လူမျိုးတုန်းသတ်ဖြတ်မှု မူဝါဒ၏ သားကောင်များ
(Photo Credit: Moises Saman/Magnum/MSF) |
ရေးသားသူ -- ယျာတင် (ရိုဟင်းသား)
RB News
31.12.2017
"ယောက်ျား ... လုပ်ပါဦး... ဗိုက်က အရမ်းနာနေပြီ.... ကျမ မခံနိုင်တော့ဘူး မောင်ရေ...."
ဇနီးသည် ခံစားနေသော နာကျင်မှုဒဏ်သည် သူ့ထံသို့ပင် ကူးစက်လာနေသလို သူခံစားနေရ၏။
"မိန်းမရေ ... ခဏလောက် အောင့်ခံထားပါ ... ညီလေး... ဆိုက္ကား မရောက်သေးဘူးလားကွ ... မြန်မြန်လုပ်ပါဆိုမှ ... "
အာဇီးမ်၏ ပျာလောင်ခတ်နေမှုကို ကြည့်လျှင် မိန်းမအပေါ် ထားရှိသည့် သူ၏ ချစ်ခြင်းမေတ္တာကို သိသာစွာ မြင်နိုင်ပါသည်။
လက်ထပ်ထိမ်းမြားခဲ့သည်မှာ လေးနှစ် ရှိသွားပြီ ဖြစ်သော်လည်း သူ့ချစ်ဇနီးသည်မှာ သန္ဓေသားက မတည်မြဲ။ အမြဲပဲ ပျက်သွားတတ်သည်။ ထို့ကြောင့် သားသမီး မရခဲ့သော သူသည် သားသမီး ရတနာလေးကို တကယ်ပဲ မျှော်လင့်တောင့်တ နေလေ၏။ သည်တစ်ခါတော့ သူ့ချစ်ဇနီးမှာ ကိုယ်ဝန်ကမြဲခဲ့ပြီး မွေးရမယ့်နေ့ရက်တောင် စေ့လို့လာခဲ့ပြီ။
"ကိုလတ်.... ဆိုက္ကားရောက်ပြီ...."
ညီဖြစ်သူ၏ ခေါ်သံကြောင့် အာဇီးမ်၏ တွေးလက်စအတွေးများ ပြတ်တောက်သွားလေ၏။
အင်္ကျီကို ကောက်ဝတ်လိုက်သည်။ ဆေးရုံတွင်လိုအပ်မည့် အသုံးအဆောင်အနည်းငယ် စုလိုက်သည်။ ပြီးလျှင် ဇနီးသည်ကို ပွေ့ချီပြီး ဆိုက္ကားပေါ် တင်လိုက်၏။ ဇနီးသည်က ဗိုက်ကို လက်တစ်ဖက်နှင့် ဖိထားကာ ခံစားနေရသော နာကျင်မှုကို အောင့်ခံနေလေသည်။
လမ်းက မကောင်းသဖြင့် ဆိုက္ကားကို နင်းမရ။ ဆိုက္ကားသမားနှင့်အတူ အာဇီးမ်လည်း ဆိုက္ကားကို တစ်ဖက်ကနေ တွန်းရင်း သွားနေသည်။ သူတို့ရွာသည် မြို့နှင့် ငါးမိုင်လောက်ဝေးသောကြောင့် ဆေးခန်းရောက်ဖို့တော့ အတော်ကြာနေဦးမှာပင်။ လက်က နာရီကို ကြည့်လိုက်တော့ လေးနာရီ ထိုးရန် ဆယ့်ငါးမိနစ်သာ လိုတော့၏။ လမ်းခရီးကလည်း သုံးပုံ တစ်ပုံလောက် ဆန့်ပြီးဖြစ်လေသည်။
မွန်းတည့်ချိန်ကစပြီး သူ့မိန်းမက ဗိုက်နာလာသည်ဆို၍ ရွာက အကောင်းဆုံး လက်သည်ကို ခေါ်လာခဲ့၏။ သို့သော် လက်သည်က အတော်ကြာကြာစမ်းခဲ့ပြီး အခြေအနေ မဟန်ဘူးဆို၍ ဆေးရုံတက်ရန်သာ အကြံပေးခဲ့ခြင်းဖြစ်သည်။ တကယ်တော့ အသွားအလာ ခက်ခဲသည်က တစ်ကြောင်း၊ လမ်းမှာ ရှိနေသော န.စ.က စခန်းကို ဖြတ်သန်းသွားရတာကတစ်ကြောင်း၊ ဆေးရုံမှာလည်း လူမျိုးရေးခွဲခြားတတ်သည်ကတစ်ကြောင်း၊ အဲ့သလို အကြောင်းအမျိုးမျိုးကြောင့် သည်ဒေသက အမျိုးသမီးများသည် ဆေးရုံတက်ပြီး ကလေးမွေးရသည်ထက် ကိုယ့်အိမ်မှာပဲ လက်သည်အကူအညီနှင့် ကလေးမွေးတတ်သည်မှာ မည်သို့မျှ မဆန်း။
"ဟေ့ကောင်တွေ... ဘယ်သွားမလို့လဲ ... ရွာထွက်လက်မှတ်ပြ...."
ကင်းစခန်းမှ န.စ.က တစ်ယောက်၏ ခပ်ကြမ်းကြမ်း အသံက အတွေးထဲ မျှောပါနေသည့် အာဇီးမ်ကို တုန်လှုပ်စေသည်။
"ဆရာ...ဆေးခန်းသွားပြမလို့ပါ ... အရေးတကြီး ချက်ချင်းလာလိုက်ရတာနဲ့ ရွာထွက်လက်မှတ် မပါလိုက်ပါဘူး ဆရာ ..."
အာဇီးမ်က န.စ.က ရဲ ကို ညှင်ညှင်သာသာ ယဉ်ယဉ်ကျေးကျေး ပြောပြလိုက်သည်။
"မရဘူးကွ ... ဘယ်သွားပြပြ ကုလားဆို ရွာထွက်လက်မှတ်ပါရမယ်ဆိုတာ မင်းတို့ မသိဘူးလား ... သွားယူကွာ ..."
"ဆရာ... လူနာက ရက်စေ့နေတဲ့ ကိုယ်ဝန်နဲ့ပါ ... အရမ်း နာနေလို့ ချက်ချင်းထွက်လာလိုက်တာနဲ့ ရွာထွက်လက်မှတ် မယူနိုင်တာပါ.... နောက်တစ်ခါဆို ယူလာပါမယ်... ဒီတစ်ခါတော့ သွားခွင့်ပြုပါ..."
အာဇီးမ်က ခွင့်တောင်းသလို ပုံစံမျိုးဖြင့် အေးအေးဆေးဆေး တောင်းဆိုလိုက်တဲ့အဆုံး....
"ဟေ့ကုလား...လျှာရှည်မနေနဲ့.... သနားလာအောင် ပုံစံမျိုးနဲ့ လာမပြောနဲ့ ... ကုလားဆို မသနားတတ်ဘူး.... ရွာထွက်လက်မှတ်မပါရင် ပြန်ကွာ..."
န.စ.က ရဲ၏ ပြတ်သားသော အပြောကြောင့် အာဇီးမ်က သူ့ဒေါသကို ခေတ္တမျှ မထိန်းမနိုင်ဖြစ်သွားသည်။
"ရွာထွက်လက်မှတ်လည်း မပါဘူး ... ဒီအတိုင်းသွားမှာပဲ ...သတ်ချင်ရင်သတ်လို့ရတယ် ...လူနာကို ဆရာလည်း ကိုယ်တွေ့ပဲ ... "
"ငါလိုးမ ကုလား ... အာခံပြီး ပြောတယ်ပေါ့ ... ရော့ ..."
____________________×××____________________
(၂)
"ရော့ ...!!! ပြီးတော့ ဆက်ပြောပြလေ" ဆိုပြီး ကျွန်တော်က သိချင်စိတ်ပြင်းစွာ မေးကြည့်လိုက်လျှင် ဦးလေးဟာရုန်းက သူ့လက်သီးကို ငါ့ဝမ်းဗိုက်တည့်တည့်ကို အသာအယာ လာထိုးပြီး ပြောပြသည်။
"န.စ.က တွေက ဝိုင်းထိုးရိုက်တာပေါ့ကွာ ..."
"ပြီးတော့ ... ဦးလေးအာဇီးမ်ရဲ့ မိန်းမရော ... ပြီးတော့ နောက်ဘာဖြစ်သွားလဲ"

ကျွန်တော်က တရစပ်မေးကြည့်လိုက်ပြန်သည်။
"အေးပေါ့ကွ ... ငါ့မှာ တပူပေါ် နှစ်ပူဆင့်ရတာပေါ့ ... ဟိုက စိတ်ရှိတိုင်း ဝိုင်းထိုးရိုက်နှက်တာ ခံရတော့ အာဇီးမ်ဘိုင် လည်း သတိမေ့သွားတယ် ... သူ့မိန်းမကလည်း အရမ်းနာနေတယ် ဆိုပြီး အော်အော်နေတယ် ... ငါ့မှာ ရွေးချယ်စရာမှ မရှိခဲ့တာ ... အာဇီးမ်ဘိုင်ကိုပါ ဆိုက္ကားပေါ်တင်ပြီး အိမ်ပြန်လမ်းကို နှင်ရတာပေါ့ ... နေကလည်း ဝင်လုဆဲ ဖြစ်နေတော့ မှောင်စပြုလာတယ် ... ပြန်လာရင်းနဲ့ အိမ်မရောက်ခင် လမ်းတစ်ဝက်မှာပဲ ကလေးမွေးလိုက်ရတယ်လေ ... "
"ဘာ ...!!! လမ်းမှာ ကလေးမွေးတယ် ...!!! "တောက် ... ဒီ န.စ.က တွေမှာ လူ့စိတ်မရှိလိုက်တာဗျာ ...''
ဆိုက္ကားသမား ဦးလေးက လွန်ခဲ့သော နှစ် ၂၀ အရင်က အကြောင်းတစ်ခုကို တွေးတွေးပြီး ပြန်ကာပြောပြနေသည်ကို နားထောင်နေရသူ ကျွန်တော့မှာတော့ ကြက်သီးက တဖြန်းဖြန်းထလို့။
"အေးကွာ ... လမ်းပေါ်မှာ အမျိုးသမီးတစ်ယောက် မီးဖွားနေတာကို ဆိုက္ကားသမားဖြစ်တဲ့ ငါက ဘာလုပ်ရမှန်းကို မသိခဲ့ဘူး ... အဲ့ချိန်ခဏတော့ ငါ တကယ်ရူးသွားခဲ့တာပဲ ... ကလေးလည်း မွေးပြီးရော့ အာဇီးမ်ဘိုင် လည်း ပြန်ပြီး သတိရလာတယ် ... ဒီတော့ အာဇီးမ်ဘိုင် ... ငါ ဒီရွာကလူတွေကို အကူအညီသွားတောင်းမယ် ဆိုပြီး ပြေးသွားလိုက်တာ ... ဒါပေမယ့် အချိန်မမီလိုက်ဘူး ... ကူညီမယ့်လူတွေ ရောက်လာချိန်မှာတော့ အာဇီးမ်ဘိုင် က သူ့ အမျိုးသမီးရဲ့ အသက်မရှိတော့တဲ့ ခန္ဓာကိုယ်ကို ပွေ့ဖက်ရင်း ငိုနေတာကိုပဲ တွေ့လိုက်ရတယ် ... သူ့မိန်းမ ဆုံးသွားရှာတယ် တူလေးရာ .... သူ့အသက်ဆုံးရှုံးသွားတယ် ..."
ပြောပြရင်းနှင့် ဆိုက္ကားသမား ဦးလေး တစ်ယောက် ချုံးပွဲချ ငိုကြွေးလိုက်တော့သည်။ ကျွန်တော့် ပါးပြင်မှာလည်း မျက်ရည်တွေ စီးကျပြီး နေရာယူနှင့်လို့။
၁၉၉၄ ခုနှစ်၏ တစ်ခုသော ညနေခင်း။ သည်လို ညနေခင်းမျိုး ရိုဟင်ဂျာတို့ဘဝမှာ ခပ်များများရယ်။
____________________×××____________________
(၃)
"ဟာရုန်းဘိုင် ... ဟာရုန်းဘိုင် ...ခင်ဗျား သိပြီးပြီလား ... ခင်ဗျား သိပြီးပြီလား ... ဆာဒဲက်လေ ...ဆာဒဲက်လေ ... "
ပြေးလာခဲ့သောကြောင့် အာဇီးမ်တစ်ယောက် မောဟိုက်နေ၏။ မောဟိုက်စွာ ပြောပြနေသော အာဇီးမ်၏ စကားလုံးတစ်ခုကြောင့် ဟာရုန်း၏ ရင်ထဲ မီးခဲ ထည့်လိုက်သလို ချက်ချင်း ပူလောင်သွားသည်။
"အာဇီးမ်ဘိုင် ... ဆာဒဲက် ဘာဖြစ်တာလဲ ...ငါ့ဆာဒဲက် ဘာဖြစ်တာလဲ"
"ဆာဒဲက် ဆယ်တန်းအောင်ပြီဗျာ ... ဂုဏ်ထူးလည်း လေးဘာသာ ပါတယ် ... ငါလေ ဒီသားတစ်ယောက်တည်းရဲ့ အဖေဖြစ်ရတာနဲ့တင် လူဖြစ်ရကျိုးနပ်ပြီဗျာ ... ငါ ဒီနေ့ အရမ်းပျော်တယ်..."
"ဟာကွာ ... မင်းက လူကို တမင် စိတ်ပူလာအောင်လုပ်လိုက်တယ် ... ငါဖြင့် စိုးရိမ်သွားလိုက်တာ ..."
ထိုအခါမှ ဆိုက္ကားသမားကြီး ဟာရုန်းတစ်ယောက် သက်ပြင်းချနိုင်ခဲ့ပြီ။
"ဘာလဲ မင်းရော မပျော်ဘူးလား ... ငါ့သား ဂုဏ်ထူးလေးဘာသာနဲ့ ဆယ်တန်း အောင်တာ မင်း မပျော်ဘူးလား ... မင်းလည်း ပျော်သင့်တာပေါ့ .. မဟုတ်ဘူးလား ဟာရုန်း ... ငါတော့ အရမ်းအရမ်းကို ပျော်တယ် ... မနက်ဖြန် နွားဖော်ပြီး ရွာသူရွာသားတွေကို ထမင်းဖိတ်ကျွေးမယ် ... မင်းလည်း စောစောစီးစီး လာကွာ ... ငါတော့ အရမ်း ပျော်နေတယ်... အရမ်းပဲ ..."
ငါလည်း သိပ်ပျော်တာပေါ့။ ဆာဒဲက်ဟာ ငါ့ လက်ပေါ်မှာပဲ မွေးဖွားလာသူ မဟုတ်လား။ ငါ့ကို ချစ်ချစ်ခင်ခင်နဲ့ ဘကြီးခေါ်တဲ့ မင်းသား ဆာဒဲက်ကို ငါလည်း သားအရင်း တစ်ယောက်လို ချစ်မြတ်နိုးတာ မင်းလည်း သိသားပဲ။
ကခုန်သည့်ဟန်ပန်ဖြင့် လျှောက်ကာ ပြန်သွားနေသော တစ်ရွာတည်းသား အာဇီးမ်ကို ငေးကြည့်ရင်း ဟာရုန်းတစ်ယောက် တစ်ကိုယ်တည်း တီးတိုးစွာ ပြောလိုက်သည်။
"မိန်းမရေ ... ငါ့ ချစ်တော်ကြီး ဂုဏ်ထူးလေးဘာသာနဲ့ ဆယ်တန်းအောင်တယ်တဲ့"
ဟာရုန်းက အိမ်နောက်ဖေးမှာ အလုပ်လုပ်နေသော သူ့မိန်းမကို တက်ကြွနေသည့်လေသံဖြင့် လှမ်းအော်ပြောလိုက်သည်။
အပြင်မှာ မိုးဖွဲ့ဖွဲ့ရွာနေသည်။ ၂၀၁၁ ခုနှစ်၊ ဇွန်လထဲက သည်နေ့ရက်သည် ၁၇ နှစ်ကြာကြာ ခံစားနေရသော အာဇီးမ်ဘိုင်၏ စိတ်ထိခိုက်နာကျင်ခံစားခဲ့ရမှုများကို ပျောက်ကင်းသွားပါစေလို့ ဟာရုန်းက စိတ်ထဲကနေ ဆုတောင်းပေးလိုက်သည်။

ပျော်ရွှင်မှု တိမ်တိုက်များ ကောင်းကင်တစ်ခွင်မှာ ပြန်ပြီး ထူထပ်နေလို့။
____________________×××____________________
(၄)
"ဦးလေး ... ပထမတစ်ခေါက် စိတ်ညစ်လို့ ငိုခဲ့ရပေမယ့် ဒီတစ်ခေါက်တော့ ဦးလေးတို့နဲ့အတူ ကျနော်လည်း ပျော်လာတယ် ... မိတဆိုး သားတစ်ယောက် ဆယ်တန်းကို လေးဘာသာနဲ့ အောင်အောင် ကြိုးစားခဲ့တာ တကယ် လေးစားဖို့လည်း ကောင်းတယ်... အင်မတန် လိမ္မာတဲ့ သားလေးပါပဲနော် ..."
ကျွန်တော်က ဒီတစ်ခါ ပျော်ရွှင်ပေါ့ပါးစွာ ပြောလိုက်လျှင် ...
"သိပ်မှန်တာပေါ့ကွယ် ... ဆာဒဲက်က တကယ့်ကို လူလိမ္မာလေး ... သူ့အဖေကလည်း သားရဲ့ ပညာရေးမှ ပညာရေးပဲ ... အလားတူ ဆာဒဲက်ကလည်း သူ့အဖေရဲ့ အိပ်မက်တွေ အကောင်အထည်ဖော်ခွင့်ရဖို့ အင်တိုက်အားတိုက် စာကြိုးစားတယ် ...ဒါပေမယ့် .... "
"ဒါပေမယ့်" ဆိုပြီး ဦးလေး ဟာရုန်းက စကားကိုရပ်တန့်လိုက်ပြီး ဟိုအဝေးကြီးကို ရီဝေစွာငေးနေ၏။ အတော်ကြာကြာအထိ ဘာမှပြောမလာသောအခါ ကျွန်တော်က ဝင်ထောက်ပေး၍ မေးလိုက်၏။
"ဒါပေမယ့် ... နောက်ဘာဖြစ်သွားတာလဲ ဦးလေး"
"ဒီလိုကွာ ... အာဇီးမ်ဘိုင်ရဲ့ ရည်မှန်းချက်က သူ့သားကို သွားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး တစ်ယောက် ဖြစ်လာဖို့ မျှော်လင့်ချက်ထားတယ် ... နောက်ထပ်နောက်ထပ်သော အမျိုးသမီးတွေ သူ့အမေလို လမ်းတစ်ဝက်မှာ ကလေးမမွေးရအောင်ပေါ့တဲ့ ... သူ့အမေလို လမ်းတစ်ဝက်မှာ အကူအညီမဲ့ မသေရအောင်ပေါ့တဲ့ ... သူ့သားကလည်း အမှတ်မှီတယ် ... ဒါပေမယ့် ... ပညာရေးဝန်ကြီးဌာနက သူ့သားလျှောက်တဲ့ ဆေးတက္ကသိုလ်ကို မပေးဘဲ သာမန်ဘာသာရပ်မေဂျာတစ်ခု ချပေးတယ် ... စစ်တွေတက္ကသိုလ်မှာ တက်ပေါ့တဲ့ ... မှတ်ပုံတင်မရှိလို့တဲ့ ... ဟူး ..."
ဦးလေးဟာရုန်းက "ဟူး" သက်ပြင်းရှည်တစ်ချက်ချလိုက်ပြီး စကားကို ရပ်တန့်လိုက်ပြန်သည်။
ဒုက္ခသည်စခန်းရှိရာ တောင်။ ထိုတောင်ထိပ်၏ အပင်တစ်ပင်အောက်မှာ ထိုင်နေပြီး အတိတ်တစ်ခုကို ပြန်ပြီး တွေးတွေးပြောပြနေသော ဦးလေး ဟာရုန်းက အမိမြေ မြန်မာဖက်ခြမ်းကို အဆုံးအစမဲ့စွာ ငေးကြည့်နေ၏။ နေမင်းသည် အနောက်ရပ်ဝန်းသို့ အတော်ယိုင်သွားခဲ့ပြီ။ အတော်ကြာကြာအထိ စကားဆက်မလာသောကြောင့် သိချင်စိတ်ပြင်းပြနေသော ကျွန်တော်က ဦးလေးကို ထပ်တစ်ပြန် စကားဝင်ထောက်လိုက်၏။
"ပြီးတော့ ... ဆက်ပြီး ဘာဖြစ်သေးလဲ ဦးလေး ..."
"အာဇီးမ်ဘိုင်က ဒီလောက်တော်နေတဲ့ သူ့သားကို သာမန်မေဂျာတစ်ခုနဲ့ တက္ကသိုလ်တက်ပြီး အချိန်မကုန်စေချင်ဘူး ... သူ အင်မတန် မျှော်လင့်တဲ့ သားဖွားမီးယပ် အထူးကု ပညာရပ်ကို ဒီနိုင်ငံမှာ သင်ယူခွင့်မရရင်လည်း နိုင်ငံရပ်ခြားကို စေလွှတ်ပြီး သင်စေချင်တယ် ... သူ့မှာ ရှိတဲ့ လယ်ယာမြေ အများစုကို ရောင်းချလိုက်တယ် ... နိုင်ငံရပ်ခြားမှာ တက္ကသိုလ်တက်ဖို့ဆိုတာ ငွေအတော်လိုတယ်လေ ... ပြီးတော့ သူ့သားကို ဒီဘင်္ဂလားဒေရှ့်နိုင်ငံကို လွှတ်လိုက်တာပေါ့လေ .... အဲ့မှာပေါ့ဟ ... အဲ့မှာပေါ့ ..."
ဦးလေးဟာရုန်း၏ အသံမှာ ရှိုက်ငိုသံနှင့်အတူ တိမ်ကောသွားလို့။ ဆက်ပြီး ဘာဖြစ်ခဲ့သလဲဆိုသည်ကို ကျွန်တော် အတိအကျ မှန်းဖို့ခက်နေပေမယ့် သည်မိသားစု ထပ်ပြီး တစ်ခါ ဝမ်းနည်း နာကျင်စရာများနှင့် ကြုံတွေ့ခဲ့ရပြီဆိုတာကိုတော့ ယေဘုယျအားဖြင့် မှန်းလို့ရနေသည်။ ဦးလေးဟာရုန်း ဆက်ပြောပြလာမည်ကို ကျနော် စိတ်ဝင်တစား နားစွင့်နေမိ၏။
"သူ့သား စီးလာတဲ့ လှေက ဒီနတ်မြစ်အလယ်မှာ မြုပ်သွားခဲ့ပါလေရော ... အဲ့ဒီ သတင်းကြားကြားချင်း အာဇီးမ်ဘိုင်လည်း သတိလစ်သွားတယ် ... ငါတို့အားလုံးလည်း အရူးတစ်ပိုင်း ဖြစ်သွားခဲ့တာပေါ့ ... ဆာဒဲက်ကို ရှာဖို့ လိုက်သွားရမလား ... အာဇီးမ်ဘိုင်ကို ဆေးရုံတင်ရမလားနဲ့ပေါ့ ...
နှစ်ရက်အကြာမှာတော့ ဆာဒဲက်ရဲ့ ပုပ်စော်နံနေတဲ့ အလောင်းက မြစ်ထဲက မျှောလာပြီး ကမ်းခြေတစ်ခုမှာ တင်နေတာ တွေ့လိုက်ရတယ် ... အဲ့ချိန် အာဇီးမ်ဘိုင်က ပုပ်စော်နံနေတဲ့ သူ့သားကို ဖက်ပြီး "သားရေ" ဆိုပြီး အော်ဟစ်ငိုကြွေးခဲ့တဲ့ပုံရိပ်ဟာ ယခုထိ ငါ့အတွေးထဲက ထုတ်ရခက်နေတုန်းပါပဲ တူလေးရာ ..."
ဦးလေးဟာရုန်း၏ စကားအဟုန်တွင် စီးမျှောသွားရင်း ကျွန်တော်လည်း ရှိုက်ငိုလိုက်တော့သည်။
____________________×××____________________
(၅)
အခု ဆာဒဲက် အဖေရော ဘယ်မှာလဲ။ သူ နောက်အိမ်ထောင်ကျပြီး ဘဝကို နောက်တစ်ပြန် အစပြုခဲ့သလား။ ဘဝကို ဘယ်လိုပုံစံမျိုးနဲ့ ဆက်လက်ရှင်သန် ဖြတ်သန်းခဲ့သလဲ။ ကျွန်တော့ အတွေးထဲမှာ သိချင်စရာများစွာ ဖြစ်ပေါ်လာခဲ့ပေမယ့် ဦးလေး ဟာရုန်းကို ထပ်ပြီး ဘာမှမေးချင်တဲ့စိတ် ကျွန်တော့မှာ ရှိမနေတော့။
ဦးလေးဟာရုန်းကို ကျွန်တော်သိသည်မှာ သည်ဒုက္ခသည်စခန်းကို ရောက်ပြီးမှ ဖြစ်သည်။ အာရ်ကာန်မှာ ရှိစဉ် မမြင်မတွေ့ဖူးပေမယ့် အသက် ၆၀ ကျော်ရှိမည့် စိတ်စေတနာကောင်းသည့် ဦးလေးဟာရုန်းကို "ဦးလေး" ဆိုပြီး ကျွန်တော် တလေးတစား ခေါ်ခဲ့သည်။ အတိတ်က အကြောင်းအရာများကို စပ်စုတတ်သော ကျွန်တော်က ဦးလေးကို သူတို့ ငယ်စဉ်က အကြောင်းအရာများ မေးဖြစ်ခဲ့ရာမှ သည်ဖြစ်ရပ်မှန်လေးကို သူပြောပြခြင်းဖြစ်၏။
၂၀၁၇ ခုနှစ်၊ ဩဂုတ်လ (၂၅) ရက်နေ့ အရေးအခင်းနောက်ပိုင်း အသက်လွတ်နိုင်ရာ ဘင်္ဂလားဒေရှ့်နိုင်ငံကို ထွက်ပြေးတိမ်းရှောင်လာခဲ့သော လူပေါင်း ၇ သိန်းနီးပါးမှာလည်း ဆာဒဲက်တို့မိသားစုလို ဖြစ်ရပ်ဆိုး တစ်မျိုးမျိုးနှင့် ကြုံတွေ့ခဲ့ရသည့် ဖြစ်ရပ်မှန် ဇတ်လမ်းများ ကိုယ်စီရှိနေဦးမည်ပင်။
တောင်ပေါ် အပင်၏ အရိပ်အောက်၌ ထိုင်နေသည့်နေရာမှ ကြည့်လိုက်လျှင် တစ်ခုနှင့် တစ်ခုကပ်ပြီး ဆောက်ထားသည့် ထူထပ်နေသော ဒုက္ခသည်စခန်းရှိ တဲအိမ်လေးများ၊ အိုးအိမ်ထားရစ်ပြီး အမိမြေကို စွန့်ခွာလာခဲ့ရသော မျှော်လင့်ချက်မဲ့နေသည့် ဒုက္ခသည်များကို တွေ့နေရ၏။
မကြာခင် နေမင်း ပျောက်ကွယ်ပြီး သည်နေရာလေးကို အမှောင်က မျိုသွားပါလိမ့်မည်။ ကျွန်တော်တို့ ရိုဟင်ဂျာများ၏ ဘဝနေ့ရက်များသည်လည်း အမှောင်၏ မျိုခြင်းကို ခံလာနေရသည်မှာ နှစ်ကာလအားဖြင့် အတော် ကြာရှည်လှခဲ့ပြီ ဖြစ်၏။
"တူလေး ... မနက်ဖြန် အလှူအတန်းပွဲတစ်ခုလုပ်ရအောင် ... မင်းလည်း လာကူညီပေးပါလား ..."
ဦးလေးဟာရုန်း၏ စကားကြောင့် အတန်ကြာကြာ အတွေးထဲနစ်မြုပ်နေသည့် ကျွန်တော် သတိပြန်ရလာသည်။
"ဘယ်သူ့အတွက် ရည်စူးပြီး လုပ်မှာလဲ ဦးလေး"
"ငါ့အချစ်တော်ကြီး ဆာဒဲက်နဲ့ ငါ့ကျေးဇူးရှင်ကြီး အာဇီးမ်အတွက်လေ ..."
ဦးလေး ဟာရုန်းက ခပ်ပြင်းပြင်း သက်ပြင်းရှည်တစ်ချက်ချလိုက်ပြီး ဆက်လက်ပြောပြသည်။
"ဆာဒဲက်ဆုံးတဲ့နေ့ကစပြီး သူ့အဖေလည်း စိတ်မမှန်တဲ့ ဘဝရောက်သွားတာလေ ... နောက်နှစ်နှစ်အကြာမှာ စိတ်ရောဂါနဲ့ပဲ ဆုံးသွားရှာတယ် ... သူဆုံးသွားတဲ့နောက် သူ့ပိုင်လယ်မြေတွေ ငါ့မိသားစုကို ပေးလိုက်ဖို့ သူ့အစ်ကိုကို မှာထားခဲ့တာတဲ့ ... အဲ့တော့ သူ့ပိုင်လယ်မြေတွေ သူ့အစ်ကိုက ငါ့ကို လွှဲပေးခဲ့တယ် ... ငါက အဲ့ဒီလယ်တွေလုပ်ပြီး ရလာတဲ့ အကျိုးအမြတ်ထဲက လေးပုံး သုံးပုံကို သူတို့ သားအဖ အမိ သုံးယောက်အတွက် နှစ်တိုင်း အလှူပွဲလုပ်တယ် ... ဒီနှစ်က ဖြစ်သွားတဲ့ အခြေအနေကြောင့် အဲ့ပွဲမျိုး မလုပ်နိုင်ခဲ့ဘူး ... သူပေးတဲ့ လယ်ယာမြေတွေကိုထားပြီး ဒီကိုလာခဲ့ရတယ် ဆိုပေမယ့် မလေးရှားက ငါ့သားလေးဆီက ပိုက်ဆံတောင်းလိုက်တယ် ... မနက်ဖြန် လုပ်ကြရအောင် ... ငါ သူတို့ မိသားစုကို အရမ်း သတိရနေပြီ တူလေးရာ ... ငါ့အပေါ် အရမ်းလည်း ကျေးဇူးကြီးမားခဲ့သူတွေလေ ..."
သည်တစ်ခါ ကျွန်တော်လည်း ဆာဒဲက်အဖေ၏ ဖြစ်ရပ်ဆိုးကို ကြားရပြီး သတိလစ်သွားလုမတတ် ခံစားခဲ့ရသည်။ စိတ်ထဲကနေလည်း ဆုတောင်းပေးလိုက်ပါတော့သည်။
ဆာဒဲက်တို့ သားအမိ အဖ သုံးယောက်စလုံး အမြင့်ဆုံးသော သုခဘုံမှာ ပြန်ဆုံဆည်းခွင့်ရပြီး အဆုံးမဲ့ ချမ်းမြေ့ပျော်ရွှင်မှုများနှင့် စံမြန်းခွင့်ရပါစေ။
ကျွန်တော်၏ ပါးပြင်ပေါ်က မျက်ရည်စက်များကို သုတ်လိုက်ပြီး ဒုက္ခသည်စခန်းထဲက တဲလေးဆီ ခြေလှမ်းစလိုက်တော့သည်။ ဒုက္ခသည်စခန်း၏ အနီးတစ်ဝိုက် ပတ်ဝန်းကျင်ကိုလည်း အမှောင်က စိုးမိုးလိုက်နေခဲ့ပြီ။
ယျာတင် (ရိုဟင်းသား)
၃၁၊ ၁၂၊ ၂၀၁၇