နောက်ဆုံးသတင်း/ဆောင်းပါးများ

ညောင်ချောင်းမှ အပြစ်မဲ့ ဒေသခံတစ်ဦးကို စစ်တပ်က ဖမ်းဆီး၍ ထိပ်တုံးခတ်ထား




RB News
24.8.2014

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ညောင်ချောင်း ကျေးရွာမှ အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာ တစ်ဦးကို နယ်မြေ အခြေစိုက် တပ်ရင်းမှ ဗိုလ်ကြီး တစ်ဦးက ဖမ်းဆီး၍ ထိပ်တုံးခတ် ထားပြီး ငွေညှစ်ရန် ကြိုးစားလျက် ရှိကြောင်း သတင်း ရရှိပါသည်။

သြဂုတ်လ ၂၂ ရက်နေ့ ည ၉ နာရီ အချိန်တွင် ဘူးသီးတောင်မြို့နယ် အခြေစိုက် ခြေမြန်တပ်ရင်း ၂၆၃ မှ ဗိုလ်ကြီး တစ်ဦးနှင့် တပ်ဖွဲ့ဝင် များသည် ညောင်ချောင်း ကျေးရွာ အုပ်စု၊ ဘုရားပြင် အောင်ပ ကျေးရွာသို့ ၀င်ရောက်ပြီး ဦးနူရ်အလီ (ဘ) ဦးအစ္စလာမ်ကို ကျေးရွာ အုပ်ချုပ်ရေးမှူးကို ဆဲဆိုသည်ဟု မဟုတ်မမှန် လုပ်ကြံ စွပ်စွဲ၍ ဖမ်းဆီး ခေါ်ဆောင် သွားပြီး လူမဆန်စွာ ရိုက်နှက် နှိပ်စက်ကာ ထိပ်တုံးခတ် ထားကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ဦးနူရ်အလီကို ဖမ်းဆီးပြီးနောက် အဆိုပါ ခြေမြန်တပ်ရင်း ၂၆၃ မှ ဗိုလ်ကြီးက ငွေကျပ် ၃ သိန်း တောင်းခံလျက် ရှိကြောင်း သိရှိရသည်။ လုပ်ကြံ စွပ်စွဲခံရပြီး ဖမ်းဆီးခံရသည့် အပြစ်မဲ့ ဒေသခံ ဦးနူရ်အလီသည် အလွန် ဆင်းရဲသူ တစ်ဦး ဖြစ်သောကြောင့် တပ်ရင်း ၂၆၃ မှ ဗိုလ်ကြီး ညှစ်သည့် ငွေကို ပေးနိုင်ခြင်း မရှိသည့် အတွက် ယခု အချိန်ထိ ဖမ်းဆီး ချုပ်နှောင် ခံနေရကြောင်း အဆိုပါ ဒေသခံမှ ပြောပါသည်။

ဘူးသီးတောင်မြို့နယ်၏ အခြေအနေမှာ တည်ငြိမ် အေးချမ်းလျက် ရှိသော်လည်း ဌာန ဆိုင်ရာနှင့် လက်နက်ကိုင် အာဏာပိုင်များက လိုင်စင်ရ ဓါးပြများ ကဲ့သို့ ပြုမူ နေသောကြောင့် ဒေသခံ ရိုဟင်ဂျာ အများစုမှာ နေ့စဉ်နှင့် အမျှ မဟုတ်မမှန် လုပ်ကြံ စွပ်စွဲ၍ ဖမ်းဆီးခံရခြင်း၊ ငွေညှစ်ခံရခြင်းများ ကြုံတွေ့ နေရသည်။ အဆိုပါ တပ်ရင်း ၂၆၃ မှ မကြာခဏ ဆိုသလို ဒေသခံ ပြည်သူများကို ဒုက္ခပေးလျက် ရှိသည်ဟု ဆိုသည်။ ၎င်းတို့ကို ဆန်၊ ကြက်နှင့် အခြားသော ဒေသ ထွက်ကုန်များကို ဆက်ကြေး သဖွယ် ပေးနေရသည့် အတွက် ဒေသခံများ နေ့စဉ် စိတ်အနှောက် အယှက် ဖြစ်နေရပြီး၊ တပ်ရင်းမှူး ဖြစ်သူက လက်အောက် ငယ်သားများက ငွေညှစ်ခြင်း၊ အကြောင်းမဲ့ ဖမ်းဆီးခြင်း များကို သိရှိသော်လည်း ဟန့်တား အရေးယူခြင်း မရှိကြောင်း၊ အဆိုပါ တပ်ရင်း၏ စားစရိတ်ကိုလည်း ဒေသခံ ရွာသားများထံ ကောက်ခံလျက် ရှိသည်ဟု ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus