ရိုဟင်ဂျာတွေ ခိုလှုံခွင့်မတောင်းခဲ့ဘူးလို့ အရှေ့တီမောဆို
မြန်မာ နိုင်ငံကနေ ရှောင်တိမ်း ခဲ့ကြတဲ့ ရိုဟင်ဂျာ တွေဟာ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ အင်ဒိုနီးရှားနဲ့ အရှေ့ တီမော နိုင်ငံမှာ သောင်တင်တာတွေ ရှိခဲ့ (Credit: ABC) |
30.7.2013
အရှေ့ တီမော နိုင်ငံကို လှေတွေနဲ့ ရောက်ရှိ လာတဲ့ ခိုလှုံခွင့် တောင်းလိုသူ ရိုဟင်ဂျာ တွေကို အရှေ့ တီမော နိုင်ငံက လက်မခံပဲ အင်ဒိုနီးရှား ပိုင်နက်ထဲ ပြန်သွားဖို့ ပြောခဲ့တယ် ဆိုတဲ့ အပေါ် အရှေ့ တီမော အစိုးရက ငြင်းပယ် လိုက်ပါတယ်။
ဒီလ အစောပိုင်း တုန်းကပဲ မြန်မာ နိုင်ငံက ရိုဟင်ဂျာ အများစု ပါဝင်တဲ့ လူပေါင်း တစ်ရာ လောက်ဟာ သြစတြေးလျ နိုင်ငံကို လှေတွေနဲ့ ခိုးဝင်ဖို့ ကြိုးစားတုန်း ပင်လယ်ပြင်မှာ ဒုက္ခ ရောက်ပြီး အရှေ့ တီမော နိုင်ငံကို မျောပါ သွားခဲ့ ပါတယ်။
ဒီလို ဒုက္ခရောက် သူတွေကို အရှေ့ တီမော နိုင်ငံက လက်မခံပဲ အင်ဒိုနီးရှား ပိုင်နက်ထဲ ပြန်တွန်း ပို့တဲ့ အ တွက် နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ရာ ရောက်တယ်လို့ ပြောခဲ့တာကို အရှေ့ တီမော အစိုးရ က ငြင်းဆို လိုက်တာ ဖြစ်ပါတယ်။ အရှေ့ တီမော အနေနဲ့ ရောက်ရှိ လာတဲ့ လှေကို ပြုပြင် ပေးခဲ့ပြီး လာရာ လမ်း အတိုင်း ပြန်ဖို့သာ ပြောပြီး လှေပေါ် ပါလာ သူတွေ ကလည်း ပြန်သွားဖို့ သဘောတူ ခဲ့တယ်လို့ ဆိုပါတယ်။
အရှေ့ တီမောကို မျောပါ သွားရာမှာ ပါဝင်ခဲ့တဲ့ ဇော်ဝင်း ဆိုသူ ကတော့ သူတို့ကို အရှေ့ တီမော နိုင်ငံမှာ ခိုလှုံခွင့် ပေးဖို့ တောင်းဆို ခဲ့ပေမယ့် အရှေ့ တီမော အာဏာ ပိုင်တွေက ခိုလှုံခွင့် ပေးဖို့ ငြင်းဆို ခဲ့တယ်လို့ ပြောပါတယ်။
အရှေ့ တီမော အစိုးရ ကတော့ အရှေ့ တီမောမှာ စာနာစိတ်၊ သနားစိတ် ရှိတဲ့ အကြောင်း မိမိတို့ နိုင်ငံမှာ ဘာသာရေး၊ နိုင်ငံရေး အခြေ အနေကြောင့် နေထိုင်လို့မရပဲ တပါး နိုင်ငံကို ထွက်ပြေး နေ ရ သူ တွေ အပေါ် စာနာပြီး ခိုလှုံခွင့် ပေးဖို့ အသင့် ရှိပေမယ့် ခုချိန်ထိ အရှေ့ တီမော နိုင်ငံမှာ အခြေချ ခွင့် ပေး ဖို့ တောင်းဆိုလာတဲ့ ခိုလှုံခွင့် တောင်းခံသူ တစ်ဦး တစ်ယောက်မှ မရှိသေး ဘူးလို့ အရှေ့ တီမော နိုင်ငံခြားရေး ဝန်ကြီး Jose Louis Guterres က တုန့်ပြန် ပြောဆို လိုက်ပါတယ်။