နောက်ဆုံးသတင်း/ဆောင်းပါးများ

အာရ်ကာန်ဒေသရဲ့ ဌာနေတိုင်းရင်းသား ရိုဟင်ဂျာ



အာရ်ကာန်ဒေသရဲ့ ဌာနေတိုင်းရင်းသား ရိုဟင်ဂျာ

ရိုနေဆန်းလွင်
RB News
27.8.2016

(၁) ၁၈၂၃ မတိုင်မီကတည်းက မြန်မာနယ်နိမိတ်အတွင်း ရှိနေခဲ့တဲ့ ရိုဟင်ဂျာတိုင်းရင်းသား၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေမှာ တိုင်းရင်းသားမျိုးနွယ်စု ဖြစ်ဖို့အတွက် ၁၈၂၃ ခုနှစ်မတိုင်မီ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်း နေထိုင်တဲ့ မျိုးနွယ်စုဖြစ်ရမယ်လို့ သတ်မှတ်ထားတယ်။ ရိုဟင်ဂျာမျိုးနွယ်စုက ၁၈၂၃ ခုနှစ်မတိုင်ခင်ကတည်းက အာရ်ကာန်ဒေသ (လက်ရှိ ရခိုင်ပြည်နယ်) မှာ ရှိနေခဲ့တဲ့ မျိုးနွယ်စုတစ်စု ဖြစ်တာကြောင့် ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေအရဆိုရင်လည်း တိုင်းရင်းသားမျိုးနွယ်စု တစ်စု ဖြစ်ပါတယ်။ 

- ဗြိတိန်နိုင်ငံသား ဒေါက်တာဖရန့်စစ်ဘူချနန်ရဲ့ ၁၇၉၉ ခုနှစ် မှတ်တမ်းမှာ အာရ်ကာန်ဒေသမှာ နှစ်ပေါင်းများစွာ အခြေချနေထိုင်လာတဲ့ မွတ်စလင် (မိုဟာမတ်ဒန်) များက သူတို့ကိုယ်သူတို့ ရိုအင်ဂ (ယနေ့ ရိုဟင်ဂျာ) လို့ ခေါ်တယ်လို့ ရေးထားတဲ့အပြင် ရိုဟင်ဂျာ ဘာသာစကား အချို့ကိုပါ သေချာမှတ်တမ်းတင်ထားတယ်။ ဒါက ရိုဟင်ဂျာတွေက ၁၈၂၃ ခုနှစ်မတိုင်မီ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းမှာ ရှိခဲ့ပါတယ်ဆိုတဲ့ ခိုင်မာတဲ့ အထောက်အထားတစ်ခုပါ။

၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေမှာ တိုင်းရင်းသား သတ်မှတ်ခြင်းကို နိုင်ငံတော်ကောင်စီကသာ သတ်မှတ်ရမယ်လို့ ပြဌာန်းထားတဲ့အတွက် လူမျိုး၊ ကိုးကွယ်တဲ့ဘာသာကို ခွဲခြားပြီး ရိုဟင်ဂျာကို တိုင်းရင်းသားစာရင်းထဲမှာ ဆက်လက်မထားတော့တာ ဖြစ်တယ်။ 

ရိုဟင်ဂျာလူမျိုးနဲ့ ဘာသာစကား တူတဲ့ ဗုဒ္ဓဘာသာဝင်များဖြစ်တဲ့ မာရမာကြီး၊ ဒိုင်းနက်တို့ကတော့ တိုင်းရင်းသားစာရင်းထဲမှာ ရှိနေသေးတယ်။

(၂) ခေတ်အဆက်ဆက် တိုင်းရင်းသား နိုင်ငံသား ဖြစ်လို့ မဲပေးခွင့်၊ ရွေးကောက်ခံပိုင်ခွင့် ရခဲ့တဲ့ ရိုဟင်ဂျာအမတ်များ

မြန်မာနိုင်ငံမှာ ပထမဆုံး ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲက ၁၉၃၆ ခုနှစ် နိုဝင်ဘာလမှာပါ။ အဲဒီတုန်းက ဗြိတိသျှက မြန်မာနိုင်ငံကို အိန္ဒိယကနေ ခွဲထုတ်ပြီး ဒိုင်အာခီအုပ်ချုပ်ရေးကို ဖျက်သိမ်းခဲ့တယ်။ မြန်မာနိုင်ငံ အက်ဥပဒေကို ပြဌာန်းပြီး ၉၁ ဌာနအုပ်ချုပ်ရေးကို ထူထောင်တယ်။ မြန်မာတစ်နိုင်ငံလုံးမှာ မင်းတိုင်ပင်အမတ် (၁၃၂) ဦးရွေးချယ်ခဲ့တယ်။ ရခိုင်ဒေသမှာ တိုင်းရင်းသား မဲဆန္ဒနယ် (၉) ခု၊ အိန္ဒိယအမျိုးသား မဲဆန္ဒနယ် (၁) ခု ရှိခဲ့တယ်။ ရိုဟင်ဂျာလူမျိုးတွေက မြန်မာတိုင်းရင်းသား မဲဆန္ဒရှင်များအဖြစ် မဲပေးခွင့်ရခဲ့ပြီး ဦးဂနီမာရ်ကာန်က တိုင်းရင်းသားမဲဆန္ဒနယ်ကနေ မင်းတိုင်ပင်အမတ်အဖြစ် ရွေးချယ်ခံခဲ့ရတယ်။

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက အောင်ဆန်း-အက်တလီ စာချုပ်အရ ၁၉၄၇ ခုနှစ် ဧပြီလ (၉) ရက်နေ့မှာ တိုင်းပြုပြည်ပြု လွှတ်တော် ရွေးကောက်ပွဲကို ကျင်းပခဲ့တယ်။ အဲဒီ ရွေးကောက်ပွဲမှာ ဘူးသီးတောင်က ဦးအဒူဂဖားရ်နဲ့ မောင်တောက ဦးဆုလ်တာန်အာမတ် တို့ ရွေးချယ်တင်မြှောက်ခံခဲ့ရတယ်။ အဲဒီတော့ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ တိုင်းပြုပြည်ပြု လွှတ်တော်မှာ ရိုဟင်ဂျာလူမျိုး အမတ်နှစ်ဦး ရှိခဲ့တယ်။

လွတ်လပ်ရေးရပြီး နောက်ပိုင်း ဦးနေ၀င်း အာဏာမသိမ်းမီထိ ၁၉၅၁၊ ၁၉၅၆၊ ၁၉၆၁ ခုနှစ်တွေမှာ ရွေးကောက်ပွဲ (၃) ကြိမ်ကျင်းပခဲ့တယ်။ ရွေးကောက်ပွဲတိုင်းမှာ မောင်တော မဲဆန္ဒနယ်က ရိုဟင်ဂျာအမတ် (၂) ဦး၊ ဘူးသီးတောင် မဲဆန္ဒနယ်က ရိုဟင်ဂျာအမတ် တစ်ဦးနဲ့ အထက်လွှတ်တော်အတွက် ရိုဟင်ဂျာအမတ် တစ်ဦးစီ ရွေးကောက် တင်မြှောက်ခံခဲ့ရတယ်။ ပါလီမန် ဒီမိုကရေစီ အစိုးရလက်ထက်မှာ ရိုဟင်ဂျာ အမျိုးသား ဦးဆုလ်တာန်မာမွတ်က ပညာရေးဝန်ကြီး၊ ကျန်းမာရေးဝန်ကြီး အဖြစ်ခန့်အပ်ခံခဲ့ရတယ်။ ဦးဆုလ်တာန်အာမတ်ကို လူမျိုးစုရေးရာဝန်ကြီးဌာန ပါလီမန်အတွင်းဝန်၊ ဦးအဒူဂဖားရ်နဲ့ ဦးအာဘူဘော်ရှော် တို့ကိုလည်း ကျန်းမာရေးဝန်ကြီးဌာန ပါလီမန်အတွင်းဝန်များ အဖြစ်ခန့်အပ်ခဲ့တယ်။ အဲဒီခေတ်က ပါလီမန်အတွင်းဝန် ဆိုတာ အခုခေတ် ဒု-၀န်ကြီးနဲ့ တူတဲ့အဆင့်ပါ။

အာဏာရှင် ဦးနေ၀င်း ဦးဆောင်တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက ၁၉၇၄ ခုနှစ်မှာ ပထမဆုံးအကြိမ် ကျင်းပခဲ့တဲ့ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲမှာ ဘူးသီးတောင် မဲဆန္ဒနယ်က ရိုဟင်ဂျာအမတ် တစ်ဦး၊ မောင်တောမဲဆန္ဒနယ်က ရိုဟင်ဂျာအမတ်တစ်ဦး ရွေးကောက်တင်မြှောက်ခံခဲ့ရတယ်။ တစ်ခါ ၁၉၇၈ ခုနှစ်မှာလည်း မောင်တောမဲဆန္ဒနယ်က ရိုဟင်ဂျာအမတ်တစ်ဦး ရွေးချယ်တင်မြှောက်ခံခဲ့ရတယ်။

စစ်အစိုးရလက်ထက် ၁၉၉၀ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ မောင်တောမဲဆန္ဒနယ်က ရိုဟင်ဂျာအမတ် နှစ်ဦး၊ ဘူးသီးတောင် မဲဆန္ဒနယ်က ရိုဟင်ဂျာအမတ် နှစ်ဦး ရွေးကောက်တင်မြှောက်ခံခဲ့ရတယ်။ အဲဒီထဲက ဘူးသီးတောင်မြို့နယ် အမတ် ဦးကျော်မင်းက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မီတီ (CRPP) မှာအဖွဲ့ဝင်တစ်ဦး အဖြစ် ရွေးချယ်ခံခဲ့ရတယ်။

၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမှာလည်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နှစ်ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တစ်ဦးနဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် နှစ်ဦး ရွေးချယ်တင်မြှောက်ခံခဲ့ရတယ်။

- ရိုဟင်ဂျာလူမျိုးကို ဦးနုအစိုးရလက်ထက်မှာ တိုင်းရင်းသားအဖြစ် သတ်မှတ်ခဲ့တာ မဟုတ်ဘဲ ၁၉၃၆ ခုနှစ်ကတည်းက တိုင်းရင်းသား မဲဆန္ဒနယ်က မဲပေးခွင့်၊ ပါဝင်ယှဉ်ပြိုင်ခွင့် ပေးခဲ့တာပါ။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ တိုင်းပြုပြည်ပြု လွှတ်တော် ရွေးကောက်ပွဲမှာလည်း တိုင်းရင်းသားအဖြစ် ပါဝင်ခွင့်ပေးခဲ့တယ်။

(၃) နိုင်ငံခေါင်းဆောင်များက ရိုဟင်ဂျာကို တိုင်းရင်းသားအဖြစ် သတ်မှတ် ပြောဆိုခဲ့မှုများ

- မြန်မာနိုင်ငံရဲ့ ပထမဆုံး သမ္မတ စပ်ရွှေသိုက်က အာရ်ကာန်မှာ ရှိတဲ့ မွတ်စလင်တွေက မြန်မာတိုင်းရင်းသားတွေ ဖြစ်တယ်။ တကယ်လို့ သူတို့က တိုင်းရင်းသားတွေ မဟုတ်ဘူးဆိုရင် ကျွန်တော်တို့လည်း တိုင်းရင်းသားတွေ မဟုတ်ဘူးလို့ ပြောခဲ့တယ်။

- မြန်မာနိုင်ငံရဲ့ ပထမဆုံး ၀န်ကြီးချုပ် ဦးနုက ၁၉၅၄ ခုနှစ် စက်တင်ဘာလ (၂၅) ရက်နေ့ ည ၈ နာရီ အသံလွှင့် မိန့်ခွန်းမှာ “မောင်တောနှင့် ဘူးသီးတောင်မြို့နယ် များတွင် နေထိုင်လျက် ရှိသော ပြည်ထောင်စုသား များသည် များသောအားဖြင့် ရိုဟင်ဂျာအမျိုးသားများ ဖြစ်ကြသည်” လို့ ထည့်သွင်းပြောကြားခဲ့တယ်။

- နိုင်ငံတော်ဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီး ဦးဗဆွေက ၁၉၅၉ ခုနှစ် နိုဝင်ဘာလ (၃) ရက်နေ့နဲ့ (၄) ရက်နေ့များမှာ ဘူးသီးတောင်နဲ့ မောင်တောမြို့တွေမှာ ကျင်းပတဲ့ လူထုအစည်းအဝေးတွေမှာ “ရိုဟင်ဂျာများသည် ကချင်၊ ကရင်၊ ကယား၊ ရှမ်း၊ မွန်၊ ရခိုင်၊ ချင်း တိုင်းရင်းသားများကဲ့သို့ တိုင်းရင်းသား လူမျိုးစုတစ်စု ဖြစ်သည်” လို့ မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့တယ်။

- ၁၉၆၁ ခုနှစ် ဇူလိုင်လ (၈) ရက်နေ့မှာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်မှူးချုပ်အောင်ကြီးက “ကျွန်ုပ်တို့ ဒီခရိုင်မှာနေထိုင်တဲ့လူတွေကို ရိုဟင်ဂျာလို့ခေါ်ပါတယ်။ မေယုခရိုင်၏ အနောက်ဘက်တွင် ပါကစ္စတန် (ယခုဘင်္ဂလားဒေ့ရှ်) ရှိပြီး မွတ်ဆလင်များနေကြပါတယ်။ အနောက်ဘက်မှာနေသူများကို ပါကစ္စတန်ဟုခေါ်ပြီး၊ မြန်မာပြည်မှာရှိသူများကို ရိုဟင်ဂျာလို့ခေါ်တယ်။ မြန်မာ၊ ပါကစ္စတန်နယ်စပ်တခုတည်းမှာသာ လူမျိုးတမျိုးတိုင်းပြည်ခြား၍ နေကြသည်မဟုတ်၊ တရုတ်နှင့်ဆက်စပ်နေသော နယ်စပ်တွင်လည်း ဤသို့လူမျိုးချင်းဆက်စပ်နေကြသည်။ ဥပမာ - ကချင်မှာ လီဆူး၊ အီကော၊ လ၀ စသည့်လူမျိုးများရှိသလို တရုတ်ပြည်တွင်လည်း ၎င်းလူမျိုးများရှိသည်။ ထိုနည်းတူ မြန်မာပြည်တွင်းရှိ ရှမ်းလူမျိုးများရှိသလို တရုတ်ပြည်တွင်လည်း တိုင် ဆိုသောရှမ်းလူမျိုးများရှိကြပါသည်။ မြန်မာပြည်တွင် မွန်၊ ကရင်၊ မလေးရှိသလို ယိုးဒယားဘက်တွင်လည်း ထိုလူမျိုးများရှိကြပါသည်။ အိန္ဒိယ-မြန်မာနယ်စပ်တွင်လည်း ချင်း၊ လီရှော၊ နာဂလူမျိုးများ မြန်မာနိုင်ငံထဲမှာရှိသကဲ့သို့ အိန္ဒိယနိုင်ငံမှာလည်းရှိကြသည်။ အဲဒီတော့ ဒီနေ့ဒီအချိန်ကစပြီး ကျွန်တော်ပွင့်ပွင့်လင်းလင်းပြောချင်တယ်။ မေယုခရိုင်ကို ပြည်ထောင်စုထဲမှာရှိတဲ့ လူနည်းစုတစုလို့သဘောထားမယ်။ အဲဒီတော့အရင်တုန်းက ကျွန်တော်တို့မှားခဲ့တာတွေရှိရင် ခင်ဗျားတို့အားလုံးမေ့ကြ၊ ဒီအချိန်ကစပြီး ခင်ဗျားတို့မေယုခရိုင်က လူတွေဟာ တို့ဗမာပြည်ထောင်စုသား၊ တို့ဗမာပြည်ထောင်စုထဲက လူမျိုးစုတစုလို့သဘောထားကြပါ။” စသည်ဖြင့် အကျယ်တ၀န့် ပြောခဲ့တယ်။

အဲဒီအချိန်တုန်းက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဗိုလ်ချုပ်ကြီးနေ၀င်း ဖြစ်ပြီး၊ ရခိုင်တိုင်းရင်းသားတွေလည်း ရှိနေခဲ့တယ်။ ရိုဟင်ဂျာလူမျိုးကို ရိုဟင်ဂျာလို့ ခေါ်ခြင်းအတွက်၊ တိုင်းရင်းသား သတ်မှတ်ခြင်းအတွက် ကန့်ကွက်ခဲ့ခြင်း လုံးဝ (လုံးဝ) မရှိခဲ့ဘူး။

(၄) ဖျောက်လို့ရမှာ မဟုတ်တဲ့ မှတ်တမ်းအချို့

- ရန်ကုန်တက္ကသိုလ်မှာ ရိုဟင်ဂျာကျောင်းသား/သူများ အသင်းအဖွဲ့ ထူထောင်ခွင့် လျှောက်ထားခဲ့ရာ ၁၉၅၉ ခုနှစ် ဒီဇင်ဘာလ (၃) ရက်နေ့မှာ မှတ်ပုံတင်အမှတ် ၁၁၂/၅၉ နဲ့ “This is to certify that Rangoon University Rohingya Student Association is one of the Registered Associations of the University of Rangoon for the academic year 1959-1960” ဆိုပြီး ခွင့်ပြုချက် ထုတ်ပြန်ပေးခဲ့တယ်။

- ၁၉၆၁ ခုနှစ် မေလ (၁၅) ရက်နေ့က စပြီး ၁၉၆၅ ခုနှစ် အောက်တိုဘာလ အထိ မြန်မာ့အသံ တိုင်းရင်းသားလူမျိုးများ ဘာသာစကား အစီအစဉ်မှာ တစ်ပတ်ကို (၁၀) မိနစ်ကျစီ (၃) ကြိမ် ရိုဟင်ဂျာဘာသာစကားနဲ့ အသံလွှင့်ခွင့် ပေးခဲ့တယ်။

- ၁၉၆၁ ခုနှစ် ဇူလိုင်လ (၁၈) ရက်နေ့မှာ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ဝေတဲ့ တပ်မတော်ခေတ်ရေးစာစောင် အတွဲ (၁၂) အမှတ် (၆) မှာ “မေယုနယ်မှလေ ဘယ်လိုအခြေရှိပါလိမ့်” ဆောင်းပါးနဲ့ ၁၉၆၁ ခုနှစ် သြဂုတ်လ (၈) ရက်နေ့ထုတ် အတွဲ (၁၂) အမှတ် (၉) က “ပျောက်ဆုံးနေသော ညီအစ်ကိုတစ်ဦးကို ရှာတွေ့သည့်ပမာနှယ်” ဆောင်းပါးတွေမှာ “မေယုခရိုင်၊ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင် အနောက်မြောက် မြို့နယ်များတွင် ရိုဟင်ဂျာလူမျိုးများ နေထိုင်ကြပြီး၊ လူနည်းစုမှာ ရခိုင်၊ ဒိုင်းနက်၊ မြို၊ ခမီး စသော လူနည်းစုများစွာ ပါဝင်နေထိုင်သည့် ခရိုင်ဒေသ တစ်ခုဖြစ်ပါသည်” လို့ ဖော်ပြထားတယ်။

- ၁၉၆၁ ခုနှစ် နိုဝင်ဘာလ (၂၀) ရက်နေ့မှာ နိုင်ငံတော်ဝန်ကြီးချုပ်ရုံး လက်အောက်ခံ နယ်ခြားဒေသ အုပ်ချုပ်ရေးရုံးရဲ့ ကြေငြာချက်မှာ မေယုဒေသအတွင်း နေထိုင်ကြသူများသည် တိုင်းရင်းသား ရိုဟင်ဂျာလူမျိုးများ ဖြစ်တယ်လို့ ရေးသားခဲ့တယ်။

- ၁၉၆၁ ခုနှစ် နိုဝင်ဘာလ (၂၀) ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာမှာ နယ်ခြားဒေသအုပ်ချုပ်ရေးရုံးမှ နယ်ခြားဒေသအုပ်ချုပ်ရေးအရာရှိ၊ ရခိုင်တိုင်းမင်းကြီးနှင့် အဖွဲ့ဝင်များ မေယုနယ်ခြားခရိုင်သို့ ရောက်ရှိခဲ့ကြရာ ရိုဟင်ဂျာများမှ လှိုက်လှဲစွာ ကြိုဆိုကြကြောင်း၊ သူရသတ္တိရှိသူများ ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးကို မြတ်နိုးလိုလားပြီး၊ သစ္စာရှိသော စိတ်ဝင်စားဖွယ် ပြည်ထောင်စု၏ လူမျိုးတစ်မျိုးဖြစ်ကြောင်း ဖော်ပြခဲ့တဲ့အပြင် မြန်မာ့အသံ ရေဒီယိုအစီအစဉ် ကနေလည်း အဲဒီအကြောင်းကို လွှင့်ထုတ်ခဲ့တယ်။ 

- စာပေဗိမာန်က ၁၉၆၄ ခုနှစ်ထုတ် မြန်မာ့စွယ်စုံကျမ်း အတွဲ (၉) စာမျက်နှာ ၈၉ - ၉၀ မှာ ရခိုင်တိုင်း မြောက်ပိုင်း မေယုခရိုင်တွင် လူဦးရေး ငါးသိန်းခန့်ရှိပြီး ၇၅% သည် ရိုဟင်ဂျာလူမျိုးများ ဖြစ်သည်လို့ အကျယ်တ၀န့် ရေးထားတယ်။

- မြန်မာအသံ (၂၅) နှစ်မြောက် ငွေရတုသဘင်အဖြစ် ၁၉၇၁ ဖေဖော်ဝါရီလမှာ သောတရှင်မဂ္ဂဇင်းကို ထုတ်ဝေခဲ့ရာ စာမျက်နှာ ၅၅ မှာ ၁၉၄၇ ခုနှစ်မှစ၍ တိုင်းရင်းသား ဘာသာစကားအဖြစ် စတင်အသံလွှင့် ခွင့်ပြုသည့်ရက်စွဲများကို ဖော်ပြရာတွင် ၁၉၄၇ တွင် ရှမ်းနှင့်ကချင်ဘာသာ၊ ၁၉၄၉ တွင်စကောကရင်နှင့် ပိုးကရင်ဘာသာ၊ ၁၉၅၉ ခုနှစ်တွင် ချင်းဘာသာ၊ ၁၉၆၁ တွင် မွန်၊ ပအို့၊ လားဟူ၊ ရိုဟင်ဂျာနှင့်ကယား ဘာသာတို့အသံလွှင့်ခဲ့ကြောင်း ဖော်ပြထားတယ်။ မွန်၊ ပအို့၊ လားဟူ၊ ရိုဟင်ဂျာ ဘာသာတို့ဖြင့်အသံလွှင့်ခွင့်ကို ၁၅.၅.၆၁ နေ့မှစ၍ခွင့်ပြုခဲ့ပြီး ၁.၁၀.၆၅ နေ့တွင်ရပ်ဆိုင်းခဲ့တယ်လို့ ရေးသားထားတယ်။

- ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော်၊ ပညာရေးဝန်ကြီးဌာနက ၁၉၇၈ ခုနှစ်ထုတ် အထက်တန်း ပထ၀ီဝင် ဖတ်စာအုပ်၊ စာမျက်နှာ ၈၆ မှာ တိုင်းရင်းသားလူမျိုးများ ပြန့်နှံ့ နေထိုင်ကြပုံပြရာမှာ ရခိုင်မြောက်ပိုင်းဒေသကို ရိုဟင်ဂျာများ နေထိုင်ရာ ဒေသအဖြစ် ပြသထားတယ်။

- ၂၀၁၂ ခုနှစ်ထုတ် ပထမနှစ် အဝေးသင်တက္ကသိုလ် ပထ၀ီဝင် ဖတ်စာအုပ်မှာလည်း ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေ နေထိုင်တဲ့အကြောင်း ထည့်သွင်းထားတယ်။

ဒါတွေအပြင် The Guardian, မြန်မာ့အလင်း၊ ကြေးမုံ စတဲ့သတင်းစာတွေမှာ ရိုဟင်ဂျာကို တိုင်းရင်းသားအဖြစ် သုံးနှုန်းဖော်ပြခဲ့တဲ့ အထောက်အထားတွေ အများကြီးရှိပါသေးတယ်။

(၅) ရိုဟင်ဂျာများရဲ့ တိုင်းရင်းသား၊ နိုင်ငံရေးအခွင့်အရေးများ

- ၁၉၄၈ ခုနှစ်မှာ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး နောက်ပိုင်း မြန်မာတိုင်းရင်းသားတွေက နိုင်ငံသားလျှောက်ထားဖို့ မလိုခဲ့ဘူး။ သံသယဖြစ်ခံရသူများသာ နိုင်ငံသားလျှောက်ထားဖို့ လိုခဲ့တယ်။ ၁၉၄၉ ခုနှစ်မှာ ကျွန်တော့် မိခင် ဒေါ်ခင်လှရဲ့ အဖိုးဖြစ်သူ ဦးအဒူဇော်လိလ် က တရားရေးဝန်ကြီးဌာနကို စာရေးသားပြီး နိုင်ငံသားလျှောက်ဖို့ လို/မလို မေးခဲ့တယ်။ တရားရေးဝန်ကြီးဌာနက အကြောင်းပြန်စာမှာ “you need not apply for the Citizenship Certificate as you belong to one of the indigenous races of the Union of Burma” လို့ ရေးပြီး အကြောင်းပြန်ခဲ့တယ်။ ရိုဟင်ဂျာအမျိုးသား ဦးအဒူဇော်လိလ်က တိုင်းရင်းသားဖြစ်လို့ နိုင်ငံသားလျှောက်ဖို့ မလိုခဲ့ဘူး။

- ၁၉၅၂ ခုနှစ်မှာ နိုင်ငံသားဟုတ်/မဟုတ် ဒွိဟဖြစ်နေတဲ့ ဘူးသီးတောင်မြို့နယ်က ဦးအီမာန်ရှရိဖ် ကို စစ်ဆေးပြီးတော့ နိုင်ငံသားဖြစ်ကြောင်း အထောက်အထား ခိုင်ခိုင်မာမာရှိလို့ နိုင်ငံသားလက်မှတ် ထုတ်ပေးခဲ့တယ်။ (ကျွန်တော့်ရဲ့ ဗဟုသုတအရ အဲလို နိုင်ငံသားလက်မှတ် စာအုပ်ကိုင်ဆောင်သူ မြန်မာတစ်နိုင်ငံလုံးမှာ ၃၀၀၀ လောက်သာ ရှိတယ်)

- ၁၉၅၀ ခုနှစ်များမှာ မြန်မာတစ်နိုင်ငံလုံးမှာ တိုင်းရင်းသား၊ နိုင်ငံသားတွေကို အမျိုသားမှတ်ပုံတင်ကဒ်ပြားတွေ ထုတ်ပေးဖို့ ရခိုင်ပြည်နယ် မြောက်ပိုင်းနဲ့ ရန်ကုန်တိုင်း သန်လျင်မြို့တွေမှာ စမ်းသပ်ကာလ အဖြစ် ပထမဆုံး စတင်ထုတ်ပေးခဲ့တယ်။ အဲဒီတုန်းက တိုင်းရင်းသား၊ နိုင်ငံသားတွေကို ဂဏန်း ၆ လုံးနဲ့ အမျိုးသားမှတ်ပုံတင်ကဒ်ပြားတွေ ထုတ်ပေးခဲ့ပြီး၊ ဧည့်နိုင်ငံသားတွေကို ဂဏန်း ၅ လုံးနဲ့ ဧည့်နိုင်ငံသားကဒ်ပြားတွေ ထုတ်ပေးခဲ့တယ်။ ရိုဟင်ဂျာများက အမျိုးသားမှတ်ပုံတင်ကဒ်ပြားသာ ရရှိခဲ့ပြီး၊ ဧည့်နိုင်ငံသားကဒ်ပြား ရရှိခဲ့သူ တစ်ဦးတစ်ယောက်မှမရှိခဲ့ဘူး။ 

- ၁၉၆၃ ခုနှစ်မှာ မေယု နယ်ခြား ခရိုင်က အမျိုးသား မှတ်ပုံတင် ကိုင်ဆောင်သူ ရိုဟင်ဂျာ (၇) ဦးကို တိုင်းရင်းသား ဟုတ်/မဟုတ် စစ်ဆေး ခဲ့ရာမှာ စစ်ဆေးခံ ရသူများက နိုင်ငံသားများ ဖြစ်ကြတဲ့ အပြင် တိုင်းရင်းသားများပါ ဖြစ်တယ်လို့ ဘူးသီးတောင်မြို့က နယ်ခြား ခရိုင် တရားသူကြီးက ဆုံးဖြတ်ချက် ချခဲ့တယ်။

- သန်းခေါင်စာရင်းလို့ လူသိများကြတဲ့ အိမ်ထောင်စုစာရင်းတွေမှာလည်း လူမျိုးနေရာမှာ “ရိုဟင်ဂျာ” လို့ ၁၉၉၂ ခုနှစ်ထိ ရေးသွင်းခဲ့ပြီး အဲဒီနောက်ပိုင်းမှာ အတင်းအဓမ္မ ဘင်္ဂါလီ ဇတ်သွင်းတာတွေ ဖြစ်လာခဲ့တယ်။

- ပါလီမန်ဒီမိုကရေစီ အစိုးရလက်ထက်မှာ ရိုဟင်ဂျာတွေက ၀န်ကြီးအဆင့်ထိ နိုင်ငံ့တာဝန် ထမ်းဆောင်ခဲ့သလို၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်၊ စစ်အစိုးရခေတ်တွေမှာလည်း ညွန်ကြားရေးမှူး အဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့တယ်။ မြန်မာ့တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ အထူးသတင်းတပ်ဖွဲ့ စတာတွေအပါအ၀င် ဌာနပေါင်းစုံမှာ တာဝန်ထမ်းဆောင်ခွင့် ရခဲ့တယ်။ စစ်အစိုးရ လက်ထက်မှာ နိုင်ငံ့တာဝန်ထမ်းဆောင်ခွင့်ကို ကန့်သတ်ပိတ်ပင်ခဲ့တာပါ။ အဲဒါအပြင် ၁၉၉၅ ခုနှစ်ကစပြီး ဆေးတက္ကသိုလ်နဲ့ စက်မှုတက္ကသိုလ် တွေမှာ ပညာသင်ကြားခွင့်ပါ ပိတ်ပင်ခဲ့တယ်။

- ခေတ်အဆက်ဆက်မှာ ရိုဟင်ဂျာတွေက တိုင်းရင်းသား၊ နိုင်ငံသားများ အားလုံးနဲ့ တန်းတူ လွတ်လပ်စွာ ခရီးသွားလာခွင့်၊ ပညာသင်ကြားခွင့်၊ နိုင်ငံ့တာဝန်ထမ်းဆောင်ခွင့်၊ လွတ်လပ်စွာ ဆေးကုသခွင့်၊ ရောင်းဝယ် ဖောက်ကားခွင့်၊ လွတ်လပ်စွာ လက်ထပ်ခွင့်၊ မွေးဖွားခွင့် စတာတွေအားလုံး ရခဲ့တယ်။ စစ်အစိုးရလက်ထက် ၁၉၉၂ ခုနှစ်မှာ န.စ.က တည်ထောင်ပြီးမှ အခွင့်အရေးအားလုံးကို ပိတ်ပင်ကန့်သတ်ခဲ့တယ်။

(၆) တိုင်းရင်းသား၊ နိုင်ငံရေး အခွင့်အရေးရုပ်သိမ်းမှုနဲ့ ဘင်္ဂါလီ ဇတ်သွင်း၊ ဒုက္ခသည် ပြဿနာ

ဦးနေ၀င်း ဦးဆောင်တဲ့ မ.ဆ.လ ပါတီခေတ်မှာ ရိုဟင်ဂျာတွေကို တိုင်းရင်းသား စာရင်းက ပယ်ထုတ်ဖို့၊ နိုင်ငံသား အခွင့်အရေးအားလုံး ရုပ်သိမ်းဖို့ နှစ်ရှည်စီမံကိန်း လုပ်ခဲ့တယ်။ ၁၉၇၄ ခုနှစ်မှာ စံပယ်စီမံကိန်း ချမှတ်ပြီး ပြည်နယ်တွင်း ခရီးသွားလာတဲ့ ရိုဟင်ဂျာတွေဆီက အမျိုးသားမှတ်ပုံတင်ကဒ်ပြား တွေကို စစ်ဆေးရေးဂိတ်တွေမှာ စစ်ဆေးသယောင်နဲ့ သိမ်းဆည်းခဲ့တယ်။

အဲဒီလို သိမ်းဆည်းပြီးတဲ့နောက်မှာ ၁၉၇၈ ခုနှစ်မှာ နဂါးမင်းစီမံချက် ချမှတ်၊ ဘင်္ဂါလီဇတ်သွင်းပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို မောင်းထုတ်ခဲ့တယ်။ ရိုဟင်ဂျာ နှစ်သိန်းနီးပါး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရပြီး ဒုက္ခသည်စခန်းတွေမှာ ခိုလှုံခဲ့ရတယ်။ အစာရေစာ ငတ်ပြတ်မှုကြောင့် တစ်သောင်းကျော် သေဆုံးခဲ့ရတယ်။ ဦးနေ၀င်းရဲ့ လုပ်ရပ်က မှန်ကန်မှု မရှိတဲ့အတွက် ဘင်္ဂလားဒေ့ရှ်မှာ ဒုက္ခသည် ဖြစ်သွားရတဲ့ ရိုဟင်ဂျာတွေကို ၁၉၇၉ ခုနှစ်မှာ ဟင်္သာစီမံချက် လုပ်ပြီး ပြန်ခေါ်ခဲ့ရတယ်။

ဘင်္ဂလားဒေ့ရှ်မှာ ဒုက္ခသည်ဖြစ်နေခဲ့တဲ့ ရိုဟင်ဂျာတွေကို ပြန်လည်လက်ခံရေးစခန်းတွေက တဆင့် ပြန်ခေါ်လာပြီး ပြန်လည်လက်ခံရေးပုံစံတွေ ထုတ်ပေးခဲ့တယ်။ အဲဒီပုံစံတွေမှာ လူမျိုးနေရာမှာ “ရိုဟင်ဂျာ” လို့သာရေးပြီး ထုတ်ပေးခဲ့တယ်။

၁၉၈၉ ခုနှစ်မှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ နိုင်ငံသားစီစစ်ရေးကဒ်ပြားတွေ ထုတ်ပေးတော့ ရိုဟင်ဂျာတွေကိုလည်း နိုင်ငံသားစီစစ်ရေးကဒ်ပြား (ပန်းရောင်) တွေထုတ်ပေးမယ် ဆိုပြီး ပုံစံတွေ ထုတ်ပေးပြီး လျှောက်ခိုင်းခဲ့တယ်။ တကယ်တမ်းမှာ ပန်းရောင်ကဒ်တွေ မထုတ်ပေးခဲ့ဘဲ အဖြူရောင် ၀ှိုက်ကဒ်တွေကို ၁၉၉၄ ခုနှစ်မှာ ထုတ်ပေးခဲ့တယ်။ အဲဒီ ၀ှိုက်ကဒ်တွေကို ၂၁ နှစ်ကြာပြီးမှ ဦးသိန်းစိန် အစိုးရက ဖျက်သိမ်းခဲ့တာပါ။ ရိုဟင်ဂျာတွေရဲ့ နိုင်ငံသား အခွင့်အရေး အားလုံး တကယ်တမ်း ဆုံးရှုံးသွားတာ ၁၉၉၄ ခုနှစ်မှာ ဖြစ်ပါတယ်။ ဒီမှာ တစ်ခုသိစေချင်တာက ၀ှိုက်ကဒ်တွေကို ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမှာ မဲထည့်ဖို့ ထုတ်ပေးခဲ့တာ မဟုတ်ပါဘူး။

တစ်ခါ ၁၉၉၁ - ၉၂ ခုနှစ်မှာ ပြည်သာယာ စီမံချက် လုပ်ပြီး မောင်းထုတ်ခဲ့တယ်။ အဲဒါတွေကိုလည်း ၁၉၉၅ ခုနှစ်မှာ ပြန်ခေါ်ခဲ့ရတယ်။

နဂါးမင်းစီမံချက် နောက်ပိုင်းကစပြီး ရိုဟင်ဂျာတွေကို ညှဉ်းပန်းနှိပ်စက်မှုတွေ စလုပ်လာတာကြောင့် နိုင်ငံခြားမှာ သွားနေမှ အေးချမ်းတဲ့ဘ၀ရမယ်ဆိုပြီး နိုင်ငံထဲကနေ ထွက်သွားတဲ့ ရိုဟင်ဂျာတွေ အများအပြားရှိလာတယ်။ စစ်အစိုးရလက်ထက် ၁၉၉၂ ခုနှစ်မှာ န.စ.က ဖွဲ့စည်းပြီး စနစ်တကျ ညှဉ်းပန်းနှိပ်စက်မှုတွေ ပိုလုပ်လာတာရယ်၊ ကန့်သတ်ပိတ်ပင်တာတွေ များပြားလာတာကြောင့် နိုင်ငံတကာမှာ သွားရောက် ခိုလှုံတဲ့ ရိုဟင်ဂျာတွေ ပိုများလာခဲ့တယ်။

တစ်ခါ ၂၀၁၂ ခုနှစ် လူမျိုးတုန်းသတ်ဖြတ်မှု ဆန်ဆန် အရေးအခင်းနောက်ပိုင်းမှာ စက်လှေတွေနဲ့ ထွက်သွားတာ အနည်းဆုံး တစ်သိန်းခွဲ မက ရှိနေပြီ။

အခုဆိုရင် နိုင်ငံတကာမှာ ရိုဟင်ဂျာဒုက္ခသည် ၁.၂ သန်းလောက်ရှိမယ်လို့ ခန့်မှန်းရတယ်။ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဆော်ဒီအာရေဗျာ၊ ယူအေအီး၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ သြစတြေးလျ၊ ဥရောပ၊ အမေရိကား စတဲ့နိုင်ငံပေါင်းစုံမှာ ရှိနေပါတယ်။

(၇) နိုင်ငံတွင်းက ထွက်သွားတဲ့ ရိုဟင်ဂျာ ၁.၂ သန်း

အင်္ဂလိပ်က မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးတဲ့နောက် ဗြိတိန်ကော်မရှင်နာ ချာလ်စ်ပတွန်က ၁၈၂၆ ခုနှစ်မှာ အာရ်ကာန်ဒေသရဲ့ လူဦးရေ စာရင်းထုတ်ပြန်ခဲ့တယ်။ အဲဒီစာရင်းမှာ ရခိုင် ၆ သောင်း၊ မွတ်စလင် ၃ သောင်းနဲ့ အခြား ၁ သောင်း - စုစုပေါင်း တစ်သိန်း ရှိတယ်လို့ အစီရင်ခံစာထုတ်ပြန်ခဲ့တယ်။

အဲဒီမှာ ဖော်ပြထားတဲ့ မွတ်စလင် ၃ သောင်းဆိုတာ ရိုဟင်ဂျာတွေကို ရည်ညွန်းတာပါ။ အဲဒီ ၃ သောင်း နိုင်ငံတကာ မွေးဖွားမှု စံနှုန်း၊ သေဆုံးမှု စံနှုန်းတွေနဲ့ တွက်ချက်မယ်ဆိုရင် ယနေ့ ရိုဟင်ဂျာ လူဦးရေက ၂.၅ သန်း ရှိနေရမယ် ဖြစ်ပါတယ်။ အခုအချိန်မှာ မြန်မာပြည်တွင်းမှာ ရိုဟင်ဂျာ ၁.၃ သန်းခန့်သာ ရှိပြီး၊ ကျန်တဲ့ ၁.၂ သန်းက ပြည်ပကို ရောက်နေတာပါ။

အဲဒီတော့ ရခိုင်ပြည်နယ်တွင်းကို ဘင်္ဂါလီတွေ ခိုးဝင်နေတယ်ဆိုတာ လုံးဝ မှန်ကန်မှုမရှိသလို၊ စစ်အစိုးရ လက်ထက်မှာ ရခိုင်ပြည်နယ်ကို တိုက်ရိုက်ကိုင်တွယ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးခင်ညွန့် ကိုယ်တိုင်လည်း ရခိုင်ပြည်နယ်က မွတ်စလင်တွေ နိုင်ငံခြားကို ခိုးထွက်တယ်ဆိုတာကို ၀န်ခံထားတာ ရှိပါတယ်။

၂၀၁၂ ခုနှစ်ကစပြီး ရိုဟင်ဂျာတွေကို တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ခိုးဝင်လာသူတွေလို့ သမုတ်ပြီး လူမျိုးတုန်းသတ်ဖြတ်သလို အရေးအခင်းကြီး တစ်ခုဖန်တီးခဲ့ပြီးတဲ့နောက်မှာတောင် ရိုဟင်ဂျာတွေက ခိုးဝင်ဘင်္ဂါလီတွေပါဆိုပြီး သက်သေမပြနိုင်လို့ သမ္မတဦးသိန်းစိန်နဲ့ လ.၀.က ၀န်ကြီး ဦးခင်ရီတို့က ခိုးဝင်သူ မရှိသလောက်ပါပဲ ဆိုပြီး ၀န်ခံခဲ့ရတယ်။

(၈) ရိုဟင်ဂျာ ဂျီနိုဆိုက်

ကုလသမဂ္ဂလို အဖွဲ့အစည်းကြီးတွေ နိုင်ငံတကာ အစိုးရတွေက တာဝန်ယူရမှု အရမ်းကြီးလို့ ရိုဟင်ဂျာတွေကို ဂျီနိုဆိုက်လုပ်နေတယ်လို့ ၀န်မခံသေးပေမယ့် နိုင်ငံတကာ ပညာရှင်တွေ၊ နိုဗယ်ငြိမ်းချမ်းရေးဆုရှင်တွေကတော့ ရိုဟင်ဂျာတွေကို ဂျီနိုဆိုက် လူမျိုးတုန်း သတ်ဖြတ်နေတယ်လို့ ပြောနေကြပါပြီ။

ရိုဟင်ဂျာတွေ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခံနေရတွေကို term အရ genocide သုံးသည်ဖြစ်စေ၊ ethnic cleansing သုံးသည်ဖြစ်စေ၊ crimes against humanity သုံးသည်ဖြစ်စေ၊ term ထက် ပြဿနာကို ဦးစားပေး ဖြေရှင်းဖို့ အချိန်တန်နေပါပြီ။

၂၀၁၂ ခုနှစ် ဇွန်လကတည်းက concentration camp လို့ နိုင်ငံတကာက ပြောနေတဲ့ ဒုက္ခသည်စခန်းတွေထဲမှာ ပိတ်လှောင်ခံနေရတဲ့ ရိုဟင်ဂျာတွေကို သူတို့ရဲ့ မူလနေရာတွေမှာ ပြန်လည် နေရာချထားပေးဖို့၊ နိုင်ငံသား အခွင့်အရေး ရုပ်သိမ်းခံထားရတဲ့ ရိုဟင်ဂျာတွေကို နိုင်ငံသား အခွင့်အရေး အပြည့်အ၀ ပြန်ပေးဖို့ အချိန်တန်နေပါပြီ။

ရိုဟင်ဂျာတွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံက ခိုးဝင်ဘင်္ဂါလီတွေ မဟုတ်ဘူး၊ အာရ်ကာန်ဒေသရဲ့ မူလဘူတ တိုင်းရင်းသားဆိုတာ နိုင်ငံတကာ အစိုးရတွေနဲ့ ကုလသမဂ္ဂ က သေချာနားလည်နေပါပြီ။ ရိုဟင်ဂျာတွေကို ကမ္ဘာမှာ အဖိနှိပ်ခံရဆုံး လူနည်းစုတစ်စု အဖြစ် ကုလသမဂ္ဂ က ကြေညာခဲ့တာ ၁၉၉၂ ခုနှစ်ကတည်းကပါ။

အဲဒီတော့ ရိုဟင်ဂျာတွေရဲ့ ရပိုင်ခွင့် အားလုံးကို အချိန်မှီ ပြန်မပေးဘူးဆိုရင် ဂျီနိုဆိုက်ဆိုတဲ့ အသုံးအနှုန်းက ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အစိုးရတွေဆီကနေ တရားဝင် ထွက်လာပါလိမ့်မယ်။ အဲဒီအခါကျရင် တိုးတက်ဖို့ အရှိန်စနေတဲ့ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုပါ ထိခိုက်လာမယ့် အပြင် ဂျီနိုဆိုက် ကျူးလွန်တဲ့ အစိုးရအဆက်ဆက် တာဝန်ရှိသူများ အားလုံး နိုင်ငံတကာခုံရုံးမှာ တရားရင်ဆိုင်ရပါလိမ့်မယ်။ အခုအချိန်မှာတောင် ဦးသိန်းစိန် အပါအ၀င် အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်တွေကို နိုင်ငံတကာ ခုံရုံးပေါ်ကို ဖြတ်လမ်းနဲ့တင်နိုင်ဖို့ လိုက်လုပ်နေတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ အများကြီး ရှိနေပါတယ်။

လွန်ခဲ့တဲ့ရက်ပိုင်းကပဲ အမေရိကန် လွှတ်တော် ဥက္ကဌက ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဆွေးနွေးဖို့ ကုလဆိုင်ရာ အမေရိကန်သံအမတ်ကြီးကို စာရေးပြီး ဖိအားပေးခဲ့တယ်။ ကုလ လုံခြုံရေးကောင်စီမှာ တကယ်ကို နက်နက်နဲနဲ ဆွေးနွေးမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ကံကြမ္မာက စိုးရိမ်စရာ အခြေအနေကို ရောက်ရှိသွားပါလိမ့်မယ်။

လူနည်းစုတစ်စုကို အနိုင်ကျင့်လို့ ရတယ်ဆိုပြီး ဆက်ပြီး အနိုင်ကျင့်နေမယ် ဆိုရင် ဘေးထွက် ဆိုးကျိုး အလွန်များလိမ့်မယ်ဆိုတာ သတိပြုဖို့ လိုပါမယ်။

(၉) ရိုဟင်ဂျာများရဲ့ တောင်းဆိုမှု

ရိုဟင်ဂျာတွေက အစိုးရအဆက်ဆက် ၀ါဒဖြန့်ထားတာသလို ပြည်နယ်လိုချင်တာ မဟုတ်ဘူး။ ရိုဟင်ဂျာတွေက ပြည်နယ် လိုချင်စိတ်ရှိသလား မရှိသလား ဆိုတာ မေယုနယ်ခြားခရိုင်ကို ဘာကြောင့် သတ်မှတ်ခဲ့ရသလဲဆိုတဲ့ အကြောင်း သေချာလေ့လာကြည့်ရင် သိရပါလိမ့်မယ်။

ရိုဟင်ဂျာတွေ လိုချင်တာက ပါလီမန်ဒီမိုကရေစီအစိုးရ လက်ထက်မှာ ရခဲ့တဲ့ အခွင့်အရေးတွေ အားလုံးပါ။

မြန်မာနိုင်ငံမှာ ရှိတဲ့ လူမျိုးစု အားလုံးနဲ့ တန်းတူ အခွင့်အရေးလိုချင်တယ်။ နိုင်ငံတော် တည်ဆောက်ရေးမှာ ရတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပြီး ကမ္ဘာမှာ ငါတို့လည်း မြန်မာဟေ့ ဆိုပြီး ဂုဏ်ယူဝင့်ကြွားချင်သူတွေပါ။

ပထမဆုံးအနေနဲ့ ဒုက္ခသည် စခန်းတွေကို အတင်းအကျပ် ပို့ခံနေရသူတွေ အားလုံး မိမိတို့ရဲ့ မူရင်း နေရာမှာ ပြန်လည် နေထိုင်ပြီး ယခင်လို ငြိမ်းချမ်းစွာနဲ့ လုပ်ကိုင် စားသောက်လိုကြတယ်။ အနာဂတ်ပျောက်နေတဲ့ လူငယ်များ အဆင့်မြင့်ပညာ သင်ကြားချင်နေကြတယ်။

အမိုးပွင့်အကျဉ်းထောင်သား ဘ၀ကနေ လွတ်မြောက်ပြီး လူ့ဂုဏ်သိက္ခာရှိတဲ့ လူသားများအဖြစ်နဲ့သာ ရပ်တည်ချင်တဲ့ အကြောင်း တင်ပြလိုက်ပါတယ်။

(ဒီဆောင်းပါးကို အဓိက ရေးရခြင်း ရည်ရွယ်ချက်ကတော့ Eleven Media က ဆောင်းပါးရှင် နေထွန်းနိုင် က မကြာခဏဆိုသလို ရိုဟင်ဂျာတွေကို ၁၉၅၅ ခုနှစ်မတိုင်ခင်က မြန်မာနိုင်ငံမှာ ရှိခဲ့သူတွေ မဟုတ်ဘူးလို့ ဗဟုသုတ ခေါင်ပါးစွာနဲ့ စွပ်စွဲနေတဲ့ အတွက် တစ်ကြိမ်တစ်ခါ အဖြစ် တုန့်ပြန်ရေးသားခြင်း ဖြစ်ပါတယ်။ ဗဟုသုတ မရှိတဲ့ racist နေထွန်းနိုင် အတွက် အချိန်ဖြုန်းရတာ တန်ဖိုးမရှိပေမယ့် အခုဆောင်းပါးကို ဖတ်ပြီး ဗဟုသုတရမယ့် သူများအတွက် ကျေနပ်မိပါတယ်)

ရိုနေဆန်းလွင်

Comment ရေးရန်

Rohingya Exodus