ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ကို စွန့် ခွာသင့်ပြီ
(ဓါတ်ပုံ - RFA) |
လွှတ်တော် ဥက္ကဌ ဦးရွှေမန်းက မိမိ၏ ဘေးတွင် ကပ်ထိုင် နေသော ဒေါ်အောင်ဆန်း စုကြည်ကို ညွှန်ပြ ကာ အတူ လက်တွဲ အလုပ်လုပ် နေကြပြီဟု ဆိုလျှက် အမျိုးသား စည်းလုံးမှု ရနေသယောင် ဟစ်ကြွေး ခဲ့သည့် ဤသို့သော အချိန်တွင် ဒေါ်အောင်ဆန်း စုကြည် လွှတ်တော်ကို စွန့်ခွာ သင့်ပြီဟု တပ် လှန့် နိုး လိုက်သံ ကြားလိုက် ရသောအခါ စာဖတ်သူ အံ့သြကောင်း အံ့သြပါမည်။ အကြောင်း မည် သို့ ဆို သည်ကို ရှင်းပါအံ့။ ရှေ့ခြေနှစ်လှမ်း တိုးရန် နောက်ခြေ တလှမ်း ပြန်ဆုတ် (Onestep backward, two steps forward) ဟူသော ဆိုရိုး စကား ရှိသည်။ လူသည် ဘ၀ ခြေလှမ်းများ လှမ်းရာ၌ တခါတရံတွင် မလှမ်း သင့် သောနေရာကို လှမ်းမိ သဖြင့် ကျွံသွား တတ်သည်။ ဤသည်ကို မှန်ကန်စွာ သိမြင် လာပါက လမ်းကြောင်း မှန်ကို ပြန်လည် လျှောက်လှမ်းရန် မိမိ ခြေတလှမ်း ကိုအမြန်ဆုံး ပြန်ဆုတ် ရပါမည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အောက်တွင် ခေါင်းလျှိုးကာ စစ်အစိုးရ တည်ဆောက် ထားခဲ့သည့် လွှတ်တော် အတွင်း ၀င်ရောက် သွားခဲ့ ခြင်းဖြင့် ဒေါ်အောင်ဆန်း စုကြည်သည် နိုင်ငံရေး အရ သာမက ဥ ပဒေ အရပါ ခြေလှမ်းကြီး တလှမ်း ကျွံသွား ခဲ့ခြင်း ဖြစ်သည်။ အမြန်ဆုံး ပြန်ဆုတ်ရန် လိုပါမည်။ သို့မ ဟုတ် လျှင် ဒေါ်အောင်ဆန်း စုကြည်သည် ပင်လယ် ထဲတွင် မျောနေသည့် ဆင်သေ ကောင်ကြီး အပေါ်တွင် စီးနင်း လိုက်ပါ သွားရင်း ဆင်သေကောင်နှင့် အတူ ရေထဲ မြုပ်သွားမည့် ငှက်ငယ် ကလေး၏ ဘ၀နှင့် အလားတူ သွားမှာ စိုးရိမ်မိ ပါသည်။ အဘယ်ကြောင့် ဆိုသော် စစ်အာဏာရှင် စနစ်ကို စနစ်တကျ အသက် သွင်းထားသော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် ဆင်သေကောင် ပုပ် ကြီး ဖြစ်နေသော ကြောင့် ပင်။
ဒေါ်အောင်ဆန်း စုကြည် လွှတ်တော် အတွင်း ၀င်ရောက် သွားခဲ့သည့် တနှစ်ကျော် ကာလ ဖြတ် သန်း မှုကို ပြန်လည် သုံးသပ် ဘို့လိုပါမည်။ သူမ ကြားဖြတ် ရွေးကောက်ပွဲ ၀င်စဉ်က ကြွေးကြော် ခဲ့သည့် ဥပဒေ စိုးမိုးရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး လုပ်ငန်း စံထားချက် များ ဖြင့် သုံးသပ်ရန် ဖြစ်သည်။
ဒေါ်အောင်ဆန်း စုကြည် ကိုယ်တိုင်သည် ဥပဒေ စိုးမိုးရေး ဟူသော စကားလုံးကို ကြိမ်ဖန် များ စွာ ပြော နေသော်လည်း ဤသည်မှာ မည်သို့သော အဓိပ္ပါယ် ရှိကြောင်းကို လူထုအား တိတိ ကျကျ ရှင်း လင်းမှု မပြုခဲ့ပါ။ စစ်အစိုးရ အဆက်ဆက်က ပြဌာန်း ထားသော မတရား ဥပဒေ များကို ဆက်လက် လိုက် နာရေးနှင့် လက်ရှိ လွှတ်တော်က ပြဌာန်း နေသည့် မတရား ဥပဒေများ အောက်တွင် လူထု တရပ်လုံး ငြိမ် ၀ပ်စွာ နေထိုင်ရေးအား ဥပဒေ စိုးမိုးရေး ဟူသကဲ့သို့  ဖန်တည်း ခံနေရသည်။ ဤသည်ကို ဒေါ်အောင် ဆန်း စုကြည် ကိုယ်တိုင်က လက်ခံ လိုက်နာ ပံ့ပိုး ပေးသကဲ့သို့ ဖြစ်နေသည်။ ဥပဒေ စိုးမိုးရေး နှင့် စပ်လျှဉ်း၍ နိုင် ငံတကာ စံထားချက် များနှင့် ကိုက်ညီရုံ သာမက ပြည်တွင်း လိုအပ်ချက် ကိုပါ ဖြည့်ဆည်း နိုင်မည့် ဖွင့် ဆိုချက် တခုခုအား တိတိ ကျကျ ကိုင်စွဲ မထား သောကြောင့် ဖြစ်သည်။
ဥပဒေ အထောက် အကူပြု ကွန်ရက် အနေဖြင့် ဥပဒေ စိုးမိုးရေး ဟူသော စကားရပ်ကို အကျဉ်းချုပ် အားဖြင့် အောက်ပါ အတိုင်း ဖွင့်ဆိုသည်။ ပြစ်မှု ကျူးလွန်သူ ဟူသမျှကို ထိရောက်စွာ ဖေါ်ထုတ်ပြီး အ ပြစ် ပေးရေး၊ ပြစ်မှု ကျူးလွန် ခံရသူများ အနေဖြင့် လွတ်လပ်၊ ဘက်မလိုက်သော တရားရုံး များ၌ အရေး ယူတိုင်တန်း တရားစွဲခွင့် ရရှိရေးနှင့် ၄င်းတို့၏ ဘ၀နစ်နာ ဆုံးရှုံးခဲ့မှု အတွက်ပြန်လည် ကု စား ပေးနိုင်ရေး၊ ပြစ်မှု ကျူးလွန် ခံရသူရော စွပ်စွဲခံ ရသူများ အတွက်ပါ မျှတသော တရားခွင် အခြေ အနေ (Fair Trial) ရရှိရေး အခြေခံများ အပေါ်တွင် တရား မျှတသော ဥပဒေများ ရှေ့မှောက်၌ လူတိုင်း တန်းတူရေး နှင့်တန်းတူ အကာ အကွယ် ရရှိရေး ဖြစ်သည်။်ဥပဒေ စိုးမိုးရေး၏ အနှစ် သာရကို သေချာစွာ ဆုပ်ကိုင် မိပါမှ လူထု အတွက် ဥပဒေ စိုးမိုးရေး ခံစား ရရှိနိုင် ပါမည်။ ဥပဒေ စိုးမိုးရေး၏ အနှစ် သာရကို ဆုပ်ကိုင်ရန် နှင့်လက်တွေ့ ဖေါ်ဆောင်ရန် မကြိုးစားဘဲ ဥပဒေ စိုးမိုးရေး ဟူသော စကားရပ် အား အကြိမ်ပေါင်း ကုဋေမျှပင် ရွတ်ဆိုစေဦး။ ဟောရင်းသာ ပြန်လွန်တော် မူသွားပါမည်။ လူထုသည် ဥပဒေ စိုးမိုးရေးကို ခံစား နိုင်ဘွယ် မရှိပါ။ အထက်ပါ ဥပဒေ စိုးမိုးရေး စံထားချက်နှင့် တိုင်းတာမည် ဆိုပါက လက်ရှိ မြန်မာ နိုင်ငံ အတွင်းရှိ အခြေခံ လူထုသည် ဥပဒေ စိုးမိုးရေး ဆုံးရှုံးခြင်း၏ ဟိုမှာ ဘက်ကမ်းသို့ လွန်နေကြောင်း တွေ့ရ ပါမည်။
ဥပဒေ စိုးမိုးရေး ဟူသော စကားရပ် ကဲ့သို့ပင် ဒေါ်အောင်ဆန်း စုကြည်သည် အမျိုးသား ပြန်လည် သင့် မြတ်ရေး ဟူသည်ကို အကြိမ်ပေါင်း တထောင်မက ပြောခဲ့ပြီး သော်လည်း ဤသည်မှာ မည်သည့် အ ရာ ဖြစ်ကြောင်း ဘယ်တုံးကမျှ ရှင်းရှင်း လင်းလင်း အဓိပ္ပါယ် ဖွင့်ဆိုမပြခဲ့ပါ။ ဒေါ်အောင် ဆန်းစုကြည် အား ပုဂ္ဂိုလ် အရ ချစ်ခင် မြတ်နိုး ကြသော လူထု အများစုကြီး မှာလည်း မည်သည်မှန်း မသိသော အရာ နောက် သို့ တောက်လျှောက် လိုက်နေ ခဲ့ကြသည်။ သို့ဖြစ်၍ လက်တွေ့တွင် အမျိုးသား ပြန်လည် သင့်မြတ်ရေး ဟူ သည်မှာ စစ်အစိုးရ အဆက်ဆက်က ကျူးလွန် ခဲ့သည့် ပြစ်မှုကြီး များအား ရေငုံ နုတ်ပိတ် ရေးနှင့် လက်ရှိ ကျူးလွန် နေမှုများ အပေါ် တွင်လည်း အမှန် တရားကို ဖုံးကွယ် ထားရေး ဖြစ်နေသည်။
ဒေါ်အောင်ဆန်း စုကြည်သည် ဥပဒေ စိုးမိုးရေး ကော်မီတီ ဥက္ကဌ နေရာတွင် ယူထားပါလျှက် ဥပဒေ စိုးမိုး ရေးကို သူမ ကိုယ်တိုင် ဦးဆောင် ဥပက္ခာ ပြုလျှက် ရှိသည်။ စစ်အစိုးရ အဆက်ဆက်က ကျူးလွန် ခဲ့သော နိုင်ငံ တကာ အဆင့်ရှိ ပြစ်မှုကြီး များအား ဖော်ထုတ် အရေးယူရန် ကြိုးစားဘို့ ဝေးရုံ သာမက မျက်မှောက် မှာပင် ရခိုင် ပဋိပက္ခတွင် လည်းကောင်း၊ မိတ္ထီလာ အဓိကရုဏ်းတွင် လည်းကောင်း၊ အစိုးရ အာဏာပိုင် များကိုယ်တိုင် ပါဝင် ကျူးလွန်သည့် အထောက် အထား များတွေ့ရ၊ နိုင်ငံတကာ လူ့အခွင့် အရေး အဖွဲ့ အစည်း များကလည်း ထောက်ပြကြ ပါလျှက် မမြင်ယောင် မကြားယောင် ပြုခဲ့သည်။ ကချင် ပြည်နယ် စစ်ပွဲများအတွင်းနိုင်ငံတကာ စစ်ရာဇ၀တ် မှုကြီးများ ကျူးလွန် ခံခဲ့ရ သည့် ထောင်သောင်း ချီသော ကချင် လူထု များသည် ယနေ့တိုင် ဒုက္ခသည် စခန်းများ အတွင်း ရှိနေကြ ဆဲ ဖြစ်သော်လည်း ဥပဒေ စိုးမိုးရေး အခြေခံမှ မည်သည့် အရေးယူ ဆောင်ရွက် မှုမျှ မပြု။
လက်ပံတောင်း တောင်တွင် သံဃာတော် များမှာ မီးလောင်ကျွမ်း ခဲ့သည့် ဒဏ်ရာများ ရခဲ့သည်ကို မည်သူမျှ မငြင်းနိုင်။ ဆင်ကြီး တကောင်လုံး တွေ့ရပါလျှက် ဆင်ခြေရာ ရှာသည့် အလုပ်ကို သူမ လုပ်ခဲ့ သည်။ မီးခိုးဗုံးပါ ဟုပြောင်ငြင်း ခဲ့သည်။ မည်သည့် လက်နက်မျှ ကိုင်စွဲခြင်း မရှိဘဲ ငြိမ်းချမ်းစွာဆန္ဒပြ နေသော သံ ဃာ တော်များ ညဘက် ကြိမ်းစက် နေသည့် အချိန်တွင် အကြမ်းဘက် ၀င်ရောက် စီး နင်း ကာ မီးလောင်ဗုံးနှင့် ဖြိုခွဲခဲ့ခြင်းမှာ ရာဇ၀တ်မှု ကျူးလွန်ခြင်း ဖြစ်သည်။ အကျိုးဆက် အနေဖြင့် သံ ဃာတော် များမှာ မျက်စိပျက် သူပျက်၊ ကိုယ်လက် အင်္ဂါ ချို့ယွင်းသူ ချို့ယွင်း၊ တကိုယ် လုံးမြင် မကောင်းအောင် ရုပ်ပျက် ဆင်းပျက် ဖြစ်သူဖြစ်နှင့် ဘ၀ နစ်နာ ပျက်စီး ကြရသည်။
ဥပဒေ စိုးမိုးရေးကို တကယ်တန်း ဖေါ်ဆောင် လိုပါက ဤပြစ်မှုကြီး အပေါ် အဆင့် နှစ်ဆင့်ဖြင့် အရေးယူ ဆောင်ရွက် ရပါမည်။ ပထမ အဆင့်မှာ မည်သူပင် ကျူးလွန်သည် ဖြစ်စေ ဤပြစ်မှုကို ဖေါ်ထုတ် အရေးယူ ရမည် ဖြစ်သည်။ ဒုတိယ အဆင့်မှာ ဆိုးဝါးစွာ ဘ၀နစ်နာ ပျက်စီး သွားခဲ့ ရသော သံဃာတော် များအား တဘ၀ လုံးစာ အတွက် ထိုက်ထိုက် တန်တန် လျော်ကြေးငွေ အမြောက် အများလည်း ပေးအပ် ရပါမည်။ ဥပဒေ စိုးမိုးရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်သည် ဘ၀နစ်နာ ပျက်စီး ဆုံးရှုံးသွား ခဲ့ရသော သံဃာတော် များအတွက် ဘာတခုမျှ ထိထိ ရောက်ရောက် ဆောင်ကျဉ်း မပေးခဲ့ပါ။
ဒေါ်အောင်ဆန်း စုကြည်သည် သံဃာတော် များအား ရှိခိုး နေသည့် ပုံများကို မကြာခဏ တွေ့ရသည်။ ကြည်ညို ဘွယ်ကောင်း ပါသည်။ သို့ရာတွင် အသွင် သဏ္ဍာန် အရ သံဃာကို ရှိခိုး နေသော်လည်း အနှစ်သာရ အားဖြင့်မူ အာဏာ ကိုသာ ရှိခိုး နေသည်ဟု ရှုမြင် မိသည်။ သူမ ဥပဒေ စိုးမိုးရေး ကော်မတီ ဥက္ကဌ ဖြစ်နေသည့် အချိန်တွင် ဤပြစ်မှုကြီး အပေါ် အရေးယူ ဆောင်ရွက် ပေးရန် ဒေသခံ လက် ပံတောင်းတောင် လူထု၏ တောင်းဆိုမှု ကိုလည်း ခပ်တင်းတင်းပင် လျှစ်လျှူ ရှုထားဆဲ ဖြစ်သည်။ “ငါတို့မှာ မြေလည်းဆုံး၊ အောင်ဆန်း စုကြည်လဲ ဆုံးပါပေါ့လား” ဟု အော်မြီရင်း ရင်အုံကို တဘုံးဘုံး ထုကာ ငိုကြွေးခဲ့သော လက်ပံတောင်း ဒေသခံ အဖွားအို တဦး၏ ရင်နင့်ဘွယ် ရင်ဖွင့်သံ ကို ဒေါ်အောင် ဆန်း စုကြည် မကြားယောင် ပြုခဲ့ပြီ။
ပြစ်မှု ကျူးလွန် သူကို အရေးယူရန် မကြိုးစား ခဲ့ရုံ သာမက ပြစ်မှု ကျူးလွန်သူ ဘက်မှ မည်သူ ကမျှ သူမအား မငှား ပါဘဲလျှက် နှင့် ရှေ့နေပင် လိုက်ပေး ခဲ့သည်။ “သံသယ အကျိုးကို ခံစားခွင့် ပေးရမယ်။” ဟူသော စကားရပ်ကို ထပ်ခါ ထပ်ခါ သုံးစွဲခဲ့ခြင်း ဖြစ်သည်။ ယင်းစကား ရပ်အား မည်သည့် အချိန်၊ မည်သည့် နေရာတွင် အဓိက သုံးစွဲရသည်ကို သူမ လေ့လာ ခဲ့ဘူး ပုံမရ။ “တရားရုံး က ပြစ်မှု ထင်ရှား မစီရင် မခြင်း စွပ်စွဲ ခံရသူ အပေါ် အပြစ် ကင်းသူ အဖြစ် မှတ်ယူ ရမည်။” [1] ဟူသည့်မူ နှင့် နားလည်မှု လွဲကာ သုံးစွဲ နေလေ သလား ဟူ၍လည်း စဉ်းစား မိသည်။
ပြစ်မှု ဆိုင်ရာ မှုခင်း တခုခုကို လက်ခံ ပြီးနောက် အဆင့်ဆင့် စစ်ဆေး စီရင် နေစဉ် အတွင်းတွင် “သံသယ အကျိုး ခံစားခွင့်” [2] ဟူ သည်ကို တရားရုံးက စွပ်စွဲခံ ရသူ အပေါ် အဓိက အားဖြင့် လက်ခံ စဉ်း စားခြင်း ဖြစ်သည်။ သံဃာတော် များအား မီးလောင်ဗုံး နှင့်ပစ်ကာ ရာဇ၀တ် မှုကြီး တရပ် ကြီးကြီး မားမား ကျူးလွန် ခဲ့သည့် အာဏာပိုင် များအား ဖမ်းဆီး အရေးယူ ရုံးတင် စစ်ဆေး နေသည့် အချိန် တွင် ဖြစ် ပါက “သံသယ အကျိုး ခံစားခွင့်” ကို ၄င်းတို့ အပေါ် စဉ်းစား နိုင်သည်။ ယခုမူ သံဃာတော်များ အပေါ် ကျူးလွန် ခဲ့သည့် ပြစ်မှုကြီးနှင့် စပ်လျှဉ်း၍ မည်သည့်ရဲ သို့မဟုတ် အာဏာပိုင် ကိုမျှ ဖမ်းဆီး အရေး ယူခြင်း မပြု၊ ရုံးတင် တရားစွဲ ဆိုသည့် အဆင့်လည်း မရောက်၊ သူမ ကိုယ်တိုင်သည် တရား သူကြီးသော် လည်းကောင်း တရားရုံး သော်လည်းကောင်း လဲ မဟုတ်ပါ ဘဲလျှက် ပြစ်မှု ကျူးလွန်သူ အာဏာပိုင် များဘက်မှ ကာကွယ် ကာ “သံသယ အကျိုး ခံစားခွင့်” ဟူသော စကားရပ်အား တတွတ်တွတ် ရွတ်ဆို ခဲ့သည်။ အ ဘယ် ကြောင့်နည်း။
ပြစ်မှု ကျူးလွန်သူ အာဏာပိုင် များကို အရေးယူခြင်း လုံးဝ မရှိသဖြင့် ဥပဒေ စိုးမိုးရေး ပျက်ခြင်းမှာ တပြည် လုံး အနှံ့ ပြစ်မှု ကျူးလွန်မှု ဖြစ်ပွား လျက်ရှိသည်။ ဒေါ်အောင်ဆန်း စုကြည်သည် ဦးရွှေမန်း တို့ အ ဖွဲ့ သား များနှင့် တွဲကာ ရွှင်လန်း မြူးတူးစွာနှင့် လွှတ်တော် အတွင်းတွင် ကွေးနေအောင် ကနေသည့် အချိန်တွင် ဥပဒေ စိုးမိုးရေး ပျက်သည့် အောက်၌ တိုင်းရင်းသား အခြေခံ လူထု အမြောက် အများမှာ ဒူးနှင့် မျက်ရည် သုတ်နေ ကြရသည်။
စစ်အာဏာရှင် စနစ် အခြေခံ ဥပဒေ အမွေဆိုးကို ချန်ထား ခဲ့မည်လား။
ဒေါ်အောင်ဆန်း စုကြည်သည် အသက် ခုနှစ်ဆယ်ပိုင်း အတွင်း ၀င်ရောက် အရွယ် ထောက်လာ ခဲ့ပြီဖြစ် သည်။ ဇရာ၏ သဘော အရ ကွေးးသောလက် မဆန့်ခင်၊ ဆန့်သော လက်မကွေးခင် ဖြစ်သည်။ မိမိ အသက် ထင်ရှား ရှိနေစဉ် အတွင်း နိုင်ငံရေး ရပ်တည် ချက်ကို ပြန်လည် သုံးသပ် သင့်ပါပြီ။ စစ်အာဏာရှင် စနစ်၏ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ သံကွန်ချာ အတွင်းသို့ ပြည်သူ လူထုကို ခေါ်သွင်း သွားပြီး ရုန်း ထွက်ရ လွန်စွာ ခက်ခဲသည့် အနေ အထား မျိုးဖြင့် မထား ခဲ့သင့်ပါ။ ဒေါ်အောင်ဆန်း စုကြည်မှာ ဘယ်သူ ဘာပြောပြော ကိုယ်မှန်သည် ထင်ရာ လုပ်တတ်သည့် ခေါင်းဆောင် တဦး ဖြစ်သည်ကို သတိပြု မိသည်။ မှန်သည့် လမ်းကို လျှောက်မိသည့် အချိန်၌ ဤဥာဉ်မျိုးမှာ ကောင်းကျိုး ပြုတတ် သော်လည်း မှားသည့် လမ်းကို လျှောက်မိ သွားလျှင် ဆိုးကျိုး ကိုသာ ပေးစွမ်း နိုင်ပါမည်။
လမ်းကြောင်း မှားကို လျှောက်လှမ်း နေသော ဒေါ်အောင်ဆန်း စုကြည်
စစ်အာဏာရှင် စနစ်ကို အသက်သွင်း ထားသည့်၂၀၀၈ ဖွဲ့စည်းပုံ လမ်းကြောင်း အတိုင်း လျှောက် လှမ်း နေခြင်းမှာ မှားနေပြီဟု စာရေးသူ အနေဖြင့် အတိအကျ သုံးသပ်သည်။ အောက်ပါ အကြောင်း အချက် များကြောင့် ဖြစ်သည်။
(၁) ၂၀၀၈ ဖွဲ့ စည်းပုံကို လက်ခံပြီး ရွေးကောက်ပွဲဝင်၊ ၄င်းအရ တည်ဆောက် ထားသော တိုင်းပြည် အဆောက် အအုံ များတွင် ပါဝင် ထမ်းဆောင်သည့် နည်းမျှဖြင့်၂၀၀၈ ဖွဲ့စည်းပုံ၏ အခြေခံ ကျသော ကျော ရိုး များကို ပြင်နိုင်မည် မဟုတ်။ (အခြေခံ ကျသော ကျောရိုးများ ဆိုသည်မှာ သာဓက အားဖြင့် ပြည်ထောင် စု ဖွဲ့ စည်း ရာတွင် တိုင်းရင်း သားများ လိုလား သည့်အတိုင်း တိုင်းများ၊ တိုင်းဒေသ ကြီးများကို ဖြုတ် ၍ ပြည်ထောင် စုအား အမျိုးသား ပြည်နယ်များ ဖြင့်သာ ဖွဲ့စည်း စေခြင်း၊ အတု အယောင် သမ္မတ စနစ်ကို ကျင့်သုံးခြင်းမှ နေ၍ ၀န်ကြီးချုပ် ဦးဆောင်သည့် ပါလီမန် စနစ်သို့ ပြောင်းလဲ ကျင့်သုံးခြင်း၊ အမျိုးသား ကာကွယ်ရေး ကောင်စီ တည်ရှိမှုနှင့် စစ်ဘက် ဆိုင်ရာ တရားရုံး သီးခြား တည်ရှိမှု တို့ကို ဖြုတ် ခြင်း၊ ပြည်ထောင်စု တရား လွှတ်တော် တရားသူ ကြီးချုပ်များ နှင့်ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံး တရားသူကြီး များအား လွတ်လပ်သည့် တရားရေး ကော်မရှင် သို့မဟုတ် တရား စီရင်ရေးပိုင်း ဆိုင်ရာ တာဝန် ထမ်းဆောင်မှု ကော်မရှင်က ခန့်အပ်သည့် စနစ်ကို ကျင့်သုံး ခြင်းဖြင့် တရား စီရင်ရေး လွတ်လပ် မှုကို တည်ဆောက်ခြင်း၊ န၀တ နှင့် နအဖ စစ်အစိုးရ များက ကိုယ့်ကိုယ်ကို လွတ်ငြိမ်း ချမ်းသာ ခွင့်ပေး ထားသည့် ပုဒ်မ ၄၄၅ ကိုဖြုတ်ခြင်း၊ ဥပဒေပြု လွှတ်တော် များ၌ စစ်ဗိုလ် တမတ်သား ပါဝင်မှု ကို ဖြုတ်ခြင်း) ဒေါ်အောင်ဆန်း စုကြည် လွှတ်တော် အတွင်း ရောက်သွား သည်မှာ တနှစ်ကျော် ခဲ့ ပြီ ဖြစ်သော်လည်း အခြေခံ ကျသော ကျောရိုး တခုတလေ ကိုမျှ ပြင်နိုင်မည့် အလားအလာ မတွေ့ရ။ အ ဆိုပါ အခြေခံ ကျသော ကျောရိုး များအား ပြင်သွားမည် ဟူ၍ပင် သူမထံမှ တိတိ ကျကျ စကားထွက်သံ မကြားရ။ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ သာမက နောင်လာမည့် မည်သည့် ရွေးကောက် ပွဲတွင်မျှ ၄င်းအခြေခံ ကျောရိုး များကို ပြင်ဆင်ပြီး စစ်မှန်သည့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက် နိုင်မည် မ ဟုတ်။
(၂) ဆန္ဒရှိလျှင် ၂၀၀၈ ဖွဲ့စည်းပုံကို တလအတွင်းပြင်နိုင်သည်ဟု ဒေါ်အောင်ဆန်း စု ကြည် ကြွေးကြော် နေ ခင်း မှာ သင်္ကြန် အမြှောက်သာ ဖြစ်သည်။ သူမအိမ် အချုပ်မှ လွတ်မြောက် ခါစတွင် ပင်လုံ ကဲ့သို့ အလား တူသော ညီလာခံကြီး တခုကျင်းပ သွားမည် ဟူ၍ တိုင်းသိ ပြည်သိ ကြေငြာခဲ့ ဘူးသည်။ စာရေးသူနှင့် သိကျွမ်း ရင်းနှီး ခဲ့သော ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (ကေအင်န်ပီပီ) ၏ ဥက္ကဌကြီး ဖြစ်ခဲ့သော ဦးထဲဘူးဖဲက ဒေါ်အောင်ဆန်း စုကြည် ဦးဆောင် ခေါ်ယူမည့် ပင်လုံ ကဲ့သို့သော ညီလာခံ ကြီးကို တက်လိုကြောင်း လူသိရှင်ကြား ရေဒီယိုမှ ပြောကြား ခဲ့သည်။ ယခု ဥက္ကဌ ကြီးမှာ ကွယ်လွန် သွားရှာ ပါပြီ။ ဒေါ်အောင်ဆန်း စုကြည်၏ ပင်လုံ ညီလာခံမှာ လေထဲတွင် ပျောက်ကွယ် နေသည်မှာ ကြာပါပြီ။ ဥက္ကဌ ကြီးသည် မည်သည့် အခါတွင်မျှ တက်ခွင့် ရလိမ့်မည် မဟုတ်ပါ။
ဒေါ်အောင်ဆန်း စုကြည် သမ္မတ ရွေးကောက်ပွဲ ၀င်ခွင့် မရစေရန် ကန့်သတ် ထားချက်မှာ ဖွဲ့စည်းပုံ၏ အခြေခံ ကျောရိုး မဟုတ် သည်မှာ ရာနှုန်းပြည့် သေချာသည်။ မည်သည့်အခြေခံ ကျောရိုး ကိုမျှ ပြင်မပေး ဘဲ ဥပဒေ မျက်လှည့်ပြသည့် အနေဖြင့် အဆိုပါ ကန့်သတ် ထားချက် အား ပြင် ဆင် ပေးခြင်း မျိုး လုပ်ကောင်း လုပ်လာ နိုင်သည်။ ဤသည်မှာ လူထု တရပ်လုံး အတွက် ဆင်ထားသည့် စစ်အာဏာရှင် စနစ်၏ ထောင်ခြောက်ပင် ဖြစ်သည်။ ယင်းမှ လွဲ၍ ၂၀၀၈ ဖွဲ့စည်းပုံ၏ အခြေခံ ကျောရိုးများ အနက် တခု တလေမျှ ကိုပင် တလ အတွင်း ပြင်ဆင်ရန် မည်သို့မျှ မဖြစ်နိုင်။ ဒေါ်အောင်ဆန်း စုကြည် သည်တာဝန်မဲ့ စကား များကို အဘယ်ကြောင့် ပြောဆို နေသနည်း။ မိမိ ကိုယ်ကို မိမိ စိတ်ကူးယဉ် အိပ်မက် အတွင်း အတင်းသွင်း နေသော အဖြစ်မှ နိုးထ သင့်ပါပြီ။
(၃) ဒေါ်အောင်ဆန်း စုကြည် လွှတ်တော် အတွင်းဝင် သွားခဲ့ သည်မှာ တနှစ်ကျော် ခဲ့ပြီ ဖြစ်သော်လည်း မည်သည့် မတရားသည့် ဥပဒေ တခု တလေ ကိုမျှ ဖျက်သိမ်း နိုင်ခဲ့ခြင်း မရှိသေး။ ပြောင်းပြန်ပင် မတရား သည့် ဥပဒေ အသစ်များ ဆက်လက် ပြဌာန်း နေသည်ကို ကန့်ကွက် ဖေါ်ပင် မရဘဲ ထိုင်ပြီး လက်ခုပ် တီး ပေးနေသည့် အဆင့် ဖြစ်နေသည်။၂၀၁၃ ခုနှစ် ဇူလိုင်လ (၄) ရက်နေ့တွင် ဒေါ်အောင်ဆန်း စုကြည် ပါဝင်သည့် ပြည်သူ့ လွှတ်တော်က ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေ ကြမ်းကို အတည်ပြု ခဲ့ သည်။ ယင်း၏ အခန်း (၃) ပုဒ်မ (၇) အရ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းကို တားမြစ်သည့် စည်းကမ်း ငါးရပ် အနက် တရပ်မှာ အောက်ပါ ပြဌာန်းချက် ဖြစ်သည်။
(င) ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် အခြား တည်ဆဲ ဥပဒေများ အရ ပြဌာန်းချက် များကို ဆန့်ကျင် ဖေါက် ဖျက်ရာ ရောက်သည့် အရေး အသားများ၊ စာများ ထုတ်ဝေခြင်း။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင် လိုလျှင် ယင်းအပေါ်တွင် ဘက်စုံ ဒေါင့်စုံမှ သုံးသပ်ချက် ပေါင်းများစွာ ရေးသား ပြုစုပြီး အ များ ပြည် သူ လေ့လာခွင့် ရစေရန် စာအုပ် စာတမ်းများ ထုတ်ဝေ ရပါမည်။ အထက်ပါ ပြဌာန်းချက် အရ ရှင်းနေ သည်မှာ ဤဥပဒေသာ အတည် ဖြစ်သွား ပါက၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား ဆန့် ကျင် ဝေ ဖန် ရေး သားထား သည့်စာအုပ်များ၊ စာစောင် များအား ထုတ်ဝေ ရဲမည့်သူ ရှိတော့မည် မဟုတ် ခြင်းပင်။ အရဲစွန့် ထုတ်ဝေမည့် သူရှိဦးတော့။ စိုးတထိတ် ထိတ် ရှိနေပါမည်။ ဒီမိုကရေစီ၏ အ သက် သွေးကြော ဖြစ်သည့် လွတ်လပ်စွာ ထုတ်ဖေါ် ပြောဆိုခွင့်၊ ရေးသားခွင့်၊ ပုံနှိပ် ထုတ်ဝေ ခွင့်အား အကြီး အကျယ် ထိပါး လိုက်ခြင်း ဖြစ်သည်။ ဤမျှ ဆိုးဝါးသည့် ဥပဒေကို ဒေါ်အောင်ဆန်း စုကြည်သည် အဘယ်ကြောင့် ပြင်းပြင်း ထန်ထန် မကန့်ကွက်ဘဲ အတည်ပြု ပေးလိုက်ပါ သနည်း။
ဒေါ်အောင်ဆန်း စုကြည် တက်ရောက်သည့် ပြည်ထောင်စု လွှတ်တော်က ၂၀၁၃ ခုနှစ် ဇူလိုင်လ (၂၉) ရက်နေ့တွင် ပြဌာန်း လိုက်သည့် တရားရုံး များကို မထီမဲ့မြင် ပြုမှု ဥပဒေ သည်လည်း အိန္ဒိယ နိုင်ငံတွင် ၁၉၇၁ ခုနှစ်က ပြဌာန်း ထားသည့် အလားတူ ဥပဒေမှ တိုက်ရိုက် ပုံတူ ကူးချ ထားကြောင်း တွေ့ ရသည်။ ဒေါ်အောင်ဆန်း စုကြည် အဘယ်ကြောင့် မကန့်ကွက် ခဲ့သနည်း။ အားလုံး နီးပါးကို ကူးချ ထားသော် လည်း အိန္ဒိယ ဥပဒေတွင် မပါဘဲ မြန်မာနိုင်ငံ ဥပဒေတွင် ထည့်သွင်း ဖေါ်ပြ ထား သည့် အောက်ပါ တားမြစ် ကန့်သတ် ချက်မှာ သတင်း မီဒီယာ များ၏ လွတ်လပ် ခွင့်ကို တိုက်ရိုက် ထိပါး လိုက်ခြင်း ဖြစ်သည်။ တရားရုံးက ဆုံးဖြတ်ရန် ရှိသော အချက် များကို တစုံတရာ အဆုံးအဖြတ် မပေး ရသေး မီ ကြိုတင် ဝေဖန် ပြောဆိုခြင်း၊ရေးသား ဖေါ်ပြခြင်း၊ ပုံနှိပ် ထုတ်ဝေခြင်း၊ ဖြန့် ချီခြင်း။
အဆိုပါ ပြဌာန်းချက် အပေါ် ဥပဒေ အထောက် အကူပြု ကွန်ရက် Legal Aid Network (L.A.N) ၏ ကန့်ကွက် ဝေဘန်ချက်အား လွတ်လပ်သော အာရှ အသံ ရေဒီယိုက ဇူလိုင်လ သုံးဆယ် ရက်နေ့တွင် အသံလွှင့် ခဲ့သည်။ ဤလင့်ခ်တွင် ပြန်လည် နားဆင် နိုင်ပါသည်။
အခြား အချက်များ အပြင် ယင်းကန့်ကွက် ချက်ကိုလည်း ရည်ညွှန်း၍ ဘီဘီစီ သတင်းဌာနက သြဂုတ်လ (၂ ) ရက်နေ့တွင် ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်သည့် ဥပဒေ စိုးမိုးရေး ကော်မတီဝင် အမတ် တဦး လဲဖြစ်၊ ရှေ့နေကြီး တဦးလည်း ဖြစ်သူ ဦးသိန်းညွန့်အား မေးမြန်း ခဲ့ရာ ၄င်းက ဤဥပဒေတွင် ဖေါ်ပြ ထားသည့် ကင်းလွတ် ချက်များသည် လိုသလို ဆွဲ၍ ရသဖြင့် သတင်း မီဒီယာ များ၏ လွတ်လပ်ခွင့်ကို ထိခိုက် နိုင်ကြောင်း ဖြင့် ၀န်ခံ ဖြေဆို သွားခဲ့ ရသည်။ ဦးသိန်းညွန့်၏ အင်တာဗျူးကို ဤလင့်ခ်တွင် နားဆင်ပါ။
ဥပဒေ စိုးမိုးရေး ကော်မီတီ ဥက္ကဌ တာဝန် ယူထားသော ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်သည် သတင်း မီဒီယာ များ၏ လွတ်လပ်ခွင့် အပါ အ၀င် လူထု၏ အခြေခံ လွတ်လပ် ခွင့်နှင့် ဒီမိုကရေစီ အခွင့် အရေး များအား ပိတ်ဆို့သည့် ဖေါက်ပြန်သည့် ဥပဒေများ၊ မတရားသည့် ဥပဒေများ အား အဘယ်ကြောင့် ဟောတခု၊ ဟောတခု ထိုင်ပြီး အတည်ပြု ပေးနေ သနည်း။ လွှတ်တော်တွင် မိမိ ပါတီက လူများစု နေရာ မရသော်လည်း အမတ် တဦးချင်း အနေ အထား အရပင် ပြင်းပြင်း ထန်ထန် ကန့်ကွက်ရန်၊ မတရား ဥပဒေ မှန်သမျှကို ပြတ်ပြတ် သားသား ဆန့်ကျင်ရန် တာဝန် ရှိသည်။ လွှတ်တော် ပြင်ပမှ လူထု အားကို ရယူ၍ မတရား ပြဌာန်းချက် မှန်သမျှကို တိုက်ဖျက်ဘို့ ကြိုးစား သင့်သည်။ အ ဘယ်ကြောင့် ငြိမ် ထိုင် နေသနည်း။ လွှတ်တော် တက်ရောက် နေသည့် လူထု ခေါင်းဆောင်၏ တာဝန်ခံ မှုသည် အဘယ် နည်း။ ချုပ်ချယ် ကန့်သတ် ပိတ်ပင် ထားသည့် မတရား ဥပဒေများ အောက်တွင် ဒီမိုကရေစီ ရရှိ မည် ဟူ၍များ စိတ်ကူးယဉ် နေပါ သလား။ အခြား နိုင်ငံမှ ဥပဒေကို ပုံတူကူးချ၊ စစ်အာဏာ ရှင် ဟောင်း သစ်များ လိုခြင်သည့် ဖိနှိပ်သော ပြဌာန်းချက် များ ထည့်သွင်း ပေါင်းစပ် ခြင်းဖြင့် ဥပဒေ ပြုသည် ဟု ကြွေးကြော် လုပ်ဆောင် နေသော လွှတ်တော်တွင် မိမိ ကိုယ်တိုင်လည်း ဘာမျှ မလုပ်နိုင်ပါ ဘဲလျှက် ဆက်ထိုင် နေခြင်းသည် လူထု အတွက် အကျိုးရှိ ပါမည်လား။
သူမသည် ၂၀၀၈ ဖွဲ့စည်းပုံ လမ်းကြောင်းတွင် ကိုယ့်ကိုယ်ကို စီးမျော ခံရင်း စစ်အာဏာရှင် စနစ်၏ ဥပဒေ သံကွန်ချာကြီး ခိုင်မာအောင် တည်ဆောက် ရာ၌ ပံ့ပိုး ပေးရသည့် ဘ၀သို့ ကျရောက် သွားခြင်းမှာ များစွာ ၀မ်းနည်း ဘွယ်ပင်။ ဤသည်မှ ရုန်းထွက် သင့်ပြီ။ ဒေါ်အောင်ဆန်း စုကြည် လွှတ်တော်ကို စွန့်ခွာ သင့်ပါပြီ။
၂၀၀၈ ဖွဲ့စည်းပုံကို ကန့်ကွက်၊ ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အသစ် ရေး ဆွဲ ရန် တောင်းဆိုသော လူထု အသံများ၊ ကြိုးပမ်း အားထုတ် မှုများ။
စစ်အာဏာရှင် စနစ်ကို အသက် သွင်းထားသည့် ဖွဲ့စည်းပုံ အဖြစ်၂၀၀၈ ဖွဲ့စည်းပုံအား ရည်ညွှန်းလျှက် တိုက်ပွဲ မပြီးဆုံးသေး ကြောင်းဖြင့် ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂ ဥက္ကဌ ကိုကျော်ကိုကိုက ဇူလိုင်လ (၂) ရက်နေ့က ရဲရဲတောက် မြွက်ကြား သွားခဲ့သည်။ ၄င်းသည် ၂၀၀၈ ဖွဲ့စည်းပုံ၏ အတွင်း သရုပ် အမှန်ကို အမှန် အတိုင်း မြင်တတ်သည့် အပြင် မြင်သည့် အတိုင်း တည့်တည့် ထုတ်ဖေါ်ပြော ရဲသူ ဖြစ် သည်။ လူငယ်လေးမျှ ဖြစ်သော ကိုကျော်ကိုကို နှင့် ဗကသ ခေါင်းဆောင် များသည် ယနေ့ ၂၀၀၈ ဖွဲ့စည်းပုံ လမ်းကြောင်းတွင် စီးမျော နေကြသော လူကြီး နိုင်ငံရေး သမား များအတွက် စံထားစရာ သဖွယ် ဖြစ်လာ ခဲ့သည်။
မြန်မာ နိုင်ငံ ရှေ့နေများ ကွန်ရက် ကလည်း ၂၀၀၈ ဖွဲ့စည်းပုံမှာ ပြင်ရန် လိုအပ်ကြောင်း လက်ခံရုံ သာမ က ပြင် ဆင် နိုင်သည့် ပြဌာန်းချက် ပုဒ်မ ၄၃၆ အရ ဆိုပါက လက်တွေ့ ပြင်၍ ရနိုင်မည် မဟုတ်ကြောင်း၊ သို့ဖြစ်၍ မပြင်တော့ဘဲ အသစ် ရေးဆွဲ သင့်ကြောင်း၊ အသစ်ရေး ဆွဲခြင်း အားဖြင့် အချိန် ကုန် သက်သာ မည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် အတွင်း ကထဲကပင် ထုတ်ဖေါ် ခဲ့သည်။ ထိုနည်းတူ စွာပင် ဥပဒေ အထောက် အကူပြု ကွန်ရက်က လည်း ပြည့်စုံသော ဥပဒေ စိုးမိုး ရေးမူများ အပေါ်တွင် ပြုစု ထားသည့် ဖက်ဒရယ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ် တရပ် ပေါ်ပေါက် အတည်ပြု ကျင့်သုံး သွားရန် ၂၀၁၃ ခုနှစ် ဇူလိုင် (၅) ရက်နေ့ တွင် ဘဲလ်ဂရိတ် ကြေညာချက် ထုတ်ပြန်ကာ တိုက်တွန်း ခဲ့သည်။ ဤလင့်ခ်တွင်ရှုပါ။
၂၀၁၃ ခုနှစ် ဇူလိုင်လ ၂၈ မှ ၃၀ ရက်နေ့ အတွင်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပ ခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်း ကြီးများ အားလုံးနှင့် လက်နက် မကိုင်သည့် အခြား တိုင်းရင်းသား အဖွဲ့ အစည်းများ ပါတက် ခဲ့သည့် ညီလာခံကြီးမှ နေ၍ ၂၀၀၈ ဖွဲ့စည်းပုံ ကို လက်မခံ နိုင်ကြောင်း၊ ဖက်ဒရယ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်ကို ၂၀၁၃ ခုနှစ် အတွင်း မှာပင် အပြီးရေး ဆွဲသွားမည် ဖြစ်ကြောင်း၊ ထို့အပြင် ဖက်ဒရယ် ပြည်ထောင်စု တပ်မတော် တရပ် တည်ထောင်ရန် တောင်းဆိုကြောင်း ကြေငြာ ခဲ့သည်။
ဤသည်မှာ စစ်အာဏာ ရှင်ဟောင်း သစ်များအား ကြီးကြီး မားမား စိမ်ခေါ်လိုက် ခြင်း ဖြစ်သည်။ သို့ရာ တွင် ၄င်းတို့ သာ မဟာ လူမျိုးကြီး ၀ါဒကို မကျင့်သုံးဘဲ ရိုးသားစွာ နားလည်မှု ထားရှိမည် ဆိုပါက စစ်မှန် သည့် ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရေး လမ်းကြောင်း မှန်အနေဖြင့် လက်ခံသင့်သည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ကြီးများတွင် ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းပုံ မူကြမ်း ရေးဆွဲ သည့် အတွေ့အကြုံ ရှိနေခဲ့ ကြပြီ ဖြစ်သည်။ မဒတဟု ခေါ်သည့် အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစု တွင်ပါဝင်သည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း များသည် မြန်မာ နိုင်ငံလုံး ဆိုင် ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး အပါအ၀င် ပြည်တွင်း ပြည်ပရှိ ဒီမိုကရေစီ အင်အားစု များနှင့် ပေါင်းကာ မြန်မာပြည် ဒီမိုကရက်တစ် မဟာမိတ် အဖွဲ့ချုပ် (ဒီအေဘီ) ကို ဖွဲ့စည်း ခဲ့ကြ ပြီးနောက် ၁၉၉၀ ခုနှစ်တွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မူကြမ်း ရေးဆွဲရေး ကော်မတီ တရပ်အား ဖွဲ့စည်း ဆောင်ရွက်စေ ခဲ့သည်။ လေးနှစ်ခန့် ကြာပြီး နောက်တွင် ယင်းလုပ်ငန်း စဉ်အား ပြည်ထောင်စု မြန်မာ နိုင်ငံ အမျိုး သား ကောင်စီ၏ ကြီးကြပ်မှု အောက်တွင် ထားရှိ၊ မူကြမ်း ရေးဆွဲရေး ကော်မတီအား တိုးချဲ့ ဖွဲ့စည်းကာ ဖွဲ့စည်းပုံ မူကြမ်းအား တဆင့်ပြီး တဆင့် တနှစ်ပြီး တနှစ် ဖြည့်စွက် ပြင်ဆင် အချောသတ် လာခဲ့သည်။ စာရေးသူ သိသမျှ နောက်ဆုံး ကမကထ ပြု၍ နှီးနှော ဖလှယ်ပွဲ ကြီးများ ကျင်းပကာ ပြုစုရေး ဆွဲခဲ့ သည့် ကော်မတီမှာ ဖက်ဒရယ် ဖွဲ့ စည်းပုံ (မူကြမ်း) ရေးဆွဲရေးနှင့် ညှိနိုင်းရေး ကော်မတီ (FCDCC) ဖြစ်သည်။ ၁၇ နှစ်တာ စုပေါင်း ကြိုးပမ်း ခဲ့မှု၏ ရလာဒ် အနေဖြင့် ယင်းကော်မတီ မှနေ၍ ၂၀၀၇ ခုနှစ်တွင် အများ ပြည်သူ လေ့လာခွင့် ရစေရန် ပုံနှိပ်ဖြန့်ဝေ ခဲ့သည့် ဖွဲ့စည်းပုံ (ပထမ မူကြမ်း) အား ဤ လင့်ခ်တွင် ဖတ်ရှု နိုင်ပါသည်။
ယခု နောက်ဆုံး ကျင်းပ ခဲ့သည့် တိုင်းရင်းသား ညီလာခံ ကြီးမှ နေ၍ ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အသစ် တရပ် ရေးဆွဲ သွားမည် ဟူသည်မှာ အထက်ပါ ဖွဲ့စည်းပုံ (ပထမ မူကြမ်း) အား ဆက်လက် မွမ်းမံ ပြင်ဆင် သွားမည်လား၊ နောက်ထပ် အသစ် တရပ်ကို ရေးဆွဲ သွားမည်လား မပြောနိုင် ပါ။ သို့ရာတွင် စစ်အာဏာရှင် အဆက် ဆက်က ဖွဲ့စည်းပုံ ရေးဆွဲရေး လုပ်ငန်း စဉ်အား ထိမ်းချုပ် ကာ ၄င်းတို့ အလိုကျ ရေးဆွဲ စေခဲ့ ခြင်းမျိုး ကဲ့သို့ မဟုတ်ဘဲ တိုင်းရင်းသား ပေါင်းစုံ အခြေခံ လူထုကြီး တရပ် လုံး ပါဝင် ခွင့်ရ စေမည့် လုပ်ငန်း စဉ်မျိုးဖြင့် ဖေါ်ဆောင် လိမ့်မည်ဟု မြှော်လင့် ရသည်။
ဥပဒေရေးရာ၊ နိုင်ငံရေးအရ ချိန်ကိုက်မှု နှင့် ဒေါ်အောင်ဆန်းစုကြည်
ဒေါ်အောင်ဆန်း စုကြည် လွှတ်တော် တက်ကာ ဥပဒေ ပြဌာန်းသည့် လုပ်ငန်းတွင် ပါဝင် နေခြင်းမှာ တိုင်း ရင်းသား အခွင့် အရေးများအား ကာကွယ် နိုင်မည့် ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တရပ် ပေါ်ပေါက် လာရန် လုပ်ဆောင် နိုင်ဘို့ ဝေးစွ။
သတင်း မီဒီယာ များ၏ လွတ်လပ်ခွင့် အပါ အ၀င် လူထု၏ အခြေခံ လွတ်လပ် ခွင့်နှင့် ဒီမိုကရေစီ အခွင့် အရေး များအား အကာ အကွယ် ပေးနိုင်မည့် ဥပဒေများ ပေါ်ထွက် လာစေရန်ပင် မစွမ်းဆောင် နိုင်ကြောင်း ပွင့်လင်းစွာ သုံးသပ် ရပါမည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ လမ်းကြောင်း၊ ၄င်းအရ တည်ထောင် ထားသည့် ဥပဒေဘောင်၊ [3] နှင့် တိုင်းပြည် အဆောက် အအုံများ အတွင်း ၀င်ရောက် ဆောင်ရွက် နေသမျှ ကာလ ပတ်လုံး စစ်မှန်သည့် ဥပဒေ စိုးမိုးရေး အခြေခံတွင် တိုင်းရင်းသား များ ၏ ကိုယ်ပိုင် ပြဌာန်း ခွင့်နှင့် ပြည်ထောင်စု နိုင်ငံသား တိုင်း၏ ဒီမိုကရေစီနှင့် လွတ်လပ်မှု အခွင့် အရေး များအား ကာကွယ် ဖေါ်ဆောင် နိုင်မည့် ဥပဒေ အုတ်မြစ် [4] ချမှတ်ရန် လုံးဝ မဖြစ်နိုင်ပါ။ ယင်းသို့ မချမှတ် နိုင်သမျှ ကာလ ပတ်လုံး စစ်မှန်သည့် ပြည်တွင်း ငြိမ်းချမ်းရေးလည်း မည်သည့် အခါမျှ ရမည် မ ဟုတ် သောကြောင့် တိုင်းပြည်နှင့် လူထု၏ စီးပွားရေး တိုးတက်မှု မှာလည်း အိပ်မက် ပမာသာ ဖြစ်နေ ပါမည်။
၂၀၁၂ ခုနှစ် နိုဝင်္ဘာလ (၂) ရက်နေ့၌ လွှတ်တော် ဥက္ကဌ ဦးရွှေမန်းက တိုင်းရင်း သားများ လိုလားသည့် ဖက်ဒရယ်ကို ဖေါ်ဆောင် နိုင်ရေး အတွက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဘောင် အတွင်း တွင် ဖက်ဒရယ် ဥပဒေ မူကြမ်း တခု ရေးဆွဲရန် ဦးတီခွန်မြတ်နှင့် ဒေါ်နန်းဝါနု တို့အား တာဝန် ပေး အပ်ကြောင်း ကြေငြာ ခဲ့သည်။ တိုင်းရင်းသားများ လိုလားသည့် ဖက်ဒရယ်သည် ပေးအပ် သင့်သော နိုင်ငံရေး အခွင့် အရေး ဖြစ်သည်ဟု လက်ခံ လာပြီ ဖြစ်သော်လည်း စစ်အာဏာရှင် ဟောင်းသစ် များ သည် နောက်ထပ် ဥပဒေ မျက်လှည့် တမျိုး ပြသရန် စီမံ နေခြင်းသာ ဖြစ်သည်။ ဒေါ်အောင်ဆန်း စုကြည် နား မယောင် သင့်ပါ။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံမှာ ကမ္ဘာ ပေါ်တွင် အဆိုးဝါးဆုံး ဖွဲ့စည်းပုံ ဖြစ်သည်။ ဖက်ဒ ရယ် ပြည်ထောင်စုကို ယင်းအခြေခံတွင် တည်ဆောက်မည် ဟူသည်မှာ အမြင်မတော် ဆင်တော်နှင့် ခလောက် ဖြစ်ရုံ သာမက ပတ္တမြားကို ယိုအိမ်သာ ထဲတွင် ထိမ်းသိမ်း ထားရှိရန် ကြိုးပမ်း နေ ခြင်း သာ ဖြစ်သည်။
ဒေါ်အောင်ဆန်း စုကြည် အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အရ သမ္မတ ဖြစ်လာနိုးနှင့် မြှော်လင့်ချက် ပေးထား ခံရသည့် အခြေအနေမှ နိုးထ သင့်ပါပြီ။ ၂၀၁၅ ရွေးကောက်ပွဲ ပြီးနောက်တွင် လက်ရှိ စိုင်းမောက်ခမ်း ကဲ့သို့ ဘာမှ အခွင့် အာဏာ မရှိသည့် ဒုသမ္မတ နေရာမျိုးနှင့် မိမိ ကိုယ်တိုင် ချောင်ထိုး ခံထားရရုံ သာမက တိုင်းရင်းသား ပေါင်းစုံ လူထုကြီး တရပ်လုံး စစ်အာဏာရှင် စနစ်၏ ကျေးကျွန်များ ဖြစ်ကျန် စေမည့် အခြေ အနေမျိုးကို တွန်းပို့ မထားသင့်ပါ။ ယခု အချိန်တွင် လွှတ်တော်မှ ပြတ်ပြတ် သားသား ကျောခိုင်း ထွက်ခွာကာ တိုင်းရင်းသားများ၊ အခြေခံ လူထုများနှင့် နိုင်ငံတကာ တို့၏ ထောက်ခံမှုကို ရယူလျှက် ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ် တရပ် ပေါ်ပေါက်ရေး လုပ်ငန်း စဉ်တွင် အတူ ပါဝင် ဦးဆောင် အကောင် အထည် ဖေါ်သင့်ပြီ ဖြစ်သည်။ ယင်းသို့ ဖြစ်ပါက ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (ပထမ မူကြမ်း) တွင် ၀န်ကြီးချုပ် စနစ်ကျင့်သုံး ထားသည်ကို ရည်ညွှန်းလျှင် ပြည်ထောင်စု နိုင်ငံသစ်၌ ပထမဆုံး ၀န်ကြီးချုပ် ဖြစ်သင့်သူမှာ ဒေါ်အောင်ဆန်း စုကြည်သာ ဖြစ်ကြောင်း အဆို တင်သွင်းမည့် သူများတွင် စာရေးသူ ကိုယ်တိုင်လည်း ပါဝင်ရန် အသင့် ရှိပါမည်။
ဦးအောင်ထူး (ရှေ့နေ)
ဥပဒေ အထောက် အကူပြု ကွန်ရက် တည်ထောင်သူ
နေ့စွဲ။ ၂၀၁၃ ခုနှစ် သြဂုတ်လ ၅ ရက်
[1] Presumption of innocence
[2] Benefit of doubt
[3] Legal Framework
[4] Legal Foundation
မူရင်းလင့်ခ် ။ ။ http://on.fb.me/16pq1dz