နောက်ဆုံးသတင်း/ဆောင်းပါးများ

လက်နဲ့ရေး ခြေနဲ့ဖျက်


ဌေးလွင်ဦး
RB News
3.8.2012

လူကောင်းတစ်ဦး ကောင်းမွန်စွာ ပြုလုပ်ထားတဲ့ အလုပ်တစ်ခုကို ဖျက်လိုဖျက်ဆီး လုပ်ပစ်တာမျိုးကို ဗမာ စကားမှာ “လက်နဲ့ရေးတာ ခြေနဲ့ဖျက်တယ်”လို့ ပြောဆိုတယ်။ ဒီလို အလုပ်မျိုးကို လုပ်ဆောင်သူများက လူရိုး လူကောင်းများ မဟုတ်ပါ။

အခုတစ်လော အုတ်အော်သောင်းနင်း ဖြစ်နေတဲ့ “မြန်မာနိုင်ငံနဲ့ ရိုဟင်ဂျာအရေး”မှာ လူကြီးလူကောင်း ဆိုသူ များကိုယ်တိုင်က ဒီအမှုမျိုးကို အားရပါးရ ကျူးလွန်နေကြတာများ တွေ့ရပါတယ်။ 

ထိုင်းနယ်စပ် နယ်စပ်၊ တရုတ်နယ်စပ်က တော်လှန် ရေးအုပ်စု ထဲက ခေါင်းဆောင် တစ်ချို့ကလည်း ရိုဟင်ဂျာ မိမိဘာမှ မသိတဲ့ ရခိုင် ပြည်နယ်က လူမျိုးစု ပြသနာများမှာ အများကြိုက်လိုက်လျှော ဆင်ခြေမှားနဲ့ သံယောင် လိုက်ပြီး “ရိုဟင်ဂျာ” ဆိုတာ မရှိဘူး ဘာညာ ထပြောတာတွေလည်း ရှိသေးတယ်။ အဲ့ဒီ အထဲက ခေါင်းဆောင် ဆိုသူ တစ်ချို့ကို “ရခိုင် ပြည်နယ်မှာ လူမျိုး ဘယ်နှစ်မျိုးရှိသလဲ၊ လူမျိုးတစ်မျိုးစီက ဘယ်ဒေသတွေမှာ နေထိုင်သလဲ၊ သူတို့ရဲ့ ဓလေ့ စရိုက်က ဘာတွေလဲ၊”လို့ မေးလိုက်ရင်- တစ်စွန်းတစ်မှ မသိ၊ ပါးစပ်ဟနေပြီး-၊ ဘာဗဟုသုတမှ မရှိဘဲ ကုလားမုန်းစိတ်နဲ့ “ရိုဟင်ဂျာ မရှိဘူး” ဆိုတာလောက်ပဲ ကြက်တူရွေးလို အလွတ်ကျက်- တယောထိုးနေလေ့ ရှိတယ်။

မွတ်စလင် ဆိုရင် တစ်ဘက်သတ် အမုန်းစိတ်နဲ့ အရာရာကို ဆုံးဖြတ်လေ့ရှိတယ်။ မွတ်စလင် ဖြစ်ဖြစ်၊ ဘာဖြစ် ဖြစ် “လူ” ဆိုတဲ အသိတရားလောက် ထားပြီး “လူ-လူချင်း ကိုယ်ချင်းစာ စိတ်နဲ့ တွေးကြည့်ဘို့ကို မေ့လျှော့ နေကြတယ်။” ဒီလောက် စိတ်ဓါတ်နဲ့ပဲ နောက်လိုက် နှစ်ယောက်တစ်ပိုင်းပေါ် ဗိုလ်ကျပြီး လူမျိုးစု ခေါင်းဆောင် ဘာညာ ထအော်နေတာ- လူရှက်ရမှန်းတောင် သိရဲ့လား- မသိဘူး။ 

လွှတ်တော် ဆိုတဲ့ အထဲမှာလည်း ကြည့်ပါ။ လူကြီးလူကောင်းလို့ ထင်နေတဲ့ ပုဂ္ဂိုလ်များက ဘာ ဗဟုသုတမှ မရှိ- ထင်ရာ လျှောက်အော်နေတယ်။ အတော်လည်း အထင်ကြီးဘို့ ကောင်းတဲ့ ဗဟုသုတများပါ။ ရွာထဲမှာ- “နွားမအုပ် ဂျိုကုပ်ကုပ် ဗိုလ်လုပ် နေရင်”ရင် သူ့နွားမတွေကြားထဲမှာ သူဟာ အရှက်မကွဲနိုင်ပေမယ့်၊ ဘာပြော ပြော ကမ္ဘာကသိ နေတဲ့ ခေတ်ကြီးမှာ မြန်မာခေါင်းဆောင်တွေ ပြောလေသမျှ “ဒီလောက် ဗဟုသုတ ရှိတဲ့ သူကများ လူထုကိုယ်စားလှယ် ဖြစ်နေရသလား၊ ဒီလို ဆိုရင် ဒီလူထုက ဒီထက် ပိုပြီး တုံးနေတာတာပေါ့၊” လို့ မြန်မာ တစ်ပြည်လုံးကိုပါ အရှက်ခွဲသလို ဖြစ်နေတော့တယ်။

တကယ် သိနေတဲ့ လူတွေက ကမ္ဘာမှာ အများကြီးပါ။ မြန်မာကို မြန်မာစ ပြန်သင်ပေးမယ့် နိုင်ငံခြားသားများက ရေတွက်လို့ မကုန်နိုင်အောင် ရှိနေတယ်။ ဒီနေ့ ဗမာလို့ ခံယူနေသူထဲက ၉၉.၉၉၉၉ ရာနှုန်းက ကချင် အကြောင်း၊ ကချင် သမိုင်းကို လုံးဝ မသိ၊ ကရင်လို့ ခံယူနေသူထဲက ၉၉.၉၉၉၉ ရာနှုန်းက ချင်းအကြောင်း၊ ချင်းသမိုင်းကို လုံးဝ မသိ၊ မွန်လို့ ခံယူနေသူထဲ ၉၉.၉၉၉၉ ရခိုင်အကြောင်း ရခိုင်သမိုင်း ရခိုင်ဒေသ ဆိုတဲ့ သမိုင်းကြောင်းကို လုံးဝ မသိ-၊ တစ်ဦးနဲ့ တစ်ဦး မျက်မမြင် ဆင်စမ်းပြီး- ထင်ရာတွေ လျှောက်ပြောနေကြတာ များ- အဲ့ဒါတွေ အားလုံးကို သိနေတဲ့ ကမ္ဘာ့ ပညာရှင်တွေက မြန်မာနိုင်ငံသားတွေကို မူကြိုက ကလေးလေးတွေ လို ယူဆနေရတယ်။

သာမန်လူထုက သူ့အလုပ်နဲ့သူ ဖြစ်နေလို့ တစ်ဦးအကြောင်း တစ်ဦး မသိတာ ဘာမှ အပြစ်မရှိပေမယ့်- မြန်မာ နိုင်ငံမှာ ရှိနေတဲ့ နိုင်ငံရေးသမားတွေ၊ သမိုင်းပညာရှင်တွေကတော့ သိကိုယ်သိရမယ့် ကိစ္စပါ။ မြန်မာနိုင်ငံက သမိုင်းပညာရှင်တွေ အနေနဲ့ မြန်မာနိုင်ငံမှာ ရှိတဲ့ လူမျိုးနွယ် တစ်ခုရဲ့ ဖြစ်တည်မှုကိုတောင် သိအောင် မလေ့လာ ရင်- သူတို့ကိုယ် သူတို့ ပညာရှင်လို့ ဘွဲ့ရအောင် ဘာတွေကိုများ လေ့လာနေပါသလဲ၊ စာတမ်းပြုစုနေပါသလဲ၊ နိုင်ငံတော်က ပေးစာကမ်းစာ လစာများကို အလကား လိမ်စားနေပါသလား- ဆိုတဲ့ မေးခွန်းတွေ တန်းစီပြီး ထွက်လာဦးမှာပါ။

အလားတူပဲ နိုင်ငံတစ်ခုလုံးကို ဦးဆောင်မယ်၊ တိုးတက်အောင်လုပ်မယ်၊ အကျိုးပြုမယ် ဆိုတဲ့ ပုဂ္ဂိုလ်ကြီးများက လည်း မိမိနိုင်ငံမှာ တည်ရှိနေတဲ့ လူသားတွေ၊ လူမျိုးတွေ၊ ဓလေ့စရိုက်တွေကိုတောင် မသိဘဲ- ဒီနိုင်ငံတစ်ခုလုံး ကို ဘယ်လို ဦးဆောင်မှာလဲ။ မိမိအိမ်မှာ သားသမီး ဘယ်လောက်ရှိမှန်းမသိဘဲ ဒီမိသားစု အားလုံးကို အလုပ် အကျွေးပြုမယ်လို့ ကြုံးဝါးနေတာများ မိမိအိမ်တွင်းကတောင် ယုံကြည်လက်ခံနိုင်ပါ့မလား။ ဆိုတာလောက်ကို ဆင်ခြင်စေလိုတယ်။

ပိုဆိုးတာက ရိုးရိုး မသိတာထက်-၊ တမင် မသိဟန်ဆောင်တဲ့ ကိစ္စပါ။ သမိုင်းတစ်ခုကို မသိလို့ မသိဘူး ပြောတာ- သူ့မှာ သိအောင်လေ့လာဘို့ အခွင့်အရေးရှိနေပါတယ်။ သိနေလျှက်နဲ့ သမိုင်းကို ဖျောက်တာက သူ့ အတွက် လေ့လာမယ် လို့ ပြောဘို့ အချိန်နောက်ကျသွားပါပြီ။ “ကျွန်တော်တို့ သမိုင်းကို ဖျောက်မိတာ မှားပါတယ်၊” လို့ ၀န်ခံရမယ့် အချိန်ကိုသာ ရောက်လာပါတယ်။ 

လူကြီး လူကောင်း တစ်ဦး လုပ်နေပြီး- အမှားဝန်ခံရတဲ့ အဆင့်ကို ရောက်လာရရင် မသင့်တော်ပေမယ့်- ၀န်ခံရ မယ့် အချိန်ကို ရောက်လာနေပါပြီ။ အခု- အချိန်မှီစဉ်မှာ ၀န်ခံလိုရင် ၀န်ခံလို့ရအောင်--၊ ရခိုင်သမိုင်းဆရာ ရမ္မာဝတီ ရမ်းဗြဲမြို့ တောင်ကျောင်းဆရာတော် ဦးစန္ဒမာလာလင်္ကာရ ရေးသားတဲ့ ရခိုင်ရာဇ၀င်သစ်ကျမ်း ပထမ အုပ် စတုတ္ထတွဲ-က သမိုင်းတစ်ချက်ကို လက်ဆောင်ပေးလိုက်ပါမယ်။ 

“၁၂၃၄-၃၇၊- ခု၊ ငနှလုံးမင်း လက်ထက်၊ ကုလားနှင့် သက်တို့ ပူးပေါင်းဆိုးသွမ်းကြရာ- ငနှလုံးမင်းသည် ပြည်စိုးကြီး ဓမ္မဇေယျကို ရဲမက် ငါးသောင်းပေး၍ ကုလားပြည်သို့ ကုလားပြည်သို့ ချီတက် တိုက်ခိုက်စေသည်။ ထိုစစ်ပွဲ အောင်နိုင်ပြီးနောက် ငနှလုံးမင်း၏ အမိန့်အရ စစ်သူကြီး ဓမ္မဇေယျသည် ကုလား ထက်ဝက်ကို သုံ့ပန်း အဖြစ် ဖမ်းဆီး ခေါ်ဆောင်လာခဲ့သည်။-

ထိုအနက်- ဆင်စာ၊ မြင်းစာစုရန် သုံ့ပန်း ၁၀၀၀၀။ ဒိုင်းဝင်းကာ သုံ့ပန်း ၂၀၀၀။ သစ်ဝါးခုတ် သုံ့ပန်း ၁၀၀၀။ လယ်ယာလုပ် သုံ့ပန်း ၁၀၀၀၀။ ဟင်းသီးဟင်းရွက် စိုက်ပျိုး ဆက်သ သုံ့ပန်း ၂၀၀၀။ မိဘုရား၊ သားတော် သမီးတော်များ အလုပ်အကျွေးပြုရန် သုံ့ပန်း ၂၀၀၀။ ကမန်လေးသည်တော်များ အတွက် သုံ့ပန်း ၁၀၀၀။ ထမ်းစဉ်ထမ်း သုံ့ပန်း ၂၀၀။ တံငါလုပ်ငန်း သုံ့ပန်း ၁၀၀၀။ ရက်ကန်းလုပ်ငန်း သုံ့ပန်း ၁၀၀၀။ မိလ္လာလုပ်ငန်း (ရခိုင် အခေါ် ဟရီ) သုံ့ပန်း ၁၀၀၀။ လက်သမား သုံ့ပန်း ၅၀၀၊ ပန်းတိမ်း ပန်းဘဲ သုံးပန်း ၁၀၀၀။ (စုစုပေါင်း လူဦးရေ ၃၂၇၀၀) ကို ဖြစ်စေတယ်။

ဒီသမိုင်းချက်မှာကိုက- ကုလားနဲ့ သက် ပူးပေါင်းဆိုသွမ်းတယ် ဆိုတဲ့ စကားကို ကြည့်ရင်- အဲ့ဒီ လူမျိုးနှစ်မျိုးက နဂိုကတည်းက ရှိနေတယ်။ သူတို့က ဘုရင့်အာဏာကိုတော်လှန်ပုန်ကန်တယ် ဆိုတဲ့ စကား အနက်ကို ပေးတယ်။ ဒါကို ထားလိုက်ပါ။- အဲ့ဒီခေတ် အဲ့ဒီ အခါ (လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀၀ ကျော်က) မြောက်ဦးနိုင်ငံတော် မှာ လူဦးရေ ဘယ်လောက်ရှိမလဲ။ အဲ့ဒီ လူဦးရေထဲကို သုံ့ပန်း အဖြစ် ဖမ်းလာတဲ့ လူဦးရေ သုံးသောင်း နှစ် ထောင်ခုနစ်ရာက ဘယ်လို ၀င်ရောသွားသလဲ။ သုံ့ပန်းတွေက အကုန်လုံး ရခိုင်ဗုဒ္ဓဘာသာတွေ ဖြစ်ကုန် သလား၊ ဒါမှ မဟုတ် ရခိုင်ဗုဒ္ဓဘာသာတွေက သုံ့ပန်းတွေကို မျိုးမပွားရလေအောင် အကုန်သတ်ပစ်ခဲ့သလား၊ ဒါမှ မဟုတ် သုံ့ပန်းတွေကို သင်းကွပ်ပစ်ခဲ့သလား။- ပညာရှင် လွှတ်တော်အမတ်ကြီးများ စဉ်းစားစေလိုတယ်။ 

ရမ္မာဝတီ ဆရာတော် မှတ်တမ်းတင်ထားတဲ့ သမိုင်းကို ခြေနဲ့ဖျက်လို့ ရမယ်ထင်ရင်လည်း ဖျက်ကြပေါ့။ ဖျက်ရင်း ဖျက်ရင်း မြောက်ဦးနန်းတော်ထဲက အစ္စလာမ့် ၀တ်ကျောင်းတော် ဗလီကို ဖျက်ခဲ့တာတောင် ကမ္ဘာမှာ ပေါ်လာ နေပြီ။ အဲ့ဒီ ဗလီကလည်း နန်းတော်ထဲမှာ မွတ်စလင်တွေ မရှိဘဲ- မြောက်ဦးဘုရင်တွေက အပျင်းပြေ ဆောက် ထားတာလို့ ထင်နေရင်တော့--၊ အဲ့ဒီလောက် အသိဗဟုသုတ ကင်းမဲ့တဲ့ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့ ဦးဆောင်မှု မှာ သာယာယဇ်မူးနေတဲ့ လူသားတွေရဲ့ ဇာတ်က မကြာမှီ နိဂုံးချုပ်သွားရမှာပါ။ လူမျိုးတစ်မျိုးကို မြှင့်တင်တာ အသိပညာ ဖြစ်သလို၊ လူမျိုးတစ်မျိုးကို တိမ်မြုပ်ပျောက်ကွယ်သွားစေတာလည်း အသိပညာ ဖြစ်တယ် ဆိုတဲ့ အချက်ကို မြန်မာနိုင်ငံသားများ သတိထားမိနိုင်ကြပါစေ။

Comment ရေးရန်

Rohingya Exodus