နောက်ဆုံးသတင်း/ဆောင်းပါးများ

တရားခံပြေးကို ဖမ်းဆီးရန် မကြိုးစားဘဲ အပြစ်မဲ့ ဒေသခံ များကို ဖမ်းဆီး နှိပ်စက် ခြင်းကြောင့် တစ်ဦး သေဆုံး



Rohingya Eye
RB News
23.11.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ဇော်မတက် ကျေးရွာတွင် ဖြစ်ပွား ခဲ့သည့် လူသတ်မှု၏ တရားခံကို ဖမ်းဆီးရန် မကြိုးစားဘဲ အပြစ်မဲ့ ဒေသခံများကို ဖမ်းဆီး၍ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ခြင်းကြောင့် အသက် ၆၀ နှစ် အရွယ် ဒေသခံ တစ်ဦး သေဆုံး ခဲ့ကြောင်း သတင်း ရရှိပါသည်။

နိုဝင်ဘာလ (၁၃) ရက်နေ့က မောင်တောမြို့နယ် တောင်ပိုင်း ဇော်မတက် ကျေးရွာ (လာမ်ဘာဂူးနား) မှ ဦးမော်နူ (ဘ) ဦးအာဘူလ် ဟူဆောင်း (အသက် ၆၅ နှစ်) ကို လူတစ်ဦးက ဓါးဖြင့် ခုတ်သတ်ရာ ထိုနေရာတွင်ပင် ပွဲချင်းပြီး သေဆုံး ခဲ့သည်။ တရားခံ ဖြစ်သူကို ရွာသားများ အားလုံးက သိရှိသော်လည်း၊ တရားခံ ဖြစ်သူမှာ ရွာမှ ထွက်ပြေး လွတ်မြောက် နေကြောင်း သိရှိရပါသည်။

တရားခံ ဖြစ်သူ ထွက်ပြေး လွတ်မြောက် သွားသော်လည်း မောင်တောမြို့နယ် မြို့မ ရဲစခန်းမှ ရဲများနှင့် ယခင် ဥက္ကဌ ဟောင်း ဦးဇော်ဟိရ်အာမတ် (ဘ) ဦးမော်နူ (အသက် ၃၅ နှစ်)၊ ဥက္ကဌ ဟောင်း ဦးကော်ရီမူလ္လာ (ဘ) ဦးမာမတ် ရှော်ဖိခ် (အသက် ၅၀ နှစ်) နှင့် ဦးဆီရာဇူလ္လာ (ဘ) ဦးဆုလ်တာန် အာမတ် (အသက် ၄၂ နှစ်) တို့က အပြစ်မဲ့ ဒေသခံ ရွာသား များကို ဖမ်းဆီး၍ ရိုက်နှက် ညှဉ်းပန်း နှိပ်စက် လျက်ရှိသောကြောင့် အမျိုးသား အများစုမှ မိမိတို့၏ နေအိမ်များတွင် မနေရဲကြတော့ဘဲ တိမ်းရှောင် နေရကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

နေအိမ်များတွင် အိမ်ထောင် ဦးစီး အမျိုးသားများ မတွေ့ရှိလျှင် အမျိုးသမီး များကို ရိုက်နှက်ခြင်း၊ အသုံးအဆောင် ပစ္စည်းများ ဖျက်ဆီးခြင်း၊ အိမ်နံရံများ ဖြိုချခြင်းများ နေ့စဉ် ရက်ဆက် ပြုလုပ်လျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။ နိုဝင်ဘာလ (၁၈) ရက်နေ့တွင် ဦးဟူဆောင်းန်အာမတ် (ဘ) ဦးယာကုဖ် (အသက် ၆၀ နှစ်) ကို ရဲတပ်ဖွဲ့ဝင် များနှင့် ဥက္ကဌဟောင်း များက ၀ိုင်းဝန်း ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ရာ ထိုနေရာတွင်ပင် သေဆုံး သွားခဲ့သည်။ မော်လ၀ီ ဇီယာဘူရာမန် (ဘ) ဦးကာလူ (အသက် ၂၈ နှစ်)၊ ဦးအာမာန် အူလ္လာ (ဘ) ဦးဇာဖော်ရ် (အသက် ၃၀ နှစ်)၊ ဦးရော်ရှိတ် အာမတ် (ဘ) ဦးမာမတ်ရှော်ဖိခ် (အသက် ၃၈ နှစ်) တို့ကိုလည်း လူမဆန်စွာ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်၍ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ကြောင်း သိရှိရပါသည်။

ထို့အပြင် မော်လ၀ီ ဇော်မိရ်ရော်ဒီးန် (အသက် ၄၅ နှစ်)၊ ဆရာရှော်ရိဖ် (ဘ) ဦးဘာဆာမျာ (အသက် ၃၀ နှစ်)၊ မော်လ၀ီ ယာကုဖ် (ဘ) ဦးအာမီးရ် ဟူဆောင်း (အသက် ၃၀ နှစ်)၊ မော်လ၀ီ ရှော်မီအူလ္လာ (ဘ) ဦးအုစ်မာန် (အသက် ၃၅ နှစ်)၊ ဟာဂျီ ဇာဖော်ရ် အာမတ် (အသက် ၆၅ နှစ်) နှင့် ဦးဆော်လီမူလ္လာ (ဘ) ဦးယူဆုဖ် (အသက် ၄၀ နှစ်) တို့၏ နေအိမ်များကို ရဲများက ၀င်ရောက်၍ ၎င်းတို့အား ဖမ်းဆီးရန် ရှာဖွေခဲ့ပြီး၊ ဥက္ကဌဟောင်း များကလည်း လူ (၄၅) ဦးနှင့် အတူ နေအိမ်များ ထဲသို့ ၀င်ရောက်၍ မတရား သဖြင့် အနိုင်ကျင့်မှု ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ မော်လ၀ီ ဇူဘိုင်ရ် အာမတ် (အသက် ၃၅ နှစ်) ၏ အသက် ၆၅ နှစ် အရွယ် မိခင် ဖြစ်သူကို လူမဆန်စွာ ရိုက်နှက်မှုကြောင့် ခြေထောက်တွင် ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့သည်။

မောင်တောမြို့နယ် ရဲတပ်ဖွဲ့နှင့် ယခင် ကျေးရွာ အာဏာပိုင်ဟောင်း များက လူသတ်သည့် တရားခံ အစစ်အမှန် သိရှိသော်လည်း တရားခံကို ဖမ်းဆီးရန် မကြိုးစားဘဲ အပြစ်မဲ့ ဒေသခံ ရွာသားများကို ဖမ်းဆီး၊ ရိုက်နှက် ညှဉ်းပန်း နှိပ်စက် နေခြင်းသည် ဥပဒေမဲ့ လုပ်ရပ်သာ ဖြစ်သည့် အတွက် ဒေသခံ ပြည်သူများက ရှုတ်ချကြောင်း၊ ၎င်းတို့၏ ရိုက်နှက်မှုကြောင့် သေဆုံး သွားသည့် သူအတွက် တရား ဥပဒေနှင့် အညီ အရေးယူ ဆောင်ရွက် ပေးမှုကို လိုလားကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

Comment ရေးရန်

Rohingya Exodus