နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်းတောမြို့ရှိရိုဟင်ဂျာများနေ့စဉ်ရက်ဆက်ပြဿနာမျိုးစုံကြုံတွေ့နေရ


Qutub Shah 
RB News 
24.12.2012 

မောင်းတော ။ ။ ယမန်နေ့ (တနင်္ဂနွေ၊ ဒီဇင်ဘာ ၂၃) နံနက် ၈ နာရီတွင်မောင်းတောမြို့၊ သရေကုန်းတန်း ရွာနေ မော်လ၀ီ ဦးရဖိခ် (ဘ) ဦးရှဘိရ် အားနယ်စပ်ဒေသကွပ်ကွဲရေး နယ်မြေ (၇) မှလာရောက်၍ နေအိမ် မှ ဖမ်းဆီးခေါ်ဆောင်သွား ကြောင်းသတင်း ရရှိပါသည်။ မော်လ၀ီ ဦးရဖိခ်အား ဇွန်လတွင်ဖြစ်ပွားခဲ့သည့် အကြမ်း ဖက်မှုတွင် ပါဝင်သည်ဟု စွပ်စွဲကာ ဖမ်းဆီးသွားခြင်းဖြစ်သည်။ နစကများ၏ ထုံးစံအရငွေမရမချင်း ညှင်းပန်းနှိပ်စက်၍ ငွေရလည်းပြန်လွှတ်ပေးမည်ဟု ဒေသခံတစ်ဦးမှ RB News သို့ပြောသည်။

ဒီဇင်ဘာ ၂၀ ရက်နေ့ည ၁၀ နာရီခန့်တွင် မြို့မကညင်တန်းရွာရှိ ဦးအဇီဇူရာမန် (ဘ) ဦးအစ္စမိုင်လ်၏နေ အိမ်မီးလောင်မှု ဖြစ်ပွားခဲ့ရာ မီးသတ်ဦးစီးဌာနကို အချိန်မှီ အကြောင်းကြားသော်လည်း မီးလောင်သည့် အိမ်ပြာဖြစ်သွားမှ သာရောက်လာ ခဲ့ကြောင်းသိရသည်။ မီးသတ်ကားများအချိန်နောက်ကျ၍လာခြင်းမှာ မီးသတ်ဝန်ထမ်းများမှာရခိုင်လူမျိုးဖြစ်ပြီးမီးလောင်သည့်အိမ်မှာရိုဟင်ဂျာ၏အိမ်ဖြစ်သောကြောင့် ဖြစ်သည်ဟု ရွာသားတစ်ဦးမှ RB News သို့ပြောသည်။ မီးလောင်ပြီးနောက်နေ့ မနက်တွင်မီးလောင်၍ အိမ်ဆုံးရှူံး သွားသော ဦးအဇီဇူရာမန်အားရဲများကဖမ်းဆီးရန်ရှာဖွေသောကြောင့် ဦးအဇီဇူရာမန်နှင့် သားကြီး (အသက် ၁၈ နှစ်အထက်) တို့တိမ်းရှောင်သွားသည်။ ရဲများကဦးအဇီဇူရာမန်၏သားအငယ် ဖြစ်သူ မောင်မူဂျီဘူရာမန် (အသက် ၁၅ နှစ်) ကိုဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်။

ဒီဇင်ဘာလ (၁၉) ရက်နေ့ညတွင် နစကစခန်းမှ ဦးအောင်နိုင် ဦးဆောင်သော တပ်ဖွဲ့ ၀င် များ သည် မောင်းတောမြို့၊ ရွှေဇားရွာသို့ ဧည့်စာရင်းစစ်ရန် အကြောင်းပြ၍ တစ်အိမ်တက်ဆင်း စစ်ဆေး ခဲ့သည်။ထိုသို့စစ်ဆေး၍ရိုဟင်ဂျာအမျိုးသမီးလေးဦးကိုဖမ်းဆီးသွားပြီး ရွှေဇားရွာအနီးရှိနစကစခန်းတွင်ထား ရှိပြီး ငွေ ၁၂ သိန်းရသည့် အခါပြန်လည် လွှတ်ပေး လိုက်ကြောင်း သိရသည်။ ထိုသို့ဖမ်းဆီးခံရသော အမျိုးသမီး လေးဦးတွင် ဒေါ်ဟဖီဇာဘေဂမ် (ဘ) ဦးလေဒူလည်းအပါအ၀င်ဖြစ်သည်။

(၁၉) ရက်နေ့တွင်ပင် နစကနယ်မြေ (၈) စခန်းအမှတ် (၁၈) မှဗိုလ်မှူးဇော်မြင့်ထွန်းသည် သင်္ဘောခွဲ (ကူလ်လိမ်) ရွာမှ ဦးဆုလ်တာန်အာမတ်ကို ယာမြေများကိုနတလပိုင်သည့်နယ်ထိတိုးချဲ့နေသည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ငွေကျပ် ၂ သိန်းခွဲ ညှစ်ယူသွားကြောင်းသိရသည်။ တစ်ဖန်ထိုနေ့တွင်ပင် ထိုရွာမှ ဦးအဒူမာလစ် (ဘ) ဦးယားမိုဟာမတ်အား မလေးရှားသို့ လူကုန်ကူးနေသည်ဟုစွပ်စွဲ၍ ငွေကျပ် ၆ သိန်းခွဲ ဓါးပြတိုက်သကဲ့သို့ တိုက်ယူသွားကြောင်းသိရသည်။

သပြေတော (ဘာဆာရာ)ရွာသည်မောင်းတောမြို့တောင်ပိုင်းတွင် တည်ရှိပြီး ရွာသည်မြစ်၏ ကမ်းခြေ တလျှောက်တွင်ရှိသည်။ ရေကြီးမှုကြောင့်နေအိမ်များနှင့် ဗလီဝတ်ကျောင်းတော် ပျက်ဆီးသွားခဲ့သည်။ ထို့ကြောင့် ရွာသူရွာသားများသည် နီးရာတောင်တန်းတွင် အိမ်ငယ်လေးများဆောက်၍နေရသည်။ ထိုသို့နေသည့်တောင်တန်းပေါ်တွင်ဝါး၊ ကောက်ရိုးများဖြင့်သေးငယ်သောဗလီဝတ်ကျောင်းတော်လေးဆောက်၍ ရွာသားများ ၀တ်ပြု လျက်ရှိကြသည်။ ဒီဇင်ဘာ (၁၇) ရက်နေ့တွင် နယ်မြေ (၈) စခန်းအမှတ် (၁၈) မှ နစကများရောက်ရှိလာပြီး ထိုဗလီဝတ်ကျောင်းတော်လေးကိုဖျက်ဆီးလိုက်ပြီး၊ ထိုသို့ဆောက်လုပ်ခြင်း အတွက် ဒဏ်ငွေအနေဖြင့် ငွေကျပ်တစ်သိန်းသုံးသောင်းကို ရွာသူရွာသားထံမှ ယူသွားကြောင်းဒေသခံ တစ်ဦးမှ RB News သို့ပြောသည်။

Comment ရေးရန်

Rohingya Exodus