နောက်ဆုံးသတင်း/ဆောင်းပါးများ

ကညင်တန်းက ချဲဒိုင်များရဲ့ နောက်ကွယ်မှာ ဘယ်သူတွေ ရှိနေလဲ?

ယျာတင် (MYARF)
RB News
24.12.2014

စာရေးသူက မြို့ပေါ်ကို အသွားနည်းတယ်။ အသွားနည်းတာလည်း တခြားကြောင့် မဟုတ်။ မြို့ပေါ်က ရဲ၊ စ.ရ.ဖ၊ လူကုန်ကူးမှု တားဆီးရေး အဖွဲ့ စတဲ့ ဒေသဆိုင်ရာ အာဏာပိုင် တွေက ဈေးသွား ဈေးလာများကို အကြောင်းမဲ့ ဖမ်းဆီး ငွေညှစ်တတ်တာက တစ်ကြောင်း၊ မြို့ပေါ်မှာ ထွေထွေထူးထူး လုပ်စရာ မရှိတာက တစ်ကြောင်း၊ စတာတွေကြောင့် မြို့ပေါ် သိပ်မတက်ဖြစ်ခဲ့ပါ။ ဒါပေမယ့် လွန်ခဲ့တဲ့ ရက်ပိုင်းက အမေ့ အတွက် ဆေးလိုနေတာကြောင့် စာရေးသူ မြို့ပေါ်တက်ဖို့ အကြောင်း ဖန်လာခဲ့တယ်။ စီးလာတဲ့ သုံးဘီး taxi ကားကနေ ဆင်းလိုက်တာနဲ့ သိပ်မဝေးတဲ့ နေရာလေးမှာ လူတွေဝိုင်းနေတာ မြင်မိလို့ ရင်ထဲ ကြည်နူးသွားခဲ့တယ်။ မကြည့်ရတာ ကြာပြီ ဖြစ်တဲ့ မျက်လှည့်ပြပွဲနဲ့ ဒီနေ့ ထိပ်တိုက် တွေ့နေပါလား ဆိုပြီတော့ပေါ့။

ခပ်မြန်မြန်လေး လျှောက်သွားပြီး အဲဒီဝိုင်းထဲ အတင်းတိုးဝင် သွားခဲ့မိတယ်။ ဒါပေမယ့် စာရေးသူ ထင်မိခဲ့တာနဲ့ လက်တွေ့ တွေ့နေရတာက တက်တက်စင်အောင် လွဲမှားလို့ နေခဲ့တယ်။ ဆိုက်ကား သမားတွေ၊ ပျံကျ ဈေးသည်တွေ အများစု ပါဝင် နေတဲ့ လူဝိုင်းက ချဲပွဲ လောင်းကစားဒိုင် သုံးလေးခု အားရပါးရ အပြိုင် ဆင်နွဲ နေတယ်လို့ ပြောရင် စာဖတ်သူများ ယုံကြည် ပါ့မလား? လောင်းကစား ချဲဒိုင်တွေကို ဒီလိုမျိုး အများပြည်သူ စုရုံးတဲ့ နေရာလေးမှာ ပျော်ပျော်ရွှင်ရွှင် လွတ်လွတ်လပ်လပ် ဖွင့်လှစ်ပြီး ကစားနေတာကို မြင်ရတဲ့ အခိုက် စာရေးသူ အတော်ကို အံ့သြသွားခဲ့တယ်။ အများသိပြီး ဖြစ်တဲ့ အတိုင်း စာရေးသူတို့ ရခိုင်ပြည်နယ် မောင်တောမြို့ဟာ လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ် ဇွန်လမှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးရေး ဘာသာရေး ဆန်တဲ့ ပဋိပက္ခကြောင့် ငါးယောက်ထက် ပိုမစုရဆိုတဲ့ ဥပဒေ အောက်မှာ နေလာခဲ့ရာတာ အခုဆိုရင် နှစ်နှစ်ခွဲကျော် သုံးနှစ်နီးပါး ရှိတော့မယ် မဟုတ်လားဗျာ။ အေးအေးဆေးဆေးနဲ့ ၀တ်ပြုတဲ့ ဗလီတွေတောင် အဲဒီ ငါးယောက်ထက် ပိုမစုရ ဆိုတဲ့ နိုင်ငံတော် အမိန့် ဥပဒေ အရ အဲဒီ အချိန်ကတည်းက ပိတ်ထားခဲ့ရတယ်။ ဒါပေမယ့် အခုတော့ လောင်းကစား ချဲဒိုင် တစ်ခုကို လွှတ်တော်က ဥပဒေတည်ပြီး လုပ်ခွင့် ပေးသလို အများပြည်သူ စုရုံးရာ နေရာမှာ လွတ်လပ်စွာ ကျင်းပနေတာကို ဒေသဆိုင်ရာ အာဏာပိုင်တွေက ဘာကြောင့် အရေးမယူတာလဲ?

စာရေးသူရဲ့ ဦးနှောက်ထဲမှာ အတွေးပေါင်း များစွာ ၀င်ရောက် လာခဲ့တယ်။ ပိုပြီး ဆိုးနေတာက အဲဒီ လောင်းကစား ချဲဒိုင်များက မြို့နဲ့ ကပ်လျက် ရှိတဲ့ ကညင်တန်း မြို့မ ကျေးရွာရဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးနဲ့ နီးနီးကပ်ကပ်မှာ ဖွင့်လှစ် ထားတာပါ။ အမြင်အားဖြင့် ခွင့်ပြုချက်နဲ့ ကစားနေသလို ကစားနေတဲ့ လောင်းကစား ချဲဒိုင်များရဲ့ နောက်ကွယ်မှာ ဘယ်သူတွေ ရှိနေမလဲ ဆိုတာ စာရေးသူ အလွန် သိချင်နေခဲ့ပြီ။ ချဲဒိုင်များနဲ့ မလှမ်းမကမ်းက ဆိုင်တစ်ဆိုင်ကို သွားပြီး ရေသန့်ဗူး တစ်ဗူးကို မလိုအပ်ဘဲ ၀ယ်ယူလိုက်တယ်။ ပြီးတော့ ဆိုင်သမားကို ချဲဒိုင်က နေ့တိုင်း ဖွင့်လားလို့ မေးတော့ -- “စနေ၊ တနင်္ဂနွေ နှစ်ရက်က လွဲပြီး နေတိုင်း ဖွင့်တယ်လေ” လို့ ကြားလိုက်ရတော့ ခေါင်းကို အသာလေး ညိတ်မိပြီး အဲဒီဆိုင်ကနေ ထွက်လာ လိုက်တော့တယ်။

နောက်အသိ တစ်ယောက်ဆီက မေးကြည့်တော့ ချဲဒိုင် ပိုင်ရှင်တွေက အမှတ် (၃) နဲ့ (၄) ရပ်ကွက်က ဖြစ်တယ်လို့ သိလိုက်ရတယ်။ အချိန် အတော်လေး ကြားမှ ဈေးဝယ်နေတဲ့ လူကြီး တစ်ယောက်နား ကပ်သွားပြီး အဲဒီ ချဲဒိုင်တွေကို အာဏာပိုင်တွေ မဟန့်တားဘူးလား၊ တရားမ၀င်ဘူးလေ ဆိုပြီး မသိမသာ စကားနှိုက်ကြည့်တော့ -- သူက “သူတို့ ရဲဆီက တရားဝင် လိုင်စင် ယူပြီး လုပ်နေတယ်လို့ ပြောတာပဲ၊ ရဲတွေကလည်း နေ့တိုင်း အုပ်ချုပ်ရေးမှူး ရုံးကို လာတဲ့ အခါ မြင်နေတာပဲလေ၊ ဘယ်သူ့မှ လာဟန့်တားတာမျိုး မရှိဘူး၊ ရဲတွေ ကိုယ်တိုင် ၀င်ပြီး ချဲထိုးတယ်၊ ရခိုင် လူမျိုး ဆိုတော့ သူတို့က ဥပဒေရဲ့ အထက်မှာလေ” ဆိုပြီး ညဉ်းညူသံ လေးနဲ့ ပြောလေတော့ စာရေးသူလည်း အဲဒီ လူကြီးနားကနေ ထွက်လာလိုက်ပါတယ်။

စာရေးသူလည်း ဘ၀မှ တစ်ကြိမ် တစ်ခါ ကိုယ်တိုင် တစ်ကွက်လောက် ထိုးကြည့်မယ် ဆိုပြီး ချဲဒိုင်နားကို နောက်တစ်ခါ သွားပြီး ချဲဒိုင်က ဖောက်သည်တွေ ပြောနေတဲ့ နံပါတ်တွေကို ဘောက်ချာ စာအုပ် ငယ်ငယ်လေးပေါ် ခေါင်းငုံလျက် ရေးနေတာကို ကြည့်နေရင်း ကိုယ်ထိုးမယ့် အကွက်ကို စဉ်းစား နေမိတော့တယ်။

“ဒီနေ့လည်း ‘ရေ’ တစ်ကွက်တည်းပဲ၊ ၅၀၀၀ တစ်ကွက်တည်း၊ ငါးထောင်” နံပါတ်လည်း မပြော၊ ရေ တစ်ကွက်တည်းလို့ ပြောပြီး ပန်းရောင် ငါးထောင်တန် တစ်ရွက် ထုတ်ပေးနေတဲ့ လူကို မော့ကြည့်လိုက်တော့ ယူနီဖောင်း ၀တ်ထားတဲ့ ရဲသား တစ်ယောက်၊ ဥပဒေ ချိုးဖောက်ပြီး တရားမ၀င် လောင်းကစား နေတဲ့ နေရာကို ရဲသား တစ်ယောက်လုံး ရောက်နေတာ ဘယ်သူ့မှ ကြောက်ပုံမရ၊ ကိုယ့်အကွက်နဲ့ကိုယ်၊ ကိုယ့်နံပါတ်နဲ့ကိုယ်၊ ရေ တစ်ကွက်တည်းဘဲလို့ ပြောတာ ဘာလဲဆိုတာ သိချင်လို့ ချဲဒိုင် ရေးနေတဲ့ ဘောက်ချာ စာရွက်လေးကို ကြည့်တော့ “၆၇” လို့ ရေးနေတာ မြင်လိုက်မိတယ်။ စာရေးသူတော့ ဒီလောင်းကစား အသုံးအနှုန်း တွေကို လုံးဝ နားမလည်။

ကိုယ့်အကွက် ကိုယ်ထိုးပြီး ချဲဝိုင်းကနေ ထွက်လာခိုက်လေးမှာဘဲ ပျံကျ ဈေးသည် တစ်ချို့ရဲ့ ရယ်ရယ် မောမောနဲ့ အပြောကြောင့် စာရေးသူရဲ့ ခြေလှမ်းတွေတောင် ရပ်သွားခဲ့ရတယ်။ “အဲဒီ ဆရာကလည်း ရေမှရေ တစ်ကွက်တည်းဘဲ၊ အဲဒီ အကွက်ကို မွေးစားနေတယ်နဲ့ တူတယ်၊ မင်းက ညံ့လိုက်တာကွာ၊ ရေမှ သဝေထိုး (ေ) က ၆၊ ရကောက် (ရ) က ၇၊ ၆၇ ပေါ့” ပျံကျဈေးသည် များက တစ်ယောက်ကို တစ်ယောက် ရှင်းလင်း ပြောပြ နေမှုတွေကို ကြားရပြီးတဲ့နောက် စာရေးသူတောင် မှင်တက်သွားမိခဲ့တယ်။

သြော် .. တစ်ခါတစ်လေ မကောင်းတဲ့ ပတ်ဝန်းကျင်မှာလည်း ဗဟုသုတတွေ ပြည့်နှက် နေတတ်ပါလား ဆိုတဲ့ အတွေးနဲ့ စာရေးသူက ချဲဒိုင်များနဲ့ ဝေးရာကို လျှောက်သွား လိုက်ပါတော့တယ်။

ကဲ .. စာရေးသူ ထိုးမိတဲ့ အကွက်ကို ရဲသား ပြောတဲ့ စကား ပုံစံမျိုးနဲ့ ပြောရမယ် ဆိုရင် “နီးနီးလေး ပေမယ့် မျက်နှာချင်း ဆိုင်ခွင့် မရှိတဲ့ နံပါတ်စဉ်ပါ” နားမလည်ရင် ရှင်းပြပါမယ်။ “၃၄” ပေါ့ဗျာ .. စာဖတ်သူတို့ အဲဒီ အကွက်ကို ပေါက်အောင်သာ ဆုတောင်း ပေးနော်။

မကြာမကြာ တီးဦးမှာမို့ စောင့်မျှော် အားပေးဖို့ တောင်းဆို ပါရစေ။




Comment ရေးရန်

Rohingya Exodus