နောက်ဆုံးသတင်း/ဆောင်းပါးများ

နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက အပြစ်မဲ့ ဒေသခံ တစ်ဦးကို သေနတ်ဖြင့် ပစ်သတ်




RB News
24.8.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ကျောက်ပန္ဒူ ကျေးရွာ အုပ်စု၊ စေတီပြင် ကျေးရွာမှ အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာ တစ်ဦးကို နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

သြဂုတ်လ (၂၃) ရက်နေ့ ည ၉း၀၅ နာရီ အချိန်တွင် မောင်တောမြို့နယ် တောင်ပိုင်း ကျောက်ပန္ဒူ ကျေးရွာ အုပ်စု စေတီပြင် ကျေးရွာမှ ဒေသခံ တစ်ဦး ဖြစ်သူ ဦးအဒူလ်ဟောက် (ဘ) ဦးမာမတ်ဇော်လိလ် (အသက် ၃၅ နှစ်) ကို နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ကျောက်ပန္ဒူ ကျေးရွာ အုပ်စု၊ စေတီပြင် ကျေးရွာမှ လယ်သမား တစ်ဦး ဖြစ်သည့် ဦးအဒူလ်ဟောက်သည် ရွာထဲရှိ လမ်းမှ သွားနေစဉ် ၎င်း၏ နောက်မှ လမ်းလျှောက်လာသည့် အမည်မသိသူ နှစ်ဦးကို နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များက ခေါ်ရာ၊ အဆိုပါ အမည်မသိသူ နှစ်ဦးက မတရား ညှဉ်းပန်း နှိပ်စက်ခံရမည်ကို စိုးရိမ်၍ ထွက်ပြေး သွားခဲ့ကြသည်။ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များက ထွက်ပြေးသွားသူ နှစ်ဦး နောက်ကို မလိုက်ဘဲ၊ လမ်းမှ လျှောက်သွားနေသည့် ဦးအဒူလ်ဟောက်ကို သေနတ်ဖြင့် အကြောင်းမဲ့ ပစ်ခဲ့သည်။ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များက ပစ်လိုက်သည့် ကျည်ဆန်သည် ဦးအဒူလ်ဟောက်၏ ၀မ်းဗိုက်ကို ထိမှန်၍ နောက်ကျောမှ ပေါက်ထွက်သွားခဲ့ပြီး ထိုနေရာတွင်ပင် လဲကျသွားခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

ထို့နောက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များက အင်းဒင်ရှိ စခန်းသို့ ဖုန်းဆက် အကြောင်းကြားခဲ့ရာ၊ အင်းဒင် စခန်းမှ တာဝန်ရှိသူများ ရောက်ရှိလာပြီး သေနတ်ပစ်ခံရသည့် ဦးအဒူလ်ဟောက်ကို မောင်တော ဆေးရုံသို့ ခေါ်ဆောင် သွားခဲ့ရာ သြဂုတ်လ (၂၄) ရက်နေ့ နံနက် ၂ နာရီ အချိန်တွင် မောင်တော ဆေးရုံသို့ ရောက်ရှိခဲ့သည်။ ဦးအဒူလ်ဟောက်ကို ဆေးရုံသို့ ခေါ်ဆောင် လာခဲ့သော်လည်း မိသားစု များကို အကြောင်းမကြား ခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

ဆေးရုံသို့ ရောက်ရောက်ချင်း မြို့နယ် ဆရာဝန်ကြီး ဖြစ်သူ ဒေါက်တာ ကျော်မောင်မောင်သိန်းကို အကြောင်းကြား ခဲ့သော်လည်း လာရောက်၍ ဆေးကုသပေးခြင်း မရှိသည့်အပြင် နံနက် ၁၀ နာရီ အချိန်တွင် ဆေးရုံသို့ မြို့နယ် ဆရာဝန်ကြီး ရောက်ရှိလာသော်လည်း ဒဏ်ရာ ပြင်းထန်စွာဖြင့် ဝေဒနာ ခံစား နေရသည့် ဦးအဒူလ်ဟောက်ကို ဆေးကုသ ပေးခြင်းမရှိဘဲ ပြန်သွားခဲ့သည်။ ဒေါက်တာ ကျော်မောင်မောင်သိန်းသည် နံနက် ၁၁ နာရီခန့် အချိန်တွင် ဆေးရုံသို့ တဖန် ပြန်လာ၍ သူနာပြု ဆရာများကို “ဒီကောင် ခုထိ မသေသေးဘူးလား” ဟု မေးမြန်းခဲ့ရာ သူနာပြု ဆရာမများက မသေဆုံး သေးကြောင်း ပြန်လည် ဖြေကြားသည်ကို နားထောင်၍ ပြန်လည် ထွက်ခွာ သွားခဲ့သည်။ ဒဏ်ရာများဖြင့် နာကျင်မှု ဝေဒနာ ပေါင်းစုံကို ခံစားနေရသည့် ဦးအဒူလ်ဟောက်သည် ဆေးရုံတွင် ၎င်းကို စာနာစိတ်ဖြင့် ဆေးကုသ ပေးမည့်သူ မရှိသဖြင့် ညနေ ၆း၄၀ နာရီ အချိန်တွင် သေဆုံးသွားခဲ့သည်။

မိသားစုများက သေဆုံးသူ၏ အလောင်းကို အိမ်သို့ သယ်ဆောင် သွားရန် အာဏာပိုင်များကို တောင်းဆိုခဲ့သော်လည်း အာဏာပိုင်များက နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ်မှ လူကြီး ရောက်လာမှသာ သိရမည်ဟု ဆို၍ အလောင်း သယ်ဆောင်ခွင့်ကို တားမြစ် ထားခဲ့သည်။ ည ၇း၃၀ နာရီ အချိန်တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ လူကြီးဆိုသူ ရောက်ရှိလာပြီး မိသားစုဝင်များအား သဘောတူညီချက် တစ်ခု လက်မှတ်ရေးထိုးမှသာ အလောင်းထုတ် ပေးမည် ဖြစ်ကြောင်း၊ ၎င်းတို့နှင့် သဘောတူညီချက်ကို လက်မှတ် မရေးထိုးပါက အလောင်း ထုတ်ပေးမည် မဟုတ်ကြောင်း၊ ပြောဆိုခဲ့သည်ဟု သိရှိရပါသည်။

ဦးအဒူလ်ဟောက်သည် လယ်ယာ လုပ်ငန်းဖြင့် အသက် မွေးဝမ်းကျောင်း ပြုနေသူ တစ်ဦး ဖြစ်ပြီး၊ သားသမီး နှစ်ဦး၏ ဖခင် ဖြစ်သည်။ 

Comment ရေးရန်

Rohingya Exodus