၂၀၁၄ ဒိုင်ယာရီ မှတ်တမ်းများထဲက လူမဆန်ဆုံး ဖြစ်ရပ် တစ်ခု
ယျာတင် (MYARF)
RB News
31.12.2014
မနက် အိပ်ရာက နိုးတာနဲ့ တစ်ရွက်ချင်းစုတ် ပြက္ခဒိန်ရဲ့ နောက်ဆုံး အရွက်ကို ဆွဲစုတ်မိချိန်မှာ ..
သြော် .. စက္ကန့်မှ မိနစ်၊ မိနစ်မှ နာရီ၊ နာရီမှ ရက်၊ ရက်မှ အပတ်၊ အပတ်မှလ၊ လမှနှစ် .. ဒီလို အဆင့်ဆင့် ပြောင်းလဲ လာတတ်တဲ့ ပြောင်းလဲခြင်း တရားနဲ့ အညီ ၂၀၁၄ ဆိုတဲ့ “နှစ်” ကလည်း အရာရာကို ကျောခိုင်း သွားတော့မှာပါလား ဆိုတဲ့ အသိက အတွေးတစ်ခုကို ဖြစ်ပေါ်စေခဲ့ပြီး ညကျမှ ရေးမယ်လို့ တေးမှတ်ထားလိုက် မိတယ်။
ကုန်ဆုံးသွားတဲ့ ၂၀၁၄ ခုနှစ် အတွင်း မိမိကျင်လည်ရာ ဘ၀မှာ အောင်မြင်မှုကြောင့် ၀မ်းသာကြည်နူး ခဲ့သူများ ရှိသလို၊ ကျရှုံးမှုကြောင့် ၀မ်းနည်းပက်လက် ဖြစ်ခဲ့သူများလည်း ရှိမည်မှာ မလွဲပင်။ လောကဓံရဲ့ အနိမ့်အမြင့်ကို သတ္တ၀ါတိုင်း တွေ့ကြုံ ရတတ်တာ ဓမ္မတာပင် မဟုတ်လား။ ဒီအထဲ ကျွန်တော်လည်း ပါဝင်နေသမို့ ကုန်ဆုံးသွားတော့မယ့် ၂၀၁၄ ခုနှစ် အတွင်း ကျွန်တော် ကျင်လည်ခဲ့တဲ့ ဘ၀ရဲ့ အတွေ့အကြုံ အချို့ကို စာဖတ် ပရိသတ်များအား မျှဝေ ခံစားစေချင် ပါတယ်။
ကျွန်တော်က သတင်းနည်းပညာ ဘွဲ့ရ သတင်းထောက် တစ်ယောက် မဟုတ်သလို၊ အများ အသိအမှတ်ပြု Activist တစ်ယောက်လည်း မဟုတ်ပါဘူး။ ကမ္ဘာမှာ အဖိနှိပ်ခံရဆုံး စာရင်းဝင် ရိုဟင်ဂျာ လူမျိုးထဲက တစ်ယောက် ဖြစ်ပေမယ့်လည်း အမှန်တရားကို ချစ်မြတ်နိုးသူ တစ်ယောက်မို့ မိမိတို့ နေထိုင်ရာ ဒေသမှာ မိမိလူမျိုး တွေ့ကြုံ ခံစားနေရတဲ့ မတရား ဖိနှိပ်မှုတွေ၊ ညှဉ်းပန်း နှိပ်စက်မှုတွေ၊ တဖက်သတ် ခွဲခြား ဆက်ဆံ ခံနေရမှု များကို လက်လှမ်းမှီ သလောက် မှတ်တမ်း ပြုစုပြီး မီဒီယာက တဆင့် ကမ္ဘာသူ ကမ္ဘာသားများ သိစေဖို့ နေ့စဉ်နဲ့အမျှ မှတ်တမ်းတင် မျှဝေ ပေးနေခဲ့သူ တစ်ယောက်သာ ဖြစ်ပါတယ်။ ဒီလို မှတ်တမ်းတင် ပြုစုရာမှာ လျှို့ဝှက် လုပ်ဆောင် ရတာမျိုး၊ ခံရသူရဲ့ နာမည် စာရင်း အတိအကျ ရခဲ့သော်လည်း၊ ကျူးလွန်သူရဲ့ နာမည်၊ ရာထူး အတိအကျ ရဖို့ မလွယ်တာမျိုး စတဲ့ အခက်အခဲ အမျိုးမျိုးကို တွေ့ကြုံရပါတယ်။ တခါတရံ မတရားသဖြင့် ဖိနှိပ်ခံခဲ့ရသူ အချို့ကတောင် မိမိရဲ့ အမည်၊ ဖြစ်ပျက်ခဲ့ပုံ စတာတွေကို ကိုယ်တိုင် ၀န်မခံချင်ကြဘူး။ ဥပမာ - လူတစ်ယောက်ဆီက ရဲများက မဟုတ်မတရား စွပ်စွဲပြီး ငွေညှစ်တယ် ဆိုပါစို့။ ငွေညှစ်ခံရတာ မှန်ကန်သော်လည်း ၀န်မခံဝံ့တဲ့ အပြင် မဟုတ်ဘူးလို့ ငြင်းတတ်ကြတယ်။ ဘာကြောင့်လဲ ဆိုတော့ မိမိငွေညှစ်ခံရတာကို သူများကို ပြောလိုက်လို့ ငွေပြန်ရမှာ မဟုတ်သလို၊ အဲဒီလို ၀န်ခံလိုက်ခြင်း အားဖြင့် ငွေညှစ်ခံသူကို ရဲများက တဖန်လာပြီး ဖမ်းဆီးနိုင်မှာ ဖြစ်လို့ပါ။ တစ်ခါ ငွေညှစ်ခံရမှု သတင်းပေါက် သွားရင် အခြား အာဏာပိုင် အဖွဲ့အစည်း တွေကလည်း ရဲကို ပေးခဲ့ရသလို သူတို့ကိုလည်း ပေးဖို့ အကြပ်ကိုင် တတ်ပါတယ်။ တပူပေါ် နှစ်ပူ ဆင့်ရတဲ့ အဖြစ်မျိုးတွေပေါ့။
နောက်တစ်ခု အခက်ကြုံ ရတာက မိန်းကလေးများ မုဒိန်းကျင့် ခံရတဲ့ သတင်း လိုက်ရတဲ့ အခါမှာပါ။ မိမိ အမည်နာမ ထုတ်ဖော် ၀န်မခံချင်တာက မိမိရဲ့ ဂုဏ်သိက္ခာကျမည် ဆိုတာထက် ကျူးလွန်သွားသူ တရားခံများက သူတို့ကို စွပ်စွဲရ ကောင်းလားဆိုပြီး နောက်တကြိမ် လာပြီး ကျူးလွန် တတ်တာကြောင့် ဖြစ်ပါတယ်။ ဘာဘဲဖြစ်ဖြစ် ကျွန်တော်ကတော့ ဇွဲမလျှော့ဘဲ ကျွန်တော့် အလုပ် ကျွန်တော် ဆက်လက် လုပ်ဆောင်ခဲ့ပါတယ်။ ည (၉) နာရီ ကတည်းက တစ်ရွက်ချင်း လှန်ဖတ် ကြည့်နေတဲ့ ကျွန်တော့်ရဲ့ “နေ့စဉ် ခံစားမှု မှတ်တမ်း ဒိုင်ယာရီ” စာအုပ်မှ ၂၀၁၄ ခုနှစ် အတွင်းမှာ ကျွန်တော် မှတ်တမ်း ပြုစုပြီး မီဒီယာပေါ် တင်ခဲ့တဲ့ အဖြစ်အပျက် ထဲက “အလွန် လူသား မဆန်တဲ့ အဖြစ်အပျက် တစ်ခု” အကြောင်းကို စာဖတ်သူများအား ပြောပြချင်ပါတယ်။ အဲဒီ အဖြစ်အပျက်ကို ဒိုင်ယာရီပေါ် ရေးခဲ့တုန်းက ကျွန်တော် ရင်နင့်အောင် ခံစားခဲ့ရပြီး၊ ဒိုင်ယာရီ စာရွက်လည်း မျက်ရည်စက်တွေကြောင့် စိုစွတ်သွားခဲ့တယ်။ မှန်ကန်တဲ့ အဖြစ်အပျက် ပေမယ့်လည်း မှတ်တမ်းတင် ရေးခဲ့တုန်းက ကျွန်တော့် လက်တွေက မရေးချင်ဘဲ တွန့်ဆုတ် နေခဲ့သေးတယ်။ အခုလည်း အဲဒီ အဖြစ်အပျက်ကို ပြန်ဖတ်နေလို့ ကျွန်တော့်မှာ မျက်ရည်ကျ နေရပြန်ပြီ။
ပြောရမှာတောင် ရှက်စရာ ဖြစ်ပေမယ့် လူစိတ်ရှိသူတိုင်း ဒီလူသား မဆန်တဲ့ အဖြစ်အပျက်ကို ကြားမိရင် စိတ်မကောင်း ဖြစ်မိမှာ သေချာပါတယ်။ သတင်းကတော့ --
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ လောင်းဒုံး ကျေးရွာ အုပ်စု၊ ဆင်သေပြင်ရွာနှင့် ငါးစားကြူး ကျေးရွာ အုပ်စု၊ ဖန်မြောင်းရွာ တို့ရှိ ဒေသခံ ရိုဟင်ဂျာများရဲ့နေအိမ်များကို ၂၀၁၄ ခုနှစ် မတ်လ ၁၀ ရက်နေ့ တစ်ကြိမ်၊ မတ်လ ၁၅ ရက်နေ့တွင် တစ်ကြိမ် ရခိုင် အစွန်းရောက်များက ဓာတုပစ္စည်းများနှင့် အဝေးထိန်း ကိရိယာများ သုံးပြီး မီးရှို့ခဲ့ပါတယ်။
အဆိုပါ မီးရှို့မှုနဲ့ ပတ်သက်ပြီး အပြစ်မဲ့ ရိုဟင်ဂျာ အမျိုးသမီး လေးဦးကို အာဏာပိုင်များက ယင်းနေ့မှာပင် ဖမ်းဆီး ခေါ်ဆောင် သွားခဲ့တယ်။ ဖမ်းဆီးခံရသူများမှာ ဆင်သေပြင်ရွာမှ (၁) ဒေါ်ရှာအာနု (ဘ) ဦးဟာမိတ်ဟူစိန်း (အသက် ၂၉ နှစ်)၊ (၂) ဒေါ်နူးရ်အန်ကီးစ် (ဘ) ဦးဂျမာလ်ဟူစိန်း (အသက် ၄၆ နှစ်)၊ (၃) ဒေါ်ဟာဆီနာဇူဟာရ် (ဘ) ဦးအီမာန်ဟူစိန်းနှင့် ဖန်မြောင်းရွာမှ (၄) ဒေါ်ဂူလ်ဇာရ် (ဘ) ဦးအဒူရာမန် တို့ဖြစ်ကြပါတယ်။ ၎င်းတို့ကို ဖမ်းဆီးပြီးနောက် အာဏာပိုင်များက ၎င်းတို့ရဲ့ နေအိမ်များ ရှေ့တွင် ရပ်ခိုင်း၍ ဓါတ်ပုံ ရိုက်ယူပြီးနောက် ကြိမ်ချောင်း ရဲစခန်းသို့ ခေါ်ဆောင် သွားခဲ့ပါတော့တယ်။
အဆိုပါ အမျိုးသမီး (၄) ဦးနဲ့ မတ်လ (၁၀) ရက်နေ့တွင် ဖမ်းဆီးခံရတဲ့ အမျိုးသမီး တစ်ဦးကို ကြိမ်ချောင်း ရဲစခန်းမှာ လူမဆန်စွာ ညှင်းပန်း နှိပ်စက်ပြီး ရွာနှစ်ရွာမှာ အိမ်များကို သူတို့ ကိုယ်တိုင်သာ မီးရှို့တယ်ဆိုပြီး အတင်း အဓမ္မ ၀န်ခံခိုင်းခဲ့တယ်။ သာမာန် ညှင်းပန်း နှိပ်စက်ရုံ သာမက အမျိုးသမီးများရဲ့ လိင်အင်္ဂါများကို ဖယောင်းတိုင်မီးများနဲ့ ရှို့ခဲ့တဲ့အတွက် မတ်လ ၁၆ ရက်နေ့မှာ သူတို့ကို ကြိမ်ချောင်း ဆေးရုံကို တင်ခဲ့ရတယ်။ ဆေးရုံမှ ဆရာဝန် ဖြစ်သူ ဒေါက်တာ နုကေသီဇံက လူမဆန်စွာ လိင်အင်္ဂါများကို မီးရှို့ နှိပ်စက်မှုအတွက် ရဲများကိုနှမချင်း စာနာစိတ်ကင်းမဲ့ပါလား ဆိုပြီး ပြင်းပြင်းထန်ထန် ပြစ်တင် ဝေဖန်ခဲ့တယ်။ ဆရာဝန် ဖြစ်သူ ဒေါက်တာ နုကေသီဇံက ရခိုင် လူမျိုး တစ်ယောက် ဖြစ်ပေမယ့်လည်း အမျိုးသမီး အချင်းချင်း စာနာစိတ်နဲ့ အလွန်ပင် စိတ်မကောင်း ဖြစ်သွားခဲ့ပြီး လူနာများကိုလည်း အကောင်းဆုံး ဆေးကုသမှု ပေးခဲ့ပါတယ်။ သို့သော်လည်း အာဏာပိုင်များက ထိုအမျိုးသမီးများကို ပေါ့ဆမီး ပုဒ်မ တပ်ဆင်ပြီး ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခဲ့တယ်။ ယခုအခါမှာတော့ ထိုအမျိုးသမီးများဟာ သူတို့ဘဝ နေ့ရက်များကို ဘူသီးတောင်အကျဉ်းထောင်မှာ ခက်ခဲစွာ ဖြတ်သန်းနေရပါရဲ့။
မီးရှို့မှုကို ရခိုင် အစွန်းရောက် များက ဓာတု ပစ္စည်းများ၊ အဝေးထိန်း ကိရိယာများ သုံး၍ ပြုလုပ် ခဲ့သော်လည်း အာဏာပိုင်များက အမှန်တကယ် အပြစ်ရှိသူများကို မဖော်ထုတ်ဘဲ၊ အပြစ်မဲ့ များကို ညှဉ်းပန်း နှိပ်စက်၍ အာဏာ အလွှဲသုံးစား ပြုလုပ်ပြီး ထောင်ဒဏ် ချမှတ်လိုက်ခြင်းက ကျွန်တော့် ရင်ကို အလွန် နာကျင်စေ ခဲ့ပါတယ်။ ပိုဆိုးသည်က ထိုအမျိုးသမီး များထဲမှာ နို့စို့ ကလေး တစ်ဦးရဲ့ မိခင် ပါနေခြင်းပါ။ နို့ငတ်နေမယ့် ကလေးငယ်ရဲ့အကြောင်း၊ နို့ရည်ဖြင့် ရင်အုံ တဆစ်ဆစ် နာကျင်မယ့် အမေ တစ်ယောက်ရဲ့ ဒုက္ခများ အကြောင်း၊ အားနည်းတဲ့ လူမျိုးစု ဖြစ်နေရလို့ ဒီလိုမဟုတ်မတရားခံ နေရတဲ့ အကြောင်းတွေ တွေးမိတိုင်း ကျနော် မျက်ရည်မထိန်းနိုင်ပါဘူး။
"သား .. ကော်ဖီရပြီ" ဆိုတဲ့ အမေရဲ့ စကားသံကြားမှသာ ကျွန်တော့် အတွေးတွေ ပျက်သွား ပါတော့တယ်။ ကျွန်တော့်ရဲ့ ပါးပြင်ပေါ်က မျက်ရည်စက် များကို အမေက အသာအယာသုတ် ပေးနေရင်း " သား ... စိတ်မပျက်နဲ့ ... သား လုပ်နေတာတွေ ဆက်လုပ်ပါ ... အမေ သားနဲ့အတူ အမြဲရှိနေမယ် ... ဒီလိုဘဝမျိုးကနေ တစ်နေ့ လွတ်မြောက်သွားမှာပါ သားရယ် ..." ဟု အားပေးစကား ပြောလာတဲ့ အမေ့ရဲ့ ချိုမြတဲ့ အသံတွေကို နားထောင်ရင်း ကျွန်တော် အမေ့ကို ပွေ့ဖက်လိုက်ပါတော့တယ်။
ဒီလို ညဉ့်နက်ချိန်ဝယ် စာရေးနေခိုက် အမေက ကျွန်တော့်ကို ကော်ဖီဖျော် လာပေးတတ်သလို စာရေးရင်း ကျွန်တော် ငိုမိတာတို့၊ ပြုံးမိတာတို့လည်း အမေ့အတွက် ထူးဆန်း မနေတော့ပါ။ ဘယ်တုန်းကမှ ကြားဝင် အနှောက်အယှက် မပေးတတ်သလို အားတောင် လာပေးတတ်သော အမေ့ကို ကျေးဇူးကမ္ဘာပါ အမေရယ်ဟု ပြောလိုက်ပြီး ပါးပြင်ပေါ် မျက်ရည်စက်လက်နဲ့ ကျွန်တော် အိပ်ရာပေါ် လှဲအိပ် လိုက်ပါတော့တယ်။