နစကမှ မတရား ဖမ်းဆီးသွားပြီး ငွေပေးရန် ခြိမ်းခြောက် လျက်ရှိ
RB News
9.5.2013
မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်၊ ချိန်ခါလီ ကျေးရွာ အုပ်စုရှိ သောင်ပညာ ရွာကို နစက နယ်မြေ (၇) မှ နစက တပ်ဖွဲ့ဝင် ၂၀ ဦးခန့်က မေလ (၇) ရက်နေ့ ည ၈ နာရီ ခန့်တွင် ၀င်ရောက် စီးနင်း ခဲ့ သည်။
“ည ၈ နာရီ လောက်မှာ တစ်ရွာလုံးကို ၀ိုင်းလိုက်တယ်။ နစကတွေ လာနေတယ် လို့ အသံကြား တာနဲ့ ရွာ က အမျိုးသား တွေအားလုံး ရွာ အပြင် ထွက်ရှောင် ကြတယ်။ နစက တွေက တစ်အိမ် တက် တစ်အိမ် ဆင်း ယောက်ျားတွေ ကိုရှာတယ်” ဟု ရွာသား တစ်ဦးမှ RB News သို့ပြော ပါသည်။
နစက များမှ စိတ်တိုင်းကျ ရှာဖွေ သော်လည်း ယောက်ျားများ ကိုရှာ မတွေ့သဖြင့် ကျန်းမာရေး မကောင်း၍ အိပ်ရာတွင် လဲနေသော အသက် ၂၅ နှစ် အရွယ်ရှိ မိုဟာမတ် ရဟီးမ် (ဘ) ကရီးမုလ္လာကို ၎င်း၏ မိခင် ရှေ့တွင် ရိုက်နှက်ရာ ခေါင်းကွဲ၍ သွေးသံ ရဲရဲဖြင့် နစက စခန်းသို့ ခေါ်ဆောင် သွားကြောင်း သိရ သည်။
“မိုဟာမတ် ရဟီးမ်က ကျန်းမာရေး တော်တော်လေး မကောင်းတော့ တိမ်းရှောင်လို့ မရခဲ့ဘူး။ သူက အိပ်ရာထဲ လဲနေတာ။ အဲဒါကို သူ့အမေ ရှေ့မှာဘဲ ရိုက်တာ ခေါင်းကွဲ သွားတယ်။ အဲဒီလို ခေါင်းကွဲ နေတဲ့ အတိုင်း စခန်းကို ခေါ်သွားတယ်။ သူ့ အမေ ကတော့ အခု အချိန်ထိ ငိုနေတယ်” ဟု အဆိုပါ ရွာသား မှ ပြောသည်။
မိုဟာမတ် ရဟီးမ်ကို ဖမ်းဆီး ခေါ်ဆောင် သွားပြီးနောက် ယမန်နေ့ မှစ၍ ငွေတောင်းခံ လျက်ရှိ ကြောင်း သိရသည်။
“ထုံးစံ အတိုင်းပေါ့။ ဖမ်းသွား ပြီးရင် ဒမြ တိုက်တယ်။ မနေ့က (မေလ ၈ ရက်) တော့ သိန်း ၂၀ ပေးရမယ် လို့ သတင်းပို့ တယ်။ မရှိဘူးလို့ အကြောင်း ပြန်တော့ ၁၅ သိန်း လို့လျှော့ ပြောတယ်။ အဲဒါလည်း မရှိ ဘူး ပြောတော့ ဒီနေ့ နယ်မြေ စစ်ဦးစီးက မိုဟာမတ် ရဟီးမ်ရဲ့ အိမ်ကို ရောက်လာ ပြီးတော့ ၇ သိန်း တောင်းတယ်။ သူ့ အမေက ၇ သိန်း မရှိဘူး။ ၃ သိန်းဘဲ ပေးနိုင်မယ် ဆိုတော့ ၇ သိန်း မပေးနိုင်ရင် မီးရှို့မှု၊ တရား မ၀င် ပေါင်း သင်း ဆက်ဆံမှု တွေနဲ့ တရားစွဲ မယ်လို့ ခြိမ်းခြောက် သွားတယ်” ဟု ဆက်လက် ပြောသည်။
မိုဟာမတ် ရဟီးမ်သည် အသက် ၂၅ နှစ် အရွယ် ဖြစ်ပြီး အိမ်ထောင် မရှိသော လူပျို ဖြစ်သည်။ နစက မှ တောင်းသော ငွေကြေးကို မပေး နိုင်သော ကြောင့် မဟုတ် မမှန် မီးရှို့မှု၊ တရားမ၀င် ပေါင်းသင်းမှု တို့ဖြင့် စွဲချက် တင်မည်ဟု ခြိမ်းခြောက် သွားခြင်းဖြစ်သည်။ မိုဟာမတ် ရဟီးမ်၏ မိခင်တွင် ငွေကျပ် ၃ သိန်းသာ ပေးရန် ရှိပြီး ၎င်းထက် ပို၍ မတတ် နိုင်သော ကြောင့် သားအတွက် လွန်စွာ ပူပင် သော က ရောက် လျက် ရှိကြောင်း သိရသည်။
ရခိုင် ပြည်နယ် အ၀န်းတွင် နစက များမှ ရိုဟင်ဂျာ လူမျိုး ထံမှ ဓါးပြ တိုက်သကဲ့ သို့ သောင်း ကျန်း ၍ ငွေညှစ်၊ ညှင်းပန်း နှိပ်စက် လျက်ရှိ သော်လည်း နိုင်ငံတော် အာဏာပိုင် များမှ အရေးယူ မှုတစ်စုံ တစ် ရာ မရှိသည်ကို လေ့လာ တွေ့ရှိ ရပါသည်။