RB News
30.4.2018
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် မြန်မာစစ်တပ်၏ အကြမ်းဖက်မှုကြောင့် နေအိမ်များစွန့်ခွာ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံနေသူများ၏ နေအိမ်များကို စစ်တပ်က ရောင်းချခြင်း၊ ဖျက်ဆီးခွင့်ပြုခြင်း၊ စစ်သားများက ဖျက်ဆီး၍ ပစ္စည်းများ သယ်ယူသွားခြင်းများ ပြုလုပ်လျက်ရှိသည်။
၂၀၁၇ သြဂုတ်လ (၂၅) ရက်နေ့ နောက်ပိုင်းတွင် မြန်မာစစ်တပ်က ရိုဟင်ဂျာပြည်သူများကို အကြမ်းဖက် သတ်ဖြတ်ခြင်းကြောင့် နေအိမ်များစွန့်ခွာ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံနေသူများ၏ နေအိမ်များကို ရခိုင်လူမျိုးများနှင့် ဟိန္ဒူများကို စစ်တပ်က ရောင်းချလျက် ရှိပြီး၊ အိမ်များကို ဖျက်ဆီး၍ ပစ္စည်းများ ယူဆောင်ခွင့်လည်း ပေးထားသည်။ နေအိမ်ခြံဝင်းအတွင်းများရှိ အပင်များကို ခုတ်လှဲ၍ ထင်းများအဖြစ် ရောင်းချခြင်းများလည်း ပြုလုပ်သည်ဟု ဒေသခံများက RB News သို့ပြောသည်။
ထိုသို့ ပြုလုပ်နေခြင်းကြောင့် ဘူးသီးတောင် - တောင်ဘဇာ လမ်းတစ်လျှောက်ရှိ နေအိမ်များ မကျန်ရှိသလောက် ဖြစ်နေသည်ဟု ဆိုသည်။
မကြာခင်အချိန်အတွင်းရှိ ရိုဟင်ဂျာနေအိမ်ဟူ၍ပင် ကျန်ရှိတော့မည် မဟုတ်ဟု ဒေသခံများက ပြောပါသည်။
ဧပြီလ (၂၄) ရက်နေ့တွင်လည်း ဘူးသီးတောင်မြို့နယ် ခြင်းသမားကျေးရွာအုပ်စု ဖောင်တော်ပြင်ရွာမှ နေအိမ်နှင့် ဆိုင်ခန်း (၈) လုံးကို တပ်မတော် ထောက်/ပို့ ဌာနမှ စစ်သားများက အလုပ်သမား (၁၀) ဦးနှင့် အတူ ဖျက်ဆီး၍ စစ်ကားများပေါ်တင်၍ သယ်ဆောင်သွားသည်ဟု မျက်မြင်သက်သေများက ပြောပါသည်။
RB News
26.4.2018
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ဖိုးခေါင်းချောင်းကျေးရွာအုပ်စု၊ ကံပြင်ရွာသို့ နယ်ခြားစောင့်ရဲများ ၀င်ရောက်စီးနင်းပြီး ရွာသားများ မနေနိုင်အောင် လုပ်ဆောင်နေသည့် အပြင် ရွာသားတစ်ဦးထံမှ ငွေကျပ် (၄) သိန်း ညှစ်ယူခဲ့သည်။
ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ဖိုးခေါင်းချောင်းကျေးရွာအုပ်စု ကံပြင်ရွာမှ ရာအိမ်မှူးများ ဖြစ်သော ဦးဆာလာမတ် (ဘ) ဦးရော်ရှိတ်အာမတ် (အသက် ၃၈ နှစ်) နှင့် ဦးဇော်လူး (ဘ) ဦးဘာသာမျာ (အသက် ၅၅ နှစ်) တို့သည် ကံပြင်ရွာမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံနေသူများ၏ နေအိမ်များကို ဖြိုဖျက်ပြီး ရောင်းစားနေသည့်အပြင် ၎င်းတို့၏ နေအိမ်များတွင် အသုံးပြုနေသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံနေသူ ဦးဂေါ်နီအာမတ်၏ နေအိမ်ကို အဆိုပါ ရာအိမ်မှူးနှစ်ဦးက ဖြိုဖျက်ပြီး ယူဆောင်သွားနေသည်ကို ဦးဂေါ်နီအာမတ်၏ သမီးဖြစ်သူက မြင်သွားသောအခါ ရာအိမ်မှူးနှစ်ဦးက အုပ်ချုပ်ရေးမှူးထံ ဦးဂေါ်နီအာမတ်၏ သမီးဖြစ်သူက ဖခင်ဖြစ်သူ၏ နေအိမ်ကို ဖြိုဖျက်နေသည်ဟု မဟုတ်မမှန် လုပ်ကြံသတင်းပေးခဲ့သည်။
အုပ်ချုပ်ရေးမှူးက ကျောက်စာတိုင် နယ်ခြားစောင့်ရဲတပ်ဖွဲ့သို့ ဖုန်းဆက်၍ အကြောင်းကြားသဖြင့် ဧပြီလ (၂၀) ရက်နေ့ မွန်းတည့် (၁၂) နာရီအချိန်တွင် နယ်ခြားစောင့်ရဲ (၁၀) ဦး ရောက်ရှိလာပြီး ဦးဂေါ်နီအာမတ်၏ သမီးဖြစ်သူ ဟာဆောင်ဘာနို ကို လူမဆန်စွာရိုက်နှက်၍ ၎င်း၏ ခင်ပွန်းဖြစ်သူ ဦးမာမတ်အီဆာခ် (ဘ) ဦးလာလ်မျာ ကို ဖမ်ဆီးရန် ရှာဖွေခဲ့သည်။
နယ်ခြားစောင့်ရဲများသည် ကံပြင်ရွာကို ဧပြီလ (၂၂) ရက်နေ့ နံနက် ၁၀ နာရီမှ မွန်းတည့် (၁၂) နာရီထိ တစ်ကြိမ်၊ ဧပြီလ (၂၃) ရက်နေ့ နေ့လည် ၃း၃၀ နာရီထိ တစ်ကြိမ်၊ ဧပြီလ (၂၄) ရက်နေ့ ည (၆) နာရီတွင် တစ်ကြိမ် ၀င်ရောက် စီးနင်းပြီး ရွာသူရွာသားများ ရွာထဲ မနေနိုင်အောင် လုပ်ဆောင်နေသည်ဟု ဒေသခံများက RB News သို့ပြောပါသည်။
ထို့အပြင် ဦးဂေါ်နီအာမတ်၏ သားမက်ဖြစ်သူ ဦးမာမတ်အီဆာခ် ထံမှ ငွေကျပ် (၄) သိန်းညှစ်ယူခဲ့ကြောင်း၊ ရွာသားများကို မတရားဖမ်းဆီးချုပ်နှောင်၍ ငွေညှစ်မည်ကို စိုးရိမ်နေရကြောင်း ဒေသခံများက ပြောသည်။
MYARF
RB News
26.4.2018
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြို့မကညင်တန်းကျေးရွာရှိ ကျောင်းတွင် အခြေစိုက် စခန်းချ၍ ရိုဟင်ဂျာများအား အတင်းအဓမ္မ NVC ထုတ်ပေးနေသည့် လ.၀.က နှင့် နယ်ခြားစောင့်ရဲများက ယာဉ်မောင်းတစ်ဦးနှင့် အလုပ်သမား (၅) ဦးကို အတင်းအဓမ္မ NVC ထုတ်ပေးခဲ့သည်။
ဧပြီလ (၂၄) ရက်နေ့တွင် မောင်တောမြို့နယ် မြို့မကညင်တန်းကျေးရွာမှ ယာဉ်မောင်း ဦးမာမတ်တာဟဲရ် (ဘ) ဦးရော်ရှိတ်သည် တီဘာကားဖြင့် ICRC မှ ထောက်ပံ့နေသည့် ပစ္စည်းများကို မြို့မဘောလုံးကွင်းမှ တင်ပြီး ရွှေဇားကျေးရွာအုပ်စု၊ ဂုံးနားရွာ မူလတန်းလွန်ကျောင်းသို့ ပို့ဆောင်၍ ပြန်သွားရန် ပြင်ဆင်နေစဉ် ယင်းကျောင်းတွင် စခန်းချ၍ ရိုဟင်ဂျာများအား အတင်းအဓမ္မ NVC ထုတ်ပေးနေသည့် လ.၀.က နှင့် နယ်ခြားစောင့်ရဲများက ယာဉ်မောင်း ဦးမာမတ်တာဟဲရ်နှင့် ကားပေါ် ပစ္စည်းအတင်အချ ပြုလုပ်ရန် လိုက်ပါလာသော အလုပ်သမား (၅) ဦးကို အတင်းအဓမ္မ NVC ထုတ်ပေးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။
အတင်းအဓမ္မ NVC ထုတ်ပေးခြင်းကြောင့် လက်ခံလိုက်ရသူများမှာ --
(၁) ဦးမာမတ်တာဟဲရ် (ယာဉ်မောင်း)
(၂) ဦးဆော်ယာဒ်မာမတ် (အလုပ်သမား)
(၃) ဦးယာဆဲရ်ခါးန် (အလုပ်သမား)
(၄) ဦးအုစ်မာန်ဂေါ်နီ (အလုပ်သမား)
(၅) ဦးဂျာနီအာလာမ် (အလုပ်သမား)
(၆) ဦးအေကေရာမ် (အလုပ်သမား) -- တို့ဖြစ်ကြသည်။ ၎င်းတို့အားလုံးသည် မြို့မကညင်တန်းကျေးရွာတွင် နေထိုင်ကြသူများ ဖြစ်ကြသည်။
MYARF
RB News
25.4.2018
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း၊ ပညောင်ပင်ကြီးကျေးရွာ အနောက်ဘက်ကမ်းခြေတွင် ပိတ်မိနေသော ရသေ့တောင်မြို့နယ်မှ ရိုဟင်ဂျာများကို အာဏာပိုင်များက လိမ်ညာ၍ နေရပ်သို့ ပြန်လည် ခေါ်ဆောင်သွားခဲ့သည်။
ရသေ့တောင်မြို့နယ် ဆင်ခုန်တိုင်းကျေးရွာအုပ်စု ရိုဟင်ဂျာ (၄၆) ဦးသည် လွန်ခဲ့သည့် နှစ်လခန့်က ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်ခိုလှုံရန် မောင်တောမြို့နယ် တောင်ပိုင်း၊ ပညောင်ပင်ကြီးကျေးရွာ အနောက်ဘက် ကမ်းခြေသို့ ရောက်ရှိလာပြီး ၎င်းတို့တွင် ပါရှိသော ရွှေ၊ ငွေများကို စက်လှေသမားများအား ပေးပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၀င်ရောက် ခိုလှုံရန် နှစ်ကြိမ်တိုင်တိုင် ကြိုးစားသော်လည်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က ၀င်ခွင့်မပေးသောကြောင့် ပညောင်ပင်ကြီး ကမ်းခြေသို့ ပြန်လည် ရောက်ရှိလာပြီး ICRC ၏ အထောက်အပံ့ဖြင့် တဲများထိုး၍ နေထိုင်ခဲ့သည်။
ဧပြီလ (၂၀) ရက်နေ့တွင်လည်း နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ရဲအုပ်တစ်ဦးက ထပ်မံ၍ လာရောက် ပြောဆိုခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။
ပညောင်ပင်ကြီးကျေးရွာ ကမ်းခြေတွင် ပိတ်မိနေသည့် ရိုဟင်ဂျာ (၄၆) ဦးကို ဧပြီလ (၂၃) ရက်နေ့တွင် မောင်တောနှင့် ရသေ့တောင်မြို့နယ်များမှာ မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ၊ နယ်ခြားစောင့်ရဲများက စီစဉ်ထားသည့် ကားများဖြင့် မောင်တော - ဘူးသီးတောင်လမ်းမှ တဆင့် ညောင်ချောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ နယ်မြေစခန်းသို့ ပို့ဆောင်ခဲ့သည်။ ထိုမှတဆင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ နယ်မြေမှူးက စက်လှေဖြင့် ဆင်ခုန်တိုင်းသို့ ခေါ်ဆောင်သွားပြီး ကျေးရွာအုပ်ချုပ်ရေးမှူးထံ အပ်နှံခဲ့သည်။
ကျေးရွာအုပ်ချုပ်ရေးမှူး အဆိုပါ ရိုဟင်ဂျာ (၄၆) ဦးကို လက်ခံရယူပြီး ၎င်းတို့၏ နေအိမ်များသို့ သွားရောက်ခိုင်းသော်လည်း နေအိမ်များမှာ ပျက်စီးသွားပြီး လူနေနိုင်သည့် အခြေအနေ မရှိတော့သဖြင့် ဆွေမျိုးသားချင်းများ၏ နေအိမ်များတွင် နေထိုင်နေရသည်။
နယ်ခြားစောင့်ရဲများက ၎င်းတို့အား စည်းရုံးစဉ် အိမ်ဆောက်ပေးမည်၊ အစားအသောက်များ ထောက်ပံ့ပေးမည်ဟု ကတိပေးခဲ့သော်လည်း တကယ့်လက်တွေ့တွင် မိသားစုတစ်စုစီအား ဆန်တစ်အိတ်စီသာ ထောက်ပံ့ပေးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

နယ်ခြားစောင့်များက အိမ်ဆောက်ပေးမည်၊ အစားအသောက်ထောက်ပံ့မည်ဟု ဂတိပေးခဲ့သည်ကို လုံးဝ ဖြည်းစည်းပေးခြင်းမရှိဘဲ မိသားစုတစ်စုအား ဆန် တစ်အိတ်စီသာထောက်ပံ့ခဲ့သည်။
![]() |
| Information Committee မှ တင်ထားသည့် ဓါတ်ပုံ |
Rohingya Eye
RB News
25.4.2018
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် သရက်အုပ်ကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ ကင်းစခန်းမှူးက ရိုဟင်ဂျာလူငယ်တစ်ဦးကို ထောင်ချောက်ဆင်၍ ဖမ်းဆီးပြီး ငွေကျပ် ၁၅ သိန်း ညှစ်ယူခဲ့သည်။
ဧပြီလ (၂၁) ရက်နေ့ နံနက် (၁၀) နာရီ အချိန်တွင် သရက်အုပ်ကျေးရွာမှ ရိုဟင်ဂျာလူငယ်တစ်ဦးသည် ဆိုင်ကယ်တစ်စီးဖြင့် နေအိမ်မှ ထွက်ခွာလာရာ သရက်အုပ်ကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ ကင်းစခန်းမှူးက တွေ့ရှိသွားပြီး ရပ်တန့်ခိုင်းခဲ့သည်။
ထို့နောက် ကင်းစခန်းမှူးက ၎င်းအား ဆိုင်ကယ်ခဏငှားရမ်းရန် ပြောဆိုရာ ဆိုင်ကယ်ပိုင်ရှင် လူငယ်ကလည်း ကင်းစခန်းမှူးက ငှားရမ်းနေသဖြင့် ငြင်းဆန်၍ မရသောကြောင့် ငှားရမ်းခဲ့သည်။ ကင်းစခန်းမှူးသည် ဆိုင်ကယ်ကို ယူ၍ ကင်းစခန်းသို့ စီးနင်းသွားခဲ့သည်။
နာရီအနည်းငယ် အကြာတွင် ကင်းစခန်းမှူးက ၎င်း၏ ဆိုင်ကယ်ကို ပြန်လာယူရန် အကြောင်းကြားခဲ့သည်။ လူငယ်ဖြစ်သူက ဆိုင်ကယ်ကို သွားယူသည့်အခါ ကင်းစခန်းမှူးက ဆိုင်ကယ်ထဲတွင် WY စာတမ်းပါ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိသည်ဟု စွပ်စွဲ၍ ဖမ်းဆီးခဲ့သည်။
ဖမ်းဆီးခံရသည့် အပြစ်မဲ့ ဆိုင်ကယ်ပိုင်ရှင်မှာ ဖူသီယာ (ဘ) ဦးအဗ်ဒူရှရီးဖ် (အသက် ၃၀ နှစ်) ဖြစ်ပြီး၊ ကင်းစခန်းမှူးက ၎င်းထံမှ ငွေကျပ် (၁၅) သိန်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

23.4.2018
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ငန်းချောင်းကျေးရွာမှ ဒေသခံ (၇) ဦးကို နယ်ခြားစောင့်ရဲများက NVC ကဒ်မပါလျှင် သွားလာခွင့် ပေးမည်မဟုတ်ဟု ခြိမ်းခြောက်ခဲ့သည်။
ဧပြီလ (၂၁) ရက်နေ့ နံနက် (၁၀) နာရီအချိန်တွင် ငန်းချောင်းကျေးရွာမှ ဒေသခံ (၇) ဦးသည် အနက်ရောင်မှန်လုံကားတစ်စီးဖြင့် မောင်တောမြို့ပေါ်သို့ သွားနေစဉ် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ် စစ်ဆေးရေးဂိတ်တွင် စစ်ဆေးမှုခံယူခဲ့သည်။ ၎င်းတို့သည် ရွာထွက်လက်မှတ်များဖြင့် သွားနေခြင်း ဖြစ်သောကြောင့် စစ်ဆေးရေးဂိတ်တွင် ရွာထွက်လက်မှတ်များ ထုတ်ပြခဲ့သည်။
နယ်ခြားစောင့်ရဲများက ၎င်းတို့ (၇) ဦးကို တန်းစီခိုင်းပြီး နောင်တွင် ရွာထွက်လက်မှတ်ဖြင့် ခရီးသွားခြင်း မပြုရန်၊ NVC ကဒ်ဖြင့် သွားလာရန်၊ NVC ကဒ်မရှိသူများ သွားရောက်ထုတ်ယူရန်၊ နောက်နောင် NVC ကဒ်မပါလျှင် သွားလာနိုင်မည် မဟုတ်ကြောင်း ခြိမ်းခြောက်ပြောဆိုခဲ့သည်။
“အရင်က NVC ကဒ်မလိုဘဲ သုံးခေါက်ချိုး၊ ရွာထွက်လက်မှတ်တွေနဲ့ သွားရင် အဲဒီဂိတ်မှာ ငွေတစ်ထောင်စီ ပေးပြီး သွားလို့ရခဲ့တယ်။ အခု NVC ကိုင်ဖို့ ခြိမ်းခြောက်နေတာက တမင်ကို ချုပ်ချယ်ကန့်သတ်နေတာ ဖြစ်ပြီး၊ စားဝတ်နေရေး မပြေမလည် ဖြစ်နေတဲ့အချိန်မှာ NVC လက်ခံလာအောင် အကွက်ချ စီစဉ်နေတာ။ ကျွန်တော်တို့ကတော့ NVC ယူဖို့ မရှိဘူး” ဟု ဒေသခံတစ်ဦးက RB News သို့ပြောသည်။
MYARF
RB News
22.4.2018
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် စံပြရွာခွဆုံရှိ ရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်များက ဖြတ်သန်းသွားလာသည့် ကားနှင့် သုံးဘီးကားများမှ ငွေကောက်ခံလျက် ရှိသည်။
မောင်တောမြို့နယ် မြို့မရွာသစ်ကေရပ်ကွက် (အမှတ် (၅) ရပ်ကွက်) အနောက်အုပ်စုနှင့် မြို့မအရှေ့ရပ်ကွက် (အမှတ် (၄) ရပ်ကွက်) အုပ်စု စံပြခွဆုံရှိ ရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်များက မြို့အ၀င်အထွက် စာရင်းမှတ်ရသည်ဟု ဆိုကာ ကားနှင့် သုံးဘီးကား (CNG) များ၏ နံပါတ်များနှင့် ယာဉ်မောင်းများ၏ အမည်များကို စာရင်းရေးမှတ်ကာ ငွေကျပ် ၅၀၀ စီ ကောက်ခံလျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။
ရဲကင်းစခန်းရှေ့မှ ဖြတ်သွားတိုင်း ငွေကျပ် ၅၀၀ စီကောက်ခံလျက် ရှိပြီး၊ ပထမအကြိမ် ပေးပြီးသူများက ဒုတိယအကြိမ် ပေးရန် ငြင်းဆန်ပါက ယာဉ်မောင်းများအား ရိုက်နှက်၍ အတင်းအဓမ္မ ကောက်ခံလျက် ရှိသည်။
MYARF
RB News
20.4.2018
မောင်တော ။ ။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ ကိုယ်စားလှယ်များ လာရောက်တော့မည် ဖြစ်၍ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ပညောင်ပင်ကြီးကျေးရွာရှိ ကမ်းခြေတွင် ပိတ်မိနေသော ရိုဟင်ဂျာများကို နေရပ်သို့ ပြန်ပို့ပေးမည်ဟု ဆိုကာ ကမ်းခြေစောင့် နယ်ခြားစောင့်ရဲများက စည်းရုံးနေသည်။
ဧပြီလ (၁၉) ရက်နေ့တွင် ကမ်းခြေစောင့် နယ်ခြားစောင့်ရဲများသည် မောင်တောမြို့နယ် ပညောင်ပင်ကြီးကျေးရွာ အနောက်ဘက် ကမ်းခြေသို့ သွားရောက်၍ ကမ်းခြေတွင် ပိတ်မိနေသော ရသေ့တောင်မြို့နယ် ရိုဟင်ဂျာများကို အိမ်ပြန်ပို့ပေးမယ်၊ ဖျက်ဆီးခံရတဲ့ အိမ်တွေကို ပြန်ဆောက်ပေးမယ်၊ စားနပ်ရိက္ခာ အပြည့်အ၀ ပေးမယ်၊ မကြာခင် မိုးရာသီရောက်တော့မယ်၊ မိုးရာသီမှာ ကမ်းခြေမှာ ဘယ်လို နေကြမလဲ၊ ရေကြီးမယ်၊ လေပြင်းတိုက်မယ်၊ အဲလိုဆိုရင် ကလေးတွေသေမယ်၊ စားဝတ်နေရေး အခက်အခဲဖြစ်မယ်၊ အဲဒါကို စိုးရိမ်လို့ လာပြောတာပါ၊ နောက်နေ့ ကားနဲ့ လာခေါ်မယ် ဟု ပြောဆိုခဲ့သည်။
ယနေ့ ဧပြီလ (၂၀) ရက်နေ့တွင်လည်း နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ရဲအုပ်တစ်ဦးက ထပ်မံ၍ လာရောက် ပြောဆိုခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။
ဧပြီလ (၂၁) ရက်နေ့တွင် မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့လာရောက်၍ ထပ်မံ၍ စည်းရုံးမည် သိရှိရသည်။
ကမ်းခြေရှိ ရိုဟင်ဂျာများထဲမှ အကျိုးအကြောင်း ဆီလျော်စွာ နားမလည်သူ အချို့က မိုးရာသီဒဏ်ကို စိုးရိမ်ကြောင့်ကြ၍ ပြောသည့်အတိုင်း ဖြည့်ဆည်းပေးလျှင် ပြန်ပါမည်ဟု ပြောကြားခဲ့သည်။
ယခုကဲ့သို့ ရိုဟင်ဂျာများ နေရပ်ပြန်ရေးအတွက် အပူတပြင်း စည်းရုံးနေခြင်းမှာ စာနာထောက်ထား၍ မဟုတ်ဘဲ မကြာခင် ရောက်ရှိလာမည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ကိုယ်စားလှယ်များကြောင့်သာ ဖြစ်သည်ဟု ဒေသခံများက သုံးသပ်နေကြသည်။

| (ဓါတ်ပုံ - Syed Zakir Hossain/Dhaka Tribune) |
RB News
20.4.2018
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ဦးလှဖေကျေးရွာမှ ဒေသခံရိုဟင်ဂျာ (၄) ဦးကို ည ၇း၄၀ နာရီတွင် နယ်ခြားစောင့်ရဲများက ဖမ်းဆီးပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားသည့် အချိန်တွင် အပြင်ထွက်သည်ဟု လုပ်ကြံစွပ်စွဲ၍ ငွေညှစ်ခဲ့သည်။
ဧပြီလ (၁၇) ရက်နေ့ ည ၇း၄၀ နာရီ အချိန်တွင် ဦးလှဖေကျေးရွာမှ ဒေသခံရိုဟင်ဂျာ (၄) ဦးသည် ကမ်းနားမှ ၀ါးများ သယ်ယူနေစဉ် ဦးလှဖေကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲ (၁၀) ဦး ရောက်ရှိလာပြီး ၎င်းတို့ကို ညမထွက်ရ အမိန့်ထုတ်ပြန်ထားသည့် အချိန်တွင် အပြင်ထွက်သည်ဟု လုပ်ကြံစွပ်စွဲ၍ ဖမ်းဆီးသွားခဲ့သည်။
၎င်းတို့ကို ကင်းစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး ဧပြီလ (၁၈) ရက်နေ့ နံနက်ပိုင်းတွင် ပြန်လည်လွှတ်ပေးခဲ့သော်လည်း ဖမ်းဆီးခံရသူ (၄) ဦးအနက် (၃) ဦးထံမှ ငွေကျပ် ငါးသောင်းစီ ညှစ်ယူခဲ့သည့် အပြင် ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့သည်ဟု ဒေသခံများက RB News သို့ပြောသည်။
ဦးဇိုက်တူလ္လာ (ဘ) ဦးဟာဖီးဇ်အာမတ် (အသက် ၃၀ နှစ်) သည် ဆယ်အိမ်မှူးတစ်ဦး ဖြစ်သောကြောင့် ငွေညှစ်မခံရသော်လည်း နယ်ခြားစောင့်ရဲများ၏ ရိုက်နှက်ခြင်းကို ခံခဲ့ရသည်။ အလားတူ ဦးနာဆိရ်အာမတ် (ဘ) ဦးဟာဖီးဇ်အာမတ် (အသက် ၄၅ နှစ်)၊ ဦးဒူဒူမျာ (ဘ) ဦးဆုလ်တာန်အာမတ် (အသက် ၄၀ နှစ်) နှင့် ဦးအလီဇူဟာရ် (ဘ) ဦးအိုလာမျာ (အသက် ၄၂ နှစ်) တို့ကိုလည်း နယ်ခြားစောင့်ရဲများက ရိုက်နှက်ခဲ့ပြီး ငွေကျပ် ငါးသောင်းစီ ညှစ်ယူခဲ့သည်။
ဘူးသီးတောင်နှင့် မောင်တောမြို့နယ် များတွင် ညမထွက်ရ အမိန့်ကို ၂၀၁၂ ခုနှစ် ဇွန်လမှစတင်၍ ထုတ်ပြန်ခဲ့ပြီး နှစ်လတစ်ကြိမ် သက်တမ်းတိုးလာခဲ့ရာ ဧပြီလ (၁၂) ရက်နေ့တွင် ထပ်မံ သက်တမ်းတိုးခဲ့ပြီး ဘူးသီးတောင်မြို့နယ်တွင် ည ၁၀ နာရီမှ နံနက် ၅ နာရီထိ၊ မောင်တောမြို့နယ်တွင် ည ၉ နာရီမှ နံနက် ၅ နာရီထိ ဟု ပြင်ဆင် သတ်မှတ်ခဲ့သည်။
ယခု ဦးလှဖေကျေးရွာတွင် ဖမ်းဆီးခံရပြီး ငွေညှစ်ခံရသူများမှာ ညမထွက်ရ အမိန့် မတိုင်မီ ၂ နာရီ မိနစ် ၂၀ အလိုတွင် ဖမ်းဆီးခံရပြီး ညမထွက်ရ အမိန့်ကို ဖောက်ဖျက်သည်ဟု လုပ်ကြံ စွပ်စွဲခံခဲ့ရခြင်း ဖြစ်သည်။
RB News
20.4.2018
ဘန်ဒါ၊ အာချေ/စစ်တွေ ။ ။ မြန်မာနိုင်ငံတောင်ပိုင်းတွင် စက်လှေပေါ်မှ ခုန်ချခဲ့သည့် ရိုဟင်ဂျာ (၁၀) ဦးသည် အစပိုင်းတွင် ပျောက်ဆုံးနေခဲ့သော်လည်း ဧပြီလ (၆) ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ အာချေဒေသသို့ ရောက်ရှိသွားပြီး အသက်အန္တရာယ်စိုးရိမ်နေရသည်။
ရိုဟင်ဂျာ (၁၅) ဦးသည် မတ်လ (၂၆) ရက်နေ့ (သို့မဟုတ်) (၂၇) ရက်နေ့တွင် စစ်တွေမြို့ အုန်းတောကြီး ကမ်းခြေမှ စက်လှေငယ်တစ်စီးဖြင့် ထွက်ခွာလာခဲ့သည်။ သုံးရက်အကြာတွင် မြန်မာနိုင်ငံတောင်ပိုင်း ကော့သောင်းမြို့၌ မြန်မာရေတပ်က ၎င်းတို့ကို ရပ်တန့်ခိုင်းပြီး ဖမ်းဆီးခဲ့သည်။
မြန်မာရေတပ် တပ်ဖွဲ့ဝင်များက ၎င်းတို့ကို ညှဉ်းပန်းနှိပ်စက်သောကြောင့် ၎င်းတို့ထဲမှ (၁၀) ဦးသည် ရေထဲသို့ခုန်ချလိုက်ပြီးနောက် ပျောက်ဆုံးသွားခဲ့သည်။
“ကျွန်တော်တို့ စက်လှေမှာ (၁၅) ယောက်ရှိခဲ့တာ၊ မြန်မာရေတပ် တပ်ဖွဲ့ဝင်တွေရဲ့ ညှဉ်းပန်းနှိပ်စက်မှုကို မခံနိုင်တော့တဲ့ (၁၀) ယောက်က စက်လှေပေါ်ကနေ ရေထဲကို ခုန်ချလိုက်တယ်။ အဲဒီအချိန်ကစပြီး သူတို့နဲ့ ပတ်သက်ပြီး ဘယ်ရောက်သွားလဲဆိုတာ ဘာသတင်းမှ မကြားရတော့ဘူး” ဟု အင်ဒိုနီးရှားနိုင်ငံ အာချေဒေသမှ ငါးဖမ်းသမားများ ကယ်တင်လိုက်ခြင်းကြောင့် အသက်ရှင်လာသည့် ရိုဟင်ဂျာ စက်လှေသမားတစ်ဦးက ပြောသည်။
“ကျွန်တော်တို့ကို ရက်အတန်ကြာ ညှဉ်းပန်းနှိပ်စက်ပြီးတဲ့နောက် ကျွန်တော်တို့ ရောက်လာတဲ့နေရာဘက်ကို ရေတပ်က မျောပေးလိုက်တယ်” ဟု ၎င်းက ဖြည့်စွက်ပြောပါသည်။
ပျောက်ဆုံးနေသူများ၏ ဆွေမျိုးများနှင့် ဆက်သွယ်ကြည့်ရာ ၎င်းတို့တွင် ပျောက်ဆုံးနေသူများနှင့် ပတ်သက်၍ သတင်းအချက်အလက် တစ်စုံတစ်ရာ မရှိဟု ဖြေဆိုသည်။
ဧပြီလ (၁၁) ရက်နေ့ (သို့မဟုတ်) (၁၂) ရက်နေ့တွင် စစ်တွေမြို့မှ နောက်ထပ်စက်လှေတစ်စီး ထွက်ခွာသွားပြီး မလေးရှားနိုင်ငံသို့ မကြာမီ ရောက်ရှိလိမ့်မည်ဟု ခန့်မှန်း ပြောဆိုနေကြသည်။
(မျိုးနိုင်နှင့် Saed Arkani တို့ သတင်းပေးပို့သည်)

16.4.2018
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ကကျက်ဘက်ကံပြင်ကျေးရွာအုပ်စု တပ်ရာရွာမှ ဆင်းရဲသား ငါးရောင်းသူတစ်ဦးကို ရဲတပ်ဖွဲ့ဝင် နှစ်ဦးက ခြိမ်းခြောက်၍ ငွေညှစ်ခဲ့သည်။
ဧပြီလ (၁၆) ရက်နေ့ နံနက် (၁) နာရီအချိန်တွင် ကကျက်ဘက်ကံပြင်ကျေးရွာအုပ်စု တပ်ရာရွာ (ဇော်ဘော်ရ်ဖာရာ) ရှိ ဦးဆုလ်တာန်အာမတ်၏ နေအိမ်သို့ ရဲတပ်ဖွဲ့ဝင်နှစ်ဦးဖြစ်သူ မြို့မရဲစခန်းမှ နယ်ထိန်း ထွန်းသာနှင့် နယ်ခြားစောင့်ရဲ မောင်ထွေးတို့ ရောက်ရှိလာခဲ့သည်။ ရဲတပ်ဖွဲ့ဝင်များ ဦးဆုလ်တာန်အာမတ်နှင့် အတူနေထိုင်သော တူ/တူမ နှစ်ဦးကိုပါ ကျေးရွာ ဒု-အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးကာမာလ်၏ နေအိမ်သို့ ခေါ်ဆောင်သွားခဲ့သည်။ ဦးကာမာလ်၏ နေအိမ်တွင် ရဲတပ်ဖွဲ့ဝင်များက ဦးဆုလ်တာန်အာမတ်အား နည်းမျိုးစုံဖြင့် ခြိမ်းခြောက်၍ ငွေကျပ် ၄ သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။
ဦးဆုလ်တာန်အာမတ်သည် ဆင်းရဲသားတစ်ဦး ဖြစ်ပြီး၊ ငါးစိမ်း ၁၀ ပိဿာခန့်သာ ၀ယ်ယူ၍ ပြန်လည်ရောင်းချ၍ အသက်မွေးဝမ်းကျောင်း ပြုနေသူ ဖြစ်သည်။ ၎င်း၏ နေအိမ်တွင် မိဘမဲ့များ ဖြစ်နေသည့် အသက် (၁၄) နှစ်အရွယ် တူတစ်ဦးနှင့် အသက် (၁၂) နှစ်အရွယ် တူမတစ်ဦး မှီခိုနေထိုင်လျက်ရှိသည်။
ယခုကဲ့သို့ ငွေညှစ်ခံရခြင်းမှာ တပ်ရာရွာဈေးရှိ ကင်းစခန်းမှ ကင်းမှူး ဂျာဘေရ်က ရဲတပ်ဖွဲ့ဝင်များထံ မဟုတ်မမှန် သတင်းပေးပို့မှုကြောင့် ဖြစ်ကြောင်း စွပ်စွဲပြောဆိုနေမှုများ ရှိနေသလို၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်ကျော်သာ က ရိုဟင်ဂျာအမျိုးသမီးများကို မုဒိမ်းကျင့်ရန် ကြိုးစားမှုကြောင့် စစ်ဆေးခံနေရချိန်တွင် ရိုဟင်ဂျာများကို ပစ်မှတ်ထားပြီး နယ်ခြားစောင့်ရဲများနှင့် ပူးပေါင်း၍ ယခုကဲ့သို့ ငွေညှစ်ခိုင်းခြင်း ဖြစ်သည်ဟုလည်း ပြောဆိုနေခြင်းများ ရှိနေသည်။
ဦးမောင်ကျော်သာ က ရိုဟင်ဂျာအမျိုးသမီးများကို မုဒိမ်းကျင့်ရန် ကြိုးစားစဉ် အတူခေါ်ဆောင်သွားသူ အပေါင်းအပါ နှစ်ဦးမှာ ယခု ဦးဆုလ်တာန်အာမတ်ထံမှ ငွေ (၄) သိန်း ညှစ်သည့် နယ်ထိန်း ထွန်းသာနှင့် နယ်ခြားစောင့်ရဲ မောင်ထွေးတို့ ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။ နယ်ထိန်း ထွန်းသာ သည် ဦးမောင်ကျော်သာနှင့် ယောက်ဖ တော်စပ်သည်ဟု ဒေသခံများက ဆိုသည်။

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ပန်းတောပြင်ကျေးရွာအုပ်စု ရွာသစ်ရွာတွင် အစိုးရက ဆောက်လုပ်ပေးခဲ့သည့် အိမ်များ ရရှိရေးအတွက် အုပ်ချုပ်ရေးမှူးကို ငွေပေးခဲ့ရသည်ဟု သတင်းများ ထွက်ပေါ်လျက် ရှိသည်။
မောင်တောမြို့နယ် ပန်းတောပြင်ကျေးရွာအုပ်စု ရွာသစ်ကျေးရွာရှိ ရိုဟင်ဂျာများ၏ အိမ်ခြေ ၁၅၀ ကျော်ကို မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ တို့က ၂၀၁၇ သြဂုတ်လ (၂၅) ရက်နေ့နောက်ပိုင်းတွင် မီးရှို့ဖျက်ဆီးခဲ့သည်။ အိမ်များမီးရှို့ခံရပြီးနောက်ပိုင်းတွင် ရွာသားအများစုသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေး၍ ခိုလှုံလျက်ရှိပြီး၊ မိသားစု အနည်းငယ်သည် ဘင်္ဂလားဒေ့ရှ်သို့ ထွက်မပြေးဘဲ ပန်းတောပြင်ရွာကြီးနှင့် အခြားရွာများတွင် နေထိုင်ခဲ့သည်။
ကျန်ရှိနေသည့် မိသားစုများအတွက် အစိုးရက တာဝန်ယူပြီး အိမ် ၂၂ လုံး ဆောက်လုပ်၍ စံပြကျေးရွာ တည်ထောင်ခဲ့သည်။ ယင်းအိမ်များ ရရှိရေးအတွက် ပန်းတောပြင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအာနိုဝါရ်ထံ စာရင်းပေးသွင်းခဲ့ရပြီး၊ အိမ်ရရှိရေးအတွက် မိသားစုတစ်စုလျှင် ငွေကျပ် ၃ သိန်းမှ ၅ သိန်းအထိ ပေးခဲ့ရသည်ဟု ဒေသခံအချို့က RB News သို့ပြောပါသည်။
မိသားစုအချို့က ငွေပေးရန် ငြင်းဆန်ခဲ့ရာ အုပ်ချုပ်ရေးမှူး ဦးအာနိုဝါရ်က ငွေမပေးလျှင် အိမ်ရရှိမှာ မဟုတ်ကြောင်း ခြိမ်းခြောက်ခဲ့သည်။ အုပ်ချုပ်ရေးမှူးက ယင်းငွေများသည် ၎င်းတစ်ဦးတည်းအတွက် မဟုတ်ဘဲ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မန်ကျည်းချောင်းစခန်းမှ နယ်ခြားစောင့်ရဲတပ်ဖွဲ့ကိုလည်း ပေးရမှာ ဖြစ်သည်ဟု ရှင်းပြခဲ့ကြောင်း အဆိုပါ ဒေသခံများက ပြောပါသည်။
![]() |
| ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ပန်းတောပြင်ရွာသို့ သွားရောက်ကြည့်ရှုစဉ်က ရိုက်ကူးထားသည့် ဓါတ်ပုံ |
MYARF
RB News
16.4.2018
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ပညောင်ပင်ကြီးကျေးရွာတွင် ကျန်ရှိနေသည့် ရိုဟင်ဂျာနေအိမ်များကို ဧပြီလ (၁၂) ရက်နေ့မှစ၍ နယ်ခြားစောင့်ရဲများက မီးရှို့နေသည်။
၂၀၁၇ သြဂုတ်လ (၂၅) ရက်နေ့ နောက်ပိုင်းတွင် မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့က ရိုဟင်ဂျာများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ အသက်အရွယ်မရွေး မီးရှို့၊ လည်လှီး၊ ပစ်ခတ် သတ်ဖြတ်ခြင်း၊ အမျိုးသမီးများကို မုဒိမ်းကျင့်ခြင်း၊ ပစ္စည်းများလုယက်ခြင်းတို့ကြောင့် (၇) သိန်းနီးပါး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေး ခိုလှုံနေရသည်။
ယင်းအချိန်၌ မောင်တောမြို့နယ် တောင်ပိုင်း ပညောင်ပင်ကြီးကျေးရွာတွင် စစ်သားများနှင့် နယ်ခြားစောင့်ရဲများက ရိုဟင်ဂျာနေအိမ်များကို မီးရှို့ခဲ့သော်လည်း အနည်းငယ်သာ ဖြစ်သည်။ သို့သော်လည်း ရိုဟင်ဂျာရွာသားများ ကြောက်ရွံ၍ ထွက်ပြေးသွားခဲ့ကြသည်။
အကောင်းပကတိကျန်ခဲ့သည့် နေအိမ်များမှ ပစ္စည်းများနှင့် သစ်များကို ရွှေဗဟိုရ်၊ သရေကုန်းဘောင်ရွာသစ်၊ ကိုင်းကြီး၊ မောရ၀တီစသော န.တ.လ ရွာများမှ ဗုဒ္ဓဘာသာဝင်များက အဟန့်အတားမရှိ ယူဆောင်သွားခဲ့သည်။
မီးရှို့မခံရဘဲ ကျန်နေသည့် ရိုဟင်ဂျာများ၏ နေအိမ်များကို ဧပြီလ (၁၂) ရက်နေ့မှစ၍ နယ်ခြားစောင့်ရဲများက မီးရှို့နေသည်ဟု ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။
ပညောင်ပင်ကြီးကျေးရွာ၏ အနောက်ဘက် ချောင်းဝနှင့် အရှေ့ဘက် ရွာအ၀င်ဝတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းများရှိပြီး၊ ယင်းရွာတွင် ရိုဟင်ဂျာအိမ်ခြေ ၄၀၀ ကျော်ရှိသည်။

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ပအိုးသည်မကျေးရွာအုပ်စုမှ ရခိုင်အစွန်းရောက်တစ်ဦးက ရိုဟင်ဂျာတံငါးသည်နှစ်ဦးထံမှ ငါးလုယက်ခဲ့သည်။
ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ပအိုးသည်မကျေးရွာအုပ်စုမှ ရခိုင်အစွန်းရောက်တစ်ဦး ဖြစ်သူ ဘလှေ (ဘ) ဦးမောင်ယေ (အသက် ၂၈ နှစ်) သည် ယနေ့ ဧပြီလ (၁၆) ရက်နေ့ နံနက် (၈) နာရီခန့် အချိန်တွင် ပြိုင်းတောင်ကျေးရွာအုပ်စု (ဇင်းခါမား) မှ တံငါသည်နှစ်ဦးဖြစ်သည့် မိုဟာမတ်ဆာဘဲရ် (ဘ) ဦးမိုဟာမတ်ကာဆိမ်း (အသက် ၁၉ နှစ်) နှင့် မိုဟာမတ်ဆော်လိမ် (ဘ) ဦးအီဆုပ် (အသက် ၂၇ နှစ်) တို့ထံမှ ငွေကျပ် လေးသောင်း တန်ဖိုးရှိ ငါးများ လုယက်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။
မိုဟာမတ်ဆာဘဲရ်နှင့် မိုဟာမတ်ဆော်လိမ် တို့သည် မေယုမြစ်မှ ငါးဖမ်း၍ လှေဖြင့် ပြန်လာနေစဉ် ပအိုးသည်မရွာသို့ ရောက်သည့်အချိန်တွင် အစွန်းရောက်တစ်ဦးဖြစ်သူ ဘလှေ က လုယက်ခဲ့ခြင်း ဖြစ်သည်။
၂၀၁၇ သြဂုတ်လ (၂၅) ရက်နေ့နောက်ပိုင်းတွင် ကျေးလက်ဒေသများရှိ ရိုဟင်ဂျာများကို အာဏာပိုင်များက ရွာအတွင်း ပိတ်ဆို့ထားပြီး လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့် မပေးသောကြောင့် စားဝတ်နေရေး အခက်အခဲ ဖြစ်နေချိန်တွင် ငါးရှာ၊ ထင်းခုတ်၍ အသက်မွေးဝမ်းကျောင်း ပြုနေရသည်။ ရခိုင်အစွန်းရောက် အချို့ကလည်း အာဏာပိုင်များနှင့် ပူးပေါင်း၍ အမြဲလိုလို ရန်ရှာလျက်ရှိသည်။ ပြိုင်းတောင်ကျေးရွာအုပ်စုရှိ ဗလီဝတ်ကျောင်းတော် နှစ်လုံးကိုလည်း ဘလှေနှင့် အပေါင်းအပါ ၁၀ ဦးကျော်က ဖျက်ဆီးခဲ့သည်ဟု ဒေသခံများက ဆိုသည်။
MYARF
RB News
16.4.2018
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် သီဟိုဠ်ကျွန်းကျေးရွာအုပ်စု ဟာဘီအလယ်ရွာကို စစ်သားများနှင့် နယ်ခြားစောင့်ရဲများ ၀င်ရောက် စီးနင်း၍ ဒေသခံရိုဟင်ဂျာ (၅) ဦးကို ဖမ်းဆီးခဲ့သည်။
မောင်တောမြို့နယ် သီဟိုဠ်ကျွန်းကျေးရွာအုပ်စု၊ ဟာဘီအလယ်ရွာတွင် အကြမ်းဖက်သမားများ ရှာဖွေရန် ရှိသည်ဟု မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့က အကြောင်းပြ၍ ယင်းရွာကို ဧပြီလ (၁၅) ရက်နေ့ ညပိုင်းမှစ၍ ၀န်းခံပိတ်ဆို့ထားခဲ့သည်။
ယနေ့ နံနက် အစောပိုင်းတွင် ယင်းရွာကို စစ်သားများနှင့် နယ်ခြားစောင့်ရဲများ ၀င်ရောက်စီးနင်းပြီး အပြစ်မဲ့ ဒေသခံ (၅) ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
ဖမ်းဆီးသွားသူများအား နေ့လည်ပိုင်းတွင် ပြန်လည် လွှတ်ပေးပြီးနောက် ရွာကို ၀န်းရံပိတ်ဆို့၍ စီးနင်းခဲ့သည့် စစ်သားများနှင့် နယ်ခြားစောင့်ရဲများ ပြန်လည် ထွက်ခွာသွားခဲ့သည်ဟု ဒေသခံများက RB News သို့ပြောပါသည်။

15.4.2018
မောင်တော ။ ။ လူမျိုးတုန်းသတ်ဖြတ်မှု ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ် မြောက်ပိုင်းသို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ ကိုယ်စားလှယ်များ ရောက်ရှိလာတော့မည် ဖြစ်၍ နိုင်ငံတကာကို လိမ်လည် လှည့်ဖြားရန်အတွက် မြန်မာအစိုးရက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရိုဟင်ဂျာများ ပြန်လည်ဝင်ရောက်လာသယောင် မိသားစုတစ်စုအား ပြန်လည်လက်ခံသည့် ဖြစ်စဉ်တစ်ခု ကျင်းပခဲ့သည်။
ဧပြီလ (၁၄) ရက်နေ့ စနေနေ့တွင် ပြန်ကြားရေးဝန်ကြီးဌာန၏ တရားဝင် လူမှုကွန်ယက် Facebook စာမျက်နှာတွင် ငါးဦးပါ မွတ်စလင်မိသားစုတစ်စု ဘင်္ဂလားဒေ့ရှ်မှ မြန်မာနိုင်ငံသို့ ပြန်လည် ၀င်ရောက်လာရာ ၎င်းတို့ကို တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေး စခန်းတွင် လက်ခံပြီး NVC ကဒ်များ ထုတ်ပေးခဲ့ကြောင်း ရေးသား ဖော်ပြခဲ့သည်။
ထိုသို့ ရေးသားဖော်ပြခြင်းနှင့် ပတ်သက်၍ RB News မှ အသေးစိတ် လေ့လာစုံစမ်းခဲ့ရာ ၎င်းနှင့် မိသားစုဝင်များသည် ဘင်္ဂလားဒေ့ရှ်မှ ပြန်လည်ရောက်ရှိလာသော ရိုဟင်ဂျာဒုက္ခသည် မိသားစုများ မဟုတ်ဘဲ ၎င်းတို့ သည် တောင်ပြိုလက်ယာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအက်တာအာလာမ် (ဘ) မော်လ၀ီရရှိတ်နှင့် မိသားစုဝင်များ ဖြစ်ကြောင်း သိရှိရသည်။
“အခြေအနေ လုံးဝ တည်ငြိမ်မှု မရှိသေးတဲ့အချိန်မှာ အခုလို ပြန်လာတယ်လို့ ကြားရတော့ ကျွန်တော်တို့ အတော်လေး အံ့သြမိတယ်။ အဲဒီတော့ အခုပြန်လာတယ်ဆိုတဲ့သူတွေက ဘယ်သူတွေလဲဆိုတာ ကျွန်တော်တို့ သေချာစုံစမ်းကြည့်တော့ ပြန်သွားတယ်ဆိုတဲ့ မိသားစုရဲ့ အိမ်ထောင်ဦးစီးက တောင်ပြိုလက်ယာ အုပ်ချုပ်ရေးမှူး ဖြစ်နေတယ်။ တောင်ပြိုမှာရှိတဲ့ ရိုဟင်ဂျာရွာတွေ တော်တော်များများ မီးရှို့ခံရပေမယ့် ဒီအုပ်ချုပ်ရေးမှူးအိမ်က မီးရှို့မခံခဲ့ရဘူး။ ဘာကြောင့်လဲဆိုတော့ သူက အစိုးရရဲ့ သတင်းပေး ဖြစ်နေလို့ပါ” ဟု ဦးအက်တာအာလာမ်၏ ဆွေမျိုးများနှင့် ရင်းနှီးသူတစ်ဦးက RB News သို့ပြောပါသည်။
“အစိုးရရဲ့ ညွန်ကြားချက်နဲ့ ဒီလူက သူရဲ့ မိသားစုနဲ့အတူ ဘင်္ဂလားဒေ့ရှ်ဘက်ကို ကူးတယ်။ ပြီးတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတစ်ဦးရဲ့ နေအိမ်မှာနေတယ်။ အဲဒီအိမ်က မြန်မာ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာရှိတဲ့ No Man's Land ကနေ ချောင်းသေးသေးလေး တစ်ခုသာ ခြားတယ်။ သူ့ရဲ့ အဓိက အလုပ်က အစိုးရကို သတင်းပို့ဖို့နဲ့ အဲဒီမှာခိုလှုံနေတဲ့ ထောင်ပေါင်းများစွာသော ရိုဟင်ဂျာဒုက္ခသည်တွေကို စည်းရုံးသိမ်းသွင်းဖို့ပဲ။ လူတွေကို စည်းရုံးလို့ မရတော့ နောက်ဆုံးမှာ သူတို့ကိုယ်တိုင် ပြန်ဝင်လာတယ်ဆိုတဲ့ ပုံစံနဲ့ ၀င်လာတာ။ အဲဒါကို အာဏာပိုင်တွေက ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်ဝင်လာတယ်ဆိုတဲ့ ပုံစံမျိုး ဖန်တီးလိုက်တာ” ဟု ၎င်းက ဖြည့်စွက်ပြောသည်။
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီး ဒေါက်တာဝင်းမြတ်အေးသည် လွန်ခဲ့သည့် ရက်ပိုင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခိုလှုံနေသည့် ရိုဟင်ဂျာများကို ပြန်လာရန် ပြောဆိုခဲ့သည်။ သို့သော်လည်း နာဇီအကျဉ်းစခန်းကဲ့သို့ ဆောက်လုပ်ထားသည့် အကျဉ်းစခန်းများသို့ သွားရောက်၍ နေထိုင်ရမည်ကို စိုးရိမ်သည်ကတစ်ကြောင်း၊ အသက်အန္တရာယ်ကို စိုးရိမ်ရသည်ကတစ်ကြောင်းတို့ကြောင့် ပြန်လာရန် ဆန္ဒမရှိသည့် လူမျိုးတုန်းသတ်ဖြတ်မှုမှ အသက်ရှင် ထွက်ပြေးလာသော ရိုဟင်ဂျာများကို သွေးဆောင် ဖြားယောင်းရန် အတွက် ယခုကဲ့သို့ အတုအယောင် သရုပ်ဆောင်ထားသည့် ပြန်လည် လက်ခံပွဲတစ်ခုကို ကျင်းပခဲ့ခြင်း ဖြစ်သည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ ကိုယ်စားလှယ် အဖွဲ့သည် ၂၀၁၂ ခုနှစ်နောက်ပိုင်း ရိုဟင်ဂျာများကို မြန်မာစစ်တပ်မှ အကြမ်းဖက်မှုများ အကြိမ်ကြိမ် ပြုလုပ်ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ယခုလ အကုန်ပိုင်းတွင် လာရောက်၍ ကြည့်ရှုရန် စီစဉ်ထားသည်။
Sabit Hamid သတင်းပေးပို့သည်။

| ပြန်ကြားရေးဝန်ကြီးဌာနမှ တင်ထားသည့် ဓါတ်ပုံ |
RB News
15.4.2018
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ငါးရန့်ချောင်းကျေးရွာအုပ်စု၊ ပေါက်တောပြင်ရွာတွင် နယ်ခြားစောင့်ရဲတစ်ဦး၏ ရိုက်နှက်မှုကို ခံရပြီးနောက် အသက်အန္တရာယ်မှ လွတ်မြောက်ရေး အတွက် ထွက်ပြေးသွားသူ တစ်ဦး ရေနစ်၍ သေဆုံးသွားခဲ့ရာ အလောင်းဆယ်ယူမည့်သူ မရှိ ဖြစ်နေသည်။
ဘူးသီးတောင်မြို့နယ် ယင်းမကျောင်းတောင်ကျေးရွာအုပ်စု၊ ယင်းမကျောင်းတောင်ရွာတွင် ယခင်ကနေထိုင်ခဲ့သူ အငြိမ်းစား မ.ယ.က စာရေး ဦးမာမာတ်ကာဆိမ်း (အသက် ၆၁ နှစ်) သည် ယင်းမကျောင်းတောင်ရွာရှိ ၎င်း၏ နေအိမ်ကို ဧပြီလ (၁၂) ရက်နေ့ နေ့လည်ပိုင်းတွင် သွားရောက် ကြည့်ရှု၍ ပြန်နေစဉ် ငါးရန့်ချောင်းကျေးရွာအုပ်စု၊ ပေါက်တောပြင်ရွာ၊ ပေါက်တောပြင်ခွဆုံ အနီးသို့ ရောက်ရှိသောအခါ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ဖြစ်သူ ကိုကိုဦး က လူမဆန်စွာ ရိုက်နှက်ခဲ့ရာ ယင်းနေရာတွင်ပင် သတိလစ်သွားခဲ့သည်။
သတိလစ်နေသည့် ဦးမာမတ်ကာဆိမ်း ကို အနီးရှိ ဆိုင်မှ ရခိုင်အမျိုးသမီးတစ်ဦးက မျက်နှာကို ရေလောင်း၍ သတိပြန်ဝင်လာအောင် ပြုလုပ်ပြီးနောက် အဆိုပါ အမျိုးသမီးက ငါးရန့်ချောင်း ချောင်းကို ကူးဖြတ်၍ ထွက်ပြေးရန် အကြံပေးခဲ့သည်။ ထို့နောက် ဦးမာမတ်ကာဆိမ်းသည် ငါးရန့်ချောင်း ချောင်းကို ရေကူး၍ ကူးဖြတ်ပြီးနောက် ထိုမှတဆင့် ကျီးနှုတ်သီး ကျေးရွာသို့ သွားရောက်ခဲ့သည်။ ကျီးနှုတ်သီးရွာမှ ဘဒန ချောင်းကို ရေကူး၍ မိကျောင်းဈေးရွာသို့ သွားနေစဉ် ရေနစ်၍ သေဆုံးသွားခဲ့ပြီး၊ ၎င်း၏ အလောင်းကို ဧပြီလ (၁၄) ရက်နေ့ ညနေပိုင်းတွင် ဘဒန ချောင်းကမ်းခြေအနီးတွင် ဒေသခံများက တွေ့ရှိခဲ့သည်။
“အလောင်းကိုတွေ့ပေမယ့်လည်း ဆယ်ယူမယ့်သူ မရှိဘူး။ ဘဒန ချောင်းနားမှာ ရိုဟင်ဂျာအိမ်တွေ ရှိတော့ ရှိတယ်။ လေးငါးခြောက်အိမ်လောက်သာ ရှိတော့ သူတို့လည်း မဆယ်ရဲဘူး။ အလာင်းက မျောနေတယ်။ ကျွန်တော်လည်း ဦးမာမတ်ကာဆိမ်း အရိုက်ခံရပြီး ဘယ်ရောက်သွားလဲဆိုတာ တောက်လျှောက် ရွာတွေကို ဖုန်းဆက်ပြီး စုံစမ်းတော့ နောက်ဆုံး ရေနစ်သေသွားတဲ့ သတင်းကိုသာ ရလိုက်တယ်” ဟု ဒေသခံတစ်ဦးက RB News သို့ပြောသည်။
ဦးမာမတ်ကာဆိမ်းသည် ယခင်က ယင်းမကျောင်းတောင်ကျေးရွာတွင် မိသားစုနှင့် အတူ နေထိုင်ခဲ့ပြီး၊ ၂၀၁၇ သြဂုတ်လ (၂၅) ရက်နေ့ နောက်ပိုင်းတွင် ယင်းမကျောင်းတောင်ကျေးရွာအုပ်စု တစ်ခုလုံး စစ်တပ်က မီးရှို့မှုကြောင့် ၎င်း၏ မိသားစုဝင်များ အားလုံး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေး ခိုလှုံနေရပြီး၊ ၎င်းတစ်ဦးသာ ကျန်နေခဲ့သည်။ အိမ်အနည်းငယ် မီးရှို့မခံရဘဲ ကျန်နေသည့် အိမ်များတွင် ဦးမာမတ်ကာဆိမ်း၏ အိမ်လည်း အပါအ၀င် ဖြစ်ပြီး၊ ၎င်း၏ နေအိမ်ကို သွားရောက်ကြည့်ရှုပြီး အပြန်တွင် နယ်ခြားစောင့်ရဲ ကိုကိုဦး၏ လူမဆန်စွာ ရိုက်နှက်ခြင်းကို ခံရပြီးနောက် ထွက်ပြေးနေစဉ် ရေနစ်၍ သေဆုံးခဲ့ခြင်း ဖြစ်သည်။
RB News
13.4.2018
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြို့ဦး (ဧတာလျာ) ကျေးရွာအုပ်စု၊ လသာရွာမှ ဟိန္ဒူလူမျိုးများ နေထိုင်သည့် နေအိမ်တစ်လုံးကို မီးရှို့သည့် ဟိန္ဒူလူငယ်တစ်ဦးကို ဒေသခံများက ၀ိုင်းဝန်းဖမ်းဆီးလိုက်သည်။
ယနေ့ ဧပြီလ (၁၃) ရက်နေ့ ည ၇း၃၀ နာရီကျော်အချိန်တွင် မြို့ဦး (ဧတာလျာ) ကျေးရွာအုပ်စု၊ လသာရွာမှ ဟိန္ဒူလူမျိုးများ နေထိုင်သည့်နေအိမ်တစ်လုံးကို မြို့ပေါ်ရှိ ဒုက္ခသည်စခန်းတွင် ပြောင်းရွှေ့နေထိုင်နေသည့် ဟိန္ဒူလူငယ်တစ်ဦးက မီးရှို့ခဲ့ရာ ဒေသခံများက ၀ိုင်းဝန်းဖမ်းဆီး၍ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမုစ်တာဖာကာမာလ် ထံသို့ အပ်နှံလိုက်ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။
လသာရွာတွင် ယခင်က ဟိန္ဒူလူမျိုးများ နေထိုင်သည့် အိမ်ခြေ (၈၀) ခန့်ရှိပြီး ၂၀၁၇ သြဂုတ်လ (၂၅) ရက်နေ့ နောက်ပိုင်းတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ နယ်မြေ (၆) မှ ဒု-နယ်မြေမှူး ကိုယ်တိုင်လာရောက်၍ ဟိန္ဒူလူမျိုးများကို မြို့ပေါ်သို့ ပြောင်းရွှေ့ပေးမည်ဟု ဆိုကာ စည်းရုံး၍ မြို့ပေါ် အထက်တန်းကျောင်းရှိ ဒုက္ခသည်စခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။
ဒု-နယ်မြေမှူး၏ စည်းရုံးမှုကြောင့် ဟိန္ဒူအများစုမှာ ဒုက္ခသည်စခန်းသို့ ရောက်ရှိသွားပြီး၊ မိမိတို့၏ ကျေးရွာ ပြောင်းရွှေ့လိုစိတ်မရှိသည့် မိသားစု (၈) စုသာ ကျန်နေခဲ့သည်။
ကျန်နေခဲ့သည့် ဟိန္ဒူမိသားစု (၈) စုသည် ရိုဟင်ဂျာမွတ်စလင်များနှင့် မိသားစုဝင်များပမာ ရင်းရင်းနှီးနှီး နေထိုင်လျက်ရှိပြီး၊ အလုပ်အကိုင်မရှိ ၀င်ငွေမရှိသည့် ကာလတွင် အစားအသောက်များပင် ဝေမျှကြသည်ဟု ဒေသခံများက ဆိုသည်။
ကျန်နေခဲ့သည့် မိသားစုများထံ မြို့ပေါ် ဒုက္ခသည်စခန်းမှ ဟိန္ဒူများ ၀င်/ထွက် သွားလာခြင်းများ နေ့စဉ်ရှိနေပြီး၊ ယနေ့ မီးရှို့သည့် ဦးဂိုနီ၏ အသက် (၂၅) နှစ် အရွယ် သားဖြစ်သူ (အမည်မသိ) လည်း အမြဲလိုလို ၀င်ထွက် သွားနေလာသူ ဖြစ်သည်။

12.4.2018
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်ရှိ မြို့နယ်နှစ်မြို့နယ်တွင် ညမထွက်ရအချိန် ပြင်ဆင် သတ်မှတ်၍ နှစ်လသက်တမ်းတိုးမြှင့်လိုက်သည်။
၂၀၁၂ ခုနှစ် ဇွန်လမှစ၍ နှစ်လတစ်ကြိမ် သက်တမ်းတိုး၍ ထုတ်ပြန်လာသည့် ညမထွက်ရအချိန်ကို ယနေ့ ဧပြီလ (၁၂) ရက်နေ့တွင် ပြင်ဆင် သတ်မှတ်၍ နှစ်လအတွက် သက်တမ်းတိုးလိုက်ကြောင်း ခရိုင်အုပ်ချုပ်ရေးအဖွဲ့မှ ဒေသခံများကို အသိပေးလိုက်သည်။
ည ၆ နာရီမှ နံနက် ၆ နာရီထိ ညမထွက်ရ အမိန့်ကို ဘူးသီးတောင်မြို့နယ်တွင် ည ၁၀ နာရီမှ နံနက် ၅ နာရီထိလည်းကောင်း၊ မောင်တောမြို့နယ်တွင် ည ၉ နာရီမှ နံနက် ၅ နာရီထိလည်းကောင်း ပြင်ဆင်သတ်မှတ်လိုက်သည်ဟု အုပ်ချုပ်ရေး အာဏာပိုင်များက အသိပေးကြောင်း ဒေသခံများက RB News သို့ပြောပါသည်။
ညမထွက်ရအမိန့်ကို ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များရှိ ဒေသခံများ အားလုံး လိုက်နာရန် လိုသော်လည်း အမှန်တကယ်တွင် ဗုဒ္ဓဘာသာဝင်များ မလိုက်နာပါက မည်သို့မျှ အရေးယူဆောင်ရွက်ခြင်း မရှိဟု ဒေသခံများက ဆိုသည်။
နယ်ခြားစောင့်ရဲများနှင့် မြို့ပေါ်ရှိ ရဲတပ်ဖွဲ့ဝင်များက ရိုဟင်ဂျာများကို ညမထွက်ရ အချိန်မစတင်မီ နာရီဝက် အလိုခန့်တွင် နေအိမ်ပြင်ပများ၌ တွေ့ရှိပါက ညမထွက်ရအမိန့် ချိုးဖောက်သည်ဟု လုပ်ကြံစွပ်စွဲ၍ ငွေညှစ်ခြင်းများ မကြာခဏ ပြုလုပ်လေ့ရှိသည်။
ညမထွက်ရအချိန် ပြောင်းလဲသွားသော်လည်း ကျေးလက်ဒေသများရှိ ဒေသခံများသည် အလုပ်အကိုင်မရှိခြင်း၊ သွားလာခွင့် ကန့်သတ်ထားခြင်း တို့ကြောင့် အခြေအနေတစ်စုံတစ်ရာ ပြောင်းလဲရန် မရှိဟု သုံးသပ်နေကြသည်။

11.4.2018
11.4.2018
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ကကျက်ဘက်ကံပြင်ကျေးရွာအုပ်စုနှင့် အနီးအနားရွာများမှ ကျွဲ၊ နွား၊ ဆိတ်များ ခိုးယူ၍ ငွေရှာနေသည့် အဖွဲ့ကို ဦးဆောင်နေသူမှာ ကကျက်ဘက်ကံပြင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်ကျော်သာ ဖြစ်သည်။
၎င်းသည် ယခုသီတင်းပတ်အတွင်း တပ်ရာရွာမှ ရိုဟင်ဂျာအမျိုးသမီးများကို မုဒိမ်းကျင့်ရန် ကြိုးစားခဲ့သူလည်း ဖြစ်သည်။
ဦးမောင်ကျော်သာ ဦးဆောင်သည့် ကျွဲ၊ နွား၊ ဆိတ် သူခိုးအဖွဲ့သည် ၂၀၁၇ ခုနှစ် အောက်တိုဘာလမှစ၍ ယခုနှစ် မတ်လ ပထမပတ် အတွင်းတွင် ကွန်ဒိုင်၊ ရွက်ညိုတောင်၊ ဒပြုချောင်း၊ ကင်းတောင်၊ ဘဂုံးနား စသည့် ကျေးရွာအုပ်စုပေါင်း ၁၂ ခုမှ နွား အကောင်ရေ ၂၀ ကျော် ခိုးယူလာကာ အသားဖော်၍ ကကျက်ဘက်ကံပြင်ကျေးရွာအုပ်စုနှင့် ကကျက်ဘက်ဈေးတို့တွင် ရောင်းချခဲ့သည်။
ဦးမောင်ကျော်သာ၏ သူခိုးဂိုဏ်းမှ အမည်မဖော်လိုသူ သူခိုးတစ်ဦးက ”လွန်ခဲ့တဲ့ ဖေဖော်ဝါရီလ ၂၃ နေ့မှာ ကျွန်တော်တို့ ၃ ယောက် မေယုမြစ်ရဲ့ အရှေ့ဘက်ကမ်းမှာရှိတဲ့ ကျေးရွာနှစ်ရွာက နွားကြီး ၃ ကောင် ခိုးလာတယ်။ ကွန်ဒိုင်အုပ်စုရဲ့ မြောက်ဘက် လယ်ပြင်ကို ဖြတ်ပြီး မေယုမြစ်ကို ကူးဖြတ်ခဲ့တယ်။ အရင် အဲဒီဘက်ရွာတွေက ခိုးရင် အဲဒီလမ်းကြောင်း အတိုင်း ယူလာနေကျပါ။ အဲဒီနွားတွေကို မြစ်ရဲ့ အနောက်ဘက်ကမ်းမှာရှိတဲ့ ဦးမောင်ကျော်သာရဲ့ မြို့မစေတီတောင်ရွာကို ယူသွားပြီး အပ်လိုက်တယ်။ ခါတိုင်း တစ်ခါ သွားခိုးရင် တစ်ကောင်သာ ယူလာနိုင်တာ။ ဒီတစ်ခါတော့ ၃ ကောင် ယူလာနိုင်တော့ ဦးမောင်ကျော်သာ က နွားတွေကို ယူထားပြီး ဝေစုအတွက် နောက်နေ့ ည ၈ နာရီ အချိန်မှာ လာဖို့ချိန်းတယ်။ အဲဒါနဲ့ သူချိန်းတဲ့အတိုင်း သွားတော့ အိုးသည်ရွာက ဆီရာဒီးန်၊ ရှားကဲရ်၊ အဒူရော်ဟိမ်း၊ အဒူရော်မန် တို့က လက်တစ်ထွာလောက်ရှိတဲ့ ဓါးတွေကိုင်ပြီး ကျွန်တော်တို့ကို သတ်မယ်ဖြတ်မယ် လုပ်တော့ ထွက်ပြေးခဲ့ရတယ်။ ဦးမောင်ကျော်သာ က ကျွန်တော်တို့ကို ဝေစု မပေးချင်တော့လို့ ဒီနည်းနဲ့ ရှင်းလိုက်တာပါ။ ကျွန်တော်တို့ကတော့ အသက်နဲ့ရင်းပြီး ခိုးခဲ့ရတာဆိုတော့ ဒီလ လဆန်းပိုင်းအထိ လူကိုယ်တိုင် မသွားဘဲ ဆက်သွယ်ပြီး တောင်းသေးတယ်။ အခုတော့ နောက်တစ်ခါတောင်းရင် အမှုဖန်တီးပြီး ထောင်ကျအောင် လုပ်မယ်၊ ဘင်္ဂလားကို ထွက်ပြေးချင်လား၊ ဒါမှ မဟုတ် ဒီမှာ သေချင်လား ဆိုတာမျိုးတွေ ပြောပြီး ခြိမ်းခြောက်နေတယ်” ဟု RB News သို့ပြောသည်။
RB News
8.4.2018
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ကကျက်ဘက်ကံပြင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်ကျော်သာက တပ်ရာရွာမှ ဒေသခံရိုဟင်ဂျာအမျိုးသမီးများကို ရိုက်နှက်၍ မုဒိမ်းကျင့်ရန်အထိ ကြိုးစားခဲ့သည်။
ဘူးသီးတောင်မြို့နယ် ကကျက်ဘက်ကံပြင်ကျေးရွာအုပ်စု၊ တပ်ရာရွာရှိ ဒေါ်ရာဘီယာခါတူ၏ နေအိမ်သို့ ဧပြီလ (၄) ရက်နေ့မှ (၆) ရက်နေ့အတွင်း (၃) ညတိတိ ညတိုင်း ကျူးကျော်ဝင်ရောက်၍ နားမခံသာအောင် ဆဲဆိုကြိမ်းမောင်း၍ ရိုက်နှက်ခဲ့သည်။ ဒေါ်ရာဘီယာခါတူတွင် သမီးပျို နှစ်ဦးရှိပြီး ၎င်းတို့အား အုပ်ချုပ်ရေးမှူးက ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် ညသန်းခေါင်ယံအချိန်တွင် အပြင်သို့ ခေါ်ထုတ်၍ မေးမြန်းစရာရှိသည်ဟု အကြောင်းပြ၍ မုဒိမ်းကျင့်ရန် ကြံစည်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။
အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးမောင်ကျော်သာသည် ၎င်းနှင့်အတူ အပေါင်းပါ နှစ်ဦး ခေါ်ဆောင်လာပြီး အင်အားဖြင့် အမျိုးသမီးများကို ကာအိနြေ္ဒပျက်ပြားစေသည့်အထိ ပြုလုပ်ခဲ့သည်ဟု ဒေသခံများက ဆိုသည်။ ဦးမောင်ကျော်သာက နယ်ခြားစောင့်ရဲများကို ဖုန်းဆက်ခြင်း၊ ရဲစခန်းသို့ ဖုန်းဆက်ခြင်းများ ပြုလုပ်၍ ဒေါ်ရာဘီယာခါတူကို ဖမ်းဆီးခေါ်ဆောင်သွားမည်ခြင်းဟု ခြိမ်းခြောက်ခြင်း၊ နောင်တွင်လည်း ညတိုင်း လာ၍ နှောက်ယှက် ရိုက်နှက်မည်ဟု ခြိမ်းခြောက်ခြင်းများ ပြုလုပ်ခဲ့သည်။
အလားတူ ဦးမောင်ကျော်သာသည် ဧပြီလ (၆) ရက်နေ့ ည (၈) နာရီမှာ ညသန်းခေါင်ယံကျော် ဧပြီလ (၇) ရက်နေ့ နံနက် (၁) နာရီထိ တပ်ရာရွာမှ ဒေါ်ဟူဆောင်းဘာနို၏ နေအိမ် အိပ်ခန်းထဲသို့ ကျူးကျော်ဝင်ရောက်၍ မုဒိမ်းကျင့်ရန် ကြိုးစားခဲ့သည်။ ဒေါ်ဟူဆောင်းဘာနိုသည် အိမ်ထောင်သည် တစ်ဦးဖြစ်ပြီး၊ ကလေးများကိုရှေ့သို့ ပို့၍ အကာအကွယ်ယူကာ ဦးမောင်ကျော်သာ၏ မုဒိမ်းကျင့်ရန် ကြိုးစားမှုကို ရှောင်ရှားနိုင်ခဲ့သည်ဟု ဒေသခံများက ပြောပါသည်။ မုဒိမ်းကျင့်ရန် ကြံစည်သည့် အကြံ မအောင်မြင်သောအခါ ဒေါ်ဟူဆောင်းဘာနိုကို ရိုက်နှက်ကန်ကျောက်ခြင်းများ လူမဆန်စွာ ပြုလုပ်ခဲ့သည်။
ထို့အပြင် ယင်းနေ့ ဧပြီလ (၆) ရက်နေ့ ညပိုင်းတွင် ဒေါ်အာမီနာခါတူ၏ နေအိမ်သို့ ဦးမောင်ကျော်သာနှင့် အပေါင်းပါ နှစ်ဦး ကျူးကျော်ဝင်ရောက်၍ ဒေါ်အာမီနာခါတူ၏ သားဖြစ်သူ မိုဟာမတ်ရှာကေရ်သည် အိမ်နီးချင်း ဒေါ်ဟူဆောင်းဘာနိုနှင့် တရားမ၀င် ခိုး၍ ပေါင်းသင်းနေသည်ဟု လုပ်ကြံစွပ်စွဲ၍ မိုဟာမတ်ရှာကေရ်ကို ဖမ်းဆီးရန် ရှာဖွေခဲ့သည်။ မိုဟာမတ်ရှာကေရ်ကို နေအိမ်တွင် ရှာမတွေ့သောအခါ ထမင်းထိုင်စားနေသည့် မိသားစုဝင်များ အားလုံးကို အထိတ်တလန့် ဖြစ်အောင် ပြုလုပ်ခြင်း၊ သုံးဘီးကားကို ခြေဖြင့် ကန်ကျောက်ခြင်း၊ ဖိုက်ဘာထိုင်ခုံတစ်လုံးကို ရိုက်ချိုးခြင်းများ ပြုလုပ်ခဲ့သည်။
မိသားစုဝင်များ ထမင်းစားပြီးနောက် အားလုံးကို လူမဆန်စွာ ရိုက်နှက်၍ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးရန် ပြောဆိုခဲ့သည်။ အကယ်၍ ဘင်္ဂလားဒေ့ရှ်သို့ ထွက်မပြေးပါက သတ်ပစ်မည်ဟု ဦးမောင်ကျော်သာက ခြိမ်းခြောက်ခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရှိရသည်။

| မလေးရှားနိုင်ငံသို့ ရိုဟင်ဂျာ ၅၆ ဦး တင်ဆောင်၍ ရောက်ရှိသွားသည့် စက်လှေ (မတ်လ ၃၁ ရက်) |
RB News
8.6.2018
စစ်တွေ/ကွာလာလမ်ပူ -- မတ်လ (၂၄) ရက်နေ့က ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ ရိုဟင်ဂျာ ၁၄၀ ဦးခန့် တင်ဆောင်၍ မလေးရှားနိုင်ငံသို့ ထွက်ခွာသွားသည့် စက်လှေနှစ်စီး ပျောက်ဆုံးနေကြောင်း ခိုင်မာသည့် သတင်းရင်းမြစ်များမှ စုံစမ်းသိရှိရသည်။
မတ်လ (၃၁) ရက်နေ့တွင် ရိုဟင်ဂျာ ၅၆ ဦးတင်ဆောင်ထားသည့် စက်လှေတစ်စီးသည် မလေးရှားနိုင်ငံသို့ ကောင်းမွန်စွာ ရောက်ရှိသွားခဲ့သည်။ ၎င်းတို့အား မလေးရှားရေတပ်မှ ကယ်တင်ခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးဌာနက ထိန်းသိမ်းထားသည်။ ယင်းစက်လှေနှင့်အတူ စစ်တွေမြို့ သဲချောင်းမှ အခြားစက်လှေနှစ်စီးလည်း ထွက်ခွာသွားခဲ့သော်လည်း ယင်းစက်လှေနှစ်စီး ပျောက်ဆုံးလျက် ရှိသည်။
“မတ်လ (၃၁) ရက်နေ့က မလေးရှားကို စက်လှေတစ်စီးရောက်သွားတယ်လို့ ကျွန်တော်တို့ သိရတယ်။ ဒါပေမဲ့ အမျိုးသမီး၊ ကလေးတွေ အများစုပါဝင်တဲ့ လူ ၁၄၀ လောက် တင်ပြီး ထွက်သွားတဲ့ စက်လှေနှစ်စီး ပျောက်နေတယ်။ အဲဒီစက်လှေတွေနဲ့ ကျွန်တော်တို့ အဆက်အသွယ် ပြတ်နေတယ်။ ဘယ်ရောက်နေလဲဆိုတာ မသိတော့ဘူး။ သူတို့ရဲ့ ဆွေမျိုးတွေကတော့ အရမ်းကို စိတ်ပူနေကြတယ်” ဟု စစ်တွေမြို့မှ ရိုဟင်ဂျာတစ်ဦးဖြစ်သူ ဦးမိုဟာမတ် (အမည်ရင်းမဟုတ်) က RB News သို့ပြောပါသည်။
စက်လှေများနှင့် ထွက်ခွာနေသူများမှာ ၂၀၁၂ ခုနှစ်တွင် နေအိမ်များမှ မောင်းထုတ်ခံရပြီး၊ နေအိမ်များ မီးရှို့ခံရခြင်းကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်သွားသည့် ရိုဟင်ဂျာများ ဖြစ်ကြသည်။ အနည်းဆုံး ၁၄၀၀၀၀ ကျော် ဒုက္ခသည်စခန်းများတွင် သီးသန့်ခွဲခြားထားသည်မှာ ၆ နှစ်နီးပါး ရှိနေပြီဖြစ်သည်။ လာမည့် သီတင်းပတ်များတွင် စက်လှေများ ထပ်မံ၍ ထွက်ခွာမည့် အခြေအနေရှိသည်ဟု ဒေသခံများက ဆိုသည်။
“ကျွန်တော်တို့က ဘယ်ကိုမှ သွားလာ လှုပ်ရှားလို့မရဘူး။ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘ၀တွေကို ပိတ်ဆို့ထားတယ်။ ကျွန်တော်တို့ အလုပ်လုပ်လည်း လုပ်လို့မရဘူး။ အစားအသောက်လည်း လုံလုံလောက်လောက်မရဘူး။ ကျွန်တော်တို့မှာ မျှော်လင့်ချက်ကင်းမဲ့နေတယ်။ ဘယ်တော့များ ဒီလို အတိဒုက္ခတွေ အဆုံးသတ်သွားမလဲဆိုတာ မသိဘူး။ အကျဉ်းထောင်လို စခန်းတွေထဲ နေနေရတာ ၂၀၁၂ ခုနှစ်ကတည်းကပဲ။
“အဲဒါကြောင့် မလေးရှားမှာ ဆွေမျိုးရှိသူတွေက အေးဂျင့်တွေကို ငွေပေးတယ်။ ဒီမှာရောင်းချဖို့ ရှိသူတွေက ရောင်းချပြီး အေးဂျင့်ကို ပေးပြီး မလေးရှားကို ထွက်နေကြတယ်။ နောက်ထပ် စက်လှေနှစ်စီးလည်း မကြာခင် ထွက်ဖို့ ရှိနေတယ်” ဟု စစ်တွေမြို့မှ ရိုဟင်ဂျာတစ်ဦးက ပြောပါသည်။
မလေးရှားသို့ထွက်ခွာနေသူ တစ်ဦးလျှင် ငွေကျပ် ၇ သိန်း အေးဂျင့်ကို ပေးရပြီး၊ လုံခြုံရေးတပ်ဖွဲ့ဝင်များကို စက်လှေတစ်စီးလျှင် ငွေကျပ် သိန်း ၁၀၀ ပေးရကြောင်း၊ စက်လှေတစ်စီးလျှင် လူ ၁၀၀ ခန့်ထိ တင်ဆောင်နိုင်ကြောင်း စစ်တွေမြို့မှ သတင်းရင်းမြစ်များက ပြောသည်။
Saed Arakani နှင့် M.S. Anwar တို့က သတင်းပေးပို့သည်။
RB News
2.4.2018
လန်ဒန် ။ ။ မြန်မာ ရိုဟင်ဂျာ အသင်း (ယူကေ) ၏ နှစ်ပတ်လည် အစည်းအဝေးကို မတ်လ (၃၁) ရက်နေ့က ကျင်းပခဲ့ပြီး လန်ဒန်မြို့တွင် နေထိုင်နေကြသည့် ရိုဟင်ဂျာမိသားစုများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ စုံလင်စွာ တက်ရောက်ခဲ့သည်။
အစည်းအဝေးတွင် ဘဘာပတိအဖြစ် ဦးဘစိန်က ဆောင်ရွက်ပြီး၊ အခမ်းအနားမှူးအဖြစ် ဦးသီဟဂျမာလ်မှ ဆောင်ရွက်ခဲ့သည်။ အစည်းအဝေး အစီအစဉ်များအရ အသင်း၏ လှုပ်ရှား ဆောင်ရွက်မှုများကို ဥက္ကဌ ဖြစ်သူ ဦးထွန်းခင်က အကျယ်တ၀န့် ရှင်းလင်းတင်ပြပြီး၊ ဘဏ္ဍာရေး ရှင်းတမ်းကို ဘဏ္ဍာရေး အတွင်းရေးမှူး ဦးစောလွင်က ဖတ်ကြားတင်ပြသည်။ စာရင်းအင်းထားသိုမှု၊ သုံးစွဲမှု အခြေအနေများကို စာရင်းစစ်အဖွဲ့ ခေါင်းဆောင် ဦးဘစိန်မှ ရှင်းလင်းတင်ပြခဲ့သည်။
အစည်းအဝေးတွင် ဥက္ကဌ ဦးထွန်းခင်နှင့် အတူ ဦးနူရုလ်အစ္စလာမ်၊ ဧည့်သည်တော် ဒေါက်တာမောင်ဇာနည် တို့က ကာကွယ်စောင့်ရှောက်မှု ရှိသော ဇာတိမြေသို့ ရိုဟင်ဂျာများ အကာအကွယ် အစောင့်အရှောက်နှင့် ပြန်ခွင့် ရရှိရေးတို့ကို ရှင်းလင်း ပြောကြားခဲ့သည်။
အစည်းအဝေး အစီအစဉ်များအရ အမှုဆောင် (၁၁) ဦး ပါဝင်သော ဗဟိုအလုပ်အမှုဆောင်အသစ် အဖွဲ့ ရွေးချယ်ပြီး ဥက္ကဌအဖြစ် ဦးထွန်းခင်ကို လည်းကောင်း၊ အတွင်းရေးမှူး အဖြစ် ဦးသီဟဂျမာလ်ကို လည်းကောင်း ပြန်လည် ရွေးချယ် တင်မြှောက်ခဲ့သည်။
ထို့နောက် ရိုဟင်ဂျာရင်သွေးငယ်များအား ပညာရည်ထူးချွန်ဆုပေးပွဲ ကျင်းပပြုလုပ်ပြီး ဆု (၃) ဆုကို ပညာရေး ကော်မတီအတွင်းရေးမှူး ဒေါ်ခင်လှ က ချီးမြှင့်ပေးအပ်ခဲ့သည်။
Rohingya Eye
RB News
31.3.2018
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောတောင်ကျေးရွာတွင် ငါးဖမ်း၍ ၀မ်းစာရှာနေသည့် ဒေသခံရိုဟင်ဂျာများထံမှ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှူးက လစဉ်ကြေး ငါးသောင်းကျပ်စီ တောင်းခံနေသည်။
မတ်လ (၃၀) ရက်နေ့ နေ့လည် ၂ နာရီခန့်အချိန်တွင် သရက်အုပ်ကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ စခန်းမှူးနှင့် တပ်ဖွဲ့ဝင် (၆) ဦးတို့သည် မြောတောင်ကျေးရွာသို့ ဆိုင်ကယ် (၃) စီးဖြင့် ရောက်ရှိလာပြီး ကျေးရွာအုပ်ချုပ်ရေးမှူးကို ဆင့်ခေါ်ခဲ့သည်။ ကျေးရွာအုပ်ချုပ်ရေးမှူး ရောက်ရှိလာသောအခါ “ဒီရွာမှာ ပိုက်ကွန်နဲ့ ငါးဖမ်းနေတဲ့ ရွာသားဘယ်နှစ်ယောက်ရှိလဲ” ဟု မေးမြန်းခဲ့ရာ ကျေးရွာအုပ်ချုပ်ရေးမှူးက (၈) ဦးခန့် ရှိကြောင်း ရိုးသားစွာ ဖြေဆိုခဲ့သည်။
ထို့နောက် ကင်းစခန်းမှူးက ငါးဖမ်းသူများသည် ၎င်းထံမှ ခွင့်ပြုချက်ယူရမည် ဖြစ်ကြောင်း၊ ၎င်း၏ စခန်းသို့ လစဉ် ငွေကျပ် ငါးသောင်းစီ ပေးသွင်းရမည် ဖြစ်ကြောင်း၊ လစဉ်ကြေး မပေးပါက ငါးဖမ်းခွင့်ရမည် မဟုတ်ကြောင်း ပြောကြား၍ လစဉ် ဆက်ကြေးတောင်းခံခဲ့သည်ဟု ဒေသခံများက RB News သို့ပြောသည်။
ကင်းစခန်းမှူးက ကျေးရွာအုပ်ချုပ်ရေးမှူးကို “ဒီလူတွေကို ငါအခု ဘာပြောလဲဆိုတာ ရှင်းပြပြီး ငွေယူပေးနိုင်မလား၊ ဒါမှမဟုတ် ဒီလူတွေကို ငါတို့နဲ့ လာတွေ့ခိုင်းမလား၊ ဒါမှမဟုတ် ငါတို့ သူတို့အိမ်တွေကို သွားရမလား” ဟု မေးမြန်းရာ ကျေးရွာအုပ်ချုပ်ရေးမှူးက ကျေးရွာသားများကို ရှင်းပြ၍ ပြန်လည်တင်ပြမည်ဟု ကတိပေးခဲ့သည်။
မြောတောင်ကျေးရွာတွင် ၂၀၁၇ ခုနှစ် သြဂုတ်လ (၂၅) ရက်နေ့မတိုင်မီ ဒေသခံရိုဟင်ဂျာ မိသားစု (၆၀၁) စု လူဦးရေအားဖြင့် (၅၀၀၅) ဦး ရှိခဲ့သည်။ မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေး ခေါင်းစဉ်တပ်၍ နေအိမ်များ မီးရှို့ခြင်း၊ အမျိုးသမီးများနှင့် မိန်းကလေးငယ်များကို အုပ်စုဖွဲ့ မုဒိမ်းကျင့်ခြင်း၊ အသက်အရွယ်မရွေး ပစ်သတ်ခြင်း၊ လည်လှီး သတ်ဖြတ်ခြင်း၊ အရှင်လတ်လတ် မီးရှို့ခြင်း၊ ကလေးငယ်များကို မီးထဲသို့ ပစ်သွင်း၍ သတ်ဖြတ်ခြင်း တို့ကြောင့် ယခုအခါ မိသားစု (၃၇) စု လူဦးရေအားဖြင့် (၁၃၅) ဦးသာ ကျန်ရှိတော့သည်။
နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များက လိုင်စင်ရ သောင်းကျန်းသူများကဲ့သို့ လစဉ် ဆက်ကြေး တောင်းခံနေသည်များ မပေးနိုင်လျှင် တဖက်နိုင်ငံသို့ ထွက်ပြေး ခိုလှုံမည်ဟု တထစ်ချယူဆ၍ တွန်းအားပေးနေခြင်းဖြစ်သည်။
RB News
30.3.2018
မင်းပြား ။ ။ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ပန်းမြောင်းတိုက်နယ်၊ နာဂရာကျေးရွာအုပ်စု၊ သရက်အုပ်ကျေးရွာမှ ဗလီရှေ့ဆောင်ဆရာတစ်ဦးကို မတ်လ (၃၀) ရက်နေ့ နံနက်ပိုင်းတွင် ရခိုင်အစွန်းရောက်တစ်ဦးက ရိုက်နှက်ခဲ့ခြင်းကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။
မော်လ၀ီ ဦးအာမတ်ဟူဆောင်း (အသက် ၅၇ နှစ်) သည် နာဂရာကျေးရွာအုပ်စု၊ သရက်အုပ်ကျေးရွာ (နော်ယာဖာရာ) မှ ဗလီရှေ့ဆောင်ဆရာတစ်ဦး ဖြစ်ပြီး ငါးဖမ်း၍ ၀မ်းစာရှာဖွေနေသူ ဖြစ်သည်။ ၎င်းသည် မတ်လ (၃၀) ရက်နေ့ နံနက် (၇) ခန့်တွင် လေးမြို့မြစ်၏ တစ်ဖက်ခြမ်းတွင် ကွန်ပိုက်ဖြင့် ငါးဖမ်းနေစဉ် ကျွန်းတောကျေးရွာမှ ဦးကျော်ဇောအောင်၏ သားဖြစ်သူက ဦးခေါင်းကို သစ်သားတုတ်ဖြင့် ရိုက်နှက်ခဲ့သည်။ ရိုက်နှက်မှုကြောင့် ဦးခေါင်းကွဲအက်၍ ပြင်းထန်စွာ ဒဏ်ရာရရှိသွားကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။
မော်လ၀ီ ဦးအာမတ်ဟူဆောင်း ရိုက်နှက်ခံရမှုနှင့် ပတ်သက်၍ သရက်အုပ်ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင် လူကြီးများက ပန်းမြောင်းရဲစခန်းသို့ ဖုန်းဆက် အကြောင်းကြားသော်လည်း မည်သူတစ်ဦးတစ်ယောက်မှ လာရောက်၍ စစ်ဆေးမေးမြန်းခြင်း မရှိသေးကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။
“ကျွန်တော်တို့က အရေးကြုံရင်လည်း ရဲစခန်း သွားလို့မရဘူး။ ကျွန်တော်တို့ သွားလို့ရတာ အနားမှာရှိတဲ့ ရိုဟင်ဂျာရွာ နှစ်ရွာပဲရှိတယ်။ အဲဒါကလည်း နာဂရာကျေးရွာအုပ်စုထဲမှာ ရှိတဲ့ ရွာနှစ်ရွာပါ။ အခြား ဘယ်နေရာကိုမှ သွားခွင့်မရှိဘူး” ဟု ပြောသည်။
နာဂရာကျေးရွာအုပ်စုတွင် ရွာငယ် (၁၁) ရွာရှိပြီး သရက်အုပ်ကျေးရွာလည်း အပါအ၀င် ဖြစ်သည်။ ရွာငယ် (၁၁) ရွာတွင် သရက်အုပ် အပါအ၀င် ရွာ (၃) ရွာမှာ မွတ်စလင်ရွာများ ဖြစ်ပြီး၊ မွတ်စလင်များသည် မွတ်စလင်ရွာများသို့သာ သွားလာခွင့်ရှိပြီး အခြားမည်သည့်ရွာကိုမှ သွားလာခွင့် မရှိသည့်အပြင် ရဲစခန်းသို့ပင် သွားရောက်ခွင့် မရှိပေ။
မော်လ၀ီ ဦးအာမတ်ဟူဆောင်း ရရှိသည့် ဒဏ်ရာမှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေသော်လည်း လုံလောက်သည့် ဆေးဝါးကုသမှု အတွက် ဆေးရုံသို့ သွားခွင့်မရှိကြောင်း၊ နာဂရာကျေးရွာအုပ်စု အတွင်းရှိ ဒေသခံရိုဟင်ဂျာများသည် ၂၀၁၂ ခုနှစ်မှစ၍ ရွာအပြင်သို့ လုံးဝ ထွက်ခွင့်မရတော့ပဲ ပိတ်ဆို့ခံထားရကြောင်း၊ ၀င်ငွေရှာရန် အခွင့်အလမ်း လုံးဝ မရှိတော့သဖြင့် ရရာအလုပ်ဖြင့် အသက်မွေးဝမ်းကျောင်း ပြုလျှင်လည်း အစိုးရ လက်နက်ကိုင် တပ်ဖွဲ့ဝင်များ၊ ရခိုင်အစွန်းရောက်များ၏ မတရားသဖြင့် ရိုက်နှက်မှုကို မကြာခဏ ခံရသောကြောင့် လူသေဆုံးမှုများပင် ရှိကြောင်း ဒေသခံများက ပြောပါသည်။
ယျာတင် (ရိုဟင်းသား)
RB News
30.3.2018
ရိုဟင်ဂျာ အဆိုတော်တစ်ဦးအကြောင်း
(သို့မဟုတ်)
ကျပ်တည်းနေမှု၊ နှလုံးသားအနာတရ၊ အခြေအနေကြောင့် ဖြစ်ပေါ်လာတဲ့ နာကျင်မှုတွေကို တစ်ဖက်တစ်လမ်းက ဖြေလျှော့ပေးနေသူ
(၁)
သီချင်းဆိုတာ စည်းမခြားထားတဲ့ အနုပညာထဲက အနုပညာ တစ်မျိုးပါပဲ။ လူမျိုးတိုင်းမှာ သူ့နည်းသူ့ဟန်နဲ့ သီချင်းဆိုတဲ့ အဆိုတော်တွေ ရှိစမြဲပါ။ တစ်ချို့က သင်တန်းတွေ သေချာတက်ပြီး စည်းစနစ်ကျကျ သီချင်းဆိုတဲ့ အဆင့်မြင့် အဆိုတော် ဖြစ်လာသလို တစ်ချို့ကျတော့လည်း သင်တန်းတက်ခွင့်မရ၊ အခြားနည်းနဲ့လည်း လေ့လာခွင့်မရဘဲ ဝါသနာအရ သီချင်းတွေသီဆိုရင်း အဆိုတော် ဖြစ်လာတတ်ပါတယ်။ အဆင့်မြင့်တဲ့ အဆိုတော်၊ ဒါမှမဟုတ် သာမန်အဆိုတော်၊ ဘယ်အမျိုးအစားထဲကပဲ ဖြစ်ပါစေ အဆိုတော်ဆိုတာ အနုပညာသည်ဝင်ပဲ မဟုတ်ပါလား။
(၂)
အခုခေတ်မှာ အဆိုတော်တွေ သီချင်းသွင်းတဲ့ တီးဝိုင်းကို ကြည့်လိုက်ရင် ကိရိယာတန်ဆာပလာတွေ အများအပြားကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ကျွမ်းကျင်သူတွေက ကိုယ့်နေရာနဲ့ကိုယ် တာဝန်ယူပြီး ကျွမ်းကျင်စွာ တီးခတ်ပေးရတယ်။ ဆိုလိုချင်တာက သီချင်းတစ်ပုဒ် ဖြစ်လာဖို့ဆိုတာ တီးမှုတ်စရာ၊ အသံသွင်းစရာ စတဲ့ ကိရိယာတန်ဆာပလာတွေ အများအပြား လိုအပ်နေတယ်လို့ ဆိုလိုတာပါ။ သီချင်းကောင်းတစ်ပုဒ် ဖန်တီးဖို့ဆိုတာကလည်း လွယ်ကူတဲ့ အလုပ်တစ်ခုတော့ မဟုတ်တာ သေချာပါတယ်။ တီးခတ်မှုလည်းကောင်းရပြီး အသံသွင်းရတာလည်း မှန်ဖို့လိုသလို ဆိုနေတဲ့ အဆိုတော်ရဲ့ အသံလည်း သံစဉ်နဲ့ ကိုက်ညီပြီး သာယာဖို့လိုပါတယ်။ ပြီးတော့ သီချင်းရဲ့ စာသားတွေကလည်း ထိမိဖို့လိုပါလိမ့်မယ်။
(၃)
အခု ဒီဗီဒီယိုမှာ ... ရိုဟင်ဂျာ အဆိုတော်က သီချင်းဆိုနေတဲ့အခါ တီးခတ်စရာဆိုလို့ ကိရိယာနှစ်ခုပဲ ရှိနေတာ တွေ့ရပါတယ်။ တစ်ခုက မီဒီလင်ဖြစ်ပြီး အဲ့ဒီမယ်ဒလင်ကို တစ်ယောက်က တီးပေးနေတယ်။ နောက်တစ်ခုက စတီးခွက်ပါပဲ။ အဲ့ဒီ စတီးခွက်ကို အဆိုတော်ကိုယ်တိုင်က တီးခတ်နေပါတယ်။ ဒီကိရိယာနှစ်ခုပေါင်းပြီး သီချင်းတစ်ပုဒ် ဖန်တီးနေပါတယ်။ အသံသွင်းစရာအဖြစ်က မိုဘိုင်းဖုန်းကို အသုံးပြုထားဟန်ရှိပါတယ်။
အဆင့်မြင့် တီးဝိုင်းနဲ့အတူ သီဆိုနေတဲ့ သီချင်းမဟုတ်ပေမယ့် ဒီအဆိုတော်ရဲ့ သီချင်းဟာ ရင်ကိုထိစေတဲ့ သီချင်းတစ်ပုဒ် ဖြစ်လို့နေပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အဆိုတော်ရဲ့ အသံကောင်းမွန်မှု နဲ့ ဒုက္ခသည်ဘဝရောက်နေကြတဲ့ ရိုဟင်ဂျာတွေရဲ့ ပကတိအခြေအနေအပေါ် အခြေခံကာ စပ်ဆိုထားတဲ့ သီချင်းရဲ့ စာသားတွေကြောင့်ပဲ ဖြစ်ပါတယ်။
သီချင်း စာသားအချို့ကို မြန်မာလို အနီးစပ်ဆုံး ဘာသာပြန်ကြည့်ရအောင် ...
(
🎵
🎵
🎵 မုတ်သုန်ရာသီ ရောက်ပြီး မုတ်သုန်လေ တိုက်ခတ်တဲ့အခါ .... ရိုဟင်ဂျာတို့ အခြေအနေ ဘယ်လို ဖြစ်နေပါ့မလဲ ...) ၂
🎵
🎵
🎵 ငါတို့မသိဘူး ... ကမ္ဘာကြီးက၊ UN အဖွဲ့က ငါတို့ကို ကူညီဖို့ ဘာတွေ တွေးတောနေမလဲ ... ရိုဟင်ဂျာတို့ အခြေအနေ ဘယ်လို ဖြစ်ပါ့မလဲ ...
🎵
🎵
🎵 မုတ်သုန်ရာသီ ရောက်ပြီး မိုးရွာချနေတဲ့အခါ ... ရိုဟင်ဂျာတို့ အခြေအနေ ဘယ်လို ဖြစ်ပါ့မလဲ ...
🎵
🎵
🎵 တာပလင်နဲ့ ကာရံထားတဲ့ ငါတို့ရဲ့ သေးငယ်တဲ့ တဲအိမ်များ ...
🎵
🎵
🎵 ရှေ့ရောက်လာတော့မယ် မုန်တိုင်းနဲ့မိုးကို .... ငါတို့ အလွန်တရားကြောက်ရွံ့မိပါတယ် ....။
(၄)
သီချင်းကို စာနဲ့ရေးမထားဘဲ လက်တန်းဆိုနေပုံ။ အံ့ဩမှင်သက်စရာအစွမ်း နဲ့ အဆိုတော်။ အေးလေ ... စာနဲ့ရေးပြီး အလွတ်ကျက်ထားစရာမှမလိုတာ။ သူတို့ရဲ့ ဘဝပေးအခြေအနေက သူတို့ရဲ့ နှလုံးသားတိုင်းမှာ စကားလုံးတွေ အမြောက်အမြား မွေးဖွားပေးနေမှာပဲ မဟုတ်လား။ အထူးသဖြင့် သူ့လို အဆိုပိုင်း ဝါသနာပါတဲ့ အနုပညာသည်တစ်ဦးမှာ စကားလုံးတွေ သူများထက်ပိုပြီး ရင်ထဲဖြစ်ပေါ်နေမိမှာ အမှန်ပင်။
လူ့လောကကို ရောက်လာကတည်းကစပြီး အမိုးပွင့်အကျဉ်းထောင်ထဲမှာပဲ နေခဲ့ရသူတွေ ဖြစ်တာနဲ့အညီ သူတို့တစ်တွေဟာ ဘယ်အနုပညာကိုမှ professional ဆန်ဆန် လေ့လာသင်ယူခွင့် မရရှိခဲ့ကြပါဘူး။ ဒါပေမယ့် ပြင်းထန်တဲ့ စိတ်ဓာတ်နဲ့ ဝါသနာက မိမိ ဖြစ်ချင်တာကို ဖြစ်လာစေပါတယ်။ တစ်ခုတော့ ရှိတယ်။ အခွင့်အရေးတစ်ခုသာ ရခဲ့ရင် အဲ့ဒီဝါသနာကို အဆင့်မြင့်မြင့်နဲ့ မွေးထားခွင့်ရမိမှာပါပဲ။ ဘယ်လိုပင် ဖြစ်ပါစေ။ ဒီအဆိုတော်က ကျနော်တို့ရဲ့ အဆင့်မြင့်တဲ့ ချီးကျူးမှုနဲ့ ထိုက်တန်ပါတယ်။ ဒုက္ခသည်ဘဝရောက် ရိုဟင်ဂျာ အဆိုတော်ကို ကျနော် စာရေးသူက အဝေးတစ်နေရာမှ လေးလေးစားစား အလေးပြုအပ်ကြောင်း ဒီစာပုဒ်က သက်သေဖြစ်ပါစေ။
(၅)
အောက်က စာပိုဒ်တွေဟာ UNHCR Bangladesh ရဲ့ Facebook page မှာ ရေးတင်ထားတာကို အနီးစပ်ဆုံး ဘာသာပြန်ထားခြင်း ဖြစ်ပါတယ်။ (အင်္ဂလိပ်လို ဒီမှာ ဝင်ဖတ်လို့ရပါတယ် -- https://bit.ly/2uvbJPA)

🎵 ရှေ့ရောက်လာတော့မယ် မုန်တိုင်းနဲ့မိုးကို .... ငါတို့ အလွန်တရားကြောက်ရွံ့မိပါတယ် ....။ (၄)

သူ့နာမည်က Mohammed Sayedul Islam။ မြန်မာနိုင်ငံသား ရိုဟင်ဂျာ ပရို-အဆိုတော် တစ်ဦးဖြစ်နေသူ Islam ဟာ ယခုတော့ ဘင်္ဂလားဒေရှ့်နိုင်ငံ၊ ကူတုပါလောင် ဒုက္ခသည်စခန်းမှာ ဒုက္ခသည်တစ်ဦးပါ။ ၁၀ နှစ်သားအရွယ် မသန်မစွမ်း သားဖြစ်သူ Umar ရဲ့ ကျန်းမာရေးအသုံးစရိတ် ကာမိရန် အပါအဝင် သူ့မိသားစု အသက်ရှင်ရေးမှာ အထောက်အကူဖြစ်စေရန်အတွက် အဆိုပိုင်းကို သူဆက်လက် လုပ်ဆောင်လာနေခဲ့ပါတယ်။
"ကျနော်က သီချင်းတွေကို (ရေးမထားဘဲ) လက်တန်းဆိုနိုင်တယ်" လို့ သူက ဆိုပါတယ်။ တစ်ခါတစ်ရံ လူတွေက သူတို့ရဲ့ ပုဂ္ဂလိက အကြောင်းအရာတွေကို သီချင်းအဖြစ် စပ်ဆိုခိုင်းတယ်လို့လည်း သူက ပြောပါတယ်။
"ကျနော့် သီချင်းက လူတွေရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးရာရောက်ပါတယ်။ ကျနော့်သီချင်းကြောင့် လူတွေ သူတို့ရဲ့ နာကျင်မှုဒဏ်ကနေ သက်သာရတယ်လို့ ထင်တယ်။ ကျနော်က သူတို့အတွက် နှစ်သိမ့်မှုတွေ ယူဆောင်လာတယ်။ ကျနော်က လူတွေအတွက် ပျော်ရွှင်မှုအနည်းငယ် ယူဆောင်လာတယ်" ဆိုပြီး အိစ္စလာမ်က ရှင်းပြပါတယ်။
"ကျနော်က စိတ်ရောဂါအထူးကုဆရာဝန် တစ်ယောက်လိုပါပဲ။ နှလုံးကု ဆရာဝန်တစ်ယောက်လိုပေါ့။ ကျနော်က လူတွေရဲ့ စိတ်ဒဏ်ရာတွေကို ကုသပေးတဲ့ ဆရာဝန် တစ်ယောက်ပေါ့ဗျာ" လို့ သူက ဆက်ပြောပြပါတယ်။
အခု ဒီဗီဒီယိုမှာ ဆိုနေတဲ့ သီချင်းဟာ ....ရောက်လာတော့မယ် မုတ်သုန်ရာသီနဲ့ ပတ်သက်ပြီး ဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေရဲ့ စိတ်ပူပန်မှုကို ပုံဖော်စပ်ဆိုထားတဲ့ သီချင်းတစ်ပုဒ် ဖြစ်ပါတယ်။
ဓါတ်ပုံသတင်း
- လူမျိုးတုန်းသတ်ဖြတ်မှု မူဝါဒ၏ သားကောင်များ
- ရခိုင်ပြည်နယ် ဒုက္ခသည် ကျန်းမာရေး MSF စိုးရိမ်
- မောင်တော မြို့မကညင်တန်းမှ ဒေသခံအမျိုးသမီးနှစ်ဦးကို တဖက်နိုင်ငံမှ ပြန်လည်ခိုးဝင်လာသူများဟု စွပ်စွဲကာ ဖမ်းဆီးချုပ်နှောင်ထား
- ကိုးတန်ကောက်မှ ဆိုင်ကယ် (၄) စီး လုယက်ခံရသူများကို နယ်ခြားစောင့်ရဲတပ်ဖွဲ့က လျော်ကြေး ၆ သိန်းသာ ပေးသဖြင့် လက်မခံ
- NVC ကဒ် မကိုင်လျှင် အလုပ်အကိုင်၊ စီးပွားရေး၊ သွားလာရေး အကုန် ပိတ်ပင်မည်ဟု ခြိမ်းခြောက် အကျပ်ကိုင်လျက်ရှိ
- လောင်းဒုံး ကျေးရွာ အုပ်စုတွင် ထပ်မံ၍ မီးလောင်
- ဘူးသီးတောင် မောင်ကြီးတောင်မှ အမျိုးသမီး နှစ်ဦး မုဒိမ်းကျင့်ခံရ
- BGP ကျီးကန်းပြင် ဌာနချုပ်မှ ရဲများက ဒေသခံ (၈) ဦးကို ရိုက်နှက် ညှဉ်းပန်း နှိပ်စက်
- အာရ်ကာန်ဒေသရဲ့ ဌာနေတိုင်းရင်းသား ရိုဟင်ဂျာ
- ဗြောင်ငြင်းတဲ့ အကျင့်
ဂျီနိုဆိုက်ဆိုတာဘာလဲ?
ဒေါက်တာဇာနည် ရှင်းပြသည့် ရိုဟင်ဂျာ