နောက်ဆုံးသတင်း/ဆောင်းပါးများ

MYARF
RB News
11.8.2018

ကျောက်တော် ။ ။ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှ အပြစ်မဲ့ ဒေသခံရိုဟင်ဂျာတစ်ဦးကို ရခိုင်ဇနီးမောင်နှံ၏ စက်လှေကို ၀င်တိုက်သည်ဟု ဆိုကာ ဖမ်းဆီးထားပြီး အပြစ်မရှိသူဟု သိရှိသွားသော်လည်း ပြန်လည် လွတ်ပေးရန်အတွက် အချိန်ကြန့်ကြာလျက်ရှိသည်။

သြဂုတ်လ (၄) ရက်နေ့ ည ၉ နာရီခန့်အချိန်၌ မိုးသည်းထန်စွာ ရွာနေချိန်တွင် ရခိုင် ဇနီးမောင်နှံ နှစ်ဦးသည် မျှစ်ရောင်းပြီးနောက် လောင်းလှေတစ်စီးဖြင့် အုမ္မော်ဒီ ရိုဟင်ဂျာရွာ အနီး ကုလားတန်မြစ်ဖျား ပီချောင်း တစ်လျှောက်မှ ၎င်းတို့၏ နေအိမ်သို့ ပြန်နေစဉ် စက်လှေကြီးတစ်စီးက ၀င်တိုက်သည်ကို ခံခဲ့ရသည်။ စက်လှေကြီး တိုက်ခံရခြင်းကြောင့် အမျိုးသမီး ရေထဲပြုတ်ကျသွားပြီး ပျောက်ဆုံးသွားခဲ့သည်။ အမျိုးသား အသက်ရှင်နိုင်ခဲ့သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ အာဏာပိုင်များက သြဂုတ်လ (၅) ရက်နေ့တွင် ရိုဟင်ဂျာရွာထဲသို့ ၀င်ရောက်၍ ရွာသားများကို စစ်ဆေးပြီးနောက် အပြစ်မဲ့ ဒေသခံရိုဟင်ဂျာ နှစ်ဦးကို ဖမ်းဆီး၍ ညနေ ၅ နာရီအချိန်တွင် ကျောက်တော် ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။

ဖမ်းဆီးသွားသူနှစ်ဦးမှ မော်လ၀ီ ဖောယာဇ် (အသက် ၃၀ နှစ်) ကို ရာဇသတ်ကြီး ပုဒ်မဖြင့် ချုပ်နှောင်ထားပြီး၊ ကျန်သည့်တစ်ဦးကို ယင်းနေ့တွင်ပင် ပြန်လည် လွှတ်ပေးခဲ့သည်။

ရဲစခန်းက ရခိုင် ဇနီးမောင်နှံ နှစ်ဦး၏ လောင်းလှေကို ၀င်တိုက်ခဲ့သည့် စက်လှေကြီးနှင့် ပတ်သက်၍ တိကျမှန်ကန်သည့် အချက်အလက်များကို ဖော်ထုတ်နိုင်ခဲ့ပြီး ဖမ်းဆီးထိန်းသိမ်းထားသည့် မော်လ၀ီ ဖောယာဇ် အပြစ်မဲ့ တစ်ဦး ဖြစ်သည်ကို သိရှိသွားပြီးနောက် ပြန်လည် လွှတ်ပေးမည်ဟု ပြောကြားနေသော်လည်း မြို့နယ် ရဲတပ်ဖွဲ့မှူးသည် ခရိုင် အစည်းအဝေးတက်ရောက်ရန် ခရီးလွန်နေသောကြောင့် ကြန့်ကြာလျက် ရှိသည်ဟု ဒေသခံများက RB News သို့ပြောပါသည်။



MYARF
RB News
11.8.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ငန်းချောင်းကျေးရွာသို့ တောတောင်များမှ ဆင်ကြီး ၀င်ရောက်လာပြီး နေအိမ်များ ဖျက်ဆီးနေခြင်းကြောင့် ဒေသခံများ စိုးရိမ်နေကြသည်။ 

သြဂုတ်လ (၆) ရက်နေ့ ညပိုင်းတွင် ငန်းချောင်းကျေးရွာသို့ တောတောင်များမှ ဆင်ကြီးများ ၀င်ရောက်လာပြီး လူနေအိမ် (၁၀) လုံးကျော် ဖျက်ဆီးခဲ့သည်။

အလားတူ သြဂုတ်လ (၄) ရက်နေ့ ညပိုင်းတွင် လူနေအိမ် (၂၀) ကျော် ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

ဖျက်ဆီးခံရသည့် နေအိမ်များမှာ ၂၀၁၇ သြဂုတ်လ နောက်ပိုင်းတွင် တဖက်နိုင်ငံသို့ ထွက်ပြေးခိုလှုံနေသည့် မိသားစုများ၏ နေအိမ်များ ဖြစ်သောကြောင့် အသက်ဆုံးရှုံးမှု မရှိသော်လည်း ၀င်ရောက် ဖျက်ဆီးသည့် ဆင်အရေအတွက် များပြားလာသောကြောင့် လူနေသည့် အိမ်များကို အိပ်ပျော်နေစဉ် လာရောက် ဖျက်ဆီးလျှင် အသက်အန္တရာယ် ရှိနိုင်သောကြောင့် ဒေသခံများ အလွန် စိုးရိမ်နေကြသည်။



MYARF
RB News
11.8.2018

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ဒု-အိုးသည်မ ကျေးရွာတွင် သူစိမ်းများ ရောက်ရှိနေသည်ဟု သတင်းမှားကြောင့် ၀င်ရောက် စစ်ဆေးပြီးနောက် သတင်းမှားမှန်း သိရှိသွားခဲ့သည်။

ဘူးသီးတောင်မြို့နယ် ဒု-အိုးသည်မ ကျေးရွာတွင် သူစိမ်း ၇၀ ဦးကျော် ရောက်ရှိနေသည်ဟု မဟုတ်မမှန် သတင်းပြန့်နှံ့နေခြင်းကြောင့် သြဂုတ်လ (၆) ရက်နေ့က နယ်ခြားစောင့်ရဲများ ယင်းကျေးရွာသို့ ရောက်ရှိလာပြီး ၀င်ရောက် စစ်ဆေးခဲ့သည်။

နယ်ခြားစောင့်ရဲများက ယင်းနေ့တွင် စစ်ဆေးခဲ့ပြီးနောက် နောက်တစ်ရက်လည်း စစ်ဆေးရဦးမည်ဟု ဆိုကာ ရွာသားများအား ၎င်းတို့အတွက် နေ့လည်စာ ပြင်ဆင်ထားရန် မှာကြား၍ ထွက်ခွာသွားခဲ့သည်။ 

သြဂုတ်လ (၇) ရက်နေ့ နံနက် (၆) နာရီ အချိန်တွင် ရွာထဲသို့ နယ်ခြားစောင့်ရဲများ ပြန်လည် ရောက်ရှိလာပြီး တစ်ရွာလုံးရှိ ရွာသူရွာသားများကို အိမ်ထောင်စု လူဦးရေ စာရင်းများနှင့် တိုက်ဆိုင်၍ စစ်ဆေးခဲ့သည့် အပြင် ဒု-အိုးသည်မ၊ ငွေတောင်နှင့် အနီးအနားရှိ တောတောင်များထဲသို့ပင် ၀င်ရောက် စစ်ဆေးခဲ့သော်လည်း သူစိမ်း တစ်ဦးမှ မတွေ့ရှိခဲ့ဘဲ ပြောဆိုထားသည့်အတိုင်း စီစဉ်ထားသည့် နေ့လည်စာကို စားသုံး၍ နေ့လည် ၃ နာရီ အချိန်တွင် ရွာမှ ပြန်လည် ထွက်ခွာသွားခဲ့သည်။ 

“မဟုတ်မမှန် သတင်းကြောင့် ရွာသားတွေ အားလုံး အလကားနေ စိတ်အနှောက်အယှက် ဖြစ်ရတဲ့အပြင် သူတို့အတွက် ချက်ပြုတ်ကျွေးမွေးရတော့ ၀န်ထုပ်ဝန်ပိုးလည်း ဖြစ်တယ်။ ကျွန်တော်တို့ လုပ်ကိုင်စားသောက်ဖို့ မလွယ်ကူတဲ့ အချိန်မှာ သူတို့ကိုပါ ချက်ပြုတ်ကျွေးမွေးရတာ အခက်အခဲ ဖြစ်တယ်။ သူတို့တာဝန်အရ လာတာ ကျွန်တော်တို့ ကျွေးမွေးရတယ်။ သက်သက်အနိုင်ကျင့်တာပါ” ဟု ဒေသခံတစ်ဦးက RB News သို့ပြောသည်။


MYARF
RB News
11.8.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ရွှေဇားတံတားအနီး၌ လူကုန်ကူးမှုနှင့် မူးယစ်ဆေးဝါး နှိမ်နင်းရေးအဖွဲ့က အပြစ်မဲ့ ဒေသခံရိုဟင်ဂျာများကို နည်းမျိုးစုံဖြင့် ခြိမ်းခြောက်၍ ငွေညှစ်လျက်ရှိသည်။

သြဂုတ်လ (၆) ရက်နေ့ ညနေ ၄ နာရီအချိန်တွင် ပေါင်းဇားရွာသို့ ပြန်နေသည့် ဦးနုရ်ဟာဖီးဇ် (ဘ) ဦးဟာမိတ်ဟူစိန်း (အသက် ၃၅ နှစ်) ကို ရွှေဇားတံတားအနီး၌ လူကုန်ကူးမှုနှင့် မူးယစ်ဆေးဝါး နှိမ်နင်းရေး အဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များက “မင်း ဘင်္ဂလားဒေ့ရှ်သွားတာ ငါတို့သိတယ်၊ ဒုက္ခမရောက်ချင်ရင် ငါတို့ကို ငွေ ဘယ်လောက် ပေးနိုင်မလဲပြော” ဟု အခြေအမြစ်မရှိ စွပ်စွဲပြီးနောက် နည်းမျိုးစုံဖြင့် ခြိမ်းခြောက်၍ ငွေကြေး အမြောက်အမြား တောင်းခံခဲ့သည်။ အပြစ်မဲ့ဖြစ်သည့် ဦးနုရ်ဟာဖီးဇ်လည်း ဖမ်းဆီးမခံရရေးအတွက် နောက်ဆုံးတွင် ၎င်းတွင်ပါရှိသည့် ငွေကျပ် သုံးသောင်း ပေးခဲ့ရကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။

အလားတူ သြဂုတ်လ (၁) ရက်နေ့ နေ့လည်ပိုင်းတွင် အဆိုပါ ရဲတပ်ဖွဲ့ဝင်များသည် ရွှေဇားကျေးရွာအုပ်စု၊ စေတီပြင်ဈေးတွင် လဘက်ရည်ဆိုင်ထိုင်နေသည့် ဦးဒိလ်မိုဟာမတ် (ဘ) ဦးဇာဟိတ်ဟူစိန်း (အသက် ၃၅ နှစ်) ကို အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားပြီး အမျိုးမျိုး ခြိမ်းခြောက်၍ ငွေကျပ် နှစ်သိန်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့သည်။

ဇူလိုင်လ (၂၇) ရက်နေ့တွင် အဆိုပါရဲတပ်ဖွဲ့ဝင်များသည် ရွှေဇားနှင့် လှဘော်ဇား ကြားရှိ တံတားအနီးတွင် လှဘော်ဇား ရွာသား ဦးဂျာဘဲဒ် (အသက် ၃၀ နှစ်) ကို “မင်းအဖေ ဘင်္ဂလားဒေ့ရှ် သွားတာ ငါတို့သိတယ်၊ ဒုက္ခမရောက်ချင်ရင် ငါတို့ကို ငွေ ၁၀ သိန်း ပေးရမယ်” ဟု ပြောဆို စွပ်စွဲ၍ ခြိမ်းခြောက်ကာ ငွေကျပ် (၅) သိန်း ညှစ်ယူခဲ့သည်။

ထို့အပြင် ပေါင်းဇားကျေးရွာတွင် အာဏာပိုင်များ၏ လက်ကိုင်တုတ်တစ်ဦး ဖြစ်သည့် မိုဟာမတ်အာလောမ် (ဘ) ဦးမိုဟာမတ်အစ္စလာမ် (အသက် ၄၅ နှစ်) သည် ကျေးရွာအုပ်ချုပ်ရေး၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့နှင့် ရင်းနှီးသည်ကို အခွင့်ကောင်းယူ၍ ရွာသားများကို နည်းမျိုးစုံဖြင့် ဒုက္ခပေးလျက်ရှိသည်။ မဟုတ်မမှန် သတင်းများ ဖန်တီး၍ နယ်ခြားစောင့်ရဲများနှင့် ပူးပေါင်း၍ အပြစ်မဲ့ ရွာသားများထံမှ ငွေညှစ်လျက် ရှိသည့်အပြင် လွန်ခဲ့သည့် တစ်လခွဲခန့်က တစ်ဖက်နိုင်ငံတွင် ဒုက္ခသည်ဘ၀ဖြင့် ခိုလှုံနေသည့် လုပ်အားပေးကျောင်းဆရာ ဦးဆားဘဲရ် (ယခင် ဘူးသီးတောင်တွင် နေထိုင်သူ) ပိုင်ဆိုင်သည့် နှစ်ထပ်အိမ်ကို မိုဟာမတ်အာလောမ်က ဖျက်ဆီး၍ သစ်သားများကို ၎င်း၏ တူ ဖြစ်သူ အုစ်မာန်ဂေါ်နီ (ဘ) ဦးအစ္စမိုင်လ် (အသက် ၂၅ နှစ်) အား အိမ်ဆောက်ရန် ပေးလိုက်ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

လွန်ခဲ့သည့်နှစ် စက်တင်ဘာလက နယ်ခြားစောင့်ရဲများ ရွာထဲသို့ လာရောက်၍ ရွာသားများအား လူနေအိမ် (၅) လုံးကို အကြောင်းမဲ့ ဖျက်ဆီးခိုင်းခဲ့ကြောင်း သိရသည်။




MYARF
RB News
9.8.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ကညင်တန်း (မြို့မ) ကျေးရွာအုပ်စု အပြစ်မဲ့ ဒေသခံ (၄) ဦးကို ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီး၍ ငွေကျပ် သိန်း (၄၀) ညှစ်ယူခဲ့သည်။

သြဂုတ်လ (၆) ရက်နေ့ နေ့လည် ၃ နာရီခန့်တွင် ကညင်တန်း (မြို့မ) ကျေးရွာအုပ်စု ကညင်တန်းရွာမှ မောင်နီရွာသို့ WY စိတ်ကြွဆေးပြားများ သယ်ဆောင်နေသည့် လူငယ် (၃) ဦးကို ရဲတပ်ဖွဲ့ဝင်များက နောက်ယောင်ခံ လိုက်နေသည်ကို လူငယ်များက ရပ်မိသွားပြီး၊ နှစ်ဦး ထွက်ပြေးသွားသော်လည်း ကျန်သည့် တစ်ဦး ဖြစ်သည့် ဟာရှိမုလ္လာ (ဘ) ဦးမူဇဲရ် (အသက် ၂၂ နှစ်) ကို ရဲတပ်ဖွဲ့ဝင်များက စိတ်ကြွှဆေးပြားနှင့် အတူ ဖမ်းဆီးနိုင်ခဲ့သည်။

ရဲတပ်ဖွဲ့ဝင်များက ၎င်းကို စစ်ဆေးမေးမြန်းပြီး ၎င်း၏ ထွက်ဆိုချက်အရ မောင်နီရွာရှိ ဟာဂျီအာယုပ် (ဘ) ဦးအီမာန်အလီ (အသက် ၅၃ နှစ်) ၏ နေအိမ်နှင့် ဦးဆောလိမ်း (ဘ) ဦးမူဇဲရ် တို့၏ နေအိမ်များကို စစ်ဆေးရန် သွားရောက်နေစဉ် အိမ်သူအိမ်သားများက ရဲတပ်ဖွဲ့ဝင်များလာနေသည်ကို တွေ့ရှိ၍ ထွက်ပြေး တိမ်းရှောင် သွားခဲ့သည်။ 

ရဲတပ်ဖွဲ့ဝင်များက လူမရှိတော့သည့် နေအိမ်များကို မစစ်ဆေးတော့ဘဲ အနီးအနားရှိ ဦးရော်ဖိတ် (ဘ) ဦးနာဂု၏ နေအိမ်ထဲသို့ ၀င်ရောက်၍ ဆားဒဲက်အုလ္လာ (ဘ) ဦးနာဂု (အသက် ၂၇ နှစ်) နှင့် အဒူဟိုက်ရှ် (ဘ) ဦးရော်ဖိတ် (အသက် ၂၀ နှစ်)၊ ဦးမိုဟာမတ်တော်ယုပ်၏ နေအိမ်မှ ယာဆဲရ် (ဘ) ဦးမိုဟာမတ်တော်ယုပ် (အသက် ၂၅ နှစ်) နှင့် အာယာစ် (အသက် ၂၃ နှစ်) တို့ (၄) ဦးကို မတရားသဖြင့် ဖမ်းဆီး၍ ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။ 

ဖမ်းဆီးခံရသူ (၄) ဦးစလုံးမှာ အပြစ်မဲ့များ ဖြစ်ကြပြီး၊ ၎င်းတို့အား အချုပ်ခန်းထဲတွင် ပုဒ်မပေါင်းစုံတပ်၍ တစ်ညလုံး ခြိမ်းခြောက်ပြီး သြဂုတ် (၇) ရက်နေ့ နေ့လည်ပိုင်း တစ်ဦးထံမှ ငွေကျပ် (၁၀) သိန်းစီ ညှစ်ယူကာ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။



Rohingya Eye
RB News
6.8.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် သီဟိုဠ်ကျွန်းကျေးရွာအုပ်စု ဟာဘီရွာမှ လုပ်ကြံစွပ်စွဲ ဖမ်းဆီးခံရသူများ လွတ်မြောက်လာနိုင်ရန် ငွေကျပ် သိန်း ၂၄၀၀ သုံးစွဲခဲ့သော်လည်း ပြန်လည် လွတ်မြောက်မလာဘဲ အမှုရင်ဆိုင်နေရသည်။

၂၀၁၇ ခုနှစ် နိုဝင်ဘာလ (၇) ရက်နေ့က မောင်တောမြို့နယ် သီဟိုဠ်ကျွန်းကျေးရွာအုပ်စု ဟာဘီရွာမှ ဒေသခံရိုဟင်ဂျာ (၃၈) ဦးကို အာဏာပိုင်များက ဖမ်းဆီးခဲ့ပြီး သက်ကြီးရွယ်အိုနှင့် အသက်မပြည့်သူ (၈) ဦးကို ရက်ပိုင်းအကြာတွင် ပြန်လည် လွှတ်ပေးခဲ့သည်။

ကျန်ရှိသည့် (၃၀) ဦးကို အုပ်စုနှစ်စုခွဲ၍ (၂၄) ဦးကို ၂၀၁၆ ခုနှစ် အောက်တိုဘာလ (၉) ရက်နေ့တွင် ကျီးကန်းပြင်ရှိ နေအိမ်များ မီးတင်ရှို့သည်ဟု လုပ်ကြံစွပ်စွဲပြီး၊ (၆) ဦးကို ၂၀၁၇ ခုနှစ် သြဂုတ်လ (၂၅) ရက်နေ့တွင် ကျောက်ပြင်ဆိပ်ရှိ ကင်းစခန်းကို တိုက်ခိုက်ခဲ့သည်ဟု စွပ်စွဲခဲ့သည်။

“အားလုံးက တကယ်ကို အပြစ်မဲ့တွေပါ။ ကျီးကန်းပြင်က အိမ်တွေကို အောင်ဇေယျရွာက န.တ.လ ဗုဒ္ဓဘာသာဝင်တွေ မီးရှို့ခဲ့တာ၊ ဖမ်းခံရသူတွေက ပြစ်မှုကျူးလွန်တဲ့ အထောက်အထား လုံးဝ မရှိဘူး” ဟု ဒေသခံတစ်ဦးက RB News သို့ပြောသည်။

“တရားရုံးကလည်း အာဏာပိုင်တွေဘက်က စွပ်စွဲတာတွေကို အတည်ယူလို့မရခဲ့ဘူး။ ကျီးကန်းပြင် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ ကိုယ်တိုင်က ဖမ်းခံရသူတွေက ပြစ်မှုကျူးလွန်ထားခြင်း မရှိဘူးလို့ ထွက်ဆိုခဲ့တယ်” ဟု ၎င်းက ဆက်လက်ပြောပါသည်။

ဖမ်းဆီးခံရသူများသည် အပြစ်မဲ့များ ဖြစ်သော်လည်း ငွေပေးမှ ပြန်လည် လွတ်မြောက်နိုင်မည်ဟု ယုံကြည်သောကြောင့် သက်ဆိုင်ရာဌာနများကို ပေးရန်အတွက် နယ်ခြားစောင့်ရဲများနှင့် တရားရုံးဝန်ထမ်းများက တစ်ဦးလျှင် ငွေကျပ် သိန်း (၁၀၀) စီ ပေးရန် တောင်းခံသောအခါ (၂၄) ဦးအဖွဲ့က ပေးရန် သဘောတူခဲ့ပြီး ငွေကျပ် သိန်း (၂၄၀၀) ပေးခဲ့သည်။ (၆) ဦးအဖွဲ့လည်း ငွေသိန်းပေါင်းများစွာ ပေးခဲ့သည်။ သို့သော်လည်း ၎င်းတို့၏ မိသားစု ဆွေမျိုးများက ထုတ်ဖော်ပြောခြင်း မရှိကြပေ။

(၂၄) ဦးအဖွဲ့က နယ်ခြားစောင့်ရဲများနှင့် တရားရုံးဝန်ထမ်းများကို ပေးခဲ့သည့် ငွေကျပ် သိန်း (၂၄၀၀) ဆုံးရှုံးသွားပြီး အခြေအမြစ်မရှိ စွဲချက်မှာ ယခုထိ ကျန်ရှိနေပြီး ၎င်းတို့အား ပုဒ်မ ၅၀၅ (က)၊ (ခ)၊ (ဂ)၊ (ဃ) တို့ဖြင့် ထပ်မံ၍ တရားစွဲဆိုထားကြောင်း သိရသည်။

ထို့အပြင် မောင်တောခရိုင်တရားရုံးက ဟာဘီရွာသား အပြစ်မဲ့ ၁၁၄ ဦးကို ဖမ်းဆီးရန် ဇူလိုင်လ (၂၆) ရက်နေ့က ၀ရမ်းထုတ်ထားသည်။ ၎င်းတို့အား အလားတူ ပုဒ်မများဖြင့် တရားစွဲဆိုမည်ဟု ဒေသခံများက ပြောပါသည်။




RB News
2.8.2018

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာများတွင် နယ်ခြားစောင့်ရဲများနှင့် ရဲတပ်ဖွဲ့ဝင်များက ရရှိထားသည့် အခွင့်အာဏာကို အသုံးချ၍ ငွေညှစ်ခြင်း၊ ရိုက်နှက်ခြင်း၊ ခြိမ်းခြောက်ခြင်းများ ပြုလုပ်လျက်ရှိသည်။ 

ဇူလိုင်လ (၃၁) ရက်နေ့ ညနေ (၄) နာရီအချိန်တွင် ဖောင်တော်ပြင်ကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ စခန်းမှူး ဒုရဲအုပ် အောင်မြင့်မြတ်သည် စခန်းရှေ့မှ ဖြတ်သွားသည့် မောင်နုရွာမှ အသက် (၂၂) နှစ် အရွယ် အာရ်ရာဖ်အာမတ် ကို စခန်းထဲသို့ ခေါ်သွင်း၍ လူမဆန်စွာ ရိုက်နှက်ခဲ့သည်။ 

“စခန်းမှူး ဒုရဲအုပ်အောင်မြင့်မြတ် ကိုယ်တိုင် စခန်းထဲကို ခေါ်သွင်းပြီး လူမဆန်စွာ ရိုက်တယ်။ ထိုးကြိတ်တယ်၊ ကန်ကျောက်တယ်။ အခု အဲဒီကောင်လေးကို ဆေးကုနေရတယ်၊ စခန်းမှူးက ဇွန်လ ၂၁ ရက်နေ့မှာ ပြောင်းလာတာ။ ဗမာလူမျိုး၊ ရွာသားတွေကို ဆဲဆိုတာတွေ၊ ခြိမ်းခြောက်တာတွေ၊ ရိုက်နှက်တာတွေ မကြာခဏလုပ်နေတယ်၊ လိုင်စင်ရသောင်းကျန်းသူလို သောင်းကျန်းနေတော့ ရွာသူရွာသားတွေ အရမ်းကို စိုးရိမ်နေကြတယ်” ဟု ရပ်မိရပ်ဖ တစ်ဦးက RB News သို့ပြောပါသည်။ 

စခန်းမှူး ဒုရဲအုပ်အောင်မြင့်မြတ်နှင့် ပတ်သက်၍ ရွာသူရွာသားများက တပ်ရင်း (၅၆၄) မှ အရာရှိများကို တင်ပြခဲ့ရာ အရာရှိများက ရှေ့ဆက်၍ သောင်းကျန်းပါက လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ပါမည်ဟု ပြောဆို၍ နှစ်သိမ့်ခဲ့သည်။ 

ဘူးသီးတောင်မြို့နယ်တွင် ကင်းစခန်းများ ယခင်ကထက်များပြားလာပြီး ဇွန်လ (၂၀) ရက်နေ့က ဖုံညိုလိပ်ကျေးရွာရှိ တံတားသစ်တွင် ကင်းစခန်းတစ်ခု အခြေစိုက်ပြီးနောက် နယ်ခြားစောင့်ရဲများက ကင်းစခန်းရှေ့မှ ဖြတ်သန်းသွားလာသည့် ဆိုင်ကယ်တက္ကစီများ၊ သုံးဘီးတက္ကစီများမှ ငွေကျပ် တစ်ထောင်စီ ကောက်ခံလျက်ရှိသည်။ 

“ဗုဒ္ဓဘာသာဆိုရင် မကောက်ပါဘူး။ ရိုဟင်ဂျာမွတ်စလင်တွေကိုချည်း ရွေးကောက်တာပါ၊ တစ်ခေါက်ကို တစ်ထောင်စီကောက်တယ်” ဟု ဒေသခံတစ်ဦးက ပြောပါသည်။ 

ဘူးသီးတောင်မြို့မဈေးတွင်လည်း ရဲစခန်းမှ စခန်းမှူးကိုယ်တိုင်သွား၍ ရိုဟင်ဂျာဆိုင်များမှ ဆိုင်ရှင်များကို နည်းမျိုးစုံဖြင့် ခြိမ်းခြောက်၍ ငွေညှစ်လျက်ရှိသည်။ 

“ဆိုင်ကြီးတွေကို ရွေးပြီး ငွေညှစ်တယ်၊ တစ်ဆိုင်ကို အနည်းဆုံး တစ်သိန်းကနေ ငါးသိန်းထိ ညှစ်တယ်။ ငွေမပေးရင် လက်ထိပ်ခတ်ခေါ်သွားပြီး စခန်းရောက်မှ ရိုက်နှက်ညှဉ်းပန်းနှိပ်စက်ပြီး ငွေညှစ်တယ်” ဟု မြို့မဈေးမှ လူတစ်ဦးက ပြောပါသည်။ 

မြစ်ကမ်းတစ်လျှောက်ရှိ ကင်းစခန်းများမှ နယ်ခြားစောင့်ရဲများကလည်း စက်လှေများမှ ငွေညှစ်နေခြင်းကြောင့် စက်လှေခ ကြီးမားလာပြီး ခရီးသွားလာရန် ခက်ခဲနေသည်။ 

“အထူးသဖြင့် အမှတ် (၂) ရပ်ကွက် အခြေစိုက် ကင်းစခန်းက နယ်ခြားစောင့်ရဲတွေက စက်လှေတစ်စီးကနေ အနည်းဆုံး ငါးထောင်ကနေ တစ်သောင်းထိယူတယ်။ ပြီးတော့ မောင်နုရွာမှာရှိတဲ့ နယ်ခြားစောင့်ရဲတွေက နှစ်ထောင်၊ ခြင်းသမားရွာမှာရှိတဲ့ စစ်တပ်က တစ်ထောင်၊ မေယုတံတားကြီးက ရဲတပ်ဖွဲ့ဝင်တွေက နှစ်ထောင်၊ မြို့မဈေးမှာ တာဝန်ကျနေတဲ့ ရဲတွေက ငါးထောင် ယူတယ်။ တောင်ဘဇာကနေ ရိုဟင်ဂျာစက်လှေဆိုရင် ထွက်လို့မရဘူး။ ကီနီစီရွာ (ကျီးနုတ်သီး) ကနေ ဘူးသီးတောင် ရောက်တဲ့အထိ လမ်းမှာ ပေးရသမျှ အရမ်းများတော့ ခရီးသည်တွေ အတွက် ၀န်ထုပ်ဝန်ပိုး အရမ်းကြီးလာတယ်။ ဒါတွေကလည်း လူတွေကို ကျပ်တည်းအောင် တမင်လုပ်နေတာ” ဟု ဒေသခံတစ်ဦးက ပြောပါသည်။

“တောင်ဘဇာမှာ ကျွန်တော်တို့ ရိုဟင်ဂျာတွေ အများကြီး မရှိတော့ဘူး။ အဲဒီက ရိုဟင်ဂျာတွေ စက်လှေနဲ့ သွားလာလို့ မရဘူး။ တောင်ဘဇာ အုပ်ချုပ်ရေးမှူးရဲ့ ညီက သူ့စက်လှေ လုပ်ငန်းရှိတော့ မွတ်စလင်တွေရဲ့ စက်လှေ ကပ်ဖို့ မပေးဘူး။ အဲဒီတော့ မွတ်စလင်တွေက ကျီးနုတ်သီးကို ၃ မိုင်လောက် လမ်းလျှောက်သွားပြီးမှ စက်လှေ စီးလို့ရတယ်” ဟု ၎င်းက ဖြည့်စွက် ပြောသည်။ 

ဘူးသီးတောင်မြို့ပေါ်နှင့် ကျေးလက်ဒေသများတွင် ရဲများနှင့် နယ်ခြားစောင့်ရဲများက နည်းမျိုးစုံဖြင့် ငွေညှစ်လျက်ရှိပြီး ငွေကျပ် သိန်းဆယ်ဂဏန်းထိ ညှစ်ယူလျက်ရှိသည်ဟု ဒေသခံများက ဆိုသည်။

“အာဆာနဲ့ အဆက်အသွယ်ရှိတယ်၊ တဖက်နိုင်ငံမှာ ခိုလှုံနေတဲ့လူတွေနဲ့ ဆက်သွယ်နေတယ်၊ အကြမ်းဖက်သမားတွေကို ထမင်းကျွေးတယ် ဆိုပြီး စွပ်စွဲချက်တွေနဲ့ လုပ်ကြံ ခြိမ်းခြောက်တယ်၊ လူတွေကို ဆင့်ခေါ်ပြီး ငွေညှစ်တာ၊ လွန်ခဲ့တဲ့ ဇွန်လ တတိယပတ်တုန်းက ပဒကာအုပ်စုက ဦးအာဘူလ်ဟာရှိမ်း အပါအ၀င် ရွာသား (၇) ယောက်ကို ကျောင်းတောင်က နယ်ခြားစောင့်ရဲတွေက အာဆာကလူတွေကို ထမင်းကျွေးတယ်လို့ လုပ်ကြံစွပ်စွဲပြီး ငွေကျပ် ၁၁ သိန်းစီ ညှစ်ယူခဲ့တယ်၊ သူတို့တွေကို တော်တော်လေး နှိပ်စက်တယ်၊ အပ်စိုက်တယ်၊ ပြီးတော့ ဓါးနဲ့ထိုးတယ်” ဟု ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။ 

မြို့ပေါ်တွင်လည်း နယ်ထိန်းရဲများက နေ့စဉ်နေ့တိုင်း လူငယ်များကို ပစ်မှတ်ထား၍ မူးယစ်ဆေးဝါး သုံးစွဲနေသည်ဟု လုပ်ကြံစွပ်စွဲပြီး ငွေကျပ် ၃ သိန်းမှ ၅ သိန်းထိ ညှစ်ယူလျက်ရှိသည်။ 

“လူငယ်တွေကို WY သုံးနေတယ်၊ ဆေးခြောက်ရှုနေတယ်၊ ရောင်းနေတယ်လို့ စွပ်စွဲပြီး ဖမ်းတယ်၊ ပြီးတော့ ငွေ ၃ သိန်းကနေ ၅ သိန်းထိ ညှစ်တယ်။ လွန်ခဲ့တဲ့ အပတ်ကလည်း (၄) ရပ်ကွက် အာယာတူလ္လာ ဆီက ငွေ ၇ သိန်း ညှစ်တယ်၊ အမှတ် (၅) ရပ်ကွက်က ဖော်ယာစ်အပါအ၀င် (၅) ယောက်ဆီက (၁၅) သိန်းညှစ်တယ်၊ နေ့တိုင်း ငွေညှစ်ခံနေရတယ်၊ ပြီးတော့ မီဒီယာတွေကို ပြောရင် ဒီထက်နှစ်ဆ ပေးရမယ်ဆိုပြီး ခြိမ်းခြောက်” ဟု မြို့ခံတစ်ဦးက ပြောပါသည်။ 



RB News
1.8.2018

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် သေကံခွဆုံကျေးရွာအုပ်စုရှိ အစိုးရကျောင်းတွင် ဆရာ/မ များလာရောက် ပညာသင်ကြားပေးခြင်း မရှိသောကြောင့် ကျောင်းသား/သူများ ပညာသင်ကြားရန် အခက်ကြုံတွေ့လျက်ရှိသည်။ 

ဘူးသီးတောင်မြို့နယ် တောင်ပိုင်း သေကံခွဆုံကျေးရွာအုပ်စု ၀က်မကျကျေးရွာရှိ အစိုးရကျောင်းတွင် နိုင်ငံတော်မှ ဆရာ/မ ၁၀ ဦးကျော် ခန့်ထားသော်လည်း တစ်ဦးမှ လာရောက်၍ ကျောင်းသား/သူများကို ပညာသင်ကြားပေးခြင်း မရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းသိန်းလှသည် စေတီတောင်အုပ်စုတွင် နေထိုင်ပြီး၊ တာဝန်ကျနေသော ၀က်မကျကျေးရွာနှင့် နီးစပ်သော်လည်း တစ်လတွင် တစ်ကြိမ်မျှသာ လာရောက်ကြောင်း၊ ၎င်းအား ကျောင်းကော်မတီဝင်များက ဝေဖန်ပြောဆိုသဖြင့် ကော်မတီဝင်များကို အမျိုးမျိုး ခြိမ်းခြောက် အော်ငေါက်ကြောင်း ဒေသခံများက ပြောပါသည်။ 

ကျောင်းအုပ်ဆရာမကြီးက ကျောင်းဖွင့်စအချိန်တွင် အန်ဂျီအိုအဖွဲ့အစည်းများက ထောက်ပံ့ပေးအပ်ခဲ့သည့် ကျောင်းဝတ်စုံများ ထုတ်ပေးစဉ် တစ်စုံလျှင် ငွေကျပ် ၅၀၀ စီ ကောက်ခံခဲ့ကြောင်း သိရသည်။ 

“၀က်မကျ ကျေးရွာက ကျောင်းတစ်ကျောင်းတည်း မဟုတ်ဘူး။ နယ်ပိုင်းမှာ ရှိသမျှ ကျောင်းတော်တော်များများကို အစိုးရခန့် ဆရာ/မ တွေ မလာကြဘူး။ အဲဒီတော့ ကျောင်းသားကျောင်းသူတွေ ပညာသင်ဖို့ အတော်လေး ခက်ခဲနေတယ်” ဟု ဒေသခံတစ်ဦးက ပြောပါသည်။ 



MYARF
RB News
26.7.2018

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်း သေကံခွဆုံကျေးရွာအုပ်စု မုစ်တောဘိစ်ရွာ တာဝန်ခံနှင့် အဖွဲ့က WFP မှ စာရင်းပြုစုခိုင်းသည်ဟု ဆိုကာ စာရင်းပြုစု၍ ငွေကြေးကောက်ခံခဲ့သည်။ 

သေကံခွဆုံကျေးရွာအုပ်စု မုစ်တောဘိစ်ရွာ တာဝန်ခံ ဦးယာဟားယား (ဘ) ဦးအီလီယာစ်သည် WFP မှ အထောက်အပံ့ရသူများအား ထပ်မံစာရင်းပြုစုခိုင်းသည်ဟု ဆိုကာ ရွာသားများကို ဇူလိုင်လ (၂၂) ရက်နေ့တွင် ရွာသားများကို ရာအိမ်မှူး ဦးဟူဆောင်း (ဘ) ဦးနုရ်မာမတ်နှင့် ဦးနူရုလ်ဟောက် (ဘ) ဦးဟာဘီရာမာန် တို့မှတဆင့် ၎င်း၏ နေအိမ်သို့ ဆင့်ခေါ်၍ စာရင်းပြုစုကာ တစ်အိမ်ထောင်လျှင် ငွေကျပ် နှစ်ထောင်စီ ကောက်ခံခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

မုစ်တော်ဘိစ်ရွာတွင် အိမ်ထောင်စု ၂၅၀ ခန့်ရှိပြီး ၂၀၁၇ ခုနှစ် သြဂုတ်လ နောက်ပိုင်းမှစ၍ ဘူးသီးတောင်မြို့နယ် တောင်ပိုင်းရှိ ကျေးရွာများတွင် WFP မှ ဆန်၊ ဆီ၊ ဆား၊ ပဲ စသည်များ လစဉ် ထောက်ပံ့ပေးလျက်ရှိသည်။ လစဉ် ထောက်ပံ့ရာတွင် လွယ်ကူစေရန်အတွက် WFP မှ အိမ်ထောင်စု လူဦးရေစာရင်း ကောက်ယူပြီး အိမ်ထောင်စုအလိုက် ကဒ်ပြားများ ထုတ်ပေးထားသည်။ WFP ၀န်ထမ်းများ အကြောင်းကြားသည့်နေ့တွင် ရွာသားများက အဆိုပါကဒ်များကို ကိုင်၍ WFP ၏ ဆန်ဂိုဒေါင်များသို့ သွား၍ ထောက်ပံ့သည်များကို ထုတ်ယူရသည်။ 

သေကံခွဆုံကျေးရွာအုပ်စုမှ ဒေသခံများသည် စေတီတောင်ကျေးရွာရှိ WFP မှ အထောက်အပံ့များကို ထုတ်ယူသည်။ မုစ်တော်ဘိစ်ရွာတာဝန်ခံ ဦးယာဟားယားက ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခိုလှုံနေသူများကိုပါ လက်ရှိရွာတွင် နေထိုင်နေသည်ဟု စာရင်းသွင်း၍ ကဒ်များရယူထားပြီး အထောက်အပံ့ထုတ်ယူသည်ဟု ဒေသခံများက ပြောဆိုနေကြသည်။ 

ဇူလိုင်လ (၂၃) ရက်နေ့တွင် အထောက်အပံ့များ ပေးမည်ကို ကြိုသိထားသောကြောင့် တစ်ရက်အလိုတွင် ရာအိမ်မှူးနှင့် ၎င်း၏ တပည့်တို့မှ တဆင့် ရွာသားများကို ဆင့်ခေါ်၍ စာရင်းပြုစုခိုင်းထားသည်ဟု ဆိုကာ တစ်အိမ်ထောင်လျှင် ငွေကျပ် နှစ်ထောင်စီ ကောက်ခံခဲ့ခြင်း ဖြစ်သည်။ စာရင်းမသွင်းပါက အထောက်အပံ့များ ရမည်မဟုတ်ကြောင်း ပြောဆို၍ ခြိမ်းခြောက်သောကြောင့် ရွာသားများက ငွေသွင်း၍ စာရင်းပေးသွင်းခဲ့သည်။ 

မုစ်တော်ဘိစ်ရွာရှိ အိမ်ထောင်စု ၂၅၀ ခန့်မှ ငွေကျပ် ၅ သိန်းခန့် လိမ်လည် ကောက်ခံထားသည့်အပြင် ဘင်္ဂလားဒေ့ရှ်တွင် ခိုလှုံနေသူများ၏ အမည်များကို စာရင်းသွင်း၍ လိမ်လည်ထုတ်ယူနေသည်ကို WFP မှသိရှိသွားပြီး ယနေ့ ဇူလိုင်လ (၂၆) ရက်နေ့တွင် ၀န်ထမ်းများ လာရောက်၍ အိမ်ထောင်စုအလိုက် စစ်ဆေးခဲ့ရာ ၃၄ ကဒ် ပိုနေသည်ကို တွေ့ရှိခဲ့သည်။ 

“ကျေးရွာတာဝန်ခံက ရွာသားတွေကို အမျိုးမျိုး ခြိမ်းခြောက်ပြီး အမြဲဆဲဆိုငွေညှစ်တယ်၊ ငွေညှစ်လို့မရတဲ့သူတွေကို ညောင်ချောင်းနယ်မြေက နယ်ခြားစောင့်ရဲတွေနဲ့ ပေါင်းပြီး ဈေးနေ့တွေမှာ ညောင်ချောင်းဈေးသွားရင် အဲဒီကနေ ဖမ်းပြီး ငွေညှစ်တယ်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး မောင်သန်းညွန့်က ဝေစုရနေတော့ တာဝန်ခံလုပ်သမျှကို ဘာမှ မပြောဘူး၊ ငြိမ်ပြီး ကြည့်နေတယ်” ဟု ဒေသခံတစ်ဦးက ပြောပါသည်။ 



MYARF
RB News
26.7.2018

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ဘုရားပြင်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ရဲမှူး၏ အမည်ကိုသုံး၍ ဒေသခံတစ်ဦးထံမှ ငွေညှစ်ခဲ့သည်။ 

ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ဘုရားပြင်အောင်ပကျေးရွာအုပ်စု အမှတ် (၉) ရပ်ကွက်မှ ဦးအီလီယာစ်၏ သမီးတစ်ဦးသည် သိမ်တောင်ပြင်ကျေးရွာမှ ၎င်း၏ ချစ်သူအမျိုးသားနှင့်အတူ ဇူလိုင်လ (၂၄) ရက်နေ့ ညပိုင်းတွင် ခိုးရာလိုက်ပြေးသွားခဲ့သည်။ ယင်းကိစ္စနှင့် ပတ်သက်၍ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ကြီး သိရှိသွားပြီး ဇူလိုင်လ (၂၅) ရက်နေ့ မွန်းလွှဲပိုင်းတွင် ဦးမောင်ကြီးက ၎င်း၏တပည့်ဖြစ်သူ ဒိလ်မာမတ်မှတဆင့် ဦးအီလီယာစ်ကို ဆင့်ခေါ်၍ ဒိလ်မာမတ်၏ နေအိမ်တွင် သမီးခိုးရာလိုက်သွားသည်ကို အကြောင်းပြု၍ နည်းမျိုးစုံဖြင့် ခြိမ်းခြောက်၍ ငွေကျပ် (၃) သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

ဦးမောင်ကြီးက ငွေကျပ် (၃) သိန်း မပေးလျှင် နယ်မြေရုံးသို့ ပို့၍ ဒီထက်မက ရအောင်ယူမည်ဟု ခြိမ်းခြောက်ခဲ့သည့်အပြင် ယခုယူသည့် (၃) သိန်းမှ တစ်သိန်းခွဲကို ညောင်ချောင်း နယ်မြေ နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ရဲမှူးအား ခွဲဝေပေးရမည်ဟု ပြောကြားခဲ့သည်။ 

“ဘုရားပြင်အောင်ပ အုပ်ချုပ်ရေးမှူး ဦးမောင်ကြီးမှာ တပည့် ၁၁ ယောက်ရှိတယ်။ အဲဒီထဲမှာ ဦးမော်တော်လော်ဖ်ရဲ့သား ဒိလ်မာမတ်က ထိပ်ဆုံးက ပြေးနေတဲ့ တပည့်တစ်ယောက်၊ သူ့အိမ်ကိုသုံးတယ်။ အဲဒီမှာ ငွေညှစ်တယ်။ ဒိလ်မာမတ်ကလည်း ဝေစုရတော့ အုပ်ချုပ်ရေးမှူးကို မဟုတ်မမှန်သတင်းတွေ ပို့တယ်။ ပြီးတော့ အုပ်ချုပ်ရေးမှူးနဲ့ ပေါင်းပြီး မတရားသဖြင့် ရိုက်နှက်တယ်၊ ငွေညှစ်တယ်” ဟု ဒေသခံတစ်ဦးက ပြောပါသည်။



MYARF
RB News
26.7.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကျီးကန်းပြင်ကျေးရွာရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ်တွင် အလုပ်လုပ်ခိုင်းပြီးနောက် ဖမ်းဆီးထားခဲ့ထားသည့် ရိုဟင်ဂျာ (၄) ဦးကို ငွေကျပ် ၃၂ သိန်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့သည်။

မောင်တောမြို့နယ် မြောက်ပိုင်း ကျီးကန်းပြင်ကျေးရွာမှ ဒေသခံရိုဟင်ဂျာ (၄) ဦး ဖြစ်ကြသည့် --

(၁) ဦးမိုဟာမတ်ရဖိခ် (ဘ) ဦးရော်စောအလီ (အသက် ၃၂ နှစ်)
(၂) ဦးအာဘူကာလာမ် (ဘ) ဦးမိုဟာမတ်ကာဆိမ်း (အသက် ၃၀ နှစ်)
(၃) အိုမာရ် (ဘ) ဦးနူရူဇာမာ (အသက် ၁၈ နှစ်)
(၄) မွန်ဇူရ်ရာမန် (ဘ) ဦးရှော်ဘီရောန် (အသက် ၁၉ နှစ်) -- တို့ကို နယ်ခြားစောင့်ရဲတပ်ဖွဲ့ဌာနချုပ်ပိုင် ဒေဝေါ်နဒီဂေါက်ကွင်းတွင် ဇွန်လ (၂၄) ရက်နေ့ထိ အလုပ်လုပ်ခိုင်းပြီးနောက် ယင်းနေ့ ညနေပိုင်းတွင် ဖမ်းဆီးထားခဲ့သည်။

၎င်းတို့အား ဇွန်လ (၁၉) ရက်နေ့မှစ၍ အလုပ်လုပ်ခိုင်းပြီး အလုပ်ပြီးဆုံးသည့် ဇွန်လ (၂၄) ရက်နေ့ ညနေပိုင်းတွင် ဘင်္ဂလားဆင်းမ်ကဒ်များ တွေ့ရှိသည်ဟု ဆိုကာ လုပ်ကြံ ဖမ်းဆီးပြီးနောက် အကြမ်းဖက်မှုနှင့် ဆက်နွယ်နေသည်ဟု ထပ်မံ လုပ်ကြံစွပ်စွဲခဲ့သည်။ ထို့နောက် ၎င်းတို့အား အမှတ် (၆) နယ်မြေ (ကျောက်လှေကား) စခန်းသို့ ပို့ဆောင်ခဲ့သည်။ ထိုမှတဆင့် မောင်တောတရားရုံးတွင် ရမန်ယူ၍ လေးမိုင်ရှိ အမှတ် (၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့ တပ်ရင်းသို့ ပို့ဆောင်၍ ချုပ်နှောင်ထားခဲ့သည်။

၎င်းတို့ (၄) ဦးအား နယ်ခြားစောင့်ရဲများက စစ်ဆေးစဉ် လူမဆန်စွာ ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက်ခဲ့သည်။ ဦးမိုဟာမတ်ရဖိခ်၏ မုတ်ဆိတ်မွှေးများကို နယ်ခြားစောင့်ရဲများက ဆွဲနှုတ်ခဲ့ကြောင်း၊ အစားအသောက်လည်း ကောင်းမွန်စွာ မကျွေးကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ တစ်လတိတိ အချုပ်ခန်းထဲတွင် ညှဉ်းပန်းနှိပ်စက်ပြီးနောက် ပြစ်မှုကျူးလွန်ထားသည်ကို မတွေ့ရသော်လည်း တစ်ဦးချင်းစီထံမှ ငွေကျပ် (၈) သိန်းစီ ညှစ်ယူခဲ့သည်။ ဇူလိုင်လ (၂၄) ရက်နေ့တွင် တရားရုံးမှ လွတ်မိန့်ချခဲ့သော်လည်း တရားရုံးမှ ပြန်သွားခွင့်မပေးဘဲ အမှတ် (၆) နယ်မြေစခန်းသို့ ခေါ်ဆောင်သွား၍ နယ်မြေစခန်းမှ တဆင့် လွှတ်ပေးခဲ့သည်။

ငွေညှစ်ခံရမှုနှင့် ပတ်သက်၍ “တရားရုံးမှာ တစ်ယောက်ကို ၅ သိန်းစီ၊ နယ်ခြားစောင့်ရဲအတွက် တစ်ယောက်ကို ၃ သိန်းစီ ပေးခဲ့ရတယ်။ လေးယောက်လုံးက နေ့စားအလုပ်သမားတွေဆိုတော့ ၈ သိန်းစီကို အတော်လေး ခက်ခက်ခဲခဲနဲ့ ရှာခဲ့ရတယ်။ သူတို့ ပြစ်မှုကျူးလွန်ထားတာ လုံးဝ မရှိဘူး။ ဖမ်းခံရရင် ငွေမပေးဘဲ လွတ်လမ်းမရှိဘူးလေ။ အပြစ်မရှိရင်လည်း ငွေပေးရတယ်။ ပိုဆိုးတာက တစ်လတိတိ အတော်လေးကို ညှဉ်းပန်းနှိပ်စက်ခံလိုက်ရတယ်” ဟု ဒေသခံတစ်ဦးက RB News သို့ပြောသည်။

ချုပ်နှောင်ခံထားရစဉ် လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်ခံရမှုကြောင့် (၄) ဦးလုံး ကျန်းမာရေး ချို့တဲ့နေသော်လည်း တရားရုံးနှင့် နယ်ခြားစောင့်ရဲများအတွက် ငွေကျပ် (၈) သိန်းစီ အကြွှေးတင်နေသောကြောင့် ဆေးကုသရန်ပင် လမ်းမမြင် ဖြစ်နေသည်ဟု ဒေသခံများက ဆိုသည်။




MYARF
RB News
25.7.2018

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ ကျေးရွာအချို့မှ ဒေသခံရိုဟင်ဂျာများကို တပ်မ (၁၅) က အတင်းအဓမ္မ ခိုင်းစေလျက်ရှိသည်။

ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ကကျက်ဘက်ကံပြင်အုပ်စုရှိ ရိုဟင်ဂျာပိုင် လယ်မြေ ဧက (၆၀) ကျော်ကို လွန်ခဲ့သည့် (၁၅) နှစ်ခန့်က တပ်မ (၁၅) က အတင်းအဓမ္မ သိမ်းဆည်းခဲ့သည်။

ရိုဟင်ဂျာများကို နှစ်စဉ်နှစ်တိုင်း ဆင့်ခေါ်၍ လုပ်အားခ အနည်းငယ်ပေးကာ ယင်းလယ်မြေများတွင် စိုက်ပျိုးလေ့ရှိသည်။ 

ယခုအခါ အလယ်ချောင်းကျေးရွာ၊ မြောင်းနားကျေးရွာ၊ ကကျက်ဘက်ကျေးရွာနှင့် ဘဂုံးနားကျေးရွာ စသည့် ကျေးရွာအုပ်စု (၄) ခုမှ ဒေသခံရိုဟင်ဂျာများကို ဆင့်ခေါ်၍ ယင်းလယ်မြေများတွင် လုပ်အားခတစ်ပြားမှ မပေးဘဲ အတင်းအဓမ္မ ခိုင်းစေလျက်ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

တပ်မ (၁၅) က အတင်းအဓမ္မ ခိုင်းစေရာတွင် ရိုဟင်ဂျာများကိုသာ ရွေးချယ်၍ စိုက်ပျိုးခိုင်းပြီး၊ ဗုဒ္ဓဘာသာဝင်များကို ခိုင်းစေခြင်း လုံးဝမရှိကြောင်း ဒေသခံများက ပြောပါသည်။

ရိုဟင်ဂျာများကို သွားလာလှုပ်ရှားမှုအားလုံး ကန့်သတ်ထားသောကြောင့် ၀မ်းစာအတွက် ရှာဖွေရန်ပင် ခက်ခဲနေချိန်တွင် လူမျိုးဘာသာခွဲခြား၍ အတင်းအဓမ္မ ခိုင်းစေနေခြင်းမှာ နိုင်ငံတွင်းက ထွက်သွားသွားရန် တမင် ပြုလုပ်နေခြင်း ဖြစ်သည်ဟု ဒေသခံများက ဝေဖန်နေကြသည်။




MYARF
RB News
22.7.2018

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၀န်ထမ်းများနှင့် ရဲတပ်ဖွဲ့ဝင်များသည် ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ကျေးရွာများသို့ သွားရောက်၍ ကုလသမဂ္ဂ အေဂျင်စီအဖွဲ့မှ လာရောက်မေးမြန်းလျှင် မှာကြားထားသည့်အတိုင်း မပြောပါက အရေးယူမည်ဟု ခြိမ်းခြောက်ခဲ့သည်။ 

ဇူလိုင်လ (၁၉) ရက်နေ့နှင့် (၂၀) ရက်နေ့များတွင် ဘူးသီးတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၀န်ထမ်းများနှင့် ရဲတပ်ဖွဲ့ဝင်များသည် ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ကျေးရွာများသို့ သွားရောက်၍ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့် ရွာသူရွာသားများကို တွေ့ဆုံ၍ မကြာခင် UNDP နှင့် UNHCR တို့လာရောက်မည် ဖြစ်ကြောင်း၊ ၎င်းတို့ လာရောက်၍ ကျေးရွာအခြေအနေများကို မေးမြန်းပါက တိတိကျကျ မပြောဆိုရန် မှာကြားခဲ့သည်။ 

“ထွေအုပ်နဲ့ ရဲတွေ လာတာပါ။ သူတို့က မကြာခင် UNDP နဲ့ UNHCR လာမယ်။ ခင်ဗျားတို့ ရွာကနေ လူဘယ်လောက် ထွက်ပြေးလဲ မေးရင် နည်းနည်းလေးပဲ ထွက်ပြေးသွားပြီး အများစု ကျန်ခဲ့တယ်လို့ ဖြေခိုင်းတယ်။ စားဝတ်နေရေး အဆင်ပြေလား မေးရင် အဆင်ပြေတယ်၊ အာဏာပိုင်တွေက ခြိမ်းခြောက်တာ နှောက်ယှက်တာ ရှိလားလို့ မေးရင် မရှိဘူး၊ အစိုးရက အကူအညီပေးလားလို့ မေးရင် ကူညီတယ်၊ အခု ရွာထဲမှာ နေရတာ အခက်အခဲရှိလားလို့ မေးရင် မရှိဘူး၊ အခြေအနေတည်ငြိမ်လားလို့ မေးရင် တည်ငြိမ်နေတယ်၊ ဒါမေးရင် ဒါဖြေဆိုတဲ့ ပုံစံမျိုး မှာသွားတယ်။ တကယ်လို့ သူတို့ မှာတဲ့အတိုင်း မပြောဘူးဆိုရင် အရေးယူခံရမယ်လို့ ခြိမ်းခြောက်သွားတယ်” ဟု ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။ 

ဇူလိုင်လ (၂၁) ရက်နေ့တွင် UNDP နှင့် UNHCR တို့မှ ကိုယ်စားလှယ်များသည် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ၀န်ထမ်းများနှင့် ရဲတပ်ဖွဲ့ဝင်များနှင့် အတူ ဘူးသီးတောင်မြို့နယ် တောင်ပိုင်းရှိ ကျေးရွာအချို့ကို သွားရောက်မေးမြန်းရာ ရွာသူရွာသားများက အာဏာပိုင်များ၏ ရှေ့မှောက်တွင် ဖြေကြားရသဖြင့် အခြေအနေမှန်ကို ဖွင့်ဟ ပြောကြားနိုင်ခြင်း မရှိကြောင်း ဒေသခံများက ပြောပါသည်။ 

ယနေ့ ဇူလိုင်လ (၂၂) ရက်နေ့တွင် အဆိုပါ ကိုယ်စားလှယ်များသည် မောင်တောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၀န်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် အတူ မောင်တောမြို့နယ် မြောက်ပိုင်းရှိ ကျေးရွာများသို့ သွားရောက်ခဲ့သည်။ ယင်းကျေးရွာများတွင်လည်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကျေးရွာအုပ်ချုပ်ရေးမှူးများမှ တဆင့် ကြိုတင်သတိပေးခဲ့သောကြောင့် ရွာသူရွာသားများက အခြေအနေမှန်ကို ဖွင့်ဟနိုင်ခြင်း မရှိကြောင်း သိရသည်။ 

UNDP နှင့် UNHCR တို့မှ ကိုယ်စားလှယ်များသည် ဒေသအခြေအနေနှင့် လူများ ရပ်တည်နိုင်မှု အခြေအနေများကို လေ့လာစုံစမ်းနေခြင်း ဖြစ်သည်။ 



MYARF
RB News
22.7.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်းရှိ ရိုဟင်ဂျာကျေးရွာများမှ အစိုးရစာသင်ကျောင်းများတွင် အစိုးရခန့် ဆရာ/မ များ လာရောက်၍ စာသင်ကြားပေးခြင်း မရှိပေ။

၂၀၁၇ ခုနှစ် သြဂုတ်လ နောက်ပိုင်းတွင် စစ်တပ်က ရိုဟင်ဂျာကျေးရွာအများစုကို မီးရှို့ဖျက်ဆီးပြီးနောက် မောင်တောမြို့နယ် မြောက်ပိုင်းတွင် ကျေးရွာအနည်းငယ်သာ ကျန်ရှိတော့သည်။ ယင်းကျေးရွာများရှိ အစိုးရကျောင်းများတွင် အစိုးရခန့် ဆရာ/မ လာရောက်၍ စာသင်ကြားပေးခြင်း မရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

ကျေးရွာအချို့တွင် ကျောင်းအုပ်ကြီးများက ယခင်နှစ်က ခန့်ထားခဲ့သည့် ရွာခန့် ဆရာများကို ဖုန်းဆက်၍ ကျောင်းဖွင့်ခိုင်းကာ ကျောင်းသား/သူများ လက်ခံစေပြီး ရွာခန့်ဆရာများကိုသာ စာသင်ကြားခိုင်းခဲ့သည်။ ရွာခန့်ဆရာများကလည်း ကျောင်းအုပ်ကြီးများ ညွန်ကြားသည့်အတိုင်း ကျောင်းများဖွင့်လှစ်၍ စာသင်ကြားပေးလျက် ရှိသည်။ အချို့ကျောင်းများတွင် ကျောင်းဖွင့်စချိန်တွင် အစိုးရခန့် ဆရာ/မ လာရောက်၍ ကျောင်းဖွင့်ပြီး ကျောင်းသား/သူများ လက်ခံခဲ့သော်လည်း လာရောက်၍ စာသင်ကြားပေးခြင်း လုံးဝ မရှိပေ။

“ကျွန်တော်တို့ ရွာတွေမှာ အစိုးရခန့် ဆရာ/မ တွေမလာတော့ ရွာသူရွာသားတွေက ရွာထဲမှာရှိတဲ့ ပညာတတ်လူငယ်တွေကို ရွာခန့်ဆရာတွေ အဖြစ် ခန့်အပ်ပြီး ကလေးတွေကို စာသင်ပေးနေရတယ်။ အချို့ရွာတွေမှာ အခုထိ ကျောင်းမဖွင့်သေးတာတွေလည်း ရှိတယ်” ဟု ဒေသခံတစ်ဦးက ပြောပါသည်။ 

ဘူးသီးတောင်မြို့နယ်တွင်လည်း ကျောင်းများဖွင့်လှစ်၍ ကျောင်းသားများ လက်ခံခဲ့သည်။ အချို့ကျောင်းများတွင် ဆရာ/မ ကျောင်းသို့လာရောက်သော်လည်း ကျောင်းသား/သူများကို ပညာသင်ကြားပေးခြင်း မရှိကြောင်း၊ ကျောင်းသို့ လာရောက်ခြင်း မရှိသည့် ဆရာ/မလည်း အများအပြားရှိသည်ဟု ဒေသခံများက ဆိုသည်။ 

၂၀၁၂ ခုနှစ် ဇွန်လ နောက်ပိုင်းမှစ၍ ရခိုင်ပြည်နယ်ရှိ မြို့နယ်အများစုတွင် ရိုဟင်ဂျာရွာများရှိ ကျောင်းများတွင် ဆရာ/မများ ပုံမှန်ကျောင်းသို့ လာရောက်ခြင်း၊ စာသင်ကြားပေးရန် ပျက်ကွက်မှုများစွာ ရှိကြောင်း သိရသည်။ 

မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များရှိ ကျောင်းအများစုတွင် လုံခြုံရေး အကြောင်းပြကာ ကျောင်းသို့ လုံးဝ လာရောက်ခြင်း မရှိကြောင်း၊ မြို့ပေါ်နှင့် အနီးဝန်းကျင်ရှိ ရပ်ကွက်များရှိ ကျောင်းများတွင် ဆရာ/မ လာရောက်သော်လည်း စာသင်ကြားပေးခြင်း မပြုလုပ်ဘဲ ဖုန်းများဖြင့် ဂိမ်းကစားခြင်း၊ ဖေ့စ်ဘုတ်ကြည့်ခြင်း၊ chatting လုပ်ခြင်းများဖြင့် ကျောင်းသား/သူများ၏ တန်ဖိုးရှိသည့် စာသင်ချိန်များကို ဖြုန်းတီးလေ့ရှိသည်။ 

နယ်ပိုင်းရှိ ရိုဟင်ဂျာကျေးရွာများတွင် ဆရာ/မများ လာရောက်၍ စာသင်ကြားပေးခြင်း လုံးဝမရှိသော်လည်း ဗုဒ္ဓဘာသာဝင်များ နေထိုင်သော ကျေးရွာများတွင် ပုံမှန်သွားရောက်၍ စာသင်ကြားပေးလျက်ရှိသည်။ 

ရိုဟင်ဂျာကျောင်းသား/သူများ စာသင်ကြားနိုင်ရန် ရွာသူရွာသားများက ရွာအတွင်း ငွေကြေးကောက်ခံ၍ ကိုယ်ထူကိုယ်ထ စနစ်ဖြင့် ပညာတတ်လူငယ်များကို ဆရာခန့်၍ စာသင်ကြားနိုင်ရန် စီစဉ်ဆောင်ရွက်နေရသည်မှာ ယခုဆိုလျှင် ခြောက်နှစ်ကျော်ရှိနေပြီ ဖြစ်ကြောင်း ဒေသခံများက ပြောပါသည်။ 




MYARF
RB News
22.7.2018

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ညောင်ချောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ နယ်ခြားစောင့်ရဲများနှင့် မ.က.ဖ အဖွဲ့ဝင် (၅၀) ဦးခန့်နှင့် စစ်သား (၅၀) ဦးခန့်တို့သည် ပြိုင်းတောင်ကျေးရွာကို ၀န်းရံပိတ်ဆို့ စစ်ဆေးခဲ့သည်။ 

ညောင်ချောင်း နယ်မြေ နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ နယ်ခြားစောင့်ရဲများနှင့် မ.က.ဖ အဖွဲ့ဝင် (၅၀) ဦးခန့်နှင့် ဘူးသီးတောင်မြို့နယ် တောင်ပိုင်းတွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် စစ်ကြောင်းမှ စစ်သား (၅၀) ဦးခန့်တို့သည် ဇူလိုင်လ (၂၀) ရက်နေ့ နေထွက်ချိန်ခန့်တွင် ပြိုင်းတောင်ကျေးရွာသို့ ရောက်ရှိလာပြီး စစ်သားများက ရွာအပြင်ဘက်မှ ၀န်းရံပိတ်ဆို့ထားပြီး နယ်ခြားစောင့်ရဲ အချို့က ခွဆုံနှင့် အချက်အချာကျသော နေရာတွင် နေရာယူထားခဲ့သည်။ 

ကျန်သည့် နယ်ခြားစောင့်ရဲအချို့နှင့် မ.က.ဖ အဖွဲ့ဝင်များက ရိုဟင်ဂျာနေအိမ် (၅) အိမ်သို့ ၀င်ရောက်၍ အိမ်သူအိမ်သားများကို အိမ်ထောင်စုလူဦးရေစာရင်းနှင့် အညီ စစ်ဆေးခဲ့ပြီး၊ နေအိမ်များအတွင်း ရှာဖွေ စစ်ဆေးခဲ့သည်။ 

ထို့နောက် နယ်ခြားစောင့်ရဲများနှင့် မ.က.ဖ အဖွဲ့ဝင်များသည် အာရ်ဗီစာသင်ကျောင်းတွင် နေရာယူပြီး၊ ရွာသားများကို အိမ်ထောင်စုလူဦးရေစာရင်းနှင့်အတူ အာရ်ဗီစာသင်ကျောင်းသို့ ဆင့်ခေါ်ခဲ့သည်။ ယင်းအာရ်ဗီစာသင်ကျောင်းတွင် မိသားစုတစ်စုချင်းစီကို အိမ်ထောင်စုလူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

နယ်ခြားစောင့်ရဲများ၊ မ.က.ဖ အဖွဲ့ဝင်များနှင့် စစ်သားများ ရွာထဲသို့ မရောက်လာမှီ ကျေးရွာအတွင်းမှ လယ်သမားအချို့နှင့် ငါးဖမ်းသမားအချို့သည် ၎င်းတို့၏ လုပ်ငန်းခွင်သို့ ရောက်နှင့်သွားပြီး ဖြစ်သောကြောင့် စစ်ဆေးနေစဉ် ရွာထဲသို့ ပြန်ဝင်လာ၍ စစ်ဆေးခံနိုင်ခြင်း မရှိခဲ့ပေ။

စစ်ဆေးစဉ် စစ်ဆေးခံရန် ပျက်ကွက်ခဲ့သည့် လယ်သမားများနှင့် ငါးဖမ်းသမားများနှင့် ပတ်သက်၍ မ.က.ဖ အဖွဲ့ဝင်များက မေးမြန်းရာ မိသားစုဝင်များက လုပ်ငန်းခွင်သို့ ရောက်နေကြောင်း ရှင်းပြသော်လည်း မ.က.ဖ အဖွဲ့ဝင်များက ခရီးလွန်၊ မတွေ့ရှိဟု မှတ်တမ်းတင်ယူသွားခဲ့သည်။ အိမ်ထောင်စုလူဦးရေစာရင်းတွင် မည်သို့မျှ မှတ်သားခြင်း မရှိသော်လည်း လုပ်ငန်းခွင်သို့ ရောက်ရှိနေသည်ကို ခရီးလွန်ဟု မှတ်တမ်းတင်သွားသောကြောင့် မိသားစုဝင်များက စိုးရိမ်ပူပန်လျက်ရှိနေကြသည်။ 

ထို့နောက် စစ်သားများနှင့် နယ်ခြားစောင့်ရဲများသည် ပြိုင်းတောင်ကျေးရွာအုပ်စု ဒိုင်းနက်ရွာရှိ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းကို ၀င်ရောက်စစ်ဆေးခဲ့သည်။ ယင်းဘုန်းကြီးကျောင်းတွင် ၂၀၁၂ ခုနှစ်၌ တရားမ၀င် သိုလှောင်ထားသည့် သေနတ် ၃၅ လက်ခန့် ဖမ်းဆီးရမိခဲ့သောကြောင့် ၀င်ရောက် စစ်ဆေးခြင်း ဖြစ်နိုင်သည်ဟု ဒေသခံများကဆိုသည်။ 

နံနက် ၁၁ နာရီခန့်တွင် နယ်ခြားစောင့်ရဲများ၊ မ.က.ဖ အဖွဲ့ဝင်များနှင့် စစ်သားများသည် သိမ်တောင်ပြင် ကျေးရွာဘက်သို့ ထွက်ခွာသွားပြီး၊ သိမ်တောင်ပြင်ကျေးရွာတွင် နေ့လည်စာ သုံးဆောင်ကာ နယ်မြေစခန်းသို့ ပြန်လည် ထွက်ခွာသွားကြောင်း သိရသည်။ 

ပြိုင်းတောင်ကျေးရွာအုပ်စုတွင် ယခင်က အိမ်ခြေ ၂၅၀ ခန့်ရှိခဲ့ပြီး ယခုအခါ အိမ်ခြေ ၁၀၀ ကျော်သာ ကျန်ရှိတော့သည်။ 




မေယုတာရာ
RB News
21.7.2018

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် မြို့နယ် စခန်းမှူးအပါအ၀င် ဒေသဆိုင်ရာ အာဏာပိုင်များက မြို့မဈေးရှိ ဈေးဆိုင်ရှင်များကို အကြောင်းအမျိုးမျိုးပြ၍ ငွေညှစ်လျက်ရှိသောကြောင့် ဈေးဆိုင်များ ဆက်လက်ရပ်တည်နိုင်ရေးအတွက် စိုးရိမ်နေရသည်။ 

ဘူးသီးတောင်မြို့နယ် မြို့မဈေးမှ ဈေးဆိုင်များသည် စီးပွားရေးကျပ်တည်းမှု ရင်ဆိုင်နေရချိန်တွင် မြို့နယ်ရဲတပ်ဖွဲ့မှ စခန်းမှူးအပါအ၀င် ဒေသဆိုင်ရာ အာဏာပိုင်များ၊ ရဲတပ်ဖွဲ့ဝင်များက အလှူငွေ၊ ရန်ပုံငွေ ဟု ခေါင်းစဉ်တပ်၍ ငွေကျပ် သုံးသောင်းမှ ငါးသောင်းထိ ဆိုင်ကြီး၊ ဆိုင်ငယ်မရွေး လစဉ်ဆက်ကြေး ကောက်ခံနေသလို ကောက်ခံနေခြင်းကြောင့် ၀န်ထုပ်ဝန်ပိုး ဖြစ်နေရသည်ဟု ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

အလှူငွေ၊ ရန်ပုံငွေဟု ခေါင်းစဉ်တပ်သော်ငြားလည်း မည်သည့်အတွက် အလှူငွေ၊ ရန်ပုံငွေ ဖြစ်သည်ကို ရှင်းလင်းပြရန် တောင်းဆိုလျှင်လည်း ရှင်းလင်းဖြေကြားခြင်း မရှိပေ။ အလှူငွေ၊ ရန်ပုံငွေ ထည့်ရန် ငြင်းဆန်သည့် ဆိုင်ရှင်များထံသို့ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး အကြောင်းအမျိုးမျိုး ဖန်တီး၍ ငွေကျပ် ၃ သိန်းမှ ၅ သိန်း ညှစ်ယူသည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။ 

“ကျွန်တော်တို့ ဒီမှာ လူတွေ တစ်ဝက်ကျော် တစ်ဖက်နိုင်ငံကို ထွက်ပြေးခိုလှုံနေရတော့ ဆိုင်တွေ အရောင်းအ၀ယ်လည်း အရင်လို မဖြစ်တော့ဘူး။ ဒီလိုအချိန်မျိုးမှာ သူတို့က ဆိုင်ငယ်တွေကတောင် လစဉ် သုံးသောင်း ကောက်တယ်။ လစဉ် ဆက်ကြေးလို ပေးနေရတော့ ဈေးထဲမှာ ဆိုင်ဆက်လက်ရောင်းနိုင်မလား ဆိုတာ စိုးရိမ်စရာဖြစ်လာတယ်” ဟု ၎င်းက ဆိုသည်။ 

မြို့ပေါ်တွင် တာဝန်ထမ်းဆောင်နေသည့် လုံထိန်းရဲများကလည်း ဈေးအတွင်းသို့ နေ့စဉ် ၀င်ရောက်၍ ဆိုင်ရောင်းသူများကို လူကုန်ကူးမှု၊ မတရားအသင်းနှင့် ဆက်နွယ်မှု စသည့် ခေါင်းစဉ်များတပ်၍ ငွေကြေး အမြောက်အမြား ညှစ်ယူလျက်ရှိသည်ဟု သိရသည်။ 




MYARF & Rohingya Eye
RB News
20.7.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ပေါင်းဇားကျေးရွာမှ ငါးဖမ်းသမားများကို နယ်ခြားစောင့်ရဲများက သေနတ်ပစ် ဖမ်းဆီးပြီး နယ်စပ်ခြံစည်းရိုး ကျော်တက်သူများအား ဖမ်းဆီးသည်ဟု အစိုးရက လိမ်လည်၍ သတင်းထုတ်ပြန်ခဲ့သည်။ 

ဇူလိုင်လ (၁၆) ရက်နေ့ မွန်းလွဲပိုင်းတွင် မောင်တောမြို့နယ် ပေါင်းဇားကျေးရွာမှ ဒေသခံများဖြစ်ကြသည့် ဦးဒိလ်မာမတ် (ဘ) ဦးနော်ဇိရ်အာမတ်နှင့် ဦးဖာရုခ် (ဘ) ဦးမုစ်တာမတ် တို့သည် ပေါင်းဇားကျေးရွာ အနောက်ဘက်ရှိ ပုဇွန်ကန်သို့ သွားရောက်၍ ငါးဖမ်းရန်သွားကြရာ ဦးဒိလ်မာမတ်က ခြံစည်းရိုး အပြင်ဘက်ရှိ ပုဇွန်ကန်တွင် ငါးဖမ်းနေခဲ့ပြီး၊ ဦးဖာရုခ်သည် ခြံစည်းရိုး အတွင်းပိုင်းရှိ ပုဇွန်ကန်တွင် ငါးဖမ်းနေခဲ့သည်။ 

ညနေ ၄ နာရီခန့် အချိန်တွင် ပေါင်းဇားကျေးရွာရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲများသည် ဆိုင်ကယ်လေးစီးဖြင့် ခြံစည်းရိုးတစ်လျှောက် ကင်းလှည့်နေစဉ် ငါးဖမ်းသမားနှစ်ဦးကို မြင်သောအခါ ခြံစည်းရိုးအပြင်ဘက်တွင် ငါးဖမ်းနေသည့် ဦးဒိလ်မာမတ်ကို ချက်ချင်း သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် နံရိုးတွင် ကျည်ဆံထိမှန်၍ လဲကျသွားသဖြင့် နယ်ခြားစောင့်ရဲများက ဆွဲထူ၍ ခြံစည်းရိုးအတွင်းထဲသို့ ခေါ်ယူလာခဲ့သည်။ ထို့နောက် ခြံစည်းရိုးအတွင်းပိုင်းတွင် ငါးဖမ်းနေသည့် ဦးဖာရုခ်ကို ရိုက်နှက်၍ ခြံစည်းရိုးပေါ်သို့ အတင်းအဓမ္မ တက်ခိုင်းကာ ခြံစည်းရိုး ကျော်၍ ၀င်လာသည့် ပုံစံဖြင့် ဓါတ်ပုံရိုက်ခဲ့သည်။ 

၎င်းတို့နှစ်ဦးအား ထိုနေရာမှ ပေါင်းဇား ကင်းစခန်းသို့ ခေါ်ဆောင်သွားပြီး ထိုမှတဆင့် နယ်မြေ ၆ (ကျောက်လှေကားစခန်း) သို့ ခေါ်ဆောင်သွားခဲ့သည်။ 

ထို့နောက် ညနေ ၆ နာရီအချိန်တွင် သေနတ်ကျည်ဆံထိမှန်၍ ဒဏ်ရာရရှိခဲ့သူ ဦးဒိလ်မာမတ်ကို မောင်တောဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး၊ ဦးဖာရုခ်ကို နယ်မြေ (၆) တွင် ချုပ်နှောင်ထားသည်ဟု ဒေသခံများက RB News သို့ပြောသည်။ ည ၇ နာရီအချိန်တွင် ဦးဒိလ်မာမတ်ကို ထိမှန်သည့် ကျည်ဆံကို ဆရာဝန်များက ထုတ်ယူနိုင်ခဲ့သည်။ ကျည်ဆံထိမှန်သည့် နံရိုးကို ခွဲစိတ်ကုသရမည်ဟု ဆရာဝန်များက ပြောခဲ့သည်။ 

ဦးဒိလ်မာမတ်အား ဆေးရုံတွင် နယ်ခြားစောင့်ရဲ (၄) ဦးက စောင့်ကြပ်လျက်ရှိပြီး၊ ၎င်း၏ ဇနီးမှလွဲ၍ မည်သူတစ်ဦးတစ်ယောက်မှ တွေ့ဆုံခွင့်မရှိကြောင်း သိရသည်။ 

မြန်မာအစိုးရ၏ သတင်းထုတ်ပြန်ရေးကော်မတီ လူမှုကွန်ယက် စာမျက်နှာတွင် နတ်မြစ်အား ဖြတ်ကူး၍ နယ်စပ်ခြံစည်းရိုးကို ကျော်၍ ၀င်လာခဲ့သည်ဟု လိမ်လည်၍ ရေးသား ဖော်ပြခဲ့သည်။

၎င်းတို့နှစ်ဦးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက် ခိုလှုံနေသူများ မဟုတ်ကြောင်း၊ ၂၀၁၈ ခုနှစ် ဆွဲ၊တင်၊စစ် တွင် ပါဝင်ခဲ့သူများ ဖြစ်ကြောင်း ဒေသခံများက အခိုင်အမာပြောဆိုနေကြသည်။ 

မြန်မာအစိုးရက ကာရံထားသည့် နယ်စပ်ခြံစည်းရိုးသည် မြေကောင်းသည့်နေရာများ ရွေး၍ ကာထားသဖြင့် များသောအားဖြင့် ပုဇွန်ကန်များ၏ အလယ်မှ ဖြတ်သန်း၍ ကာရံထားသည်။ ထို့ကြောင့် ပုဇွန်ကန်များ ခြံစည်းရိုး အပြင်ဘက်တွင် ရှိနေသည့် ပုဇွန်ကန်များနှင့် လုပ်ကိုင်စားသောက်နေသည်ကို နယ်ခြားစောင့်ရဲများနှင့် အုပ်ချုပ်ရေးအာဏာပိုင်များက ကောင်းစွာသိရှိသည်။ ထိုကဲ့သို့ ရှိနေသည်မှာ ပေါင်းဇားကျေးရွာ တစ်ရွာတည်း မဟုတ်ဘဲ မောင်တောမြောက်ပိုင်းရှိ ကျေးရွာတိုင်းတွင် ခြံစည်းရိုး၏ အပြင်ဘက်တွင် ပုဇွန်ကန်များ ရှိနေသည်။ အဆိုပါ ပုဇွန်ကန်များနှင့် လုပ်ကိုင်စားသောက်ခွင့်လည်းရှိသည်။

အစိုးရက လိမ်လည်၍ သတင်းထုတ်ပြန်ထားသည့် သတင်းမှ ဓါတ်ပုံ



MYARF
RB News
20.7.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကျီးကန်းပြင်ကျေးရွာအုပ်စုမှ ဒေသခံရိုဟင်ဂျာ ညီအစ်ကိုနှစ်ဦးကို နယ်ခြားစောင့်ရဲများက မဟုတ်မမှန် လုပ်ကြံစွပ်စွဲ၍ ဖမ်းဆီးရန် ကြိုးစားနေသည်။ 

ဇူလိုင်လ (၁၈) ရက်နေ့ နံနက်ပိုင်းတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ်မှ နယ်ခြားစောင့်ရဲများသည် ကျီးကန်းပြင်ကျေးရွာအုပ်စုရှိ မိသားစု ၅၀ ခန့်သာ ကျန်ရှိတော့သည့် အနောက်ရွာကို ၀န်းရံပိတ်ဆို့ကာ ဦးဟာရွန်၏ သားနှစ်ဦး ဂျမိလ်နှင့် မုစ်တောဖိစ် တို့ညီအစ်ကိုနှစ်ဦး နေထိုင်သောအိမ်ကို ၀င်ရောက်စစ်ဆေးပြီး အဆိုပါ ညီအစ်ကိုနှစ်ဦးကို ဖမ်းဆီးရန် ရှာဖွေခဲ့သည်။ 

ဂျမိလ်နှင့် မုစ်တောဖိစ် တို့ညီအစ်ကိုနှစ်ဦးသည် ၎င်းတို့အား ဖမ်းဆီးရန် လာရောက်နေသည်ကို ကြိုတင် သတင်းရရှိထားသောကြောင့် တိမ်းရှောင်သွားခဲ့သည်။

၎င်းတို့နှစ်ဦးအား ဘူးသီးတောင်မှ တရားမ၀င် တောင်ကျော်၍ ကျွဲ၊ နွားများ သယ်ယူရောင်းချနေသည်၊ လူကုန်ကူးမှု ပွဲစားလုပ်နေသည်ဟု မဟုတ်မမှန် လုပ်ကြံစွပ်စွဲ၍ ဖမ်းဆီးရန် ရှာဖွေနေခြင်း ဖြစ်သည်ဟု ဒေသခံများက RB News သို့ပြောသည်။

နယ်ခြားစောင့်ရဲများက အဆိုပါညီအစ်ကိုနှစ်ဦးကို လွန်ခဲ့သည့်လကလည်း တစ်ကြိမ် ရှာဖွေခဲ့သည်။ 

မောင်တောမြို့နယ်တွင် အနည်းအကျဉ်းသာရှိနေသည့် ရိုဟင်ဂျာများမှာ တောတောင်များထဲသို့ သွားလာခွင့် လုံးဝ မရှိပေ။ တောတောင်များထဲတွင် စစ်သားများ အချိန်ပြည့်ကင်းလှည့်နေပြီး၊ ရခိုင်၊ မြို၊ ဒိုင်းနက်၊ ခမီး စသည့်လူမျိုးများကလည်း ရိုဟင်ဂျာများကို တောတောင်များထဲတွင်တွေ့လျှင် ရိုက်နှက်သတ်ဖြတ်ခြင်းများ ပြုလုပ်လေ့ရှိသည်။ 

ဤကဲ့သို့သော အချိန်အခါမျိုးတွင် ရိုဟင်ဂျာများက တောင်ကျော်၍ ကျွဲ၊ နွားများ သယ်လာရန် မည်သို့မျှ မဖြစ်နိုင်ကြောင်း၊ ရခိုင်နှင့် ဒိုင်းနက်များက သယ်ဆောင်လာလေ့ရှိကြောင်း၊ ကျီးကန်းပြင် အနောက်ရွာကဲ့သို့ လူအနည်းငယ်သာ ကျန်ရှိတော့သည့် ရွာကို နယ်ခြားစောင့်ရဲများက မကြာခဏ ၀န်းရံပိတ်ဆို့ စစ်ဆေးခြင်းသည် ဒေသခံရွာသားများကို ခြိမ်းခြောက်၍ ထွက်ပြေးသွားရန် ပြုလုပ်နေခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။

နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ်ရှိ ဒေဝေါ်နဒီဂေါက်ကွင်း၌ အလုပ်လုပ်ရန် ခေါ်ဆောင်သွားပြီး လေးရက်တိတိ အလုပ်ခိုင်းပြီးနောက် ဇွန်လ (၂၄) ရက်နေ့တွင် လုပ်ကြံဖန်တီး ဖမ်းဆီးလိုက်သည် ဒေသခံ (၄) ဦးကိုလည်း ယခုအချိန်ထိ လွှတ်ပေးခြင်း မရှိသေးပေ။




RB News
19.7.2018

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီတောင်မြို့နယ် တောင်ပိုင်း ဘုရားပြင်အောင်ပ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်ကြီးက ရိုဟင်ဂျာတစ်ဦးကို ရိုက်နှက်၍ နယ်ခြားစောင့်ရဲတပ်ဖွဲ့ နယ်မြေရုံးသို့ ပို့ဆောင် လိုက်သည်။ 

ဘုရားပြင်အောင်ပကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်ကြီးသည် ရာအိမ်မှူး ဦးမူဟိဘူလ္လာ (ဘ) ဦးဆွေယာဒ်ကာဆိမ်းနှင့် ပူးပေါင်း၍ ဇူလိုင်လ (၁၈) ရက်နေ့ ညနေ ၅ နာရီခန့်အချိန်တွင် ဖိုးခေါင်ချောင်းကျေးရွာအုပ်စုမှ ရွှေ့ပြောင်းနေထိုင်သူတစ်ဦး ဖြစ်သည့် ဦးကာဒိရ်ဟူဆောင်း (ခ) ဘူတီယား (ဘ) ဦးအဒူရာမာန် (အသက် ၅၂ နှစ်) ကို အမှတ် (၁) ရပ်ကွက်၏ ရာအိမ်မှူးဖြစ်သူ ဦးမူဟိဘူလ္လာ၏ နေအိမ်သို့ ရွာဆော်မှတဆင့် ဆင့်ခါ်၍ လူမဆန်စွာ ရိုက်နှက်၍ ကြိုးဖြင့် ချည်နှောင်၍ ညောင်ချောင်းရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ နယ်မြေရုံးသို့ ပို့ဆောင်လိုက်ကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

ဦးကာဒိရ်ဟူဆောင်းသည် ယခင်လယ်သမားတစ်ဦးဖြစ်ပြီး ယခုအခါ ဈေးတွင် အထည်ဆိုင်ရောင်း၍ အသက်မွေးဝမ်းကျောင်း ပြုနေသူ ဖြစ်သည်။ လွန်ခဲ့သည့်တစ်လခန့်က အိုးသည်ရွာတွင် တံတားတစ်ခု ဆောက်လုပ်ပေးရန် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ပြောဆိုခဲ့ရာ ငွေကျပ် ၁၀ သိန်းကျော် မတတ်နိုင်၍ ဆောက်လုပ်မပေးသဖြင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးက မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ရခိုင်လူမျိုး စာရေးတစ်ဦးနှင့် ပူးပေါင်း၍ ဆင့်ခေါ်စာ တစ်စောင်ပို့၍ ငွေကျပ် ၅ သိန်း ညှစ်ယူရန် ကြိုးစားခဲ့သည်။ သို့သော်လည်း ဦးကာဒိရ်ဟူဆောင်းက ငွေကျပ် ၅ သိန်းပေးရန် ငြင်းဆန်ခဲ့သဖြင့် ယခုကဲ့သို့ ရိုက်နှက်၍ နယ်မြေရုံးသို့ ပို့ဆောင်ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောဆိုနေကြသည်။ 

ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးသည် ရခိုင်လူမျိုးတစ်ဦးဖြစ်ပြီး သြဇာအာဏာကို အလွဲသုံးစား ပြုလုပ်၍ လုပ်ဆောင်နေခြင်း ဖြစ်သည်။ ဦးကာဒိရ်ဟူဆောင်းကို ယခုအချိန်ထိ ချုပ်နှောင်ထားပြီး အမှုတစ်ခုခုဆင်၍ ထောင်ချမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။ 

ဒေသဆိုင်ရာအာဏာပိုင်များ၏ မူဝါဒသည် ရိုဟင်ဂျာများကို ညှဉ်းပန်းနှိပ်စက်၍ ထွက်ပြေးသွားရန် ကြိုးစားနေခြင်းဖြစ်သည်မှာ သိသာထင်ရှားနေသည်ဟု ဒေသခံများက ဝေဖန်ပြောဆိုသည်။ 

ကိုယ်ဝန်ဆောင် အမျိုးသမီးများကို ငွေကြေး ထောက်ပံ့ရာတွင်လည်း ဘုရားပြင်အောင်ပတွင် ကိုယ်ဝန်ဆောင် ၁၆၀ ကျော်ရှိသည့်အနက် ၁၅ ဦးကိုသာ ငွေကျပ် ၄ သောင်းမှ ၅ သောင်းထိ ထောက်ပံ့၍ ကျန်ငွေများကို မြို့နယ်အုပ်ချုပ်ရေးနှင့် ပူးပေါင်း၍ ခေါင်းပုံဖြတ်စားလိုက်သည်ဟု ဒေသခံများက ပြောပါသည်။ 

မိုးစပါးစိုက်ပျိုးရာတွင် အလုပ်သမားများကို ငွေမပေးဘဲ အတင်းအဓမ္မ ခိုင်းစေမှုများ ရှိနေကြောင်း သိရသည်။ 




MYARF
RB News
16.7.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ညောင်ချောင်းကျေးရွာတွင် နယ်ခြားစောင့်ရဲများက ရွာသူရွာသားများကို ခေါ်ယူစစ်ဆေးပြီးနောက် ယင်းရွာရှိ စာသင်ကျောင်းတွင် ချုပ်နှောင်ထားသည်။ 

ယနေ့ ဇူလိုင်လ (၁၆) ရက်နေ့ နံနက် (၈) နာရီ အချိန်တွင် မောင်တောမြို့နယ် ညောင်ချောင်းကျေးရွာသို့ မကျီးချောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းမှ ရဲမှူးဦးဆောင်သော အင်အား ၁၀၀ ခန့်ရှိသည့်အဖွဲ့ ရောက်ရှိလာပြီး၊ ရွာကို ၀န်းရံပိတ်ဆို့ပြီးနောက် ရွာထဲတွင် စစ်ဆေးလျက်ရှိသည်။

စစ်ဆေးရေးအဖွဲ့တစ်ဖွဲ့က ယင်းရွာရှိ စာသင်ကျောင်းတွင် နေရာယူထားပြီး ရွာသူရွာသားမျာကို စာသင်ကျောင်းသို့လာရောက်၍ စစ်ဆေးခံရန် အမိန့်ထုတ်ပြီးနောက် ရွာသူရွာသားများက အစစ်ဆေးခံရန် သွားရောက်ရာ သွားရောက်စစ်ဆေးခံသည့် မိသားစုများအားလုံးကို စာသင်ကျောင်းထဲတွင် အကျဉ်းသားများသဖွယ် ထိန်းသိမ်းချုပ်နှောင် ထားကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

"ဟုတ်​တယ်​။ သူတို့က အမိန့်​ထုတ်​ထား​တော့ လူ​တွေ အစစ်​​​ဆေးခံဖို့ သွားတယ်​။ စစ်​​ဆေးပြီး​တော့မှ ဘယ်​သူ့ကိုမှ အိမ်​ပြန်​လာခွင့်​မ​ပေးဘဲ စာသင်​​ကျောင်းထဲ သွင်းထားပြီး ချုပ်​ထားတယ်​။ ဒီထဲမှာ လူအို​တွေ၊ နို့စို့က​လေး​တွေ ပါ​နေ​တော့ သူတို့​တော့ အ​တော်​ ဒုက္ခ​ရောက်​​နေတယ်​" ဟု ရွာသားတစ်ဦးက ပြောပါသည်။ 

ထို့အပြင်​ အဆိုပါ စစ်​​ဆေး​ရေးအဖွဲ့ ဦး​ဆောင်​သူ မကျီ​ချောင်းစခန်း ရဲမှူးက ယင်းစာသင်​​ကျောင်းကိုလည်း စာသင်​ရန် ခွင့်​မပြုသလို မြို့​ပေါ်​ကျောင်းသွားတက်​ရသည့်​ ​ကျောင်းသား​များကိုလည်း ရွာထဲက ထွက်​ခွင့်​မ​ပေး​​ကြောင်း သိရသည်​။ 

ယခုလို ရွာကိုဝန်းရံပိတ်​ဆို့၍ ရွာသူရွာသားများကို စစ်​​ဆေးပြီး ​စာသင်​​ကျောင်းထဲ တစ်​စုတစ်​စည်းတည်း ချုပ်​​နှောင်​ထား​နေခြင်းထဲတွင်​ ကျန်းမာ​ရေးမ​ကောင်းသည့်​ လူအိုများလည်း ရှိ​နေရာ ၎င်းတို့ အလွန်​တရာ ဒုက္ခ​ရောက်​​နေရသည်​ဟု ဒေသခံများကဆိုသည်။ 

ဤကဲ့သို့ စစ်​ဆင်​​ရေးမျိုးကို ရာမ်​ဒါန်​ဥပုသ်လ၌လည်း တစ်​ကြိမ် လုပ်​ခဲ့ဖူး​ကြောင်း၊ ပြည်​​ထောင်​စု အစိုးရက နယ်​​မြေရှင်းလင်း​ရေး ရပ်​တန့်​လိုက်​သည်​ဟု ​ကမ္ဘာကို လိမ်​ညာ​ပြောဆို​နေ​သော်​လည်း လက်​​တွေ့​မြေပြင်​၌ နယ်​​မြေရှင်းလင်း​ရေး စစ်​​ဆင်​​ရေးက ယ​နေ့အချိန်ထိ ရှိ​နေ​ကြောင်း ​ဒေသခံတစ်​ဦးကဆိုသည်​။ 

စစ်​​ဆေး​ရေးအဖွဲ့ မည်သည့်အချိန်တွင် ပြန်မည်ကို မသိရသောကြောင့် လူသားများကို တိရစ္ဆာန်​သဖွယ်​ ဥပ​ဒေပ ဒုက္ခ​ပေး​နေ​သော ဤစစ်​​ဆေးအဖွဲ့ကို အထက်​တာဝန်​ရှိပုဂ္ဂိုလ်​များအ​နေဖြင့်​ ချက်​ချင်းဟန့်​ထား​ အ​ရေးယူ​ပေးရန်​ လိုအပ်​​ကြောင်း ​ဒေသခံများက လိုလားသည်ဟု ပြောပါသည်။


MYARF
RB News
10.7.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ဧတာလျာကျေးရွာအုပ်စု ဇူလာရွာတွင် ဆင်းရဲသား လယ်သမားများအတွက် MHDO မှ ထောက်ပံ့ပေးသော ဓါတ်မြေသြဇာအိတ်များကို ရာအိမ်မှူးများက စိတ်ကြိုက် ချယ်လှယ်၍ အလွှဲသုံးစား ပြုလုပ်ခဲ့သည်။ 

ဇူလိုင်လ (၈) ရက်နေ့က မောင်တောမြို့နယ် ဧတာလျာကျေးရွာအုပ်စု ဇူလာရွာတွင် MHDO က ဆင်းရဲလယ်သမားများအတွက် ဓါတ်မြေသြဇာ ၅၆ အိတ်ထောက်ပံ့ပေးခဲ့သည်။ အဆိုပါ ဓါတ်မြေသြဇာအိတ်များကို ကျေးရွာအုပ်ချုပ်ရေးအဖွဲ့မှ ရာအိမ်မှူးများ ဖြစ်ကြသည့် ဦးဆာဒဲခ်နှင့် ဦးအဒူမူနာဖ် တို့လက်ထဲသို့ အပ်နှံခဲ့ပြီး၊ ၎င်းတို့က ဓါတ်မြေသြဇာများ ခွဲဝေပေးရာတွင် ဆင်းရဲသားလယ်သများများကို ရွေးချယ်၍ ခွဲဝေပေးခြင်း မပြုလုပ်ဘဲ ၎င်းတို့၏ ဆွေမျိုးသားချင်းများကိုသာ ခွဲဝေပေးခဲ့သည်ဟု ဒေသခံများက RB News သို့ပြောသည်။ 

ဓါတ်မြေသြဇာအိတ်ရရှိခဲ့သူ အများစုမှာ လယ်သမားများ မဟုတ်သောကြောင့် ဓါတ်မြေသြဇာအိတ်များကို ရရချင်းပင် ရောင်းချခဲ့သည်။

“ဓါတ်မြေသြဇာအိတ်ရတဲ့လူတွေ အများစုက လယ်သမားတွေ မဟုတ်ဘူး။ သူတို့အတွက် အသုံးမ၀င်တော့ နှစ်သောင်းခွဲတန်တဲ့ ဓါတ်မြေသြဇာအိတ်ကို တစ်သောင်းနဲ့ ပြန်ရောင်းလိုက်ကြတယ်” ဟု ဒေသခံတစ်ဦးက ပြောပါသည်။ 

လွန်ခဲ့သည့် မေလတွင်လည်း MHDO က ဆင်းရဲသားများအတွက်ဟု ဆိုကာ ဆိတ်များ ထောက်ပံ့ပေးခဲ့သည်။ ထိုစဉ်အခါကလည်း အဆိုပါ ရာအိမ်မှူးနှစ်ဦးက ယခု ဓါတ်မြေသြဇာ ခွဲဝေပေးသည့် ဆွေမျိုးသားချင်းများကိုသာ တစ်မိသားစုလျှင် ဆိတ်နှစ်ကောင်ကျစီ ခွဲဝေပေးခဲ့သည်။ ဆိတ်များခွဲဝေ ပေးမည်ဟုဆိုကာ အိမ်ထောင်စု ၁၂၀ စုမှ ငွေကျပ် ၂၅၀၀ စီကောက်ခံခဲ့သော်လည်း အမှန်တကယ် ခွဲဝေပေးသည့်အချိန်တွင် ၎င်းတို့၏ ဆွေမျိုးသားချင်းများ ဖြစ်သည့် အိမ်ထောင်စု ၆၀ ကိုသာ ဆိတ်နှစ်ကောင်ကျစီ ခွဲဝေပေးခဲ့သည်။ ငွေပေးပြီး ဆိတ်များ မရရှိသည့် မိသားစုများက ဝေစုမရသောကြောင့် ရာအိမ်မှူးများကို ဝေဖန်ပြောဆိုသောအခါ နောက်တစ်ကြိမ်တွင် ပေးမည်ဟု နှစ်သိမ့်ခဲ့သည်။ ယခု ဓါတ်မြေသြဇာအိတ်များ ခွဲဝေပေးရာတွင်လည်း ဆွေမျိုးသားချင်းများကိုသာ ခွဲဝေပေးသဖြင့် ရွာသားများနှင့် ရာအိမ်မှူးများအကြား စကားများခဲ့ရသည်ဟု ဒေသခံများက ပြောပါသည်။ 



MYARF
RB News
10.7.2018

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် လေးမြို့စခန်းမှ နယ်ခြားစောင့်ရဲများက ရိုဟင်ဂျာရွာများကို စစ်ဆေး၍ ငွေကြေးကောက်ခံခဲ့သည်။

ဇူလိုင်လ (၇) ရက်နေ့တွင် ဘူးသီးတောင်မြို့နယ် အရှေ့ဘက် ဖုံညိုလိပ် အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်း အမှတ် (၂၄) လေးမြို့စခန်းမှ နယ်ခြားစောင့်ရဲများသည် ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ကျောက်ဖြူသား သေကံကျေးရွာအုပ်စု သို့သွားရောက်၍ ရွာသားများအားလုံးကို ကျောင်း၌ စုခိုင်းပြီး မိသားစုတစ်စုချင်းစီကို အိမ်ထောင်စုလူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခဲ့သည်။ ထို့နောက် နယ်ခြားစောင့်ရဲများက စားသုံးစရိတ်ဟု ဆိုကာ မိသားစုတစ်စုလျှင် ငွေကျပ် တစ်ထောင်စီ ကောက်ခံခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

ဇူလိုင်လ (၈) ရက်နေ့တွင်လည်း အဆိုပါ နယ်ခြားစောင့်ရဲများသည် သေကံခွဆုံကျေးရွာသို့ သွားရောက်၍ ရွာသားများကို ကျောင်းတွင် စုခိုင်းပြီး မိသားစုတစ်စုချင်းစီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးပြီး ၎င်းတို့အတွက် စားသုံးစရိတ်ဟု ဆိုကာ မိသားစုတစ်စုလျှင် ငွေကျပ် နှစ်ထောင်စီ ကောက်ခံခဲ့သည်။ 

ငွေများကို နယ်ခြားစောင့်ရဲများ ကိုယ်တိုင် မကောက်ခံဘဲ ကျေးရွာအုပ်ချုပ်ရေးမှူးများမှ တဆင့် ကောက်ခံခဲ့သည်။ ငွေများကို ကျေးရွာအုပ်ချုပ်ရေးမှူးများအား ကောက်ခိုင်းသည်ကို အခွင့်ကောင်းယူ၍ သေကံခွဆုံ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းညွန့်က ကျေးရွာအုပ်ချုပ်ရေးအဖွဲ့အတွက်ပါ ငွေကျပ် တစ်ထောင်စီ ပေါင်းထည့်၍ မိသားစုတစ်စုလျှင် ငွေကျပ် နှစ်ထောင်စီ ကောက်ခံခဲ့ခြင်း ဖြစ်သည်။

ထိုကဲ့သို့ စစ်ဆေးမှုမျိုးကို ဘူးသီးတောင်မြို့နယ်ရှိ ကျေးရွာများနှင့် မောင်တောမြို့နယ်ရှိ ကျေးရွာများတွင် ပြုလုပ်ခဲ့သော်လည်း မည်သည့်ကျေးရွာတွင်မှ ငွေကြေး ကောက်ခံခြင်း မရှိခဲ့ကြောင်း သိရသည်။ 

လုံခြုံရေးအတွက် သီးသန့် စစ်ဆေးဆောင်ရွက်ခြင်းသာ ဖြစ်ပြီး၊ ဆွဲ၊တင်၊စစ် ဆိုလျှင် ဓါတ်ပုံရိုက်ခ ကောက်ခံခြင်းများ ပြုလုပ်သည်။ ယခုစစ်ဆေးမှုသည် ဆွဲ၊တင်၊စစ် မဟုတ်ဘဲ ငွေကြေး ကောက်ခံခြင်းမှာ လက်နက်ပြ၍ အနိုင်ကျင့်ခြင်း တစ်မျိုးသာ ဖြစ်သည်ဟု ဒေသခံများက ဝေဖန်ပြောဆိုနေကြသည်။ 



MYARF
RB News
10.7.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ပေါင်းဇားကျေးရွာတွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့က သတင်းပေးထား၍ ဒေသခံများထံမှ ငွေညှစ်လျက်ရှိသည်။

မောင်တောမြို့နယ် ပေါင်းဇားကျေးရွာမှ မာမတ်အာလောမ် (ဘ) ဦးမာမတ်အစ္စလာမ် ကို စစ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များက သတင်းပေးရန်အတွက် ထားရှိပြီး မဟုတ်မမှန် သတင်းများဖြင့် ငွေညှစ်နေခြင်းကြောင့် ဒေသခံရွာသားများ ဒုက္ခရောက်နေရသည်ဟု ဒေသခံများက RB News သို့ပြောသည်။

ပေါင်းဇားကျေးရွာတွင် စခန်းချထားသည့် စစ်တပ်မရှိသော်လည်း နယ်မြေ (၆) တွင် လှည့်ကင်းအဖြစ် လုံခြုံရေး ဆောင်ရွက်နေသော စစ်သားများသည် ပေါင်းဇားကျေးရွာသို့ အနည်းဆုံး တစ်ပတ်တစ်ကြိမ်စီ လာရောက်လေ့ရှိသည်။ ၎င်းတို့သည် ရွာတစ်ရွာသို့ ရောက်လျှင် တစ်ည သို့မဟုတ် နှစ်ည အိပ်လေ့ရှိသည်။ ၎င်းတို့သည် မာမတ်အာလောမ်ကို သတင်းပေးအဖြစ် ထားရှိပြီး၊ မာမတ်အာလောမ်က မည်သူအတွက် မလေးရှားရှိ သားက ငွေပို့ခဲ့သည်၊ မည်သူက တရားမ၀င် ပစ္စည်းရောင်းဝယ်နေသည်၊ မည်သူက မည်သို့ချမ်းသာသည်ဟု မဟုတ်မမှန် လုပ်ကြံ ပြောဆိုလေ့ရှိသည်။

စစ်သားများက ၎င်းပြောသည့်အတိုင်း ကာယကံရှင်များကို ဆင့်ခေါ်၍ နည်းမျိုးစုံဖြင့် ခြိမ်းခြောက်၍ ငွေညှစ်လေ့ရှိသည်။ ရွာသားများက ၎င်းအား ယခုကဲ့သို့ လုပ်နေခြင်းမှာ မကောင်းသည့် လုပ်ရပ်ဖြစ်သည်ဟု ဝေဖန်ပြောဆိုသောအခါ စစ်သားများအား စစ်တပ်ကို ဝေဖန်နေသည်ဟု တိုင်ကြားသည်။ စစ်သားများက စစ်တပ်ကို ဝေဖန်သူများဟု ဆိုကာ ရိုက်နှက်ခြင်း၊ ငွေညှစ်ခြင်းများ လုပ်၍ ဒုက္ခပေးသည်ဟု ဒေသခံများက ဆိုသည်။

မာမတ်အာလောမ် နှင့် မောင်တောမြို့ပေါ်ရှိ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲများကလည်း ချိတ်ဆက်ထားသည်။ မာမတ်အာလောမ်သည် မောင်တောမြို့ပေါ်သို့ မကြာခဏသွားရောက်၍ ပေါင်းဇားကျေးရွာမှ မြို့မဈေးသို့ ဈေးဝယ်ရန်လာကြသူများကို ရဲများအား ပြပေးသည်။ ထို့နောက်ရဲများက အပြစ်မဲ့ ပေါင်းဇားရွာသားများကို အမျိုးမျိုး ခြိမ်းခြောက်ကာ ငွေညှစ်သည်။ ငွေညှစ်ခံရခြင်းကြောင့် ပေါင်းဇားရွာသားများ မြို့ပေါ်သို့မသွားနိုင် ဖြစ်နေပြီး အရေးပေါ်သွားရလျှင်လည်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲများ၏ ငွေညှစ်ခြင်းကို ခံနေရသည်။

မာမတ်အာလောမ် က စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့၏ ကျေးကျွန် ဖြစ်နေပြီး စစ်သားများနှင့် ရဲများ ငွေညှစ်နိုင်ရန် အတွက် မဟုတ်မမှန် လုပ်ကြံပြောဆို သတင်းပေးနေခြင်းကြောင့် ရွာသားများ မကျေမနပ် ဖြစ်နေကြသည်။ ၎င်း၏ လုပ်ရပ်ကြောင့် မလိုလားအပ်သည့် ပြဿနာ ဖြစ်လာမည်ကို ကျေးရွာမှ ပညာတတ်များက အထူးစိုးရိမ်လျက် ရှိနေကြသည်။




MYARF
RB News
8.7.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ယာဉ်ထိန်းရဲများက ရိုဟင်ဂျာများထံမှသာ ငွေညှစ်လျက် ရှိသည်။

မောင်တောမြို့ပေါ်တွင် ဆိုင်ကယ်နှင့် CNG သုံးဘီးကား မောင်းနှင်သော ရိုဟင်ဂျာများကို မိခင်နှင့်ကလေး စောင့်ရှောက်ရေးရုံး၏ အရှေ့ဘက်ရှိ ယာဉ်ထိန်းရဲရုံးရှေ့မှ ဖြတ်သွားလျှင် ရပ်တန့်ခိုင်းပြီး ဆိုင်ကယ် ဦးထုပ်ဆောင်း/မဆောင်း၊ ယာဉ်လိုင်စင်ရှိ/မရှိနှင့် ယာဉ်မောင်းလိုင်စင်ရှိ/မရှိ စစ်ဆေးသည်။ 

ဆိုင်ကယ်ဦးထုပ် ဆောင်းရန် ပျက်ကွက်သူများထံမှ ငွေကျပ် ၃ သောင်းမှ ၆ သောင်းထိ၊ ယာဉ်မောင်းလိုင်စင် မရှိပါက ငွေကျပ် ၁ သိန်းမှ ၂ သိန်းထိ ညှစ်ယူနေသည်ဟု ဒေသခံများက RB News သို့ပြောသည်။ အချို့က ယာဉ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင်များ မပျက်စီးသွားအောင် မူရင်းကို အိမ်တွင် သိမ်းထားပြီး မိတ္တူဆောင်ထားလေ့ရှိသည်။ ထိုသို့ မိတ္တူဆောင်ထားသူများကိုလည်း မိတ္တူနှင့် မောင်းနှင်ခွင့်မရှိဟု ဆိုကာ ဆိုင်ကယ်ကို ထိန်းသိမ်းထားပြီး မူရင်းကို ယူလာပြခိုင်းသည်။ မူရင်းယူလာလျှင်လည်း စည်းကမ်းလိုက်နာခြင်း မရှိဟုဆိုကာ ငွေကျပ် ၃ သောင်းမှ ၇ သောင်းထိ ညှစ်ယူလျက်ရှိသည်။ 

ယာဉ်လိုင်စင်မရှိသူများကို တရားစွဲဆို၍ တရားရုံးက လိုင်စင်မဲ့ယာဉ်များကို အပြီးပိုင်သိမ်းဆည်းသည်ဟု ဒေသခံများက ဆိုသည်။

ယာဉ်မောင်းလိုင်စင်မရှိသူနှင့် ဦးထုပ်မဆောင်းဘဲ မောင်းနှင်သူများကိုလည်း တစ်ခါတစ်ရံ တရားစွဲဆို၍ တရားရုံးမှ ငွေဒဏ်ချမှတ်ကြောင်း သိရသည်။

ယာဉ်ထိန်းရဲများ၏ စည်းကမ်းများသည် ရိုဟင်ဂျာများအတွက်သာ ဖြစ်ပြီး၊ ဗုဒ္ဓဘာသာဝင် အခြားလူမျိုးများ အတွက် အကျုံးဝင်ခြင်းမရှိဟု ဒေသခံများက ဝေဖန်ပြောဆိုသည်။ ဗုဒ္ဓဘာသာဝင်များ ယာဉ်မောင်းလိုင်စင်မရှိ၊ ဦးထုပ်မဆောင်းဘဲ မောင်းနှင်သွားလျှင်လည်း ယာဉ်ထိန်းရဲများက ၎င်းတို့ကို စစ်ဆေးခြင်း၊ ဖမ်းဆီးခြင်း၊ ငွေညှစ်ခြင်း လုံးဝမရှိဘဲ၊ စည်းမဲ့ကမ်းမဲ့ မောင်းနှင်လျှင်ပင် ရပ်တန့်ခိုင်းခြင်း မရှိဟု ဒေသခံများက ပြောပါသည်။ 

အလားတူ ဘူးသီးတောင်မြို့နယ်တွင်လည်း ယာဉ်ထိန်းရဲများက ရိုဟင်ဂျာများကိုသာ စစ်ဆေး၍ ငွေညှစ်လျက်ရှိပြီး၊ ဗုဒ္ဓဘာသာဝင်များဆိုလျှင် စစ်ဆေးခံရန် မလိုအပ်ဟု ဘူးသီးတောင်မြို့ခံ တစ်ဦးက ပြောသည်။ 

ယာဉ်ထိန်းရဲများ၏ လုပ်ရပ်သည် လူမျိုး၊ ဘာသာခွဲခြား ပစ်မှတ်ထား၍ ညှဉ်းပန်းနှိပ်စက်မှုတစ်မျိုး ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။ 




MYARF
RB News
5.7.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင် အုပ်ချုပ်ရေးမှူးက ရိုဟင်ဂျာများ၏ အိမ်ခြံဝင်း ခြံစည်းရိုး အကာများကို ပယ်ဖျက်ပေးရန် ကျေးရွာအုပ်ချုပ်ရေးမှူးရုံး များသို့ အမိန့်စာ ပေးပို့ခဲ့သည်။

ခရိုင်အုပ်ချုပ်ရေးမှူး ပေးပို့ခဲ့သည့် အမိန့်စာတွင် (၇) ရက်အတွက် ပယ်ဖျက်ပေးရန် ရေးသားထားပြီး အကယ်၍ (၇) ရက်အတွင်း ပယ်ဖျက်ခြင်းမရှိပါက ကွင်းဆင်းစစ်ဆေးသည့်အခါ တွေ့လျှင် အရေးယူသွားမည်ဟု ရေးသားထားသည်။ အဆိုပါ အမိန့်စာကို ဇူလိုင်လ (၂) ရက်နေ့က ထုတ်ပြန်ခဲ့ပြီး၊ ရပ်ကွက်ကျေးရွာအချို့တွင် ဇူလိုင်လ (၃) ရက်နေ့တွင် ကြေညာခဲ့သည်။

၂၀၁၆ ခုနှစ် အောက်တိုဘာလ (၉) ရက်နေ့တွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ်နှင့် ကင်းစခန်း နှစ်ခု တိုက်ခိုက်ခံရပြီးနောက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူးက ရိုဟင်ဂျာများ၏ အိမ်ခြံဝင်း ခြံစည်းရိုးများကို လုံးဝ ပယ်ဖျက်ရန် အမိန့်ပေးပြီးနောက် နယ်ခြားစောင့်ရဲများ ကွင်းဆင်း၍ ခြံစည်းရိုးများကို ကိုယ်တိုင် ဖျက်ဆီးခဲ့သည်။

ထိုအချိန်မှစ၍ ယနေ့ထိ မောင်တောရှိ ရိုဟင်ဂျာများ၏ အိမ်ခြံဝင်း ခြံစည်းရိုးများ လုံလုံခြုံခြုံ မရှိပေ။ လမ်းမကြီး တစ်လျှောက်ရှိ အိမ်ခြံဝင်းများတွင် အမျိုးသမီးများ လုံလုံခြုံခြုံ ဖြစ်စေရန် ခြံဝင်း၏ အစိတ်အပိုင်း အချို့ကို တာပေါ်လင်၊ ပလတ်စတစ်များဖြင့် ကာထားရသည်။ အချို့က သွပ်၊ ၀ါးများဖြင့် ကာထားသည်။ ထိုသို့ကာထားသည်ကိုလည်း ပယ်ဖျက်ရန်၊ လမ်းမကြီးမှ ကြည့်လျှင် အိမ်နောက်ဖေးထိ မြင်ရအောင် ထားရမည်ဟု နယ်ခြားစောင့်ရဲများက အမိန့်ပေးသည်။

“ရိုဟင်ဂျာတွေ ခြံစည်းရိုး ကာထားတာက အမျိုးသမီးတွေနဲ့ အိမ်နဲ့ခြံဝင်း လုံခြုံဖို့ပါ။ အခု ခရိုင်အုပ်ချုပ်ရေးမှူးရဲ့ အမိန့်ကြောင့် အမျိုးသမီးတွေ မလုံခြုံတော့ဘူး။ အမိန့်ကလည်း ရိုဟင်ဂျာတွေ အတွက်သီးသန့် ဖြစ်နေတယ်။ အခြားလူမျိုး၊ ဘာသာဝင်တွေ အတွက် မဟုတ်ဘူး။ အရင် ကွပ်ကဲရေးမှူးကလည်း ရိုဟင်ဂျာတွေရဲ့ ခြံစည်းရိုးတွေကို ဖျက်ဆီးခဲ့ပြီး အခြားလူမျိုး ဘာသာဝင်တွေရဲ့ ခြံစည်းရိုးတွေ လုံးဝ ဖျက်ဆီးခြင်း၊ ပယ်ဖျက်ခြင်း မရှိခဲ့ဘူး” ဟု ဒေသခံတစ်ဦးက RB News သို့ပြောသည်။

ခရိုင်အုပ်ချုပ်ရေးမှူးက ခြံစည်းရိုးများ ပယ်ဖျက်ပေးရန် အမိန့်မထုတ်ပြန်မီ ဇွန်လ (၂၉) ရက်နေ့နှင့် (၃၀) ရက်နေ့များတွင် တပ်ရင်း (၅၅၁) မှ ဒုတပ်ရင်းမှူးနှင့် အဖွဲ့သည် ဒုညောင်ပင်ကြီး၊ ပန်းတောပြင် ကျေးရွာများသို့ သွားရောက်၍ ခြံစည်းရိုးများ ပယ်ဖျက်ရန်၊ ပုဇွန်ကန်များရှိ တဲများ၏ နံရံများ ဖျက်ပစ်ရန် ပြောဆိုခဲ့သည်။

ယခု ခရိုင်အုပ်ချုပ်ရေးမှူး၏ အမိန့်ထုတ်ပြန်ချက်မှာ တပ်ရင်း (၅၅၁) မှ ဒုတပ်ရင်းမှူး၏ ပယောဂကြောင့်သာ ဖြစ်နိုင်သည်ဟု ဒေသခံများက သုံးသပ်နေကြသည်။




MYARF
RB News
4.7.2018

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက ဒေသခံရိုဟင်ဂျာများထံမှ မတရားသဖြင့် ငွေညှစ်လျက်ရှိသည်။

ဘူးသီးတောင်မြို့နယ် တပ်ရာကျေးရွာမှ CNG သုံးဘီးကား မောင်းနှင်သူ ဦးဟာမိဒူလ္လာ (ဘ) ဦးဟာမိတ်ဟူစိန်း သည် ဇွန်လ (၂၉) ရက်နေ့ နေ့လည်ပိုင်းတွင် ၎င်း၏ ညီဖြစ်သူကို သုံးဘီးကားပေါ်တင်၍ မောင်းနှင်ကာ ဘူးသီးတောင်မြို့မဈေးမှ နေအိမ်သို့ သွားနေစဉ် လမ်းတွင် မြို့မရဲစခန်းမှ ဒုရဲအုပ်ကျော်စိုး က ကားကို ရပ်တန့်ခိုင်းပြီး WY စိတ်ကြွဆေးပြား ရောင်းဝယ်ဖောက်ကားနေသည်ဟု မဟုတ်မမှန် လုပ်ကြံစွပ်စွဲ၍ ဖမ်းဆီးပြီး မြို့မရဲစခန်းသို့ ခေါ်ဆောင်သွားပြီး ငွေတောင်းခံခဲ့သည်။ ဖမ်းဆီးခံရသူများသည် အပြစ်မဲ့များ ဖြစ်သောကြောင့် ငွေမပေးနိုင်ဟု ပြောသောအခါ ဒုရဲအုပ်ကျော်စိုးက ၎င်းတို့အား ရိုက်နှက်သည့်အပြင် စိတ်ကြွဆေးပြားများ ကိုင်ခိုင်း၍ ဓါတ်ပုံရိုက်ယူခဲ့သည်။ ထို့နောက် တရားစွဲဆို၍ ထောင်ချမည်ဟု ခြိမ်းခြောက်၍ ငွေ နှစ်သိန်း ညှစ်ယူပြီး ည (၇) နာရီ အချိန်တွင် ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

ဇွန်လ (၃၀) ရက်နေ့ နံနက် ၇း၃၀ နာရီ အချိန်တွင် ဦးဟာမိဒူလ္လာသည် ၎င်း၏ သုံးဘီးကားဖြင့် ဘူးသီးတောင်ဈေးရှေ့သို့ ရောက်ရှိသည်နှင့် ယာဉ်ထိန်းရဲများက ခေါ်၍ မင်းကို မနေ့က ရဲတွေဖမ်းခဲ့တယ်၊ ရဲတွေကို မင်းက ငွေပေးခဲ့တယ်၊ မင်း WY ရောင်းနေတယ်၊ ငါတို့ အကုန်သိတယ် ဟု ပြောဆို၍ ငါတို့ကိုလည်း ငွေနှစ်သိန်း ပေးရမယ်၊ မဟုတ်ရင် ဖမ်းပြီး ထောင်ကျအောင် လုပ်မည်ဟု ခြိမ်းခြောက်၍ ယင်းနေရာမှ ထွက်ခွာခွင့် မပြုဘဲ နေ့လည် ၂ နာရီထိ ထားရှိပြီး ငွေကျပ် တစ်သိန်း ပေးမှ လွှတ်ပေးခဲ့သည်။

ဘူးသီးတောင်မြို့နယ် မြို့မရဲစခန်းမှ ဒုရဲအုပ်ကျော်စိုး အပါအ၀င် ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲများက နေ့စဉ်နှင့် အမျှ လမ်းသွားလမ်းလာ ရိုဟင်ဂျာများကို ဖမ်းဆီး၍ ၎င်းတို့နှင့် အတူ အသင့်ပါလာသည့် WY စိတ်ကြွဆေးပြားများကို ကိုင်ခိုင်း၍ ဓါတ်ပုံရိုက်ယူပြီးနောက် ခြိမ်းခြောက်၍ ငွေညှစ်လျက်ရှိသည်။

“ရဲတွေက ရွာထဲမှာ သူတို့ကို သတင်းပေးဖို့ လူတွေထားတယ်။ တပ်ရာရွာမှာဆိုရင် မာမတ်အီနုစ် (ဘ) ဦးဖူတိန္နား ကို ရဲတွေက သတင်းပေးအဖြစ် ထားတယ်။ သတင်းပေးက ရဲတွေ ငွေရအောင် ကြံဖန်ပြီး သတင်းပေးရတယ်။ ငွေကြေး နည်းနည်းပြေလည်တဲ့လူတွေကို ပစ်မှတ်ထားဖို့အတွက် ရဲတွေကို သတင်းပေးတော့ ရဲတွေက အဲဒီလူတွေကို ပစ်မှတ်ထားပြီး လုပ်ကြံစွပ်စွဲပြီး ငွေညှစ်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။




MYARF
RB News
4.7.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ပန်းတောပြင် တံတားရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲများက လမ်းသွားလမ်းလာ ရိုဟင်ဂျာများကို NVC မပါဘဲ ဂိတ်မှ ကျော်ဖြတ်ခွင့် မပေးတော့ကြောင်း သတင်းရရှိပါသည်။ 

မောင်တောမြို့နယ် ပန်းတောပြင် တံတားရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲများက လွန်ခဲ့သည့် သုံးရက်မှ စ၍ လမ်းသွားလမ်းလာ ရိုဟင်ဂျာများကို NVC ရှိမှသာ ကျော်ဖြတ်ခွင့်ပေးပြီး၊ ယခုကဲ့သို့ ပြုလုပ်နေခြင်းမှာ ကွပ်ကဲရေးမှူး အမိန့်အရ လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု နယ်ခြားစောင့်ရဲများက ပြောကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်

“NVC ရှိမှ ဂိတ်​​ကျော်​ခွင့်​​ပေးတာ။ NVC မရှိရင်​ ဖြတ်​​ကျော်​ခွင့်​ လုံးဝ မ​ပေးဘူး။ ကွပ်​ကဲ​ရေးမှူး အမိန့်​အရ လုပ်​​နေတာ ဖြစ်​တယ်​လို့ နယ်ခြားစောင့်ရဲတွေက ပြောတယ်” ဟု အဆိုပါ ဒေသခံက ပြောသည်။ 

မောင်​​တော ​တောင်​ပိုင်းတွင်​ ရိုဟင်​ဂျာများ​နေထိုင်​ခဲ့သည့်​ ​ကျေးရွာ​ပေါင်း ၂၅ ရွာ​ကျော်​ရှိခဲ့သည့်​အနက်​ ယခုအခါ ​ကျေးရွာ​ သုံးရွာတွင်​ လူအနည်းငယ်​စီသာ ရှိသည်​။ ကျန်​​ကျေးရွာများကို လွန်ခဲ့သည့်နှစ်က နယ်​​မြေရှင်းလင်း​ရေးခေါင်းစဉ်တပ်၍ အာဏာပိုင်​များက မီးရှို့​ခဲ့ခြင်းကြောင့် ဒေသခံရိုဟင်ဂျာအများစုသည် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေး ခိုလှုံနေရသည်။

မောင်​​တော ​တောင်​ပိုင်း၌ ကျန်​ရှိ​နေသည့်​ ရိုဟင်​ဂျာ​ကျေးရွာများမှာ ပန်း​တောပြင်​၊ ​ညောင်​​ချောင်းနှင့်​ ဒု​ညောင်​ပင်​ကြီး ​ကျေးရွာများဖြစ်​ကြပြီး ယခုအခါ အဆိုပါ ​ကျေးရွာသားများသည်​ ၎င်းတို့၏ရွာများထဲတွင် ပိတ်​မိ​နေသကဲ့သို့ ဖြစ်​​နေသည်။

ပန်း​တောပြင်​​ကျေးရွာသည်​ ​မောင်​​တောမြို့နှင့်​ တစ်​မိုင်​ခန့်​သာ ​ဝေး​ပြီး ရွာသားအများစုသည်​ မြို့​ပေါ်တွင် အ​ရောင်းအဝယ်​ ပြုလုပ်​၍ အသက်​​မွေးဝမ်း​ကျောင်း ပြုနေသူများဖြစ်ကြသည်။ ယခုအခါ အဆိုပါ တံတားကင်းစခန်းမှ နယ်​ခြား​စောင့်​ရဲများက အသွားအလာ ကန့်​သတ်​လိုက်​မှု​ကြောင့်​ ​ကျေးရွာသားများ အလွန်​တရာ ဒုက္ခ​ရောက်​​နေသည်ဟု ​ဒေသခံတစ်​ဦးက ​ပြောပါသည်​။ 

“NVC ကိုင်​တာ မကိုင်​တာက ဒီနယ်​ခြား​စောင့်​ရဲ​တွေနဲ့ ဘာမှ​တော့ ဆိုင်​တာ မဟုတ်​ဘူး။ ဒါက လူ​တွေကို တမင်​သက်သက် ဒုက္ခ​ပေး​နေတာ။ ကျွန်တော်တို့က မြို့​ပေါ် အ​ရောင်းအဝယ်​ သွားလုပ်​​နေရသူ​တွေ ဖြစ်​​တယ်​။ အခုကျ သူတို့က သွားခွင့်​မ​ပေး​တော့ အ​တော်​​လေး ဒုက္ခ​ရောက်​​နေကြတာ​ပေါ့​ဗျာ။ ရွာထဲ ပိတ်​မိ​ထားသလို ဖြစ်​​နေတယ်​” ဟုဆိုသည်။

ထို့အပြင် မြို့ပေါ်သွား၍ ​ကျောင်းတက်​​နေရသည့်​ ​ကျောင်းသား​ကျောင်းသူများသည်​လည်း လမ်းတွင် လူအသွားအလာ နည်းပါး​နေမှု​ကြောင်း မြို့​ပေါ်သို့ မသွားမဝံ့ဖြစ်​​​နေ​ကြောင်း ​ကျောင်းသားမိဘ တစ်​ဦးက ပြောသည်။

“သာမန်​လူ​တွေကို အသွားအလာကန့်​သတ်​လိုက်​​တော့ လမ်းမှာက လူသူမရှိဘူး ဖြစ်​​နေတယ်​။ အဲ့​တော့ က​လေး​တွေက ဒီစခန်းကို ဖြတ်​ပြီး မသွားဝံ့ဘူး ဖြစ်နေတယ်။ ​ကြောက်​တာ​ပေါ့​ဗျာ။ က​လေး​တွေကို လိုက်​ပို့ဖို့ သွားတဲ့ မိဘ​တွေကို ဂိတ်​​ကျော်​ခွင့်​မ​ပေးဘူး​လေ” ဟု ၎င်းကဆိုသည်။

အဆိုပါ ကင်းစခန်းက နယ်​ခြား​စောင့်​ရဲများသည်​ ကင်းစခန်းကို ဖြတ်​​ကျော်​သွားလာသည့်​ CNG ယာဉ်​များမှ တစ်​ကြိမ်​လျှင်​ ​ငွေကျပ်​ငါးရာစီ၊ ​ယာဉ်​ကြီးဆိုလျှင်​ ​ငွေကျပ်​ ၁၀၀၀ စီ ကောက်​ခံ​နေ​သည့်​အပြင်​ ​မော်​တော်​ဆိုင်​ကယ်​ဖြင့်​ သွားသည့်​ လမ်းသွားလမ်းလာများကိုလည်း ဆိုင်​ကယ်​​ပေါ်က ဆင်းပြီး တွန်း၍သွားခိုင်း​နေ​ကြောင်း သိရှိရပါသည်​။ 

ပန်း​တောပြင်​ တံတားစခန်းမှ နယ်​ခြား​စောင့်​ရဲများ၏ ​ဒေသခံပြည်​သူများအ​ပေါ် မ​တော်​မတရား ပြုလုပ်​​နေ​သည်များကို တာဝန်​ရှိ ကွပ်​ကဲ​ရေးမှူးက ဟန့်​တားအ​ရေးယူ​ပေးရန် ​ဒေသခံများက လိုလား​နေကြသည်။




MYARF
RB News
2.7.2018

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် မြို့မဈေးဂိတ်ဝရှေ့တွင် ရိုဟင်ဂျာများ မောင်းနှင်သည့် သုံးဘီး CNG ကားများရပ်လျှင် ရိုက်နှက် လုယက်ခံရသည်။

ဘူးသီးတောင်မြို့နယ် မြို့ဈေးဂိတ်ဝရှေ့တွင် CNG သုံးဘီးကားများရပ်၍ ခရီးသည်တင်သည့် နေရာဖြစ်သော်လည်း ယင်းနေရာတွင် ရိုဟင်ဂျာများ မောင်းနှင်သည့် CNG သုံးဘီးကားများ ရပ်၍ ခရီးသည်တင်လျှင် ရခိုင်လူမျိုး CNG မောင်းနှင်သူများက ရိုက်နှက်ခြင်း၊ ငွေပစ္စည်းများလုယက်ခြင်း၊ ဘီယာဘူးများ ၀ယ်ပေးခိုင်းခြင်းများ ပြုလုပ်ကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

ထိုသို့ မတရားသဖြင့် ပြုမှုခံရသည်များကို ဘူးသီးတောင်မြို့နယ် အခြေစိုက် ယာဉ်ထိန်းရဲများကို တိုင်ကြားသော်လည်း ယာဉ်ထိန်းရဲများက ဖြေရှင်းမပေးဘဲ ၎င်းတို့နှင့် မသက်ဆိုင်သလိုနေ၍ သောင်းကျန်းနေသူများကို သွယ်ဝိုက်၍ အားပေးနေသည်ဟု ဒေသခံများက ဆိုသည်။ အရေးယူမှုတစ်စုံတစ်ရာ မရှိသောကြောင့် နေ့စဉ်ရက်ဆက် အနိုင်ကျင့်လျက်ရှိသည်။ 

“မြို့မဈေးရှေ့ ဂိတ်ဝမှာ ရပ်စောင့်ပြီး ခရီးသည်မတင်ရင်တောင် အဲဒီနေရာက ခရီးသည်များ အများစု အတက်အဆင်း လုပ်တဲ့နေရာဖြစ်နေတော့ မဖြစ်မနေ အဲဒီကို သွားကိုသွားရတယ်။ ရခိုင် CNG သမားတွေက ရိုဟင်ဂျာ CNG သမားတွေ့တာနဲ့ ဒုက္ခပေးတော့တာပဲ။ သက်ဆိုင်ရာကို တိုင်ရင်လည်း အရေးမယူဘူး။ အဓိက ဒီအရပ်ဒေသမှာ ရိုဟင်ဂျာတွေဘက်က ရပ်တည်ပေးတဲ့ ဥပဒေဆိုတာ မရှိဘူး” ဒေသခံတစ်ဦးက ပြောသည်။



MYARF
RB News
2.7.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြို့သူကြီးကျေးရွာအုပ်စု အခြေစိုက် တပ်ရင်း (၅၅၁) မှ ဒုတပ်ရင်းမှူးနှင့် အဖွဲ့သည် မောင်တော တောင်ပိုင်းရှိ ကျေးရွာများသို့ သွားရောက်၍ ဒေသခံများကို ကျေးရွာအုပ်ချုပ်ရေးမှူးမှ တဆင့် ခြိမ်းခြောက်ခဲ့သည်။ 

ဇွန်လ (၂၉) ရက်နေ့တွင် မောင်တောမြို့နယ် မြို့သူကြီးကျေးရွာအုပ်စု ဝေသာလီစခန်းတွင် တာဝန်ကျနေသည့် တပ်ရင်း (၅၅၁) မှ ဒုတပ်ရင်းမှူးနှင့် အင်အား (၅၀) ခန့်ရှိသည့် အဖွဲ့သည် ဒုညောင်ပင်ကြီးနှင့် ပဒင်းကျေးရွာသို့များသို့ လုံခြုံရေး ကင်းလှည့်သည့် ပုံစံဖြင့် သွားရောက်၍ ရွာများကို လှည့်လည်ပြီးနောက် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံကာ လမ်းတစ်လျှောက်ရှိ အိမ်များတွင် အမျိုးသမီးများအတွက် အကာဖြစ်အောင် ကာထားသည့် ခြံစည်းရိုးများ ပယ်ဖျက်ပေးရန်နှင့် ပုဇွန်ကန်များတွင် ဆောက်လုပ်ထားသော တဲများ၏ နံရံများ ပယ်ဖျက်ပေးရန် အမိန့်ပေးခဲ့သည်။ 

ထို့အပြင် ယင်းရွာများတွင် ဘင်္ဂလားဒေ့ရှ်မှ လူများပြန်ဝင်လာသည်များ ရှိကြောင်း၊ ထိုလူများကို ရွာမှ အမြန်ဆုံး နှင်ထုတ်ရန် အမိန့်ပေးခဲ့ကြောင်း၊ ဒီတစ်ကြိမ်ဘဲပြောတာ၊ နောက်မပြောတော့ဘူး၊ ၀င်လာရင် တွေ့မယ်ဟု ပြောဆိုခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

ဇွန်လ (၃၀) ရက်နေ့ နံနက်ပိုင်းတွင် အဆိုပါ ဒု-တပ်ရင်းမှူးနှင့် အဖွဲ့သည် ပန်းတောပြင်ကျေးရွာသို့ သွားရောက်၍ ဒု-ညောင်ပင်ကြီးနှင့် ပဒင်းကျေးရွာများတွင် ပြောဆိုခဲ့သည့်အတိုင်း ပြောဆိုခဲ့သည်။

တပ်ရင်း (၅၅၁) မှ ဒု-တပ်ရင်းမှူးသည် ၎င်းသွားသည့် ကျေးရွာတိုင်းတွင် ကျေးရွာအုပ်ချုပ်ရေးမှူးများကို မင်းတို့ ငါတို့နဲ့ ပူးပေါင်းမှုမရှိဘူးဟု စွပ်စွဲပြောဆို၍ ရှောင်တခင် ၀င်စစ်တဲ့အခါမှာ တစ်ခုခုတွေ့ရင် တစ်ရွာလုံး အပြစ်ပေးခံရမည်ဟု ခြိမ်းခြောက်လေ့ရှိသည်။ 

ထိုကဲ့သို့ ခြိမ်းခြောက်ခြင်းမှာလည်း ကျေးရွာအုပ်ချုပ်ရေးမှူးများကို ၎င်းအား ငွေဆက်သခြင်း မရှိခြင်း၊ မဟုတ်မမှန်သတင်းများ ပေး၍ ငွေညှစ်၍ရအောင် ဖန်တီးမပေးခြင်း တို့ကြောင့် ဖြစ်သည်ဟု ဒေသခံများက ဝေဖန်ပြောဆိုသည်။ 

Rohingya Eye
RB News
2.7.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ကျီးကန်းပြင်ကျေးရွာတွင် တဲထိုး၍ နေထိုင်လျက်ရှိသည့် ဒုက္ခသည်များထံမှ နယ်ခြားစောင့်ရဲများက ငွေညှစ်ခဲ့သည်။

ဇွန်လ (၂၄) ရက်နေ့ နံနက် (၉) နာရီအချိန်တွင် အင်အား ၁၀၀ ကျော်ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် စစ်တပ် ပူးပေါင်းအဖွဲ့သည် ကျီးကန်းပြင် ကျေးရွာအတွင်း လက်ကျန်ရှိနေသည့် အိမ် (၁၀) လုံးအနီးတွင် တဲထိုး၍ နေထိုင်ကြသည့် ဒုက္ခသည်များရှိရာသို့ ရောက်ရှိလာပြီး၊ ၆၀ ခန့်က တဲများနှင့် အိမ်များကို ၀ိုင်းရံ၍ ကျန်သည့် နယ်ခြားစောင့်ရဲများနှင့် စစ်သားများသည် တဲများနှင့် နေအိမ်များအတွင်းသို့ ၀င်ရောက်သွားခဲ့သည်။

ထို့နောက် ၎င်းတို့သည် အိမ်ထောင်စုစာရင်းများနှင့် လူဦးရေများ တိုက်ဆိုင် စစ်ဆေးခဲ့သည်။ စစ်ဆေးစဉ် မိသားစုစာရင်းများအတွင်း လိုတိုပိုလျှော့ ဖြစ်နေခြင်း၊ ဥပဒေနှင့် မလွတ်မကင်းသည့် အရာများ တွေ့ရှိခြင်းများ မရှိခဲ့ကြောင်း သိရသည်။

နယ်ခြားစောင့်ရဲများနှင့် စစ်သားများက ၀ိုင်းရံထားပြီး အိမ်ထောင်စုစာရင်းနှင့် လူဦးရေ တိုက်ဆိုင် စစ်ဆေးနေသဖြင့် ဦးဆယာဒ်အဟမွတ်သည် ငါးကန်တွင် ငါးသွားဖမ်းနေသည့် ၎င်း၏သား ဖြစ်သူ မိုဟာမတ်ဟာရှိမ်း (အသက် ၂၀ နှစ်) ကို အိမ်ပြန်လာရန် အကြောင်းကြားလိုက်သဖြင့် အိမ်ပြန်လာနေစဉ် နယ်ခြားစောင့်ရဲများနှင့် စစ်သားများက ဖမ်းဆီးခဲ့သည်။ ကျေးရွာအုပ်ချုပ်ရေးမှူးသည် မိုဟာမတ်ဟာရှိမ်းသည် ရွာသားတစ်ဦး ဖြစ်သည်ဟု အာမခံ၍ ပြောကြားပေးသော်လည်း ၎င်းအား နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ်သို့ ခေါ်ဆောင်သွားပြီး ညနေပိုင်းတွင် ငွေကျပ် တစ်သိန်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

ယင်းနေ့ နေ့လည်ပိုင်းတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ၂၀ ခန့်သည့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်ဖြူထွန်းနှင့် အတူ ပြန်လည်ရောက်ရှိလာပြီး ဦးဟာရွန်၏ သားများဖြစ်ကြသည့် ဦးမိုစ်တော်ဗစ် (အသက် ၄၂ နှစ်) နှင့် ဦးဇော်မိလ် (အသက် ၃၈ နှစ်) တို့ ညီအစ်ကိုအား လာရောက်ရှာဖွေခဲ့သည်။ ၎င်းတို့နှစ်ဦးအား နံနက်ပိုင်းတွင် အိမ်ထောင်စုစာရင်းနှင့် တိုက်ဆိုင် စစ်ဆေးခဲ့စဉ် စစ်ဆေးခဲ့ပြီး ထပ်မံရှာဖွေသဖြင့် စိုးရိမ်ကြောင့်ကြ၍ ရွာမှ တိမ်းရှောင်နေကြောင်း ဒေသခံများက ပြောပါသည်။

“ရွာထဲကို အကြောင်းပြချက် ခိုင်ခိုင်မာမာ မရှိဘဲ ၀င်ပြီး စစ်တယ်ဆိုရင် အမျိုးသားတွေကို အကြောင်းမဲ့ ဖမ်းပြီး ငွေညှစ်တယ်၊ ရိုက်တယ်နှက်တယ် ဆိုတော့ ပစ်မှတ်ထား ရှာဖွေခံရင် ထွက်ပြေး တိမ်းရှောင်ရတယ်။ ဒီညီအစ်ကို နှစ်ယောက် အပြစ်မဲ့တွေဖြစ်ပေမယ့် ဖမ်းဆီး ရိုက်နှက် ငွေညှစ်ခံရမှာ စိုးလို့ တိမ်းရှောင်နေရတယ်” ဟု ဒေသခံတစ်ဦးက ပြောပါသည်။




Rohingya Exodus