နောက်ဆုံးသတင်း/ဆောင်းပါးများ

တပ်ရင်း ၅၅၂ မှ ဒေသခံများထံမှ ငွေနှင့် ပစ္စည်းများကို ဓါးပြများကဲ့သို့ တောင်းနေ



RB News
19.10.2014

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အခြေစိုက် တပ်ရင်း ၅၅၂ မှ တပ်ရင်းမှူး အမိန့်အရဟု ဆိုကာ ဒေသခံများထံမှ ငွေနှင့် ပစ္စည်းများကို ဓါးပြများကဲ့သို့ တောင်းယူလျက် ရှိကြောင်း သတင်း ရရှိပါသည်။

ဘူးသီးတောင်မြို့နယ် အခြေစိုက် တပ်ရင်း ၅၅၂ မှ တပ်ရင်းမှူး အမိန့်အရဟု ဆိုကာ တပ်ရင်းမှ ဗိုလ်မှူး တစ်ဦးနှင့် တပ်ထောက် ဗိုလ်ကြီးတို့က အောက်တိုဘာလ (၁၇) ရက်နေ့တွင် သင်္ဂနာ ကျေးရွာ အုပ်စု၊ ယင်းမကျောင်းတောင် ကျေးရွာ အုပ်စုနှင့် ငရန်းချောင်း ကျေးရွာ အုပ်စု တို့မှ ကျေးရွာ အုပ်ချုပ်ရေးမှူး များကို အစည်းအဝေး ခေါ်ယူ၍ ဆိုင်ကယ် ပိုင်ရှင်များ၊ လဘက်ရည်ဆိုင် ပိုင်ရှင်များနှင့် ဗီဒီယိုရုံ ပိုင်ရှင်များကို တပ်ရင်း အတွက် လိုအပ်ချက်များကို ဖြည့်ဆည်း ပေးရန် ဓါးပြများကဲ့သို့ ခြိမ်းခြောက်၍ တောင်းခံ ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများက ဆိုင်ကယ်ပိုင်ရှင်များ၊ လဘက်ရည်ဆိုင် ပိုင်ရှင်များနှင့် ဗီဒီယိုရုံ ပိုင်ရှင်များကို ရုံးစာဖြင့် ဆင့်ခေါ်၍ --

- ဆိုင်ကယ်ပိုင်ရှင်များမှ ငွေကျပ် ၁၅၀၀၀/- စီပေးရန်
- လဘက်ရည်ဆိုင်ပိုင်ရှင်များ စုပေါင်း၍ ပလတ်စတစ် ထိုင်ခုံ ၅၀ ပေးရန်
- ဗီဒီယိုရုံ ပိုင်ရှင်များ စုပေါင်း၍ ၂၁ လက်မ တီဗွီ တစ်လုံး ပေးရန် -- ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

၎င်းတို့ တောင်းခံသည့် အတိုင်း အချိန်မှီ မပေးပါက မပေးသူများ၏ တာဝန်သာ ဖြစ်သည်ဟု ခြိမ်းခြောက် ပြောဆိုမှုများ ပြုလုပ်ခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

တပ်ရင်း ၅၅၂ ၏ မတရားသဖြင့် တောင်းခံမှုကို ယင်းမကျောင်းတောင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ထွန်းမြင့်က အကောင်အထည် ဖော်မပေးနိုင်ဟု ပြောသောကြောင့် ၎င်းကို တရာဂူ ကျေးရွာ အုပ်စုရှိ ဦးအောင်ထွန်းလှ၏ လဘက်ရည်ဆိုင်တွင် တပ်ရင်းမှ အရာရှိများက လူမဆန်စွာ ရိုက်နှက်၍ အမျိုးမျိုး ခြိမ်းခြောက် ခဲ့ကြောင့် သိရှိရပါသည်။

Comment ရေးရန်

Rohingya Exodus