နောက်ဆုံးသတင်း/ဆောင်းပါးများ

ကုလလူ့အခွင့်အရေး ကိုယ်စားလှယ်၏ သတင်းထုတ်ပြန်ချက်

(ဓါတ်ပုံ - AFP)

မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး အခြေအနေ ဆိုင်ရာ အထူး အစီရင်ခံစာ တင်သွင်းသူ၏ သတင်း ထုတ်ပြန်ချက်

သောမတ်စ် အိုဟေးယား ကင်တားနားမှ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်တွင် ထုတ်ပြန်ပါသည်။

ကျွန်တော့်ရဲ့ ၆ ရက်တာ ကြာမြင့်ခဲ့တဲ့ ဒီခရီးစဉ်ကို ယနေ့ အဆုံးသတ်လိုက်ပါသည်။ ကျွန်တော်သည် ပေးအပ်ထားသော ဤ Mandate တာဝန်တွင် ၆နှစ်တာ အပြည့်အ၀ထမ်းဆောင်ခဲ့ပြီးဖြစ်သည့်အတွက် အခုခရီးစဉ် သည် န၀မအကြိမ်မြောက်နှင့် နောက်ဆုံးခရီးစဉ်ဖြစ်သည်။ ယခုလိုလာရောက်နိုင်ရန် စီစဉ်ဖိတ်ကြားပြီး ပူးပေါင်း ဆောင်ရွက်ခဲ့သည့်အတွက် မြန်မာနိုင်ငံအစိုးရအား ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါသည်။

နေပြည်တော်တွင် ကျွန်တော်သည် နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နိုင်ငံတော်သမ္မတ ရုံးဝန်ကြီးများ ၊ ပညာရေး၊ ကျန်းမာရေး၊ ပတ်ဝန်းကျင်နှင့် သစ်တောထိန်းသိမ်းရေးနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများ အပြင် ရှေ့နေချုပ်၊ တရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားရုံးချုပ် အဖွဲ့ဝင်များ လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားလွှတ်တော် ဥပဒေကြမ်းနှင့် နိုင်ငံတကာဆက်ဆံရေးလွှတ်တော် ကော်မတီများ အပါအ၀င် လွှတ်တော် ကော်မတီများမှ အဖွဲ့ဝင်များ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၊ နိုင်ငံတော် သမ္မတ၏ နိုင်ငံရေးနှင့် ဥပဒေရေးရာ အကြံပေးများနှင့် ရဲချုပ်ကြီးနှင့်လည်း တွေ့ဆုံခဲ့ပါသည်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံခဲ့ပါသည်။

ရန်ကုန်တွင် ကျွန်တော်သည် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံခဲ့ ရသူများ၊ အကျဉ်းသား စီစစ်ရေး ကော်မတီ၊ သတင်းမီဒီယာများမှ ပုဂ္ဂိုလ်များ၊ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ လူထုအခြေပြုလွတ်လပ်မှု တောင်းဆိုသူများ၊ မြေယာပိုင်ဆိုင်မှု အခွင့်အရေး တောင်းဆိုသူများ၊ လူ့အခွင့်အရေးရှုထောင့်မှ ဖွံ့ဖြိုးမှုဆောင်ရွက် လိုသူများပါဝင်သည့် လူမှုအခြေပြု အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်၊ ရှေ့နေများ၊ ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ပြီး အင်းစိန်အကျဉ်းထောင်တွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျသူ နှစ်ဦး တို့နှင့် တွေ့ခဲ့ပါသည်။ ထို့အပြင် ကျွန်တော်သည် ခရီးစဉ်တွင် အစိုးရမဟုတ်သော အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် လည်းကောင်း ကုလသမဂ္ဂဌာနေ ကိုယ်စားလှယ်များနှင့် လည်းကောင်း သံတမန်အသိုင်းအ၀န်းတို့နှင့်လည်း တွေ့ဆုံခဲ့ရသည်။ ကျွန်တော်၏ ခရီးစဉ်တွင် ကူညီထောက်ပံ့ ပေးခဲ့သော ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှုးနှင့် ဌာနေကိုယ်စားလှယ်အဖွဲ့ကိုလည်း အထူးကျေးဇူးတင် ရှိကြောင်း ပြောလိုပါသည်။

ယခုခရီးစဉ်အတွင်း ကျွန်တော်ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့ပြီး စစ်တွေအကျဉ်းထောင်၊ စစ်တွေမြို့ရှိ ရွှေစေတီကျောင်း၊ IDP ကယ်ဆယ်ရေးစခန်းများနှင့် အောင်မင်္ဂလာရပ်ကွက်သို့ သွားရောက်ခဲ့ပါသည်။ ကျွန်တော် ကချင်ပြည်နယ် ကိုလည်း သွားရောက်ခဲ့ပြီး ပြည်နယ်အစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည့်အပြင် ကချင် လွတ်မြောက်ရေးအဖွဲ့(KIO)မှ တာဝန်ရှိသူများ၊ လူမှုအခြေပြု အဖွဲ့အစည်း ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့သည်။ ကျွန်တော် KIO ၏ ဌာနချုပ်ရှိရာ လိုင်ဇာသို့လည်း သွားရောက်ခဲ့ပြီး Je Yang စစ်ဘေးရှောင် ဒုက္ခသည် ကယ်ဆယ်ရေးစခန်းသို့လည်း သွားရောက်ခဲ့ပါသည်။ ကျွန်တော်သည် ရန်ကုန်မြို့၏ တောင်ဘက်အရပ်တွင် ရှိသော သီလ၀ါအထူးစီးပွားရေးဇုံကိုလည်း သွားရောက်ခဲ့ပြီး စီမံကိန်းကြောင့် ရွှေ့ပြောင်းခံ ရသူများနှင့် တွေ့ခဲ့ပြီး သီလ၀ါထိန်းသိမ်းမှုကော်မတီဝင်များနှင့်လည်း ဆွေးနွေးခဲ့သည်။

ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာရှိ လက်ပန်းတောင်းတောင် ကြေးနီးစီမံကိန်းအပါအ၀င် လက်ပန်းတောင်းတောင် ကြေးနီတွင်း စီမံကိန်းဆောင်ရွက်မှုများကို လေ့လာပြီး ကြေးနီတွင်းဆန့်ကျင်သူများ ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် လက်ပန်းတောင်းတောင် ကြေးနီးစီမံကိန်းကို ဆောင်ရွက်နေသည့် ၀မ်ပေါင် ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့သည်။

ကချင်ပြည်နယ်

အစိုးရနှင့် မြန်မာနိုင်ငံတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား လက်ရှိငြိမ်းချမ်းရေးနှင့် ပြန်လည် သင့်မြတ်ရေးကျိုးပမ်းချက်များဖြင့် ကျွန်တော် စတင်ပြောပါရစေ။ ပြည်နယ်အစိုးရ၊ နိုင်ငံတော်အစိုးရနှင့် KIO တို့သည် ကျွန်တော့်အား အစိုးရထိန်းချုပ်နယ်မြေအောက်၌ မရှိသော ကချင်ပြည်နယ် လိုင်ဇာသို့သွားရောက် ခွင့်ပြုခဲ့သည်။ ထိုသို့ သွားရောက်နိုင်ခဲ့ခြင်းသည် လူ့အခွင့်အရေး အထူးအစီအရင်ခံစာ တင်သွင်းသူတစ်ဦးအနေဖြင့် လိုင်ဇာသို့ ပထမဆုံး သွားရောက်နိုင်ခဲ့ခြင်းဖြစ်သည်။ ဤခရီးစဉ်ကို ခွင့်ပြုခြင်းသည် ကချင်ပြည်နယ်ငြိမ်းချမ်းရေး ဆွေးနွေးမှုတွင် လူ့အခွင့်အရေးအစိတ်အပိုင်းများ ပါဝင်နိုင်စေခြင်းကို အထောက်အကူပြုပြီး အစိုးရနှင့် KIO အဖွဲ့တို့အကြား ယုံကြည်မှု တည်ဆောက်ပေးစေမည့် ကောင်းမွန်သော အပြုအမှုတစ်ရပ်ဟု ကျွန်တော် ယူဆ ပါသည်။

လိုင်ဇာတွင် KIO မှ ဥက္ကဌနှင့် ကာကွယ်ရေးဦးစီးချုပ်အပါအ၀င် တာဝန်ရှိသူများနှင့် တွေ့ဆုံသည့်အခါ ၄င်းတို့က အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိရန် ဆန္ဒရှိကြသော်လည်း နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးမှုကိုပါ အာမခံချက် တောင်းဆိုသည်။ အပစ်အခတ်ရပ်စဲမှုသဘောတူညီချက်တွင် လူ့အခွင့်အရေး အခြေအနေပေါ်မှာ အပြုသသော သက်ရောက်မှု ချက်ချင်းရှိနိုင်စေမည်ဟု ကျွန်တော့်အနေဖြင့် ယူဆသည့်အချက်အလက်များဖြစ်သည့် စစ်တပ်ဆုတ်ခွာမှု အပါအ၀င် တပ်ပိုင်းဆိုင်ရာ ကျင့်ဝတ်စည်းကမ်းများကိုပါ ထည့်သွင်းရေးဆွဲစေလိုကြောင်း ၄င်းတို့က ထုတ်ဖော်ပြောခဲ့သည်။

မြစ်ကြီးနားမှ လိုင်ဇာသို့ ကားဖြင့်သွားသော ခရီးစဉ်တလျှောက်တွင် တိုးဝင်လာသော စစ်တပ်ကို ရှောင်ပြေးခဲ့ရပြီး စွန့်ခွာထားသော ရွာများကို ကျွန်တော်တွေ့ခဲ့ရသည်။ လိုင်ဇာရှိ Je Yang ဒုက္ခသည်စခန်းမှာ ၂၀၁၁ ခုနှစ်၊ သြဂုတ်လတွင် ရွာများသို့ တိုးဝင်လာသည့် စစ်တပ်များကြောင့် ပြင်းထန်စွာ ရွှေ့ပြောင်းလိုက်ရသောသူများနှင့် တွေ့ခဲ့ရပြီး ၄င်းတို့၏ မိသားစုနှင့် ရပ်ကျေးလူထု ကြုံတွေ့ခဲ့ရသော လူ့အခွင့်အရေးချိုးဖောက်မှုများအကြောင်း ကြားသိခဲ့ရသည်။ ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်းတို့တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် အဓမ္မပြုခြင်း၊ လက်လွတ်စပယ် ဖမ်းဆီးထိန်းသိမ်းခြင်းနှင့် စစ်ကြောရေးတွင် နှိပ်ဆက်ညှင်းပန်းခြင်း အပါအ၀င် လတ်တလော ဖြစ်ပွားခဲ့သော ဖြစ်ရပ်များတွင် လူအခွင့်အရေးချိုးဖောက်မှု ရှိခဲ့သည်ဟု စွပ်စွဲချက်များ ကြားသိခဲ့ရသည်။ နေပြည်တော်ရောက်ရှိချိန်တွင် အာဏာပိုင်တွေကို ဤအကြောင်းတွေ ကျွန်တော်တင်ပြခဲ့သည်။ KIA တပ်မှ ကလေးစစ်သားများ ဆက်လက် စုဆောင်းနေကြောင်း စွပ်စွဲချက်များအပေါ် ကျွန်တော် စိုးရိမ်မကင်းရှိကြောင်း KIO အဖွဲ့အား ကျွန်တော်ပြောကြားခဲ့သည်။ လိုင်ဇာကို သွားရောက်ခြင်းအားဖြင့် ပဋိပက္ခ ဖြစ်ပွားမှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှု မည်မျှဆက်စပ်မှုရှိသည်ကို ကျွန်တော် အနီးကပ် သိရှိလာခဲ့ရပြီး လာမည့်လများတွင် အမျိုးသား အပစ်အခက်ရပ်စဲမှု သဘောတူညီချက်ရရှိရန် မည်မျှပင် အရေးကြီးလှသည်ကို ကျွန်တော် ကောင်းစွာ သဘောပေါက် ခဲ့သည်။

ကျွန်တော် သွားရောက်ခဲ့သည့် ကချင်ပြည်နယ်က ဒုက္ခသည်စခန်းတွေမှာ ဒေသတွင်းက ဘာသာရေး အဖွဲ့အစည်းများနှင့် ကုလသမဂ္ဂကတို့မှ ထောက်ပံ့နေသော လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ မည်မျှပင် အရေးပါလှသည်ကို ကြားသိခဲ့ရသည်။ ထို့ကြောင့် ပြည်နယ်နှင့် ဗဟိုအာဏာပိုင်များက အစိုးရထိန်းချုပ်မှု နယ်မြေအောက်၌ မရှိသော ဒေသများသို့ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးသောအဖွဲ့များက ပုံမှန်နှင့် ကြိုတင်တွက်ဆနိုင်သော လက်လှမ်းမီနိုင်ခြင်းရှိနိုင်ရန် ခွင့်ပြုချက်ပေးခြင်းသည် အရေးပါကြောင်း ထင်ရှားစေပါသည်။

အမျိုးသားအပစ်အခက်ရပ်စဲရေးဆွေးနွေးမှုများ

အမျိုးသားအပစ်အခက်ရပ်စဲရေး သဘောတူစာချုပ်ချုပ်ဆိုခြင်းသို့ ဦးတည်သော အပြုသဘောဆောင် ရွက်သည့် တိုးတက်မှုများ ဆက်လက်ပြီးရှိနေသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ပေါင်း ၁၄ ဖွဲ့နှင့် လတ်မှတ်ရေး ထိုးနိုင်ခဲ့ပြီး ယခုအခါ ၂ဖွဲ့သာ ကျန်ရှိပါတော့သည်။ ရှေ့လာမည့် ဧပြီလမှာ တမျိုးသားလုံးအပစ်အခတ်ရပ်စဲနိုင်မည့် အလားအလာ ရှိနေပါသည်။ ကျွန်တော့်အနေဖြင့် ယခုလို တိုးတက်မှုကို ဆက်လက်၍ ချီးမွမ်းပြီး ထောက်ခံပါသည်။ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကြားမှာ ဆက်လက်၍ ယုံကြည်မှုတည်ဆောက်ရန်သာ လိုပါတော့သည်။ စောင့်ကြည့်စစ်ဆေးသည့်ယန္တရားများ(Monitoring Mechanisms) မရှိသောကြောင့် အပစ်အခက် ရပ်စဲရေး သဘောတူညီချက်စာချုပ် အကောင်အထည်ဖော်ဆောင်ရေး အားနည်းနေသည်။ ကရင်ပြည်နယ် အပါအ၀င် ဒေသမြောက်များစွာ တွင် တပ်မတော်သည် စစ်တပ်အင်အားလျှော့ချခြင်း မပြုခဲ့သည့်အပြင် လက်ရှိ ရှေ့တန်းကင်းစခန်းများကို ပိုမိုအားဖြည့်ခဲ့ပြီး မြေယာများလည်း သိမ်းခဲ့သည်။ ပြည်ထောင်စုအစိုးရက ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ဆောင်ရွက်လျှက်ရှိသော်ငြားလည်း စစ်တပ်က ဆက်လက်၍ တိုးဝင်လာပြီး ရှေ့တန်းကင်းစခန်း များကို ၀င်ရောက်တိုက်ခိုက်လျှက် ရှိသည်ဟု KIO က ကျွန်တော့်အားပြောပါသည်။ နေပြည်တော်တွင် သက်ဆိုင်ရာ အကြီးတန်းအရာရှိများက ဤပြဿနာကို ဖြေရှင်းရန် ဌာနတွင်းအချင်းချင်း ပိုမိုညှိနှိုင်းဆောင်ရွက်ရန်လိုကြောင်း လက်ခံပြောဆိုခဲ့သည်။ ထို့အပြင် အပစ်အခက်ရပ်စဲမှု ဆွေးနွေးပွဲများတွင် အောက်ခြေလူထု ပါဝင်ခြင်းမရှိသဖြင့် ချုပ်ဆိုထားပြီးသော သဘောတူစာချုပ်များ အကောင်အထည် ဖော်ဆောင်ရာတွင် လူထုယုံကြည်မှု ကင်းမဲ့နေ ကြောင်း တွေ့ရှိရသည်။ ဆွေးနွေးညှိနှိုင်းမှုများတွင် ပွင့်လင်းမြင်သာမှု မရှိသောကြောင့် တိုင်းရင်းသားခေါင်းဆောင် များ စီးပွားရေး အကျိုးအမြတ်ရရှိစေသဖြင့် ဆွေးနွေးပွဲများတွင် မိမိ၏ အကျိုးများအပေါ် အမှန်တကယ် ဆွေးနွေးမှု ရှိမရှိကို ရပ်ကျေးလူထုများက သံသယ ရှိလာသည်။

ရှိနေသော မကျေနပ်ချက်များကို ဖြေရှင်းနိုင်ရန် ငြိမ်းချမ်းရေးသဘောတူညီချက်လက်မှတ်ရေးထိုးပြီးချိန်တွင် ဘက်ပေါင်းစုံပါဝင်သော နိုင်ငံရေး ဆွေးနွေးမှုများ ချက်ခြင်းဆက်လက် ဖော်ဆောင်နိုင်ရန် လိုအပ်ပေသည်။ သို့မှသာ ယုံကြည်မှုကွာဟမှုများကို ပြန်လည်စေ့စပ်ပေးနိုင်ပါလိမ့်မည်။ ငြိမ်းချမ်းရေးဆွေးနွေးမှုများဦးဆောင်ပေးနေသော သမ္မတရုံး ၀န်ကြီးဦးအောင်မင်းနှင့် တွေ့ဆုံရာတွင် ၄င်းက အမျိုးသား အပစ်အခက်ရပ်စဲရေးသဘောတူညီမှုစာချုပ် ရေးထိုးပြီးသည့်နောက်တွင် နိုင်ငံရေးဆွေးနွေးပွဲများ ချက်ခြင်းစတင်ရန် အစိုးရက သန္နိဋ္ဌာန်ချထားကြောင်း ကျွန်တော့်အားပြောကြားခဲ့သည်။ ယုံကြည်မှုကင်းမဲ့ခြင်းပြဿနာကို ဖြေရှင်းနိုင်ရန် အစိုးရက အပြည်ပြည်ဆိုင်ရာ ကြားဝင်ဆောင်ရွက်သူများ(International Mediators) ပါဝင်ခွင့်ပြုရန် လိုပေသည်။

ဆွေးနွေးမှုများ မည်သည့်လမ်းကြောင်းပေါ်ရောက်စေကာမှု စစ်တပ်နှင့် စစ်တပ်မဟုတ်သောအဖွဲ့ (Non-state Actors)များက လူသားချင်းစာနာထောက်ထားမှုနှင့် လူ့အခွင့်အရေးဆိုင်ရာဥပဒေများကို လိုက်နာကျင့်သုံးရန် လိုအပ်ပေသည်။ ၄င်းသည် ကျွန်တော့်၏ အလုပ်တာဝန်(Mandate)တလျှောက် တစိုက်မတ်မတ် တောင်းဆိုခဲ့ သည့် အချက်ပင်ဖြစ်ပေသည်။ ကျွန်တော်၏ ခရီးစဉ်များတွင် ဒုက္ခသည်များနှင့် ဒေသတွင်း ပြောင်းရွှေ့ခံရသူများကို တောက်လျှောက်တွေ့ဆုံခဲ့ပြီး ၄င်းတို့၏အဖြစ်အပျက်များ စိုးရိမ်ကြောင့်ကြမှုများနှင့် အနာဂတ်အတွက် မျှော်လင့်ချက်များ ကို ကြားသိခဲ့ရသည်။ ၄င်းတို့မှာ မိမိ၏ဌာနေသို့ ပြန်လိုသော်လည်း မိမိတို့ထွက်ပြေးရခြင်း အကြောင်းရင်းဖြစ်သော စစ်တပ်ကို ဆက်လက်၍ ကြောက်ရွံပြီး ယုံကြည်မှုကင်းမဲ့ လျှက်ရှိသည်။ ဒုက္ခသည်များ ဌာနေသို့ ပြန်လာလိုစိတ် ရှိလာနိုင်ရန် ကရင်ပြည်နယ်ကဲ့သို့ ပြည်နယ်အချို့တွင် ပြည်ထောင်စုနှင့် ပြည်နယ်အာဏာပိုင်များက မြေယာပြန်လည် ရရှိရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် အသက်မွေးဝမ်းကြောင်း အခွင့်အရေး အာမခံချက်များ ပေးရန်လိုအပ်ပေသည်။ ရပ်ကျေးလူထုများကို ကြိုဆိုသောအားဖြင့် ပြန်လည်သင့်မြတ် မှုကို နိုင်ငံတော်အစိုးရက ထင်ရှားစွာ ထုတ်ဖော်ရန် လိုအပ်ပေသည်။

အခြေခံဥပဒေပြင်ဆင်ရေး

မြန်မာနိုင်ငံ၏တိုင်းရင်းသားများအတွင်း စွဲငုပ်နေသော မကျေနပ်ချက်များကို ဖြေရှင်းနိုင်ရန် အခြေခံဥပဒေ ပြင်ဆင်မှုများ လိုအပ်ပါသည်။ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ဖော်ဆောင်နိုင်ရန်အတွက် အခြေခံဥပဒေ ပြင်ဆင်ရေးအား ခွဲခြားထား၍ မရနိုင်ပါ။ ပြုပြင်ပြောင်းလည်းမှုသည် တိုင်းရင်းသားပြည်သူလူထု၏ မျှော်မှန်းချက် နှင့် အနာဂတ်ကို ကိုယ်တိုင်ဖော်ထုတ်ခွင့်ရှိစေပြီး မိမိတို့၏ ဒေသတွင်း သယံဇာတများ၏ အကျိုးအမြတ်ကို ခံစားခွင့် ရှိစေရမည်။ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက်လည်း အခြေခံဥပဒေ ပြင်ဆင်ရေးလိုအပ်ပေသည်။ စစ်တပ်ကို ဒီမိုကရေစီ မဆန်သော အာဏာများပေးအပ်ထားခြင်းကို ရင်ဆိုင်ဖြေရှင်းရမည့် အပြင်၊ ဒီမိုကရေစီကျင့်စဉ်များ ပိုမိုရှိသော လွှတ်တော်ကို ဖော်ဆောင်ခြင်း၊ ပြည်သူက မိမိ၏အစိုးရနှင့် သမ္မတကို ရွေးချယ်ပိုင်ခွင့် ဦးထိပ်ထားခြင်း စသည့် ပြုပြင်ပြောင်းလဲမှုများ လိုအပ်ပေသည်။

ဥပဒေပြုရေးဆိုင်ရာ အခြားပြုပြင်ပြောင်းလဲမှုများ

မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးမှုတည်ဆောက်ပြီး လူ့အခွင့်အရေးများကို ဆုပ်ကိုင်သော ပတ်ဝန်းကျင် ဖော်ဆောင်နိုင်ရန် အခြေခံဥပဒေပြောင်းလဲမှုအပြင် အခြားဥပဒေပြောင်းလဲမှုများလည်း လိုအပ်ပါသည်။ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်စည်းရုံးခွင့် ဥပဒေ ပုဒ်မ ၁၈ ပြောင်းလဲရန်နှင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး စံချိန်စံနှုန်းများ ရှိသော အသင်းအဖွဲ့ဥပဒေ နှင့် ပုံနှိပ်ထုတ်ဝေခြင်းဆိုင်ရာ ဥပဒေ ချမှတ်ရန် လိုအပ်ပေသည်။ ၂၀၁၂ခုနှစ်၊ ဒီဇင်ဘာလကုန်တွင် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ဖြင့် လွတ်မြောက်လာသူတို့မှာ မိမိတို့အားစွဲဆိုထားသော ပြစ်မှုဆိုင်ရာ ဥပဒေများဆက်လက်၍ တည်ရှိနေသဖြင့် လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်နှင့် စုဝေးခွင့် စသည့် လူ့အခွင့်အရေးများကို ချိုးဖောက်ဆဲရှိနေပါသည်။ အာဏာပိုင်များနှင့် တွေ့ဆုံရာတွင် ဤဥပဒေနှင့် အခြားဥပဒေများ ပြောင်းလဲလျှက် ရှိနေသည်ဟု ထပ်မံပြောကြားခဲ့သော်လည်း ထင်ရှားသော ဖော်ဆောင်မှုများ ထွက်ပေါ်လာခြင်း မရှိသေးပေ။ ဥပဒေပြုပြောင်းလဲချက်များမှာ အချိန်ယူရမည်ဖြစ်သော်လည်း လူ့အခွင့်အရေး ချိုးဖောက်မှု ဆက်လက်၍ ရှိစေသော ဥပဒေများကို လွှတ်တော်က ဦးစားပေး၍ ပြောင်းလဲရန် လိုအပ်ပေသည်။

သတင်းမီဒီယာလွတ်လပ်ခွင့်

မြန်မာနိုင်ငံတွင် သတင်းမီဒီယာလွတ်လပ်ခွင့် ပိုမို တိုးမြင့်လာကြောင်း ကျွန်တော် ချီးမွမ်းပြောကြား ခဲ့ပါသည်။ သို့ရာတွင် လက်ရှိအခြေအနေမှာ သတင်းမီဒီယာ၏ လွတ်လပ်ခွင့်သည် အတိုင်းအတာတခုသာ ရှိနေပါသည်။ ယခုခရီးစဉ်တွင် သတင်းစာဆရာကြီးများက မသေချာမရေရာသော အခြေအနေဖြင့် လုပ်ကိုင်နေရပြီး စစ်တပ်နှင့် အခြားအာဏာရှိလူတန်းစားများ၏ အရေးကိစ္စများအကြောင်း နီးစပ်စွာရေးသားထုတ်ဖော်လာပါက ဖမ်းဆီးခြင်းကို စိုးရိမ်နေရသော အခြေအနေအောက်တွင် လုပ်ကိုင်နေရကြောင်း ပြောကြားခဲ့သည်။ လွန်ခဲ့သော ရက်သတ္တပတ်များက ယူနတီဂျာနယ်မှ သတင်းစာဆရာ ၄ ဦးနှင့် အကြီးတန်းအရာရှိ ၁ ဦး တို့သည် ဓာတုလက်နက်စက်ရုံများအကြောင်း သတင်း ရေးသားစုံစမ်းရာတွင် ဖမ်းဆီးချုပ်နှောင်ထားခြင်း ခံခဲ့ရပေသည်။ ကယားပြည်နယ်တွင် Daily Eleven မှ သတင်းထောက်တစ်ဦးသည် အကျင့်ပျက်ခြစားမှုနှင့် ပတ်သက်သော သတင်းလိုက်ရင်း ၃ လ အကျဉ်းချခံခဲ့ရသည်။ ကျွန်တော် အင်းစိန်ထောင်ရောက်စဉ်က ယူနတီဂျာနယ်မှ သတင်းစာဆရာများကို တွေ့ရန်ကြိုးစားခဲ့သော်လည်း ၄င်းတို့အား လွန်ခဲ့သော ၂ရက်က အခြားအကျဉ်းထောင်သို့ ပြောင်းရွှေ့ထားကြောင်း သိရှိခဲ့ရသည်။ ကျွန်တော် ပြန်ကြားရေးဝန်ကြီးနှင့် တွေ့ခဲ့စဉ်က ယာယီစာနယ်ဇင်း ကောင်စီနှင့် ပိုမိုနီးကပ်စွာ ဆက်ဆံရန်နှင့် သတင်းစာဆရာများသည် အာဏာပိုင်များနှင့် ငြင်းပွားမှုရှိပါက ကြားဝင်ဖြေရှင်းရန် တိုက်တွန်းခဲ့သည်။ လျှို့ဝှက်မှုကြီးမားသော သတင်းလိုက်သည့် သတင်းစာဆရာများအား ထိန်းသိမ်းချုပ်နှောင်ခြင်းသည် မြန်မာနိုင်ငံ၏ အတိတ်တွင်သာ ထားခဲ့ရမည့် လုပ်ရပ်ဖြစ်ပေသည်။

ရခိုင်ပြည်နယ်

ရခိုင်ပြည်နယ်မှာ ပြည်နယ်ရဲချုပ်နှင့် ကျွန်တော် အချိန်ယူဆွေးနွေးခဲ့ပါသည်။ ဇန္န၀ါရီလ ၁၃ရက်နှင့် ၁၄ရက်နေ့၌ ဒူချီးယာတန်းရွာမှာ ရွာသားများကခေါ်ဆောင်ပြီးသတ်ဖြတ်ခဲ့သည်ဟု သိခဲ့ရသော ရဲအရာရှိ တစ်ဦးအား ရဲသား ၁၀၀ ကျော်က ကျည်ပါလက်နက်များဖြင့် ကြီးမားသောလုံခြုံရေး စီမံချက်ဆောင်ရွက်ခဲ့ကြောင်း ပြည်နယ်ရဲချုပ်က ပြောပါသည်။ ရွာသားများအား ကိုယ်ထိလက်ရောက်ခံစားစေပြီး ၄င်းတို့၏ ပစ္စည်းများ ပျက်ဆီးစေသည့် အဖြစ်အပျက်များရှိခဲ့ခြင်းကို ၄င်းက ငြင်းဆိုခဲ့ပေသည်။ သို့ရာတွင် အဆိုပါရဲစီမံချက်ဆောင် ရွက်နေစဉ် ဆိုးဝါးသော လူအခွင့်အရေးချိုးဖောက်မှုများ ရှိခဲ့သည်ဟု စွပ်ဆွဲချက်များကို ကျွန်တော် ဆက်လက်၍ ရရှိသည့် အပြင် ထိုစွပ်ဆွဲချက်များတွင် ရခိုင်လူအုပ်များပါဝင်ပြီး အမျိုးသား၊ အမျိုးသမီးနှင့် ကလေးများ ရက်စက်စွာ သက်ဖြတ်ခြင်း၊ အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပြုခြင်းနှင့် ပစ္စည်းဥစ္စာလုယက် မီးရှို့ခြင်း စသည့် စွပ်ဆွဲချက်များလည်း ပါဝင်သည်။ ပြည်တွင်းစုံစမ်းမှုများသည် ဤဆိုးရွားသော စွပ်စွဲချက်များကို ကျေနပ်မှုရသည် အထိ ရင်ဆိုင်ဖြေရှင်းနိုင်ခြင်း မရှိခဲ့ပေ။ မြန်မာနိုင်ငံအစိုးရသည် အရေးကြီးသော အကြောင်းအရာများဖြစ်သည့် အဓမ္မစေခိုင်းခြင်း၊ စီးပွားရေးဖွံ့ဖြိုးမှုနှင့် ရဲနှင့် စစ်တပ်အတွက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးစံချိန် စံနှုန်းများနှင့်ဆိုင်သော သင်တန်းများပေးအပ်နိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာ အသိုင်းအ၀န်းနှင့်အတူ ဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ပြသခဲ့သည်။ ထိုကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုသည် မြန်မာနိုင်ငံလက်ရှိရင်ဆိုင် နေရသော အရေးကြီးဆုံးစိန်ခေါ်မှု တစ်ရပ်ကိုပါ ထည့်သွင်းဖြေရှင်းသွားရန် လိုအပ်နေပေသည်။ ထိုစိန်ခေါ်မှုမှာ နိုင်ငံ၏ သမိုင်းတလျှောက်တွင် ပြစ်ဒဏ်ပေးခြင်းမှ ကွင်းလုံးကျွတ် လွတ်ကင်းခွင့်ရှိနေကြခြင်း(impunity) ပင်ဖြစ်သည်။ အကယ်၍ နိုင်ငံတော်သမ္မတမှ မကြာခင်ကဖွဲ့စည်းခဲ့သော ဒူချီယားတန်းဖြစ်ရပ်စုံစမ်းရေး ကော်မရှင် သည် နိုင်ငံတကာစံချိန်စံနှုန်းပြည့်မီသော စုံစမ်းစစ်ဆေးမှု ဆောင်ရွက်ခြင်းမပြုနိုင်ပါက မြန်မာနိုင်ငံ အစိုးရနှင့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီတို့ ပူးပေါင်းပြီး ဒူချီယားတန်းဖြစ်ရပ်မှန်ကို ဖော်ထုတ်နိုင်သော ခိုင်လုံမှုရှိသည့် စုံစမ်းစစ်ဆေးရေး ဆောင်ရွက်ကာ လူ့အခွင့်အရေးချိုးဖောက်သည့် မည်သူ့ကိုမဆို အရေးယူရမည်ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ အသိုင်းအ၀န်း၏ နည်းပညာကူညီမှု၊ ပါဝင်ခြင်းနှင့် ထောက်ပံ့ခြင်း ရှိသော စုံစမ်းစစ်ဆေးမှု သည် မြန်မာနိုင်ငံတွင်း၌ ပြစ်ဒဏ်ပေးခြင်းမှ ကွင်းလုံးကျွတ် လွတ်ကင်းခွင့်ရှိနေခြင်းထုံးစံကို ပယ်ဖျက်နိုင်ရန် အခွင့်အလမ်း တစ်ရပ်ပင်ဖြစ်သည်။

ဤအကြောင်းနှင့် စပ်လျှဉ်း၍ ဒူချီယားတန်းအဖြစ်အပျက်ကို လွတ်လပ်သော စုံစမ်းစစ်ဆေးမှုရရှိနိုင်ရန်နှင့် နိုင်ငံတကာ ကျွမ်းကျင်သူများ ပါဝင်ခြင်းအတွက် အကြံပေးမှုများကို ပြည်ထဲရေးဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးရာတွင် ၄င်း၏ ပွင့်လင်းမှုကြောင့် ကျွန်တော် အားတက်ခဲ့သည်။

ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာ ဒုက္ခသည်များ၏ အခြေအနေမှာ ယခုအချိန်အထိ စိုးရိမ်မကင်း ဖြစ်ဖွယ်ရာ ရှိနေသေးသည်။ မူဆလင်အသိုင်းအ၀န်းသည် ဗုဒ္ဓဘာသာအသိုင်းအ၀န်းနှင့် ကင်းကွာစွာ ဖယ်ထုတ်ခြင်းခံရပြီး ၄င်းတို့၏ လွတ်လပ်စွာ သွားလာခွင့်မှာ လုံးဝ ပိတ်ပင်ခြင်းခံရသည်။

ကျွန်တော် အောင်မင်္ဂလာရပ်ကွက်ကို တဖန်သွားရောက်လေ့လာ ခဲ့ပါသည်။ ထိုရပ်ကွက်မှာ စစ်တွေမြို့ လယ်ရှိ လူမျိုးတစ်စုနေ ကန့်သတ်ရပ်ကွက်(ghetto)ဟုသာ ဆိုနိုင်ပေသည်။ ထိုကဲ့သို့ လွတ်လပ်စွာ သွားလာမှုအပေါ် ချိန်ရွယ်ကန့်သတ်ခြင်းသည် အခြားလူ့အခွင့်အရေးများဖြစ်သော အသက်မွေးဝမ်းကြောင်း ရှာနိုင်ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေးတို့အပေါ် သက်ရောက်မှုရှိသည့်အပြင် ရိုဟင်ဂျာ အသိုင်းအ၀န်းအပေါ် စနစ်တကျ ခွဲခြားဆက်ဆံမှုကို ပိုမိုခိုင်မြဲစေပါသည်။

အထူးစိုးရိမ်ဖွယ်ဖြစ်ရသည့်အချက်မှာ ရိုဟင်ဂျာများအပေါ် မုန်းတီးမှု လှုံဆော်ဆောင်ရွက်မှုများရှိနေခြင်း ပင်ဖြစ်ပါသည်။ သာမန်ရခိုင် ဗုဒ္ဓဘာသာဝင်များသည် နှစ်ပေါင်းများစွာ လစ်လျူရှုခြင်း ခံထားရသည့် ၄င်းတို့၏ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးများအား လေးစားစေလိုခြင်း၊ မြှင့်တင်ကာကွယ်လိုခြင်းတို့ကို ရိုးဆင်းစွာနှင့် တရားနည်းလမ်းကျစွာ လိုလားကြပါသည်။ ရခိုင်ဗုဒ္ဓဘာသာအသိုင်းအ၀န်း၏ နာကျည်းခံစားချက် များကို ကြားနာလက်ခံစဉ်းစားပေးရမည်။ သို့သော်လည်း အချို့ လူထုအခြေပြုအဖွဲ့များနှင့် နိုင်ငံရေးအဖွဲ့ အစည်းများက ၄င်းတို့အား မိမိတို့၏ နိုင်ငံရေးနှင့် အစွန်းရောက် ရည်ရွယ်ချက်များ ဖော်ကျုးနိုင်ရန် ကြိုးကိုင် အသုံးချပြီး အမုန်းတရားဖြစ်ပေါ်စေရန် လှုံဆော်မှုများ ပြုလုပ်လျက်ရှိပါသည်။ ထိုသို့လုပ်ဆောင်ခြင်းကြောင့် အကျိုးဆက်များ အဖြစ်တွေ့ရှိရသည်မှာ ရိုဟင်ဂျာများအား ပြင်းထန်သည့် တိုက်ခိုက်မှုများ ဖြစ်ပေါ်စေခဲ့ပြီး အဆိုပါ အကြမ်းဖက်မှုများ သည် ရခိုင်ပြည်နယ် ပြင်ပသို့ ကူးစက်ပြန့်နှံခဲ့ပါသည်။

ရိုဟင်ဂျာများနှင့် ရခိုင် ဗုဒ္ဓဘာသာဝင်များအား အသက်ကယ်တင်သည့် အကူအညီများပေးနေသည့် လူသားချင်း စာနာထောက်ထားမှု လုပ်ငန်းများလုပ်ဆောင်နေသည့် အဖွဲ့အစည်းများအား ခြိမ်းခြောက်မှုများ ပိုမိုများပြားလာပြီး ၄င်းတို့၏ လုပ်ငန်းလုပ်ဆောင်မှုများကို တားဆီးမှုများ ရှိနေပါသည်။ ဤလုပ်ရပ်များကို ရပ်တန်းက ရပ်နိုင်ကြရန် ပြည်နယ်နှင့် ဒေသဆိုင်ရာအာဏာပိုင်များက အမုန်းတရားဟောပြောခြင်းနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို တရားဥပဒေစိုးမိုးရေးနှင့်အညီ ရင်ဆိုင်တားမြစ်ရန် လိုအပ်ပေသည်။

ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ

ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများအား ပြန်လွှတ်ပေးရာတွင် မြန်မာနိုင်ငံအနေဖြင့် တိုးတက်မှု များစွာ ရှိခဲ့ပါသည်။ ၂၀၁၁ခုနှစ် မေလမှ စတင်ပြီး နိုင်ငံတော်သမ္မတမှ လွတ်ငြိမ်းချမ်းသာခွင့် ၁၅ ကြိမ် ကြေညာခဲ့ပြီး ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူပေါင်း ၁၁၀၀ကျော်အား လွှတ်ပေးခဲ့ပါသည်။ အဆိုပါအချက်မှာ ဦးသိန်းစိန် အစိုးရအတွက် အထူးအရေးပါသည့် အောင်မြင်မှုဖြစ်ပါသည်။ လွန်ခဲ့သည့်နှစ် ဖေဖော်ဝါရီလက ဖွဲ့စည်းခဲ့သည့် အကျဉ်းသားများ စီစစ်ရေးကော်မတီ၏ လုပ်ဆောင်ချက်များကိုလည်း ကျွန်တော် ချီးကျူးလိုပါသည်။

အချို့သော ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ ကျန်ရှိနေပါသေးသည်။ နေပြည်တော်တွင် ကျွန်တော် ဦးစိုးသိမ်း နှင့် တွေ့ဆုံစဉ် ၄င်းက ကျန်ရှိနေသည့် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ အားလုံးကို လွှတ်ပေးရန်အတွက် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကျွန်တော့်ကို ထပ်လောင်း ကတိပေး ပြောကြား ခဲ့ပါသည်။ အကျဉ်းသားများ လွတ်မြောက်စေရန်နှင့် နောင်အနာဂတ်တွင် နိုင်ငံရေးအကြောင်းပြချက်ဖြင့် ဖမ်းဆီးခြင်းမပြုရန် အကျဉ်းသားများ စီစစ်ရေးကော်မတီနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားရန် ကျွန်တော် အစိုးရကို တိုက်တွန်းပြောကြားလိုပါသည်။

ထို့အပြင် ယုံကြည်ချက်ကြောင့် ဖမ်းဆီးခြင်းများကို နောင်အနာဂတ်တွင် တားဆီးနိုင်ရန်အတွက် လိုအပ်သော ဥပဒေနှင့် ဌာနပိုင်းဆိုင်ရာ(Institutional Reform) ပြုပြင်ပြောင်းလဲမှုများ ယခုအချိန်အထိ ဖော်ဆောင်ထားခြင်း မရှိသေးပါ။ ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ရက်နေ့က ထုတ်ပြန်ခဲ့သည့် နိုင်ငံတော် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်တွင် ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းဥပဒေဆိုင်ရာ အမှုများလည်း ပလပ်ခဲ့ပါသည်။ သို့ရာတွင် ဤဥပဒေများနှင့် ပြဿနာတက်ဖွယ်ရှိနိုင်သော အခြားဥပဒေများမှာ တည်ဆဲရှိနေ ပါသည်။ နိုင်ငံတော် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာပြီးနောက်ပိုင်း မြေပိုင်ခွင့် အခွင့်အရေး လှုပ်ရှားသူ များ အပါအ၀င် အခြားသူများကိုလည်း အဆိုပါ ဥပဒေ ပုဒ်မ ၁၈ အရ ဖမ်းဆီးမှုများ ရှိခဲ့ပါသည်။

လွှတ်တော်က မတရားအသင်းဖျက်သိမ်းခြင်းဥပဒေအပါအ၀င် အဆိုပါဥပဒေများကို ဦးစားပေး ပြောင်းလဲ သွားရန် လိုအပ်ပေသည်။ ထိုကဲ့သို့ လုပ်ဆောင်နေချိန်တွင် ဤကဲ့သို့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး စံချိန်စံနှုန်းများ မမီသော ဥပဒေများကို ရဲနှင့် တရားရေးမဏ္ဍိုင်တို့က မကျင့်သုံးတော့ရန် အစိုးရမှ တာဝန်ယူလုပ်ဆောင်ပေးရမည်။

စစ်တွေအကျဉ်းထောင်အတွင်း သန်းရွှေအမည်ရှိ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသော ရိုဟင်ဂျာ အကျဉ်းသားတစ်ဦးအား ကျွန်တော် တွေ့ဆုံခဲ့ပါသည်။ ၄င်းအားဖမ်းဆီးရခြင်း အကြောင်းအရင်းမှာ ကျွန်တော် လွန်ခဲ့သည့်နှစ် သြဂုတ်လအတွင်းက ဘူးသီးတောင်မြို့သို့ရောက်စဉ် ကျွန်တော်နှင့် လာရောက်တွေ့ဆုံရန် ကြိုးစားခဲ့ခြင်းကြောင့်ဖြစ်သည်။ ထိုသို့သော လူ့အခွင့်အရေးချိုးဖောက်မှုသည် လူ့အခွင့်အရေး အစီအရင်ခံစာ တင်သွင်းသူအား လူပုဂ္ဂိုလ်များနှင့် တွေ့ဆုံပြီး ၄င်းတို့၏ စိုးရိမ်ကြောင့်ကြမှုများကို နားထောင်ခွင့် တားမြစ်မှုဖြစ်၍ ကျွန်တော့်အား အပ်နှင်းထားသည့်တာဝန်အား ထိခိုက်စေပါသည်။ စစ်တွေအကျဉ်းထောင်တွင် ကျော်လှအောင်နှင့် လည်းကောင်း အင်းစိန်အကျဉ်းထောင်သို့ မကြာသေးခင်က ပြောင်းရွှေ့ခဲ့သော ဒေါက်တာထွန်းအောင်နှင့်လည်း ကောင်း တွေ့ဆုံခဲ့ပြီး အဆိုပါ အသက်ကြီး အကျဉ်းသားများနှင့် နိုင်ငံတကာ အစိုးရမဟုတ်သည့်အဖွဲ့မှ ၀န်ထမ်း ၃ ဦး တို့အား အမြန်ဆုံးလွှတ်ပေးရန်လိုကြောင်း အစိုးရအား ထပ်လောင်းပြောကြားခဲ့ပါသည်။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ( ILO )နှင့် ဆက်သွယ်ပြီး စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုရန် တောင်းဆိုခဲ့သည့် အတွက် အင်းစိန်အကျဉ်းထောင်တွင် အကျဉ်းကျနေသည့် ဦးချစ်ကိုနှင့်လည်း တွေ့ဆုံခဲ့ပါသည်။ ထိုအချက်အရ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများအား နိုင်ငံတော် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်တွင် စစ်မှု ထမ်းဟောင်းများ အကျုံးဝင်ခြင်းမရှိကြောင်း သိရသည်။ အဆိုပါအချက်အား အစိုးရအနေဖြင့် ဖြေရှင်းရန် လိုမည်ဖြစ်သည်။ ကျွန်တော် အဆိုပါကိစ္စများနှင့် ပတ်သက်ပြီး နေပြည်တော်တွင် ပြည်ထဲရေးဝန်ကြီးနှင့် ဆွေးနွေးခဲ့ ပါသည်။

ရဲအချုပ်ကျနေစဉ် ညှင်းပန်းနှိပ်စက်ခြင်း

အချုပ်ခန်းများတွင် ညှင်းပန်းနှိပ်စက်ခြင်းများ ဆက်လက်ဖြစ်ပေါ်နေမှုများအတွက် ကျွန်တော်စိုးရိမ် မကင်းဖြစ်ရပါသည်။ ယခုအခါ နိုင်ငံတ၀ှမ်းရှိ အချုပ်ခန်းများတွင် စီစီတီဗီ ကင်မရာများ တပ်ဆင်ထားပြီးဖြစ်ကြောင်း ရဲချုပ်က ကျွန်တော်နှင့် တွေ့ဆုံစဉ်က ပြောပါသည်။ ထိုသို့ပြုလုပ်ခြင်းမှာ အပြုသဘောဆောင်သည့် လုပ်ဆောင်မှု ဖြစ်ပါသည်။ သို့ရာတွင် ညှင်းပန်းနှိပ်စက်ခြင်း ကျုးလွန်သူများအား အပြစ်ပေးအရေးယူခြင်းများမှာ အားနည်းလျှက် ရှိပါသည်။ ရဲအချုပ်တွင် ညှင်းပန်းနှိပ်စက်မှုကြောင့် သေဆုံးခဲ့ရသည့် ဦးသန်းထွန်း၏ မိသားစုနှင့် ကျွန်တော် ရန်ကုန်တွင် တွေ့ဆုံခဲ့ပါသည်။ ပြစ်မှုကျူးလွန်သူကို သိသည့်တိုင် ၄င်းအား ပြစ်မှုဆိုင်ရာဥပဒေအရ အရေးယူခြင်း မရှိသေးပါ။ အုပ်ချုပ်ရေးဆိုင်ရာနည်းလမ်းအရ ဒဏ်ခတ်ခြင်းသာ ရှိခဲ့ပါသည်။

ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ

မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှု လုပ်ငန်းစဉ်အား အကောင်အထည်ဖော်ရာတွင် လူ့အခွင့်အရေးဆိုင်ရာ စံနှုန်းနှင့် စည်းမျဉ်းများ၏ အရေးပါမှုမှာ ဦးစားပေးရမည့် အချက်ဖြစ်ပါသည်။ ရန်ကုန်တွင် ကျွန်တော် သီလ၀ါ အထူးစီးပွားရေးဇုံသို့ သွားရောက်ခဲ့ပါသည်။ အဆိုပါ စီးပွားရေးဇုံအား ဂျပန်နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီမှ ထောက်ပံ့လျှက်ရှိပါသည်။ အဆိုပါ ဖွံ့ဖြိုးရေးလုပ်ငန်းအကောင်အထည်ဖော်ရန်အတွက် ရွာသားပေါင်းမြောက်များစွာ ပြောင်းရွှေ့ခံခဲ့ရပါသည်။ သီလ၀ါ ဖွံ့ဖြိုးရေးဇုံ စီမံခန့်ခွဲ မှုကော်မတီနှင့် တွေ့ဆုံရာတွင် ၄င်းတို့အနေဖြင့် အဆိုပါ စီမံကိန်း အကောင်အထည်ဖော်မှုနှင့် ပက်သက်နေသည့် လူ့အခွင့်အရေးဆိုင်ရာ အကျိုးသက်ရောက်မှုများကို ဖြေရှင်းသွားရန် လိုလားမှု ပြသခဲ့ပါသည်။ အဆိုပါ အစည်းအဝေးအပြီးတွင် ဒေသခံများအား ပြောင်းရွှေ့ထားသော နေရာများကို သွားရောက်လေ့လာခဲ့ပြီး လယ်သမားများနှင့် စကားပြောခဲ့ရာတွင် ၄င်းတို့သည် နေရာအသစ်တွင် အသက်မွေးဝမ်းကြောင်းအတွက် အလုပ်အကိုင်အခက်အခဲနှင့် ကြုံတွေ့နေရပြီး ၄င်းတို့ ရွေးချယ်ထားခြင်း မဟုတ်သည့် နေရာသစ်တွင် အသားတကျနေထိုင်ရန် အခက်အခဲနှင့် တွေ့ကြုံနေရကြောင်း သိရှိခဲ့ရပါသည်။ စိန်ခေါ်မှုတစ်ရပ်မှာ ၄င်းတို့အတွက် အခွင့်အလမ်းများပိုမိုတိုးပွားလာနိုင်သည့် ရေရှည် အသက်မွေးဝမ်းကြောင်း အကူအညီပေးအပ်ရန် လိုအပ်ပြီး စီမံခန့်ခွဲရေးကော်မတီကပင် ထိုသို့လုပ်ဆောင်ပေးနိုင်ရန်အတွက် အခက်အခဲများ ကြုံတွေ့နေရကြောင်း ၀န်ခံပြောကြားခဲ့ပြီး အကူအညီနှင့် အကြံဥာဏ်အသစ်များတောင်းဆိုခဲ့ပါသည်။ နိုင်ငံတကာ အသိုင်းအ၀န်းအနေဖြင့် စီမံခန့်ခွဲမှုကော်မတီ၏ လုပ်ငန်းဆောင်တာများအား အကူအညီပေးသင့်ပါသည်။ ထိုမှသာ သီလ၀ါစီမံကိန်းသည် လူ့အခွင့်အရေးဆိုင်ရာ စံနှုန်းများဖြင့် အကောင်အထည်ဖော်ထားသည့် ကြီးမား ကျယ်ပြန့်သည့် စီးပွားရေးဖွံ့ဖြို့မှု စီမံကိန်းတစ်ရပ်အနေဖြင့် စံနမူနာပြုဖော်ဆောင်နိုင်မည် ဖြစ်သည်။

ကျွန်တော့် ခရီးစဉ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးမုံရွာခရိုင်ရှိ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း များကို သွားရောက်ခဲ့ပါသည်။ အစိုးရက ထိခိုက်ခံစားရသူ ဒေသခံများ၏ လိုအပ်ချက်များအားဖြည့် ဆည်းပေးရန် ကော်မတီတစ်ရပ် ဖွဲ့စည်းပေးခဲ့ခြင်းအား ကျွန်တော် ချီးကျူးသည့်အလျှောက် အဆိုပါ ကော်မတီ၏ အဓိကအကြံပြုချက်များကို အကောင်အထည်ဖော်ရန်အတွက် အစိုးရမှ နိုင်ငံရေးသန္နိဋ္ဌာန်ချမှတ်ထားခြင်း မရှိကြောင်း တွေ့ရပါသည်။ အကျိုးဆက်အနေဖြင့် စီမံကိန်းအနီးတ၀ိုက် နေထိုင်သူများမှ လျှော်ကြေးပေးမှု၊ အဓမ္မရွှေ့ပြောင်းမှုနှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်ပြီး မကျေနပ်မှုများ ဆက်လက်ကျန်ရှိနေပါသေး သည်။ ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် အစိုးရက ဆန္ဒပြပွဲကို အင်အားအလွန်အကျွံအသုံးပြုပြီး ဖြိုခွင်းခဲ့ရာတွင် ဒဏ်ရာရရှိခဲ့သည့် သံဃာတော်နှစ်ပါးနှင့် မုံရွာတွင် ကျွန်တော် တွေ့ဆုံခဲ့ပါသည်။ ဘာသာရေးဆိုင်ရာ အဆောက်အဦးများ ရွေ့လျှားခြင်းနှင့် ဖျက်ဆီးခြင်းများ ပက်သက်ပြီး ၄င်းတို့၏ စိုးရိမ်ကြောင့်ကြမှုများကို ထုတ်ဖော် ပြောကြားခဲ့ပါသည်။ အဆိုပါ တောင်းဆိုသံများကို ဖိနှိပ်မည့်အစား ဒေသခံများ၏ လိုအပ်ချက်များကို နည်းလမ်းကျပြီး ရေရှည်တွင် အကျိုးရှိစေမည့် ညှိနှိုင်းဆွေးနွေးမှုနှင့် စီမံကိန်းနှင့် ပတ်သက်သည့် လူ့အခွင့်အရေး ဆိုင်ရာ ရှု့ထောင့်အားနိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းရန် ဆန္ဒရှိမှုတို့ လိုအပ်မည် ဖြစ်ပါသည်။

လတ်တလောအချိန်၌ မြန်မာနိုင်ငံတွင် မြေယာအသုံးချသူများ၏ အခွင့်အရေးမှာ လုံခြုံစိတ်ချမှု မရှိပါ။ ဥပဒေအရ ခိုင်မာသည့် မြေယာပိုင်ခွင့် မရှိသည့်အတွက် ပြည်သူများမှာ အဓမ္မနှင်ထုတ်ခြင်း ခံနေကြရပါသည်။ ထိုသို့ပြုလုပ်မှုကြောင့် အိမ်ယာမြေနေထိုင်ခွင့်၊ ကျန်းမာရေး၊ ပညာရေး၊ အသက်မွေးဝမ်းကြောင်းလုပ်ပိုင်ခွင့်နှင့် လူပုဂ္ဂိုလ်တစ်ဦးချင်းတို့၏ လုံခြုံရေးတို့နှင့် ပတ်သက်သည့် လူ့အခွင့်အရေးများအား ဆိုးရွားစွာ ချိုးဖောက်ရာ ရောက်သည်။ မကြာသေးမီက အင်အားသုံးပြီးရွှေ့ပြောင်းခံခဲ့ရသည့် ရန်ကုန်မြောက်ပိုင်း ဆင်ခြေဖုံးရပ်ကွက်တွင် နေထိုင်သူများနှင့် ကျွန်တော် ယခုခရီးစဉ်အတွင်း တွေ့ဆုံခဲ့ပါသည်။ ၄င်းတို့အား စစ်တပ်ပိုင်မြေတွင် နေထိုင်နေသည်ဟု ပြောဆိုကာ ရွှေ့ပြောင်းစေခဲ့ပါသည်။ ရွှေ့ပြောင်းမှုတွင် အစိုးရအရာထမ်း ၂၀၀၀ ခန့် ပါဝင် လုပ်ဆောင်ခဲ့ကြောင်း သိရှိရပါသည်။ မြေယာပိုင်ဆိုင်မှုဆိုင်ရာ အခွင့်အရေးသည် လာမည့်နှစ်များအတွင်း အစိုးရမှ ကြုံတွေ့ရမည့် အဓိက စိန်ခေါ်မှုများအနက် တစ်ခုပါဝင်ပါသည်။ အဆိုပါအချက်အား ထိပ်တန်းအစိုးရ အကြီးအကဲများ ကိုယ်တိုင်က အသိအမှတ်ပြုကြောင်း ကျွန်တော့် ခရီးစဉ်အတွင်း သိရှိခဲ့ရပါသည်။

တရားဥပဒေစိုးမိုးရေး

တရားဥပဒေစိုးမိုးရေးသည် မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသည့် လူ့အခွင့်အရးဆိုင်ရာစိန်ခေါ်မှုများ အားလုံးအတွက် အခြေခံလိုအပ်ချက်ဖြစ်သည့်အပြင် ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးလုပ်ငန်းစဉ်တို့အတွက်လည်း အဓိကကျပါသည်။ နေပြည်တော်တွင် ကျွန်တော် တရားသူကြီးချုပ်နှင့် ရှေ့နေချုပ်တို့နှင့် တွေ့ဆုံစဉ် တရားရေးနှင့် သက်ဆိုင်သူများနှင့် ၀န်ကြီးဌာနများ၏ စွမ်းရည်မြှင့်တင်ရေးများ လုပ်ဆောင်နေကြောင်း ကြားသိခဲ့ရသည့်အတွက် အားရကျေနပ်ပါသည်။ သို့ရာတွင် တရားစီရင်ရေးမဏ္ဍိုင်သည် လွတ်လပ်မှုမရှိပါက တရားဥပဒေစိုးမိုးရေးဟူ၍ မရှိနိုင်ပါ။ ထို့အပြင် တရားဥပဒေစိုးမိုးရေး မရှိပါက စီးပွားရေးဖွံ့ဖြိုး တိုးတက်လာခြင်းသည် မြန်မာနိုင်ငံ၏ လူမှုအဖွဲ့အစည်းနှင့် သဘာဝပတ်ဝန်းကျင်အား ပျက်ဆီးစေနိုင်ပါသည်။ ထိုမှတဆင့် ခေါင်းပုံဖြတ်မှု ပိုမိုဖြစ်ပွားပြီး အခွင့်ထူးခံ လူတန်းစားများ၏ အခြေအနေများ ပိုမိုခိုင်မာလာစေနိုင် မည်ဖြစ်သည်။ စစ်အုပ်ချုပ်ရေး ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ပြီးနောက် ယခုလို အခြေအနေမျိုးရောက်ရှိ လာလေခြင်းမှာ မှန်သော်ငြားလည်း အသွင်ကူးပြောင်းမှု ကာလတွင် တရားဥပဒေစိုးမိုးရေး တည်မြဲရန် လိုအပ်ပေ သည်။

နိဂုံး

ကျွန်တော်၏ ခြောက်နှစ်တာ Mandate တာဝန်ကာလအတွင်း မြန်မာနိုင်ငံတွင် အရေးပါသည့် ပြောင်းလဲမှုများဖြစ်ခဲ့ပြီး လူ့အခွင့်အရေးအခြေအနေများ တိုးတက်မှုများ ကျွန်တော် မြင်တွေ့ခဲ့ရသည်။ ထိုသို့ တိုးတက်မှုများတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူများအားလွှတ်ပေးခြင်း၊ လွတ်လပ်စွာထုတ်ဖော် ပြောဆိုခွင့်ပိုများလာခြင်း၊ နိုင်ငံရေး လွတ်လပ်ခွင့် တိုးတက်လာခြင်းနှင့် တိုင်းရင်းသားလူမျိုးများနေထိုင်ရာ နယ်စပ်ဒေသများအတွင် တိုက်ပွဲများဖြစ်ပွားမှု အဆုံးသတ်ရေးအတွက် အရေးပါသည့် တိုးတက်မှုများရှိလာခြင်းတို့ ပါဝင်ပါသည်။ နောက်ကြောင်းပြန်လှည့်နိုင်သည့် အလားအလာမှာ နည်းပါးသော်လည်း ဒီမိုကရေစီအသွင် ကူးပြောင်းရေးကာလမှာ နုနယ်လျှက်ရှိနေသေးကြောင်း အကြီးတန်းအစိုးရအရာရှိတစ်ဦးက နေပြည်တော်တွင် ကျွန်တော့်ကို ၀န်ခံခဲ့သည်။ လက်ရှိအခြေအနေတွင် စစ်တပ်သည် မြန်မာနိုင်ငံ၏ လူမှုဘ၀နှင့် အဖွဲ့အစည်း များအပေါ်တွင် လွှမ်းမိုးနေသည့် အနေအထားတွင် ရှိနေပါသေးသည်။ ယေဘုယျအားဖြင့် နိုင်ငံတော်၏ အဖွဲ့အစည်း များသည် တာဝန်ခံယူမှု မရှိသေးသည့်အပြင် တရားစီရင်ရေး မဏ္ဍိုင်မှာလည်း အစိုးရနှင့် သီးခြားလွတ်လပ်စွာ ဆောင်ရွက်နိုင်ခြင်း မရှိသေးပေ။ ထို့ပြင် မြန်မာနိုင်ငံတွင် တရားဥပဒေ စိုးမိုးမှုရှိနေပြီဟု မဆိုနိုင်ပါ။ ရခိုင်ပြည်နယ်တွင်းရှိ အခြေအနေသည် အထူးစိန်ခေါ်မှုတစ်ရပ်ဖြစ်သည့်အလျှောက် ဖြေရှင်းမှု မရှိပါက(နိုင်ငံ၏) ပြုပြင်ပြောင်းလဲမှုကို အန္တရာယ်ပြုလာနိုင်သည်။

မြန်မာနိုင်ငံသည် လူမျိုး ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ နေထိုင်သည့် လူမှုအဖွဲ့အစည်းသို့ ပြောင်းလဲသွားနိုင် ရန် တိုင်းရင်းသားလူမျိုးစုများအကြား အပစ်အခတ်ရပ်စဲရေးနှင့် နိုင်ငံရေးသဘောတူညီချက်များ ရရှိနိုင်ခြင်းသည် အရေးပါသည့် စိန်ခေါ်မှုတစ်ရပ် ဖြစ်ပေသည်။

လူထုအခြေပြုအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများနှင့် လွတ်လပ်သော မီဒီယာများကို ပေးအပ်ထားသော လက်ရှိကန့်သတ်ထားသည့် လွတ်လပ်မှုများ ယခုထက်မက ပိုမိုလွတ်လပ်နိုင်ရန် အစိုးရအဖွဲ့အလွှာအသီးသီးတွင် စိတ်ဓာတ်ပိုင်းပြောင်းလဲမှု(A change of mindset) ဖြစ်ပေါ်လာရန် လိုနေသေးသည်။ အတိတ်ကာလက အဖြစ်အပျက်များကို ပြန်လည်သုံးသပ်ရန်လည်း အရေးကြီးလှပါသည်။ မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေး အောင်မြင်နိုင်စေရန်နှင့် ပြုပြင်ပြောင်းလဲမှုလုပ်ငန်းကို အားသစ်လောင်းစေရန်အတွက် မျိုးဆက်သစ်လူငယ်များနှင့် အမျိုးသမီးထု ပိုမိုပါဝင်လာစေရန် ဆောင်ရွက်ရမည်ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာအသိုင်းအ၀န်းနှင့် ဆက်ဆံရေးတွင် ရရှိထားပြီးဖြစ်သည့် တိုးတက်မှုများ အပေါ် ထပ်ဆင့် တိုးတက်အောင်ဆောင်ရွက်သွားရမည်။ ထိုသို့ဆောင်ရွက်ရာတွင် လုပ်ပိုင်ခွင့် အပြည့်အ၀ အပ်နှင်းထားသည့် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံး (OHCHR) ရုံးဖွင့်လှစ်ခွင့်ပြုရန် ပါဝင်သည်။

ကျွန်တော်၏ ခြောက်နှစ်တာ Mandate တာဝန်ကာလအတွင်း မြန်မာနိုင်ငံပြည်သူများ၏ လူ့အခွင့်အရေး အခြေအနေတိုးတက်လာခဲ့မည်ဟု ကျွန်တော်မျှော်လင့်ပါသည်။ အဆိုပါ Mandate သည် လူ့အခွင့်အရေး ကဏ္ဍကို ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများတွင် ထည့်သွင်းလာစေပြီး ဆက်လက် ထည့်သွင်းထားရန်လိုအပ်သောကြောင့် ဤ Mandate တာဝန်ကို နိုင်ငံအတွင်း လူအများသိရှိလေးစားအောင်လုပ်ရန် အရေးကြီးလှပါသည်။ ကျွန်တော်၏ တာဝန်သက်တမ်းတလျှောက်နှင့် ယခုခရီးစဉ်အတွင်း ဤလူ့အခွင့်အရေး Mandate တာဝန်ကို မြန်မာနိုင်ငံတ၀ှမ်း မည်မျှပင်အလေးထားကြောင်း ကျွန်တော် သတိပြုမိခဲ့သည်။ ကျွန်တော်၏ Mandate တာဝန်အပြီးတွင် အစိုးရကလည်းကောင်း လူထုအခြေပြုအဖွဲ့အစည်းများကလည်းကောင်း နိုင်ငံတကာအသိုင်းအ၀န်းတို့က လည်းကောင်း ဆက်လက်ဆောင်ရွက်သွားရမည့် လူ့အခွင့်အရေး လုပ်ငန်းစဉ်ကို ထင်ရှားမြင်သာစွာ ထားရှိပေး ခဲ့သည်။

ဤ Mandate တာဝန်ကို ပူးပေါင်းဆောင်ရွက်ပေးခဲ့သည့် ယခင်နှင့် လက်ရှိမြန်မာနိုင်ငံအစိုးရတို့ကို ကျွန်တော် ချီးကျုးထောပနာ ပြုလိုပါသည်။ ထိုကဲ့သို့ ပူးပေါင်းဆောင်ရွက်ခြင်းသည် ကုလသမဂ္ဂပဋိဥာဏ်စာချုပ်တွင် ဖော်ဆောင်ထားသည့် လူ့အခွင့်အရေး အချက်အလက်များအပေါ် အပြည်ပြည်ဆိုင်ရာ အသိုင်းအ၀န်းနှင့် ပူးပေါင်းခြင်းဖြင့် တိုးတက်မှုရှိနိုင်မည်ကို ပြသသည့် ဥပမာကောင်းတစ်ရပ်ဖြစ်ကြောင်း ကျွန်တော် ယုံကြည်ပါသည်။

(United Nations Information Centre Yangon Page မှကူးယူဖော်ပြသည်)

Comment ရေးရန်

Rohingya Exodus