နောက်ဆုံးသတင်း/ဆောင်းပါးများ

အာဏာပိုင်များနှင့် အတူ လူမှောင်ခိုမှုတွင် ပါဝင်သူ နှစ်ဦးကို အရေးယူပေးရန် ဒေသခံများ တောင်းဆို



MYARF
RB News
19.11.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှ မလေးရှားနိုင်ငံသို့ အာဏာပိုင်များနှင့် ပူးပေါင်း၍ လူမှောင်ခိုမှုတွင် ပါဝင်နေသူ နှစ်ဦးကို အရေးယူပေးရန် မောင်တောမြို့နယ်မှ ဒေသခံ ရိုဟင်ဂျာများက တောင်းဆို လိုက်ပါသည်။

နိုဝင်ဘာလ (၁၇) ရက်နေ့ ည (၁၀) နာရီခန့် အချိန်တွင် မလေးရှားနိုင်ငံသို့ ထွက်ခွာတော့မည့် လူကုန်ကူးသည့် စက်လှေ တစ်စီးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကမ်းခြေစောင့်တပ်က ဖမ်းဆီးခဲ့သည်။ စက်လှေပေါ်တွင် လိုက်ပါနေသူ အများစုမှာ ရိုဟင်ဂျာ လူမျိုးများ ဖြစ်ပြီး အမျိုးသမီး (၂၀) ဦး နှင့် ကလေးငယ် (၁၈) ဦး အပါအ၀င် စုစုပေါင်း (၅၉၅) ဦး ပါဝင်ကြောင်း သိရှိရပါသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ ကမ်းခြေစောင့်တပ်က ဖမ်းဆီးလိုက်သည့် စက်လှေသည် ထိုင်းနိုင်ငံမှ ငါးဖမ်း စက်လှေကြီး ဖြစ်ပြီး၊ အဆိုပါ စက်လှေကို မောင်တောမြို့နယ် အာဏာပိုင် များနှင့် ရိုဟင်ဂျာ လူကုန်ကူးသူ နှစ်ဦးတို့ ပူးပေါင်း၍ ငှားရမ်းလာခြင်း ဖြစ်ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ ထိုင်းနိုင်ငံမှ ငှားရမ်းလာသည့် စက်လှေကြီးကို ပင်လယ်ပြင်တွင် ရပ်ထားပြီး၊ မောင်တောမြို့နယ်ရှိ ကမ်းစပ်မှ စက်လှေငယ်များဖြင့် လူများကို တင်ဆောင်ပြီး စက်လှေကြီးသို့ ပို့ဆောင်ကြောင်း ဒေသခံများက ပြောပါသည်။ စက်လှေကြီး၏ အနီးတွင် မြန်မာ ရေတပ်မှ သင်္ဘော တစ်စီး ရပ်၍ လုံခြုံရေး ပေးထားပြီး၊ စက်လှေကြီး အတွက် လိုအပ်သည့် ဆီများကို မြန်မာ ရေတပ်မှ ၀ယ်ယူကြောင်း လွန်ခဲ့သည့်လက မလေးရှား နိုင်ငံသို့ ရောက်ရှိ သွားသူ တစ်ဦးက RB News သို့ပြောပါသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ ကမ်းခြေစောင့်တပ်မှ ဖမ်းဆီးလိုက်သည့် စက်လှေကြီးကို နိုဝင်ဘာလ (၁၈) ရက်နေ့ ညနေ (၆) နာရီ အချိန်တွင် ကော့ဇ်ဘဇား ပြည်နယ်သို့ ယူဆောင် သွားကြောင်း စုံစမ်း သိရှိရပါသည်။

လွန်ခဲ့သည့် နှစ်အနည်းငယ်က စတင်ခဲ့သည့် ဒေသခံ ရိုဟင်ဂျာများကို လူကုန်ကူးမှုတွင် မြန်မာ အစိုးရ အာဏာပိုင်များ ကိုယ်တိုင် ပါဝင်နေပြီး၊ ဒေသခံ ရိုဟင်ဂျာ အချို့ကို ၎င်းတို့၏ ပွဲစားများ အဖြစ် ထားရှိ၍ ဝေစုခွဲပေးကြောင်း ဒေသခံများက ပြောပါသည်။

အစိုးရ အာဏာပိုင်များနှင့် အတူ လူကုန်ကူးမှုတွင် တက်ကြွစွာ ပါဝင်လှုပ်ရှား နေသည့် မောင်တောမြို့နယ် ပန်းတောပြင် အရှေ့ရွာမှ ဦးနူနူ နှင့် ဘဂုံးနားရွာ ဦးအနိုဝါရ် ဟူဆောင်း တို့သည် ဒေသခံများကို မလေးရှား နိုင်ငံ သွားရန် လိုက်လံ စည်းရုံးပြီး၊ ၎င်းတို့၏ အိမ်များတွင် စက်လှေ ရောက်ရှိလာသည့် အချိန်ထိ နေရာထိုင်ခင်းပါ စီစဉ် ပေးနေသူများ ဖြစ်ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ လွန်ခဲ့သည့် လအတွင်း ၎င်းတို့နှစ်ဦးနှင့် အာဏာပိုင်များ စီစဉ်ခဲ့သော စက်လှေ တစ်စီးမှာ ပျောက်ဆုံးလျက် ရှိကြောင်း စက်လှေပေါ် လိုက်ပါသွားသူ အချို့၏ မိသားစုဝင် များက ပြောပါသည်။ အခြား စက်လှေ တစ်စီး ပေါ်မှ လူအနည်းဆုံး ၈၀ အသတ်ခံရသည်ဟု သတင်းများလည်း ထွက်ပေါ်လျက် ရှိသည်။

ယခု ရက်ပိုင်းတွင် မြန်မာ အစိုးရဘက်မှ မြန်မာ့ ကမ်းရိုးတန်း တလျှောက်တွင် ရေတပ် သင်္ဘောများဖြင့် လုံခြုံရေး တိုးမြှင့် ထားသော်လည်း အဆိုပါ ရေတပ် လုံခြုံရေး များက လူကုန်ကူး နေသည့် စက်လှေများကို ဖမ်းဆီးခြင်း မရှိသည်ကို လေ့လာ တွေ့ရှိ ရပါသည်။

မောင်တောမြို့နယ်ရှိ ဒေသခံ ရိုဟင်ဂျာများက ၎င်းတို့ အနေဖြင့် အဆင့်မြင့် အာဏာပိုင်များထံ လူကုန်ကူးမှုကို မြို့နယ် အာဏာပိုင်များ ကိုယ်တိုင် ငွေယူ၍ ကြီးကြပ် နေခြင်းကို အရေးယူ ပေးရန် အကြိမ်ကြိမ် တိုင်ကြား ခဲ့သော်လည်း အရေးယူ ဟန့်တားခြင်း မရှိကြောင်း၊ မြို့နယ် အာဏာပိုင်များကို အရေး မယူလျှင်လည်း လူကုန်ကူးမှုတွင် တက်ကြွစွာ ပါဝင်လျက် ရှိသော ပန်းတောပြင် အရှေ့ရွာ ဦးနူနူနှင့် ဘဂုံးနားရွာမှ ဦးအနိုဝါရ်ဟူဆောင်း တို့ကို ထိရောက်စွာ အရေးယူ ပေးရန် တောင်းဆိုကြောင်း RB News သို့ပြောပါသည်။


Comment ရေးရန်

Rohingya Exodus