နောက်ဆုံးသတင်း/ဆောင်းပါးများ

BGP ၏ လူဦးရေ စစ်ဆေးမှုတွင် မပါဝင်သူများ၏ နေအိမ် အသုံးအဆောင် ပစ္စည်းများ ဖျက်ဆီးခံရ




Rohingya Eye
RB News
24.8.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်းရှိ ကျေးရွာများတွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် မ.က.ဖ တို့၏ အတင်းအဓမ္မ ဘင်္ဂလီ ဇတ်သွင်းမှုတွင် ပါဝင် စစ်ဆေးခံရန် ငြင်းဆန်သည့်သူများ၏ နေအိမ် တံခါးများကို ဖျက်ဆီး၍ အိမ်အသုံး အဆောင် ပစ္စည်းများ ဖျက်ဆီး ခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် မြောက်ပိုင်း ဦးရှဥ့်ကျ (ဘူရာရှီဒါ ဖာရာ) သို့ နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် မ.က.ဖ တို့၏ အမည်ခံ လူဦးရေ စစ်ဆေးရန် သြဂုတ်လ (၂၁) ရက်နေ့က ရောက်ရှိလာခဲ့ရာ၊ ကျေးရွာသား အများစုက ပါဝင် စစ်ဆေးရန် ငြင်းဆန်ပြီးနောက် ရွာမှ တိမ်းရှောင် သွားခဲ့သည်။ ထို့နောက် စစ်ဆေးရေး အဖွဲ့နှင့် လုံထိန်းရဲများသည် တိမ်းရှောင်သွားသည့် ကျေးရွာသား များ၏ နေအိမ်များသို့ သွားရောက်၍ ၎င်းတို့၏ ဇနီးများကို ဖမ်းဆီးပြီး ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအာမီရ်ဟာကီးမ်၏ နေအိမ်သို့ ခေါ်ဆောင်လာခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ဖမ်းဆီးခံခဲ့ရသူများမှာ --

(၁) ဒေါ်ဟာမီဒါ (ဘ) ဦးရှာကဲရ် (အသက် ၄၇ နှစ်)
(၂) ဒေါ်ဇော်မီ (ဘ) ဦးဟာနီဖာ (အသက် ၄၀ နှစ်)
(၃) ဒေါ်ရာဇော်မာ (အသက် ၄၈ နှစ်)
(၄) ဒေါ်မော်ရီယမ်ခါတူ (ဘ) ဦးကော်ရီမျာ (အသက် ၄၇ နှစ်)
(၅) ဒေါ်ဖော်ရီဇာ (ဘ) ဦးဟာလာမျာ (အသက် ၄၅ နှစ်)
(၆) ဒေါ်ဟာမီဒါ (အသက် ၄၇ နှစ်) --- တို့ဖြစ်သည်။

ဖမ်းဆီးခံရသူများကို အတင်းအဓမ္မ ခြိမ်းခြောက်၍ စစ်ဆေးခံခိုင်းရာ (၅) ဦး စစ်ဆေးခံခဲ့သည့် အတွက် အဆိုပါ (၅) ဦးကို ပြန်လည် လွှတ်ပေးခဲ့သော်လည်း၊ စစ်ဆေးခံရန် ငြင်းဆန်သည့် ဦးအဒူဂေါ်နီ၏ ဇနီး ဒေါ်ဟာမီဒါကို ရေမျက်တောင်ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့သို့ ခေါ်ဆောင် သွားခဲ့သည်။ ညနေ (၆) နာရီ အချိန်တွင် ဒေါ်ဟာမီဒါကို စစ်ဆေးခံလျှင် ပြန်လည် လွှတ်ပေးမည်ဟု ဆို၍ အာမခံဖြင့် ပြန်လည် လွှတ်ပေးခဲ့သော်လည်း၊ စစ်ဆေးရေး အဖွဲ့က ၎င်း၏ နေအိမ်တံခါး ရိုက်ချိုး၍ အိမ်အတွင်းရှိ အိမ်အသုံး အဆောင် ပစ္စည်းများ ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

အလားတူ ၎င်းရွာရှိ မော်နူမာ (ဘ) ဦးအဘူတာလဲခ် (အသက် ၂၅ နှစ်) ၏ နေအိမ်သို့ စစ်ဆေးရေး အဖွဲ့သွားရောက်၍ စစ်ဆေးခံရန် ပြောရာ၊ မော်နူမာက ငြင်းဆိုသဖြင့် စစ်ဆေးရေး အဖွဲ့က ကိုယ်ထိလက်ရောက် စော်ကားခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် မ.က.ဖ တို့၏ လူမဆန်စွာ ကိုယ်ထိလက်ရောက် စော်ကားမှုကို ကြောက်ရွံ့၍ အိမ်ထောင်စု ၅၀ နီးပါး စစ်ဆေးခံခဲ့ ရသည်ဟု ဒေသခံများက ဆိုသည်။

အလားတူ သြဂုတ် (၂၁) ရက်နေ့က မောင်တောမြို့နယ် မြောက်ပိုင်း ပွင့်ဖြူချောင်း ကျေးရွာ (ဇာမိုက်န္နား) ကျေးရွာသို့လည်း စစ်ဆေးရေး အဖွဲ့များ ရောက်ရှိလာခဲ့ရာ၊ ကျေးရွာသားများက စစ်ဆေးခံရန် ငြင်းဆိုသဖြင့်၊ နေ့လည် ၁၂း၃၀ နာရီ အချိန်တွင် ဦးအာမာန်အူလ္လာ (ဘ) ဦးဆူဂျူးတ်ခါးန် (အသက် ၆၅ နှစ်) ၏ နေအိမ်တံခါးကို ရိုက်ချိုး၍ ခြိမ်းခြောက် အကျပ်ကိုင်၍ အစစ်ဆေးခံခိုင်းသည်။ ထိုကဲ့သို့ ကြမ်းတမ်းစွာ ပြုမူမှုများကြောင့် ရွာသား အများအပြား ရွာမှ တိမ်းရှောင် သွားခဲ့ကြောင်း သိရှိရပါသည်။

Comment ရေးရန်

Rohingya Exodus