သံတွဲ-ရန်ကုန်ကားများပေါ်တွင် မွတ်စလင်များမပါရေးကြပ်မတ်ရန် ညွှန်ကြားချက်ထုတ်
သံတွဲမြို့မှ ရန်ကုန်သို့ သွားသော အဝေးပြေး ခရီးသည်တင် ယာဉ်များတွင် အစ္စလာမ် ဘာသာဝင်များ မပါရှိစေရေး ကြပ်မတ်ရန် ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ် မ.ထ.သ မှ ညွှန်ကြားချက် ထုတ်ပြန် လိုက်သည်။
ခရိုင်အုပ်ချုပ်ရေးမှူးမှ အောက်တိုဘာ ၂၄ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သော ယင်းညွှန်ကြားချက်အား မြို့နယ် မ.ထ.သ က နိုဝင်ဘာ ၁၆ ရက်စွဲဖြင့် အဝေးပြေးကားလိုင်းများထံဆက်လက်အကြောင်းကြားခဲ့သည်။
ဒေသခံတစ်ဦးက“ လေယာဉ်နဲ့သွားမယ်ဆိုရင်ကားခထက် လေးငါးဆမကကုန်တာပေါ့၊ တော်ရုံနဲ့ခရီးသွားဖို့ မလွယ်တော့ဘူး” ဟုပြောသည်။
သံတွဲ- ရန်ကုန်ကားခမှာ ၁၂၀၀၀ ကျပ်မှ ၁၅၀၀၀ကျပ်အထိဖြစ်ပြီး လေယာဉ်ခများမှာ မြန်မာ့ လေကြောင်း ၄၈၀၀၀ ကျပ်နှင့် ကျန်ပုဂ္ဂလိက လေကြောင်းလိုင်းများမှာ ၇၅၀၀၀ ကျပ်ဖြစ်သည်။
“တစ်ကယ်ဆိုရင်ကားလမ်းမှာလုံခြုံမှုမရှိဘူးဆိုရင်အာဏာပိုင်တွေကလုံခြုံရေးစီစဉ်ပေးသင့်တယ်”ဟုလည်း အခြား ဒေသခံ တစ်ယောက်က ပြောသည်။
အဆိုပါ ညွှန်ကြားစာများတွင် မည်သည့် အကြောင်းကြောင့်ဟုမပါရှိပဲ နောက်ထပ်ညွှန်ကြားချက်မရမီ အချိန်ထိ လိုက်နာရန်ဟုသာ ဖော်ပြ ထားသည်။
Yangon Press International