နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာများအား အကြမ်းဖက် လူမျိုးတုန်း သတ်ဖြတ် နေသည်ဟု စွပ်စွဲချက်များ ထွက်ပေါ်

O'Laie Manzu
24.4.2013

မြန်မာ နိုင်ငံ အနောက် ဖက်ပိုင်းရှိ အာရကန် [ရခိုင်] ပြည်နယ်မှာ ပြီးခဲ့တဲ့ နှစ်က ဖြစ်ပျက် ခဲ့တဲ့ ဘာသာရေး အကြမ်း ဖက်မှု တွေအပေါ် လူ့အခွင့် အရေး စောင့်ကြည့် လေ့လာရေး အဖွဲ့ (HRW) က ထုတ်ပြန် လိုက်တဲ့ အစီရင် ခံစာတွေ ထွက်ပေါ် လာပြီးတဲ့ နောက်မှာ ပြည်သူ့ အရေခြုံ ဟန်ဆောင် အစိုးရဟာ “လူမျိုးတုန်း သုတ်သင် ရှင်းလင်း မှုတွေ”၊ “လူသားများ အပေါ် ရာဇဝတ်မှု ကျုးလွန် မှုတွေ” ပြုလုပ် နေတယ်လို့ စွပ်စွဲချက် တွေထွက် ပေါ်လာ ခဲ့ပါတယ်။ ဗုဒ္ဓ ဘာသာဝင် ရခိုင် လူမျိုး တွေနဲ့ နိုင်ငံမဲ့ ဖြစ်နေ ရတဲ့ ရိုဟင်ဂျာ မွတ်စလင် တွေအကြား ဖြစ်ပွား ခဲ့တဲ့ ပဋိပက္ခ ကြီးကြောင့် မီးရှီု့ မှုတွေ၊ လှုယက် မှုတွေ၊ သွေးအေး သတ်ဖြတ်မှု တွေဖြစ်ပွား ခဲ့ရတဲ့ အတွက် အနည်းဆုံး လူ ၂၀၀ ခန့် သေဆုံး ခဲ့ရပြီး ၁၂၅၀၀၀ ကျော် အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ ရတယ်။ HRW ကတော့ ဒီလို သတ်ဖြတ်မှု တွေလုပ်ဆောင် နေကြတဲ့ ရခိုင် လူမျိုး တွေနဲ့ သူတို့ကို လွတ်လွတ် လပ်လပ် လှုပ်ရှား ခွင့်ပြု ထားတဲ့ အာဏာပိုင် တွေကို စွပ်စွဲ လိုက်ပါတယ်။

ပျက်စီး သွားခဲ့သော အဆောက် အဦ များအရှေ့တွင် မြန်မာ အမျိုးသား တစ်ဦး လမ်းလျှောက် လာစဉ် (ဓါတ်ပုံ - Paula Bronstein/Getty Images)

ဒီအရေး ကိစ္စနဲ့ စပ်နွယ် မှုမရှိတဲ့ လောလော လတ်လတ် အကြမ်း ဖက်မှုတွေ ပြီးခဲ့တဲ့ လက ထပ်မံ ဖြစ်ပွား ခဲ့ပြီး နောက်မှာ ရာစုနှစ် တစ်ဝက် လောက် စစ်အုပ်စုရဲ့ ရက်စက် ကြမ်းကြုတ် မှုမှာ ဖြတ်သန်း လာခဲ့ ပြီးမှ အသစ် တဖန် ခေါင်းထောင် လာတဲ့ အစိုးရရဲ့ အရည် အချင်းနဲ့ ဆန္ဒ သဘော ထားတွေဟာ မေးခွန်း ထုတ်စရာတွေ ဖြစ်ပေါ် လာပါ တော့တယ်။ ဒီအစီ ရင်ခံစာ ဟာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ကို နိုင်ငံတကာ ပဋိပက္ခ လေ့လာ ရေးအဖွဲ့ (International Crisis Group) က 'ငြိမ်းချမ်းရေး ကြိုးပမ်း မှုဆု' ပေးတဲ့ နေ့နဲ့ မြန်မာ နိုင်ငံ အပေါ် စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ် မှုတွေ ကို ဥရောပ သမဂ္ဂ (European Union) ကဖယ်ရှား လိုက်တဲ့ နေ့နဲ့ တစ်ရက် တည်းမှာပဲ ထွက်ပေါ် လာခဲ့ တာပါ။ 

HRW ရဲ့ အစီ ရင်ခံစာ အရ ရခိုင် လူအုပ် ကြီးက [၂၀၁၂ ခုနှစ်] ဇွန်လ အတွင်းမှာ မွတ်စလင် တွေရဲ့ မြို့နယ် လေးခုကို တိုက်ခိုက် ကြပြီး အောက်တို ဘာလ မှာတော့ မြို့နယ် ၉ ခုကို တိုက်ခိုက် ခဲ့ကြ ပါတယ်။ ရွာတွေကို မီးရှို့၊ လူတွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ် မီးရှို့ ခဲ့ကြ ပါတယ်။ မြောက်ဦး မြို့နယ်မှာ ရှိတဲ့ ရန်ထဲ ရွာကို တစ်ရက် အတွင်း ရိုဟင်ဂျာ အယောက် ၇၀ ကို သတ်ဖြတ် ခဲ့ကြတဲ့ အကြောင်း ကိုလည်း စာမျက် နှာပါင်း ၁၅၃ ရွက်ပါ ရှိတဲ့ ယင်းအစီ ရင်ခံစာမှာ အသေးစိတ် ဖော်ပြ ထားပါတယ်။ 

“ပထမ ကတော့ စစ်သား တွေက ‘ဘာမှ မလုပ် ကြတဲ့၊ ခင်ဗျား တို့ကို ကာကွယ် ပေးမယ်။ ကျနော်တို့ ကယ်မယ်။’ လို့ပြော ကြတော့ ကျနော် တို့လည်း သူတို့ကို ယုံကြည် အားကိုး ခဲ့မိတယ်။” ဟု အသက် ၂၅ နှစ် အရွယ် မသေ မပျောက် သေတွင်းက လွတ်လာ သူတစ်ဦးက HRW ကိုပြော ပါတယ်။ “နောက်တော့ သူတို့ ကတိဖျက် ကြတယ်။ ရခိုင်တွေ ကျနော်တို့ လူတွေကို အလွယ် တကူ ရိုက်နှက် သတ်ဖြတ် ကြတယ်။ လုံခြုံရေး တွေက ကျနော် တို့ကို ဘာ အကာ အကွယ်မှ ပေးခဲ့ဘူး။”ဟုပြောပြ ပါတယ်။ 

မြန်မာ နိုင်ငံ အနောက်ဖက် ပိုင်းမှာ နေထိုင် ကြတဲ့ ရိုဟင်ဂျာ တွေဟာ လူဦးရေ အားဖြင့် ၈၀၀၀၀၀ လောက်ရှိပြီး နိုင်ငံမဲ့ ဖြစ်နေ ရပါတယ်။ မြန်မာ နိုင်ငံ အတွင်းမှာ မျိုးရိုး စဉ်ဆက် အလိုက် နေထိုင် လာခဲ့ ကြပေမယ့် လည်း လူမျိုးရေး အစွန်းရောက် ဝါဒီ အာဏာရှင် ဟောင်း ဗိုလ်ချုပ် နေဝင်းရဲ့ ၁၉၈၂ နိုင်ငံသား ဥပဒေက ပုံဖော် ထားတဲ့ တရားဝင် တိုင်းရင်းသား လူမျိုး စာရင်း ၁၃၅ ခုထဲမှာ မပါဝင် ပါဘူး။ ရိုဟင်ဂျာ တွေဟာ ‘ကီလို မီတာ ၃၀၀ လောက် ထိစပ် နေတဲ့ အိမ်နီးချင်း ဘင်္ဂလား ဒေ့ရှ် နိုင်ငံက လူတွေ ဖြစ်ပြီး မြန်မာ နိုင်ငံရဲ့ ဒေသ တွင်းက သယံဇာတ တွေကို ခိုးယူ သုံးစွဲဖို့ အတွက် တရားမဝင် ခိုးဝင် လာသူ ဘန်ဂါလီ တွေဖြစ်တယ်’ လို့ မြန်မာ အစိုးရက သတ်မှတ် ထားပါတယ်။ ရိုဟင်ဂျာ တွေဟာ လွတ်လပ်စွာ သွားလာခွင့်၊ အိမ်ထောင် ပြုခွင့်၊ ကလေး မွေးဖွားခွင့် အစရှိတဲ့ ထိန်းချုပ်မှု တွေအပါ အဝင် ကန့်သတ် ချုပ်ချယ်မှု ပေါင်းမြောက် များစွာ အတွင်းမှာ နေထိုင် ကြရ ပါတယ်။ ဘင်္ဂလား ဒေ့ရှ် ကလည်း သူတို့ လူတွေ မဟုတ်ဘူး ဆိုပြီး ဥပက္ခာ ပြုထား ပါတယ်။ ဒီကြားထဲ ပြဿနာ ဖန်တီး လိုတဲ့ ဗုဒ္ဓ ဘာသာ ဝင်တွေ ကတော့ ရိုဟင်ဂျာ တွေက ‘ဗုဒ္ဓ ဘာသာ အမျိုးသမီး တွေကို အဓမ္မ ကျင့်တယ်’၊ ‘မြန်မာ နိုင်ငံကို အစ္စလာမ် ဘာသာ ဖြစ်အောင် ပြောင်းလဲ နေတယ်’၊ ‘မွတ်စလင် ကလေး တွေများ လာအောင် မိန်းမတွေ အများကြီး ယူကြတယ်’ လို့ လုပ်ကြံ ဝါဒဖြန့် ကြပါတယ်။ HRW ရဲ့ အာရှ ရေးရာ လက်ထောက် တာဝန်ခံ ဖေးလ် ရောဘတ်စန် (Phil Robertson) ဟာ “[အာဏာပိုင် တွေ အနေနဲ့] ယနေ့ အထိ ကူညီ ထောက်ပံ့ ပေးမှု တွေကို ငြင်းပယ် နေခြင်း အားဖြင့် သော်လည်းကောင်း၊ သွားရေး လာရေး တွေကို ကန့်သတ် ထားခြင်း ဖြင့်သော် လည်းကောင်း ရိုဟင်ဂျာ လူမျိုး တွေအပေါ် ကျူးလွန် နေတဲ့ လူမျိုးတုန်း သုတ်သင် ရှင်းလင်းရေး လှုပ်ရှား မှုကြီးမှာ” မြန်မာ အစိုးရက ပါဝင် ပတ်သက် နေတယ်လို့ စွပ်စွဲ လိုက်ပါတယ်။ ပြီးခဲ့တဲ့ နှစ်က ဖြစ်ပွား ခဲ့တဲ့ အကြမ်း ဖက်မှု တွေနောက်ပိုင်းမှ မြန်မာ အာဏာပိုင် တွေဟာ ဗလီဝတ် ကျောင်းတော် တွေဖျက်ဆီး ခဲ့တဲ့ အကြောင်း၊ လူစု လူဝေး တွေကို အကြမ်းဖက် ဖမ်းဆီး ခဲ့တဲ့ အကြောင်း၊ အိုးအိမ်မဲ့ ဖြစ်နေတဲ့ မွတ်စလင် တွေကို ထောက်ပံ့ ပေးတဲ့ လူသားချင်း စာနာမှု အကူ အညီ တွေကို ပိတ်ဆို့ တားဆီး ထားတာတဲ့ အကြောင်း တွေကိုလည်း အစီရင်ခံစာ အသစ်မှာ အကျယ် တဝန့် ဖော်ပြထား ပါတယ်။ ဗုဒ္ဓ ဘာသာဝင် အမျိုး သမီးငယ် တစ်ဦးကို အဓမ္မ ကျင့် သတ်ဖြတ် ခဲ့တဲ့ မွတ်စလင် အမျိုးသား သုံးဦးရဲ့ လုပ်ရပ်ကို လက်စား ချေတုန့် ပြန်တဲ့ အနေနဲ့ ဘာသာရေး ခရီး ထွက်လာတဲ့ ဘတ်စ်ကား ပေါ်က မွတ်စလင် ၁၀ ဦးကို လူတစ်စုက သတ်ဖြတ်တဲ့ ကိစ္စရပ် တွေက အကြမ်း ဖက်မှုကို စတင် စေခဲ့တဲ့ မီးပွား တွေဖြစ် ပါတယ်။ နောက်လ တွေမှာတော့ “ဗုဒ္ဓ ဘာသာ ဘုန်းကြီးတွေ၊ နိုင်ငံရေး ပါတီတွေ၊ အစိုးရ အာဏာပိုင် တွေစုဝေး ကြပြီး လူမျိုးစု အရေးကို ရာသက် ပန်ပုံစံ ပြောင်းလဲ နိုင်ရေး အတွက်” ရိုဟင်ဂျာ တွေကို အစအန ဖျောက်ကြ ဖို့ ကြံစည် လုပ်ဆောင် တာဖြစ် တယ်လို့ ဆိုပါတယ်။ “သူတို့မှာ နည်းဗျူု ဟာတွေ ရှိတယ်။ ဒီလုပ်ရပ် တွေအား လုံးဟာ သေသေ ချာချာ အစီ အစဉ် ဆွဲပြီး စနစ် တကျ လုပ်ဆောင် ကြတာပါ။” ဟု ရိုဟင်ဂျာ နိုင်ငံရေး အဖွဲ့ဖြစ်တဲ့ အမျိုးသား လူ့အခွင့် အရေး ဒီမိုကရက် တစ်ပါတီ (National Democratic Party for Human Rights) ရဲ့ ဥက္ကဌ နိုင်ငံရေး အကျဉ်းသား ဟောင်း ဦးကျော်မင်းက ပြောပါတယ်။ 

အစိုးရ မဟုတ်တဲ့ လူမှု အဖွဲ့ အစည်း (အန်ဂျီအို) တွေက လည်း ဒုက္ခသည် စခန်း တွေမှာ အခြေ အနေ တွေဆိုးရွား နေပြီး ရောဂါ ဘယ ထူထပ် နေကြောင်း၊ မရှိမဲ့ ရှိမဲ့ စားနပ် ရိက္ခာ တွေလည်း ကုန်ခန်း နေပြီ ဖြစ်ကြောင်း သတိပေး နေကြ ပါတယ်။ (မလေးရှား အပါ အဝင်) နိုင်ငံ ရပ်ခြား တွေကို ထောင်ပေါင်း များစွာ သော ရိုဟင်ဂျာ တွေ အသက်စွန့် ပြီးထွက်ပြေး သွားအောင် လုပ်တဲ့ ကလိန် ကကျစ် လှည့်ကွက်က ပေါ့သေးသေး ကိစ္စတော့ မဟုတ် လှပါဘူး။ ရိုဟင်ဂျာ တွေဟာ ဒေါ်လာ ၃၅၀ နဲ့ညီမျှတဲ့ ငွေကြေး ပမာဏကို သူတို့ကို အန္တာရာယ် ပြုကြ သူတွေထံ လူကုန် ကူးခ ပေးပြီး ထွက်ပြေး ကြရ ပါတယ်။ ဇွန်လ အကြမ်း ဖက်မှု တွေကြောင့် မိသားစုဝင် ရှစ်ဦး ဆုံးရှုံး သွားခဲ့ ရတဲ့ ဂျာမဏီ နိုင်ငံ အခြေပြု ရိုဟင်ဂျာ အခွင့် အရေး လှုပ်ရှား သူတစ်ဦး ဖြစ်တဲ့ ဦးနေဆန်းလွင်က “ဒီသတ်ဖြတ်မှု တွေရဲ့ နောက်ကွယ်မှာ အစိုးရ ပါတယ် ဆိုတာ ရာနှုန်းပြည့် သေချာ ပါတယ်” လို့ TIME မဂ္ဂဇင်းကို ပြောပြ ပါတယ်။ “အကယ်လို့ အစိုးရဟာ ဒီလို အကြမ်း ဖက်မှု တွေကို တားဆီး ချင်တဲ့ ဆန္ဒ ရှိရင် ချက်ချင်း တားဆီးလို့ ရနိုင် ပါတယ်” လို့သူ ကပြော ပါတယ်။ “သူတို့ တွေ ဒီလိုဘဲ ဆက်လုပ် နေကြမယ် ဆိုရင် နောက်ငါးနှစ် အတွင်း မြန်မာ ပြည်မှာ ရိုဟင်ဂျာ ရှာတွေ့ တော့မှာ မဟုတ်ဘူး။” လို့လည်း ဆက်လက် ရှင်းပြ ပါတယ်။ 

ရိုဟင်ဂျာ တွေကို ကူညီ ကြတဲ့ လူသားချင်း စာနာ ထောက်ထားတဲ့ အဖွဲ့ အစည်း တွေက လည်း ခြိမ်းခြောက် မှုတွေနဲ့ ရင်ဆိုင် နေကြ ရပါတယ်။ ကုလ သမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာ မင်းကြီးရုံး (UNHCR) နှင့် နယ်စည်း မခြား ဆရာဝန် များအဖွဲ့ (Doctors Without Borders MSF) နှစ်ဖွဲ့ လုံးရဲ့ ဝန်ထမ်း တွေက ပြီးခဲ့တဲ့ နှစ်အတွင်း အာရကန် ပြည်နယ်မှာ အာဏာ ပိုင်တွေ ဖမ်းဆီး ထိန်းသိမ်း ထားခဲ့ ခြင်းခံ ခဲ့ရ ပါတယ်။ MSF ရဲ့ အထွေထွေ ညွန်ကြား ရေးမှူး အားဂျန် ဟီဟန်း ခမ်ပ် (Arjan Hehenkamp) ကလည်း ဖေဖော် ဝါရီလမှာ ပြုလုပ် ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်တွင် သူ့အဖွဲ့ဟာ ရိုဟင်ဂျာ စခန်း တွေမှာ ကူညီ လုပ်ဆောင် ရကောင်း လားဆိုပြီး ရခိုင် တွေရဲ့ ကြိမ်းမောင်း မှုတွေကို ခံခဲ့ ရတယ်လို့ ပြောဆို ခဲ့ပါတယ်။ “လက်ကမ်း စာတွေ၊ စာစောင်တွေ၊ ဖေ့စ်ဘုတ် စာမျက်နှာ တွေအပေါ်မှာ MSF နဲ့ အခြား အဖွဲ့ တွေဟာ ရိုဟင်ဂျာ တွေကို အားပေး အားမြှောက် လုပ်နေ ကြတယ်လို့ အချို့ရခိုင် တွေက အစဉ် တစိုက် ဝေဖန် ပြောဆို နေကြ ပါတယ်။ ဒုက္ခသည် စခန်း တွေကို တရားဝင် ဝင်ခွင့် မပြုဘဲ ဒီလို စွပ်စွဲ ချက်တင် နေတာ တွေကတော့ အဓိက ရင်ဆိုင် ရတဲ့ အခက် အခဲ ဖြစ်ပါတယ်” လို့ သူ့ရဲ့ ထုန်ပြန် ကြေညာ ချက်တစ်ခု ဖော်ပြ ထားပါတယ်။ 

ပိုမို ဆိုးရွား လာတဲ့ ဒီအကြမ်း ဖက်မှု တွေက ရိုဟင်ဂျာ မွတ်စလင် တွေအပေါ် မှာဘဲ ဦးတည် လုပ်ဆောင် နေတာ မဟုတ် တော့ပါဘူး။ အရင် နှစ်က အကြမ်း ဖက်မှု တွေမှာလည်း သီးခြား မွတ်စလင် လူမျိုးစု တစ်စု ဖြစ်တဲ့ ကမန် လူမျိုး တွေကိုလည်း ဦးတည် တိုက်ခိုက် ခဲ့ပါ သေးတယ်။ ပြီးခဲ့ တဲ့လ မှာလည်း အကြမ်း ဖက်မှု လှိုင်းလုံး ကြီးဟာ ရန်ကုန် မြို့ မြောက်ဖက် ကီလို မီတာ ၅၀၀ လောက်မှာ တည်ရှိတဲ့ မိထ္တီလာ မြို့ကို ရိုက်ခတ် ခဲ့ပါတယ်။ မပြော ပလောက်တဲ့ မွတ်စလင်ပိုင် ရွှေဆိုင်မှာ အငြင်း ပွားမှု ဖြစ်ပွားရာ ကစခဲ့ပြီး လူ ၄၃ ဦးနဲ့ အနည်းဆုံး အိမ်ခြေ ၈၀၀၊ ဗလီ ၅ ဆောင် မီးရှို့ ဖျက်ဆီး ခြင်းခံ ခဲ့ရ ပါတယ်။ လူ ၁၂၀၀၀ လောက် အိုးမဲ့ အိမ်မဲ့ ဖြစ်နေ ရပြီး ဒုက္ခသည် နေရာ ချထားရေး စခန်း တွေထဲ ရောက်ကုန် ပါတယ်။ ဒီအကြမ်း ဖက်မှုက ရိုဟင်ဂျာ တွေ နေထိုင်ရာ ဒေသ မဟုတ်တဲ့ အခြား မြို့နယ် ၁၁ ခု ကိုလည်း ပြန့်နှံ့ ခဲ့ပါတယ်။ မွတ်စလင် ပိုင်အဆောက် အဦ တွေကို ဗုဒ္ဓ ဘာသာ ဝင်တွေ ဖျက်ဆီး နေတာတွေ၊ သင်္ကန်း ခြုံထားတဲ့ ဘုန်းကြီး တွေက လူသတ် နေတာတွေ ကို အသုံး မကျတဲ့ မြန်မာ့ ရဲအရာရှိ တွေ ရပ်ကြည့် နေတဲ့ ဗီဒီယို မှတ်တမ်းကို BBC က ထုတ်လွှင့် ခဲ့တာ ကိုလည်း ထိတ်လန့် စွာရှု့မြင် ရပါတယ်။ ဒါပေမယ့် သောင်းကျန်း သူတွေရဲ့ အန္တရာယ်က အသက် စွန့်ပြီး မွတ်စလင် အိမ်နီး နားချင်း တွေကို ကာကွယ် ပေးခဲ့တဲ့ ဗုဒ္ဓ ဘာသာ ဝင်တွေ အများကြီး ရှိပါတယ် ဆိုတာ ကိုလည်း သတိမူ သင့်ပါတယ်။ 

ဘာသာ ရေးအမုန်း ပွားမှု တွေရဲ့ အလယ်မှာ ဗြောင်တိုက် ဟောပြော နေတဲ့ ဘုန်းကြီး ဝီရသူ ဦးဆောင်တဲ့ ၉၆၉ အမှတ် တံဆိပ်ပါ ဗုဒ္ဓ ဘာသာ စစ်သွေးကြွ အဖွဲ့က အချက် အခြာ ကျကျ ပါဝင် နေတာကို တွေ့ရ ပါတယ်။ မန္တလေး မြို့က မစိုးရိမ် ကျောင်းတိုက်မှာ အခြေ စိုက်တဲ့ ဝီရသူ ဟာ မွတ်စလင် တွေက “ရခိုင် ပြည်မှာ ဂျီဟဒ် (ဘာသာရေး ခုခံ စစ်ပွဲ) ဆင်နွဲ နေတယ်”၊ “ကလေး ငယ် တွေကို မူးယစ်ဆေး တိုက်ပြီး တိုက်ခိုက် ခိုင်းနေ တယ်။” “သူတို့ ကိုယ် သူတို့ အမျိုး သမီး တွေလို ဟန်ဆောင်ပြီး တိုက်ခိုက် နေတယ်” လို့ အခြေ အမြစ် မရှိပဲ စွပ်စွဲ နေပါတယ်။ အခုတော့ နိုင်ငံ အနှံ့မှာ ၉၆၉ အမှတ် တံဆိပ် စတစ်ကာ တွေဟာ ဗုဒ္ဓ ဘာသာ ဝင်တွေ ပိုင်တဲ့ စီးပွားရေး တွေရဲ့ အမှတ် သားအဖြစ် တွေ့မြင် ရပါတယ်။ 

ပြည်တွင်း သတင်း မီဒီယာ တွေကလည်း ဒီကိစ္စမှာ အထူး တလှယ် အထောက် အကူ မပြု ပါဘူး။ တောင် အာရှသား အသား ညိုသူ တွေကို ခေါ်တဲ့ ‘ကုလား’ ဆိုတဲ့ အသုံး အနှုန်း တွေထည့်သွင်း ဖော်ပြ ထားတာ မျိုးရှိ သလို ရိုဟင်ဂျာ တွေကိုလည်း တရား မဝင် ကျူးကျော် လာသူ တွေလို့ ယုံမှား သံသယ ဖြစ်စေတဲ့ ‘ဘန်ဂါလီ’ လို့ သုံးနှုန်း ဖော်ပြ ကြတာ တွေလည်း ရှိပါတယ်။ ဒီကိစ္စနဲ့ ပတ်သက် လို့ကတော့ တစ်ချိန်က နိုင်ငံရေး အကျဉ်းသား တစ်ဦး ဖြစ်ပြီး ငြိမ်းချမ်းရေး နိုဗယ် ဆုရှင် ဖြစ်တဲ့ ဒေါ်အောင်ဆန်း စုကြည် ကိုတော့ ပြင်းပြင်း ထန်ထန် ဝေဖန် ကြပါတယ်။ သူမဟာ ဒီကိစ္စရပ် တစ်လျှောက် လုံးမှာ ရိုဟင်ဂျာ တွေကို ကြမ်းတမ်း ယုတ်မာစွာ ဆက်ဆံ နေမှုကို နှုတ်ဆိတ် နေခဲ့ ပါတယ်။ ၂၀၁၅ ခုနှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲ ကိုမျှော်ကိုးပြီး ဗုဒ္ဓ ဘာသာ တွေရဲ့ ဆန္ဒမဲတွေ မရမှာ စိုးရိမ်တဲ့ အတွက် ဒီကိစ္စမှာ ရှေ့တမ်း မထွက်ရဲ တဲ့ လူ့အခွင့် အရေး ချန်ပီယံ ဟောင်းတစ်ယောက် သာဖြစ် ပါတယ်။ မြန်မာ ပြည်က မွတ်စလင် တွေအတွက် ကတော့ ၂၀၁၅ ရွေးကောက်ပွဲ ဆိုတာ တော်တော်လေး အလှမ်း ဝေးနေ ပါသေးတယ်။ 

ဧပြီ ၂၃ ၂၀၁၃ တွင် ချာလီ ကန်ဘဲလ် ရေးသားထားသော TIME မဂ္ဂဇင်းမှ Burma Accused of Ethnic Cleansing for Rohingya Violance ဆောင်းပါးကို O’Laie Manzu မှ ဆီလျော် သလို ဘာသာ ပြန်ထား ပါသည်။ 

မူရင်း သတင်း ဆောင်းပါး http://world.time.com/2013/04/23/burma-accused-of-ethnic-cleansing-for-rohingya-violence/

Comment ရေးရန်

Rohingya Exodus