ရိုဟင်ဂျာ ငါးဖမ်းသမား ၆ ဦးကို ရခိုင်အကြမ်းဖက် သမားများ တိုက်ခိုက်၊ ၅ ဦး သေဆုံးဟု ယုံကြည်ရ
RB News
11.9.2013
စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ကတင်ပိုက် ကျေးရွာ အုပ်စုမှ ရိုဟင်ဂျာ ငါးဖမ်းသမား ၆ ဦးကို ရခိုင် အကြမ်းဖက် သမား များမှ မြစ်ထဲတွင် ငါးဖမ်း နေစဉ် အကြမ်းဖက် တိုက်ခိုက်ရာ ငါးဦး သေဆုံး သွားသည်ဟု ယုံကြည်ရပြီး တစ်ဦး လွတ်မြောက် ခဲ့ကြောင်း သတင်း ရရှိပါသည်။
စက်တင်ဘာလ ၁၀ ရက်နေ့ (အင်္ဂါနေ့) ညနေပိုင်း ၆ နာရီ ကျော်တွင် စစ်တွေမြို့ ကတင်ပိုက်ကြီး ကျေးရွာမှ ရိုဟင်ဂျာ ၄ ဦးနှင့် ကတင်ပိုက်ချေ ကျေးရွာမှ ရိုဟင်ဂျာ ၂ ဦးတို့ ငါးဖမ်းရန် ထွက်ခွာ ခဲ့ကြသည်။ ၎င်းတို့အား ကတင်ပိုက်ကြီး ကျေးရွာမှ ၆ မိုင်ခန့် အကွာတွင် ည ၈ နာရီခန့်၌ ရခိုင် အကြမ်းဖက် သမားများမှ စက်လှေကြီး တစ်စီးဖြင့် စတင် တိုက်ခိုက်ရာ၊ ရိုဟင်ဂျာ ၆ ဦး စီးလာသည့် စက်လှေမှောက် သွားခဲ့ သည်။ ရေထဲကျ သွားသည့် ရိုဟင်ဂျာ ငါးဖမ်း သမား များကို ဆယ်ယူ၍ လက်နှင့် ခြေထောက် များကို ကြိုး တုတ်ပြီး အနီးရှိ ဦးရီးပြင် ကျေးရွာသို့ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။ ထိုမှတဖန် ည ၁၀ နာရီ ခန့်တွင် ၎င်း တို့ အား စက်လှေ ပေါ်သို့တင်၍ မြစ်ထဲသို့ ခေါ်လာပြီး ၆ ဦးလုံးကို သံတုတ် များဖြင့် လူမဆန် စွာ သေ လု မျော ပါး ဖြစ်သည့် အထိ ရိုက်နှက်၍ မြစ်ထဲသို့ ပစ်ချ ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြော ပါ သည်။
မြစ်ထဲသို့ ဒဏ်ရာများဖြင့် ပစ်ချခံရသည့် ရိုဟင်ဂျာ ၆ ဦးထဲမှ တစ်ဦးမှာ ချည်နှောင် ထားသည့် ကြိုး ကို ဖြုတ်နိုင်ခဲ့ပြီး ရေကူး၍ အသက်ရှင် နိုင်ခဲ့သည်။ အသက်ရှင် နိုင်ခဲ့သူသည် ဗုဒ္ဓဟူးနေ့ (စက်တင်ဘာလ ၁၁ ရက်) နံနက် ၇ နာရီတွင် ကတင်ပိုက်ကြီး ကျေးရွာသို့ ပြန်လည် ရောက်ရှိ ခဲ့ပြီး၊ ရဲစခန်းသို့ ဖြစ်စဉ်ကို အကြောင်းကြား ခဲ့သည်။ ရဲများနှင့် ဒေသခံ ပြည်သူများ အခင်း ဖြစ်ပွား ခဲ့သည့် နေရာကို သွားရောက် ၍ ပျောက်ဆုံး နေသူ ငါးဦးကို ရှာဖွေ ခဲ့သော်လည်း အနီးရှိ ရခိုင်ရွာ နားတွင် မှောက်သွားသည့် လှေကို ရှာဖွေ တွေ့ရှိ ခဲ့ပြီး၊ ပျောက်ဆုံး နေသည့် ငါးဦးမှာ သေဆုံး သွားပြီဟု ယုံကြည် ရပါသည်။
ဒဏ်ရာ များစွာဖြင့် အသက်ရှင် လာခဲ့သူမှာ ဦးအဒူမဂျစ် (ဘ) ဦးအဒူမာလစ် (အသက် ၃၀ နှစ် ) ဖြစ်ပြီး ၊ ပျောက် ဆုံး နေပြီး သေဆုံး သွားပြီဟု ယူဆ ရသူ ငါးဦးမှာ -
(၁) ဦးအဒူအဇစ် (ဘ) ဦးအဒူမာလစ် (အသက် ၄၂ နှစ်)
(၂) ဦးနဘီဟူစိန်း (ဘ) ဦးကာလာမျာ (အသက် ၄၀ နှစ်)
(၃) ရှဖီ အုလ္လာ (ဘ) ဦးနူရူလ္လာ (အသက် ၁၈ နှစ်)
(၄) နဘီဟူစိန်း (ဘ) ဦးဆယာဒ်ဟူစိန်း (အသက် ၂၂ နှစ်)
(၅) ဒိလ်မိုဟာမတ် (ဘ) ဦးမိုဟာမတ်ဟူစိန်း -- တို့ဖြစ်သည်။