နောက်ဆုံးသတင်း/ဆောင်းပါးများ

ဥပဒေ အထက်က မောင်တောမြို့နယ် ရဲစခန်းမှူးဟောင်း ဦးသန်းတင်

RB News
6.9.2013

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်တွင် ရိုဟင်ဂျာ များကို ညှင်းပန်း နှိပ်စက် ငွေညှစ်ခဲ့သော ရဲစခန်းမှူး ဦးသန်းတင်သည် လွန်ခဲ့သည့် သုံးလ ကျော်က WY စာတမ်းပါ ရာဘာ စိတ်ကြွဆေးများ ခိုးယူ ရောင်းချမှုကြောင့် ဖမ်းဆီး ခံခဲ့ရသည်။ 

လွန်ခဲ့သော သုံးလ ကျော်က မောင်တောမြို့ရှိ ဘုန်းကြီး တစ်ပါးထံမှ ရာဘာ စိတ်ကြွဆေးပြား ၁၆၀၀၀၀ ကျော်ကို ရဲစခန်းမှူး ဦးသန်းတင်နှင့် အပေါင်းအပါ ငါးဦးက ဖမ်းဆီးခဲ့သည်။ နိုင်ငံတော်သို့ ၆၀၀၀၀ ကျော် အဖမ်းပြ ခဲ့ပြီး၊ ၁၀၀၀၀၀ ကျော်ကို ဦးသန်းတင်၊ ဦးလှသိန်းနှင့် အပေါင်းအပါ လေးဦး ပူးပေါင်း၍ ရောင်းချ ခဲ့ရာ၊ အထက် အာဏာပိုင် များထံ ပေါက်ကြား ခဲ့၍ စခန်းမှူး ဦးသန်းတင်ကို မောင်တော မြို့နယ် ရဲစခန်း အချုပ်ခန်း တွင်ဖမ်းဆီး ချုပ်နှောင် ထားခဲ့သည်။ ဦးသန်းတင်၏ နေအိမ်ကို ၀င်ရောက် ရှာဖွေရာတွင် ငွေသား သိန်းထောင် ပေါင်းများစွာ သိမ်းဆည်း ရမိခဲ့ကြောင်း သိရှိ ရသည်။ 

ဦးသန်းတင်ကို ဖမ်းဆီး ထားသော်လည်း မောင်တော မြို့နယ် ရဲစခန်းသည် ၎င်း၏ နေအိမ် သဖွယ် ဖြစ်နေသည်။ ၎င်းသည် အချုပ်ခန်း ထဲတွင် နေရန် မလိုဘဲ ရဲစခန်းတွင် ရဲတပ်သားများ စောင့်သည့် အခန်းတွင် ခြင်ထောင်ဖြင့် အိပ်၍ ရခြင်း၊ လက်ကိုင်ဖုန်း သုံးစွဲခွင့် ရခြင်း၊ ရဲစခန်း ပြင်ပသို့ သွားလာ လှုပ်ရှားခြင်း၊ တရားရုံးတွင် ရုံးတင် စစ်ဆေးသည့် အခါလည်း မိမိ၏ ကိုယ်ပိုင်ကားဖြင့် သွား၍ တရား ရင်ဆိုင်ခြင်း၊ တရားရုံးသို့ သွားရာတွင် အခြား ရာဇ၀တ်သား များကဲ့သို့ လက်ထိပ်ခတ် ခံရခြင်း မရှိဘဲ အခွင့်ထူးခံ ရာဇ၀တ်သား တစ်ဦး ပမာ ဖြစ်နေသည်ကို လေ့လာ တွေ့ရှိ ရပါသည်။ 

ယခု အခါ ၎င်း၏ အမှုကို ရမ်းဗြဲ မြို့နယ်သား ဖြစ်သူ မောင်တော မြို့နယ် ရဲတပ်ဖွဲ့မှူး ဟောင်း ဦးစံထွန်းမှ ပြည်နယ် အစိုးရနှင့် ပြည်ထောင်စု ၀န်ကြီးများကို သိန်း ၁၅၀၀ လာဘ်ထိုး၍ အမှုမှ တရားသေ လွတ်အောင် လုပ်မည်ဟု သတင်းများ ထွက်ပေါ် လျက်ရှိသည်။ 

ဥပဒေ အရ ပြစ်မှု ကျူးလွန်သူ များမှာ တရား ဥပဒေ အတိုင်း အချုပ်ခန်း ထဲတွင် နေရမည် ဖြစ်သော်လည်း မောင်တော မြို့နယ် ရဲစခန်းကို နေအိမ် ပမာ အသုံးပြုခွင့် ရနေသည့် ဦးသန်းတင်၏ အခြေအနေကို သုံးသပ်ခြင်း အားဖြင့် ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် တရား ဥပဒေ စိုးမိုးမှု မရှိသည်ကို တွေ့ရှိ ရပါသည်။ စခန်းမှူး ဟောင်း ဦးသန်းတင် ပိုင်ဆိုင် နေသည့် ငွေကြေး အများစုမှာ ဒေသခံ ရိုဟင်ဂျာ များကို မတရား အကြောင်းမဲ့ ဖမ်းဆီး၍ ငွေညှစ်ခဲ့သော ငွေများ ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။


Comment ရေးရန်

Rohingya Exodus