 |
(ဓါတ်ပုံ - ဂျေပိုင်/ဧရာဝတီ) |
RB News
29.7.2013
စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ အောင်မင်္ဂလာ ရပ်ကွက်ရှိ ရိုဟင်ဂျာများကို အမှတ် (၁၂) ရဲတပ် ရင်း၊ တပ်ရင်းမှူးမှ ရိက္ခာဝယ်ယူခွင့် ပိတ်ပင်လိုက်၍ အခက်ကြုံလျက် ရှိကြောင်း သတင်း ရရှိပါသည်။
လွန်ခဲ့သည့်နှစ် ဇွန်လတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှု များနောက်ပိုင်းတွင် စစ်တွေမြို့၊ အောင်မင်္ဂလာ ရပ်ကွက်ရှိ ရိုဟင်ဂျာ မွတ်စလင်များကို သွားလာခွင့် ပိတ်ပင် ကန့်သတ် ခဲ့သည်။ ထိုသို့ ပိတ်ပင် ခံခဲ့ ရပြီးနောက်တစ်ပတ်လျှင် နှစ်ရက် လုံထိန်းရဲများက လုံခြုံရေးပေးပြီး သဲချောင်း အနီးရှိ ဈေးသို့ သွားရောက် ၍ ရိက္ခာများ ၀ယ်ယူ နေရသည်။ ယခုအခါ အမှတ် (၁၂) ရဲတပ်ရင်းမှူးမှ ရဟန်းပျို သမဂ္ဂ က နှောက်ယှက် လျှင် တာဝန်မယူ နိုင်ဟု ဆိုကာ ရိက္ခာဝယ်ယူခွင့် ပိတ်ပင် လိုက်သည်မှာ နှစ်ပတ် ရှိပြီ ဖြစ်ကြောင်း သိရှိ ရပါသည်။
“ကျွန်တော်တို့ကို တပတ်မှာ နှစ်ရက် လုံခြုံရေးတွေ လိုက်ပေးတယ်။ တနင်္ဂနွေနေ့နဲ့ ဗုဒ္ဓဟူးနေ့ပါ။ မနက် ၄ နာရီ သွားပြီး ၆ နာရီ ပြန်လာရတယ်။ စစ်တွေ ဈေးကြီးကို သွားလို့ မရတော့ အဲဒီက ဈေးသည် အချို့ သဲချောင်းနားမှာ လာရောင်း ပေးတယ်။ အခုတော့ လုံခြုံရေး မပေးနိုင်ဘူး ဆိုပြီး ပိတ်လိုက်တာ နှစ်ပတ် ရှိပြီ။ ရိက္ခာဝယ်လို့ မရတော့ အားလုံး အတော်လေး အခက်ကြုံ နေရတယ်” ဟု ဒေသခံ တစ်ဦးမှ RB News သို့ ပြောပါသည်။
ရဲလုံခြုံရေး များကိုလည်း တပတ်လျှင် ငွေကျပ် တစ်သိန်း နှစ်သောင်းမှ တစ်သိန်း ငါးသောင်း အထိ ပေးခဲ့ ရကြောင်း -- “တပတ်ကို အနည်းဆုံး တစ်သိန်း နှစ်သောင်း ကနေ တစ်သိန်း ငါးသောင်းထိ ပေးရတယ်။ တပ်ရင်းမှူး ကစပြီး အငယ်ဆုံး ရာထူး ရှိတဲ့ လူအထိပေါ့။ အဲဒီလို အဆင့်ဆင့် ပေးပြီးမှ ကျွန်တော်တို့ သွားလို့ ရခဲ့တာ” ဟု ဒေသခံမှ ဆက်လက် ပြောပါသည်။
အခြားသော ဒေသခံ တစ်ဦးက “နိုင်ငံတော် သမ္မတက ထိထိရောက်ရောက် အရေးယူမယ် လို့တော့ ပြော တယ်။ အခု ရဟန်းပျို သမဂ္ဂက ရိက္ခာဝယ်တာကို တားဆီး နေတာကို ရဲလုံထိန်း တွေက မတားဆီး နိုင်ဘူး ဆိုတော့ သမ္မတကြီး ပြောတာက ပြောရုံ သက်သက် ဖြစ်ပါတယ်။ ကျွန်တော်တို့ မကြာခင်မှာ အငတ်ဘေး ကြုံပြီး ဒုက္ခကြီးစွာ ရောက်ဖို့ ရှိနေတယ်” ဟု ဆိုပါသည်။