နောက်ဆုံးသတင်း/ဆောင်းပါးများ

ငွေညှစ်မှု တိုင်တန်း ထားသူ တစ်ဦးကို ရုံးချိန်းရက်တွင် ရဲကဖမ်းဆီး၍ ချုပ်နှောင်ထား

RB News
30.11.2013

ဘူးသီးတောင် ။ ။ ရခိုင် ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်မှ ငွေညှစ် ခံရသူ တစ်ဦးက တိုင်ကြား ထားသည့် အမှုကို စစ်ဆေးရန် ရုံးချိန်း ပေးထားသည့် နေ့တွင် ရဲများက တရားလိုကို ဖမ်းဆီး ချုပ်နှောင် ထားကြောင်း သတင်း ရရှိ ပါသည်။ 

ဘူးသီးတောင် မြို့နယ်၊ ကြက်မတောင် ရွာမှ ဦးအာမတ် ဟူစိန် (ဘ) ဦးကာလာမျာကို ၂၀၁၃ ခုနှစ် ဇူလိုင် လ (၉) ရက်နေ့တွင် ဘူးသီးတောင် မြို့ဈေးသို့ လာရောက်၍ ဈေးဝယ် နေစဉ် ဒုရဲအုပ် မြတ်ထွေးနှင့် ရဲတပ် ဖွဲ့ဝင် (၁၀) ဦးက ဖမ်းဆီး၍ ၃ ရက်တိတိ အစာ မကျွေးဘဲ ချုပ်နှောင် ထားခဲ့ပြီးနောက် ငွေကျပ် ၁၀ သိန်း ညှစ်ယူခဲ့သည်။ထိုကဲ့သို့ ညှဉ်းပန်း နှိပ်စက်၍ ငွေညှစ်ခြင်းနှင့် ပတ်သက်၍ ဦးအာမတ် ဟူစိန်က မောင်တော ခရိုင် ရဲမှူး ထံ သို့ အသနားခံ တင်ပြ၍ တိုင်ကြား ခဲ့သည်။ 

ခရိုင် ရဲမှူးက အဆိုပါ အမှုကို နိုဝင်ဘာလ (၂၆) ရက်နေ့တွင် စစ်ဆေးရန် ချိန်းဆို ခဲ့သည်။ သရက်ကင်း မနူ ကျေးရွာ အုပ်စု၊ ကြက်မတောင် ရွာမှ ဦးအာမတ် ဟူစိန်သည် ရုံးချိန်းသို့ လာရောက်ရန် နိုဝင်ဘာလ (၂၆) ရက်နေ့ နံနက် ၁၀း၃၀ နာရီတွင် တောင်ဘဇား မော်တော် ဘုတ်ဆိပ်၌ စက်လှေ စောင့်နေစဉ် ရဲများ က ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။ 

ဘူးသီးတောင် မြို့နယ် ရဲစခန်းမှ ဒုရဲအုပ် မြတ်ထွေးက သရက်ကင်း မနူ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ရုံး မှ မည်သည့် စာသားမှ မပါဘဲ ရုံးတံဆိပ် ရိုက်နှိပ် ထားသည့် စာတစ်စောင် ယူလာပြီး၊ ဦးအာမတ် ဟူစိန် ကို ခြေချုပ်ဖြင့် ဖမ်းဆီး ထားကြောင်း မြို့နယ် တရားရုံးသို့ အကြောင်းကြား ခဲ့သည်ဟု သိရှိ ရသည်။ 

ရဲများနှင့် ဌာနဆိုင်ရာ များသည် ဒေသခံ များကို ညှဉ်းပန်း နှိပ်စက်ပြီး ငွေညှစ်သည်ကို အထက် အာဏာပိုင် များကို တိုင်ကြားလျှင် အခြား အမှုတစ်ခု ဆင်၍ ဖမ်းဆီး ထောင်ချခြင်း ခံရသည်။ မြို့နယ် တရားသူကြီး ဦးရဲထွဋ်အောင် မှလည်း အမှန် တရားကို မည်သည့် အခါမှ မစုံစမ်းဘဲ ရဲများက ပြောသည့် အတိုင်း စီရင် ၍ ထောင်ချ လေ့ရှိကြောင်း ဒေသခံ များမှ ပြောပါသည်။


Comment ရေးရန်

Rohingya Exodus