နောက်ဆုံးသတင်း/ဆောင်းပါးများ

သေနတ်ဖြင့် ပစ်သတ်ခံရသူ၏ အလောင်းကို BGP ကမိသားစုထံ မအပ်ဘဲ မြှပ်နှံ သဂြိုဟ်လိုက်




RB News
25.8.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ကျောက်ပန္ဒူ ကျေးရွာ အုပ်စု၊ စေတီပြင်ရွာမှ အပြစ်မဲ့ ဒေသခံ တစ်ဦးကို သြဂုတ်လ (၂၃) ရက်နေ့ ညပိုင်းက နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက ပစ်သတ်ခဲ့ပြီး၊ အသတ်ခံရသူ၏ အလောင်းကို မိသားစုထံ လွှဲပြောင်း မပေးဘဲ မြှပ်နှံ သဂြိုဟ်လိုက်ကြောင်း သတင်း ရရှိပါသည်။

ကျောက်ပန္ဒူ ကျေးရွာ အုပ်စု၊ စေတီပြင် ကျေးရွာမှ လယ်သမား တစ်ဦး ဖြစ်သည့် ဦးအဒူလ်ဟောက်သည် သြဂုတ်လ (၂၃) ရက်နေ့ ည ၉ နာရီ အချိန်တွင် ရွာထဲရှိ လမ်းမှ သွားနေစဉ် ၎င်း၏ နောက်မှ လမ်းလျှောက်လာသည့် အမည်မသိသူ နှစ်ဦးကို နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များက ခေါ်ရာ၊ အဆိုပါ အမည်မသိသူ နှစ်ဦးက မတရား ညှဉ်းပန်း နှိပ်စက်ခံရမည်ကို စိုးရိမ်၍ ထွက်ပြေး သွားခဲ့ကြသည်။ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များက ထွက်ပြေးသွားသူ နှစ်ဦး နောက်ကို မလိုက်ဘဲ၊ လမ်းမှ လျှောက်သွားနေသည့် ဦးအဒူလ်ဟောက်ကို သေနတ်ဖြင့် အကြောင်းမဲ့ ပစ်ခဲ့သည်။ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များက ပစ်လိုက်သည့် ကျည်ဆန်သည် ဦးအဒူလ်ဟောက်၏ ၀မ်းဗိုက်ကို ထိမှန်၍ နောက်ကျောမှ ပေါက်ထွက်သွားခဲ့ပြီး ထိုနေရာတွင်ပင် လဲကျသွားခဲ့သည်။

ထို့နောက် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ မောင်တော ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း မြို့နယ် ဆရာဝန်ကြီး ဖြစ်သူ ဒေါက်တာ ကျော်မောင်မောင်သိန်းက ဆေးကုသ မပေးခဲ့သောကြောင့် သြဂုတ် (၂၄) ရက်နေ့ ညနေ ၆း၄၀ နာရီ အချိန်တွင် သေဆုံး သွားခဲ့သည်။ မိသားစုဝင်များက သေဆုံးသွားသူ ဦးအဒူဟောက်၏ အလောင်းကို တောင်းခံခဲ့သော်လည်း နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ အရာရှိကြီး တစ်ဦးက ၎င်းတို့နှင့် သဘောတူညီချက် တစ်ခုကို လက်မှတ် ရေးထိုး ပေးမှသာ အလောင်းကို အပ်နှံမည်ဟု ပြောဆိုပြီး အလောင်းကို အပ်နှံခြင်း မရှိခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ဦးအဒူလ်ဟောက်၏ အလောင်းကို မိသားစုများထံ လွှဲပြောင်း ပေးအပ်ခြင်း မရှိဘဲ သြဂုတ်လ (၂၅) ရက်နေ့ နံနက် ၅ နာရီ အချိန်တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် ၂၀ ဦး၊ အင်းဒင်ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ရဲမှူး၊ အလယ်သံကျော် အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ တပ်ရင်းမှူး၊ ခရိုင် ရဲတပ်ဖွဲ့မှူးနှင့် မောင်တောမြို့နယ် အမှတ် (၂) ရပ်ကွက်မှ အုပ်ချုပ်ရေးမှူး တို့က အမှတ် (၂) ရပ်ကွက်ရှိ သင်္ချိုင်းတွင် မြှပ်နှံ သဂြိုဟ် လိုက်ကြောင်း အဆိုပါဒေသခံက ပြောပါသည်။

နယ်ခြားစောင့် ရဲတပ်ဖွဲ့က ဥပဒေမဲ့ ပစ်သတ်ခဲ့သော်လည်း၊ အသတ်ခံ ရသူ၏ အလောင်းကိုပင် မိသားစု များကို အပ်နှံခြင်း မရှိဘဲ သဂြိုဟ်လိုက်ခြင်းသည် ရခိုင်ပြည်နယ်တွင် တရားဥပဒေ စိုးမိုးမှု လုံးဝ မရှိသည့်မှာ ပေါ်လွင် ထင်ရှား နေပါသည်။

Comment ရေးရန်

Rohingya Exodus