေးမည်ဟု ဖိအားပေး ပြောဆိုခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။
ဒေသခံရိုဟင်ဂျာများဘက်မှ မိမိတို့တွင် အမျိုးသားမှတ်ပုံတင်ကဒ် ရှိနေသည့်အတွက် NVC ယူရန် မလိုကြောင်း၊ NVC ဆိုသည်မှာ မည်သည့် အထောက်အထားမှ မရှိသူများ အတွက် ဖြစ်ကြောင်း၊ အစိုးရအာဏာပိုင်များက မိမိတို့အား လှည့်ဖြားနေသည်မှာ ဆယ်စုနှစ်ချီနေပြီ ဖြစ်ကြောင်း၊ မိမိတို့အား ဟိုဟာလုပ်ပေးမယ်၊ ဒီဟာလုပ်ပေးမယ်ဟု ပါးစပ်ဖြင့် ပြောဆိုခြင်းသာ ရှိကြောင်း၊ စာရွက်စာတမ်း အထောက်အထားများဖြင့် ပြောဆိုခြင်း မရှိကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် အာဏာပိုင်များကို မည်သည့်အခါ ယုံကြည်နိုင်မည် မဟုတ်ကြောင်း၊ ယခုအခါ လ.၀.က ၀န်ထမ်းများက လူတစ်ဦးလျှင် ငွေကျပ် သိန်း ၃၀ မှ သိန်း ၄၀ ယူ၍ ဘင်္ဂလီ လူမျိုးအမည်ဖြင့် နိုင်ငံသားစီစစ်ရေးကဒ်ပြားများ ထုတ်ပေးလျက် ရှိကြောင်း၊ မိမိတို့ အနေဖြင့် NVC ကို ဘယ်တော့မှ လက်ခံမှာ မဟုတ်ကြောင်း၊ နောက်နောင် NVC နှင့် ပတ်သက်၍ အစည်းအဝေး မခေါ်ရန် ပန်ကြားလိုကြောင်း ပြောဆို၍ တုန့်ပြန်ခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။
လ.၀.က ဦးစီးအရာရှိ၊ ဒေသဆိုင်ရာ အာဏာပိုင်များနှင့် ငါးဖမ်းစက်လှေ ပိုင်ရှင်များ၏ တွေ့ဆုံပွဲကို နံနက် ၁၁း၃၀ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။
ဓါတ်ပုံသတင်း
- လူမျိုးတုန်းသတ်ဖြတ်မှု မူဝါဒ၏ သားကောင်များ
- ရခိုင်ပြည်နယ် ဒုက္ခသည် ကျန်းမာရေး MSF စိုးရိမ်
- မောင်တော မြို့မကညင်တန်းမှ ဒေသခံအမျိုးသမီးနှစ်ဦးကို တဖက်နိုင်ငံမှ ပြန်လည်ခိုးဝင်လာသူများဟု စွပ်စွဲကာ ဖမ်းဆီးချုပ်နှောင်ထား
- ကိုးတန်ကောက်မှ ဆိုင်ကယ် (၄) စီး လုယက်ခံရသူများကို နယ်ခြားစောင့်ရဲတပ်ဖွဲ့က လျော်ကြေး ၆ သိန်းသာ ပေးသဖြင့် လက်မခံ
- NVC ကဒ် မကိုင်လျှင် အလုပ်အကိုင်၊ စီးပွားရေး၊ သွားလာရေး အကုန် ပိတ်ပင်မည်ဟု ခြိမ်းခြောက် အကျပ်ကိုင်လျက်ရှိ
- BGP ကျီးကန်းပြင် ဌာနချုပ်မှ ရဲများက ဒေသခံ (၈) ဦးကို ရိုက်နှက် ညှဉ်းပန်း နှိပ်စက်
- လောင်းဒုံး ကျေးရွာ အုပ်စုတွင် ထပ်မံ၍ မီးလောင်
- ဘူးသီးတောင် မောင်ကြီးတောင်မှ အမျိုးသမီး နှစ်ဦး မုဒိမ်းကျင့်ခံရ
- အာရ်ကာန်ဒေသရဲ့ ဌာနေတိုင်းရင်းသား ရိုဟင်ဂျာ
- ဗြောင်ငြင်းတဲ့ အကျင့်
ဂျီနိုဆိုက်ဆိုတာဘာလဲ?
ဒေါက်တာဇာနည် ရှင်းပြသည့် ရိုဟင်ဂျာ