နောက်ဆုံးသတင်း/ဆောင်းပါးများ

စိမ်းညှင်းပြား ကျေးရွာ အုပ်ချုပ်ရေးမှူးက ရွာသားများထံမှ မတရား ငွေညှစ်လျက်ရှိ

RB News
16.2.2014

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်၊ စိမ်းညှင်းပြား ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ဒေသခံ ရွာသား များထံမှ နည်းမျိုးစုံဖြင့် မတရား ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိ ပါသည်။ 

စိမ်းညှင်းပြား ကျေးရွာအုပ်စုသည် ဘူးသီးတောင် မြို့နယ် တောင်ပိုင်း (၈) မိုင်အကွာတွင် တည်ရှိပြီး၊ မြို့နယ် အုပ်ချုပ်ရေးမှူးက လစဉ် ရပ်ကွက်၊ ကျေးရွာ အုပ်စုများ၏ အုပ်ချုပ်ရေးမှူး များနှင့် အစည်းအဝေး များတွင် ရွာထွက် လက်မှတ်၊ ထောက်ခံစာနှင့် ဧည့်စာရင်း တိုင်ကြားရာတွင် အခမဲ့ ပြုလုပ်ပေးရန် ညွန်ကြားချက် ရှိကြောင်း၊ လက်ထပ်ခွင့် ကိုလည်း အချက် (၄) ချက်နှင့် ညီပါက အခမဲ့ ဆောင်ရွက် ပေးပြီး လက်ထပ်သူ များ၏ အမည်စာရင်း များကို မှတ်တမ်း စာအုပ်တွင် မှတ်တမ်း တင်ရမည်ဟု ညွန်ကြား ခဲ့သည်။ 

သို့သော်လည်း စိမ်းညှင်းပြား ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ထောက်ခံစာ တစ်စောင်လျှင် ၅၀၀ ကျပ်၊ ဧည့်စာရင်း တစ်ဦးလျှင် ၅၀၀ ကျပ်နှင့် ရွာထွက် လက်မှတ် တစ်စောင်လျှင် ၅၀၀ ကျပ်ကောက်ခံ လျက်ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ လက်ထပ်ခွင့် တင်သူများထံမှလည်း ငွေသိန်းချီ၍ တောင်းခံလျက်ရှိရာ မေးခွန်း ထုတ်သူများကို ၂၀၁၂ ခုနှစ် ဆူပူ အုံကြွဖြစ်အောင် လှုံ့ဆော်သူ များတွင် ပါဝင်သည်ဟု စွပ်စွဲ၍ ထောင်ချမည်ဟု ခြိမ်းခြောက်ကြောင်း သိရှိ ရပါသည်။ 

လက်ထပ်ခွင့် ရရန်အတွက် ငွေညှစ်ခံရသူ များမှာ --

(၁) မာမတ်ဆုလ်တာန် (ဘ) ဦးဖာရုခ်အာမတ် - တောဂံမြောက်ရွာမှ - (ပေးရသည့်ငွေ ၃ သောင်း)
- မရှော်ဟိဒါ (ဘ) ဦးအဘူဆိဒိတ် - ဒိုင်းနက်ပြင်ရွာမှ - (ပေးရသည့်ငွေ ၁ သိန်း ၃ သောင်း)

(၂) မာမတ်ဇူဘိုင်ရ် (ဘ) ဦးမာမတ်နော်ဆိမ် (အသက် ၂၅ နှစ်) - ရက်ချောင်းရွာမှ 
- မဒိလ်နုဝါစ် (ဘ) ဦးဇာဟဲတ် (အသက် ၁၉ နှစ်) - ဈေးအနောက်ရွာမှ (နှစ်ဦးပေါင်း ပေးရသည့်ငွေ ၃ သောင်း)

(၃) အာရော်ဖ်အုလ္လာ (ဘ) ဦးအမိရ်ဟူစိန်း (အသက် ၂၃ နှစ်) - ပြင်ရှည်အရှေ့ရွာမှ (ပေးရသည့်ငွေ ၁ သောင်း)

(၄) မာမတ်ဘော်ခ်ရှု (ဘ) ဦးမာမတ်ဇော်လာလ် (အသက် ၂၃ နှစ်) - တောကံမြောက်ရွာမှ (ပေးရသည့်ငွေ ၅ သောင်း)
- မဟူမိုင်ရာ (ဘ) ဦးမာမတ် (အသက် ၁၉ နှစ်) - တောကံမြောက်ရွာမှ (ပေးရသည့်ငွေ ၁ သောင်း)

(၅) ဆာဒဲက် (ဘ) ဦးဟာကီးမ် (အသက် ၂၂ နှစ်) - တင်းဆက်ရွာမှ (ပေးရသည့်ငွေ ၁ သောင်း ၃ ထောင်)

(၆) ရော်ဖိတ် (ဘ) ဦးရော်ရှိတ်အာမတ် (အသက် ၂၀ နှစ်) - တင်းဆက်ရွာမှ (ပေးရသည့်ငွေ ၂ သောင်း ၅ ထောင်)

(၇) ဆာဘေရ် (ဘ) ဦးနော်ဇိရ် (အသက် ၂၆ နှစ်) - ဈေးအရှေ့ရွာမှ (ပေးရသည့်ငွေ ၁ သောင်း ၅ ထောင်)

(၈) မောန်ဆုရ်အာလမ် (ဘ) ဦးအဘုလ်ကလာမ် (အသက် ၂၅ နှစ်) - ပြင်ရှည်အရှေ့ရွာမှ - (ပေးရသည့်ငွေ ၃ သောင်း)

(၉) နူရ်ဟူစိန်း (ဘ) ဦးယာကုပ်အာမတ် (အသက် ၂၅ နှစ်) - ပြည်ရှည်အရှေ့မှ - (ပေးရသည့်ငွေ ၁ သိန်း) -- တို့ဖြစ်သည်။

ထို့အပြင် ညှဉ်းပန်း နှိပ်စက်မှု ဒဏ်ကို မခံနိုင်၍ တစ်ဖက်နိုင်ငံသို့ ထွက်ပြေး သွားသူ များကို ပြန်လာနိုင်သည်ဟု ဆိုကာ ခေါ်ယူပြီး ငွေညှစ်ရာ၊ ပြန်လာသူ တစ်ဦးက တောင်းသည့် ငွေကို မပေးဘဲ ပြန်လည် ထွက်ပြေးရန် ကြိုးစား နေစဉ် တစ်ဖက်နိုင်ငံသို့ ထွက်မပြေး ခဲ့သည့် ဇနီးသည်ကိုပါ ဖမ်းဆီး၍ အမှုဖွင့်ခဲ့ရာ တရားရုံးမှ ဇန်န၀ါရီလ ပထမ အပတ်တွင် ထောင်ဒဏ် ၅ နှစ်စီ ချမှတ်၍ အပြစ်ပေး ခဲ့သည်။ တစ်ဖက်နိုင်ငံသို့ ထွက်ပြေး ခဲ့သူမှ ရှော်ဖိအုလ္လာ (ဘ) ဦးအဒူဆလာမ် (အသက် ၂၃ နှစ်) ဖြစ်ပြီး၊ ၎င်း၏ ဇနီးသည် ဖြစ်သူ (တစ်ဖက်နိုင်ငံသို့ ထွက်မပြေးခဲ့သူ) မဟာဆီနာ (ဘ) ဦးအဒူကယူမ် (အသက် ၂၀ နှစ်) သည် ကိုယ်ဝန် ၇ လဖြင့် အကျဉ်းကျ ခံနေရသည်။ တရားရုံးတွင် မဟာဆီနာ၏ အိမ်ထောင်စု စာရင်းပြ၍ တစ်ဖက် နိုင်ငံသို့ ထွက်မပြေး ခဲ့ကြောင်း အထောက် အထားပြ ခဲ့သော်လည်း လက်ခံ စဉ်းစားပေးခြင်း မရှိခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ယခုအခါ အုပ်ချုပ်ရေးမှူးက ထောင်ဒဏ် ၅ နှစ်ချခံရသူ နှစ်ဦးစလုံးကို ပြန်လည် လွတ်မြောက်အောင် ပြုလုပ် ပေးမည်ဟု ဆိုကာ ငွေကျပ် ၁ သိန်း ၇ သောင်းကို ရှော်ဖိအုလ္လာ၏ ဖခင်ဖြစ်သူ ဦးအဒူဆလာမ် ထံမှ ယူထားကြောင်း သိရှိ ရပါသည်။

ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးကို ဆောက်လုပ်စဉ် အခါကလည်း ငွေကြေး တတ်နိုင်သူ များက ဆောက်လုပ် စရိတ်ကို ပေးအပ် ခဲ့သော်လည်း၊ ဆင်းရဲသည့် ရွာသား များထံမှ သစ်များ ယူခဲ့သည့် အပြင် အတင်း အဓမ္မ လုပ်အားပေး ခိုင်းခြင်းများ ပြုလုပ် ခဲ့သည်ဟု ဒေသခံ များက ပြောပါသည်။ ထို့အပြင် အစ္စလာမ် ဘာသာဝင် များ၏ အီးဒ်နေ့တွင်လည်း နွားတစ်ကောင်လျှင် ငွေကျပ် တစ်ထောင်နှုန်း ကောက်ခံ ခဲ့ကြောင်း သိရှိ ရပါသည်။ 


Comment ရေးရန်

Rohingya Exodus