နောက်ဆုံးသတင်း/ဆောင်းပါးများ

ရခိုင်ပြည် လူဦးရေ စာရင်း ကောက်၍ ဒုက္ခသည်များ နေရပ်ရင်း ပြန်ပို့ရန် စီစဉ်


သိန်းလှိုင်
မဇ္ဈိမ
25.4.2013

စစ်တွေ ။ ။ ရခိုင် ပြည်နယ် အတွင်း လူဦးရေ စာရင်း ကောက်ခြင်းကို ရက် ၂၀ အတွင်း အပြီးပြတ် လုပ်ဆောင်ကာ ဒုက္ခသည် များကို မိုးမကျမီ နေရင်း ဒေသ ကျေးရွာ များ၌ ပြန်လည် နေရာ ချပေး သွားတော့မည် ဖြစ်ကြောင်း ပြည်နယ် အစိုးရက ဧပြီလ ၂၄ ရက်နေ့ ညနေ ပိုင်းတွင် သတင်း ထုတ်ပြန် လိုက်သည်။

“ဧပြီလ ၂၆ ရက် ကနေ မေလ ၁၅ ရက်နေ့ အထိ ရခိုင် ပြည်နယ် ခရိုင် ၄ ခရိုင် အတွင်းမှာ လူဦးရေ စာရင်းကောက် ယူသွားမယ်။ စာရင်း ကောက်ယူ ခြင်းကို တပ်၊ ရဲ အပါ အဝင် ဌာန ပေါင်းစုံက လူ ၂၀ ပါဝင်တဲ့ အဖွဲ့ပေါင်း ၆၃ ဖွဲ့နဲ့ လုပ်ဆောင် သွားမယ်။ ရရှိ လာတဲ့ စာရင်း တွေကို ဇွန်လ ကုန်မှာ အချော သတ်မယ်။ ဒါက လူဝင်မှု ကြီးကြပ် ရေးနှင့် ပြည်သူ့ အင်အား ဦးစီး ဌာနရဲ့ စီမံချက် အရ ဆောင်ရွက် တာဖြစ်တယ်” ပြည်နယ် အစိုးရ သတင်း ပြန်ကြား ရေးနှင့် မှတ်တမ်း စုဆောင်းရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ် ဥပဒေချုပ် ဦးလှသိန်း က ပြောသည်။

နေအိမ်များ အပြီး ဆောက်လုပ်၍ ဒုက္ခသည် များကို နေရင်း ပြန်ပို့ တော့မည် ဟုလည်း ဆိုသည်။

“ယာယီတဲ တွေမှာ နေထိုင် နေကြသူ တွေကို မိုးမကျခင်မှာ အမိုးအကာ အောက်ကို ရောက်ဖို့ အတွက် အထူး ကြပ်မတ် ဆောင်ရွက် လျက်ရှိ ပါတယ်။ စစ်တွေကို ရောက်နေတဲ့ ကျောက်ဖြူ၊ ပေါက်တော၊ ရသေ့တောင် စတဲ့ မြို့နယ် တွေက ဒုက္ခသည် တွေကို မူရင်း ဒေသ ပြန်ပို့ပြီး နေထိုင်ရေးနဲ့ လုပ်ကိုင် စားသောက် ရေးတွေကို စီမံပေး သွားမယ်” ဟု ၎င်းက ဆက်ပြောသည်။

၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့သည့် အကြမ်းဖက် ပဋိပက္ခ များကြောင့် ဒုက္ခသည် တသိန်း ကျော်မှာ မြို့ကြီး များရှိ ယာယီတဲ များတွင် ခိုလှုံ နေထိုင် လျက်ရှိ ကြသည်။

နှစ်ဘက် ဒုက္ခသည်များ ပြန်လည် နေရာချ ထားရာတွင် ပျက်စီးမှု နည်းပြီး ပြဿနာ ထပ်မံ ဖြစ်ပွားရန် ခက်ခဲသည့် အနေ အထားရှိက နေရင်းရွာ၏ မူလ နေရာ၌ ပြန်လည် နေရာချ ထားပေးမည် ဖြစ်သည်။ အကယ်၍ ပြဿနာ ထပ်ဖြစ် လာဖွယ် ရှိပါက ကာယကံရှင် အဆင် ပြေမည့် နေရာတွင် ပြန်လည် နေရာ ချပေး သွားမည်ဟု ဦးလှသိန်း က ရှင်းပြသည်။

ယခုအခါ မွတ်ဆလင် ဒုက္ခသည် များအတွက် မိသားစု ၈ စု နေထိုင် နိုင်သည့် တဲကြီး အလုံးပေါင်း ၄၀၀ ကိုလည်း ထပ်မံ ဆောက်လုပ် ဆဲဖြစ်ကြောင်း ထည့်သွင်း ပြောကြား သွားသည်။

ပြည်နယ် အစိုးရ၏ အဆိုပါ သတင်း ထုတ်ပြန် ခြင်းကို ဧပြီ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီမှ ၄ နာရီအထိ စစ်တွေမြို့ရှိ ပြည်နယ် ဥပဒေချုပ် ရုံးတွင် ပြုလုပ် ခဲ့ခြင်း ဖြစ်သည်။ ယင်း ရှင်းလင်း ပွဲသို့ ပြည်နယ် သတင်းထောက် များ တက်ရောက် ခဲ့ကြသည်။

Comment ရေးရန်

Rohingya Exodus