နောက်ဆုံးသတင်း/ဆောင်းပါးများ

တပ်မတော်သား များ၏ ညှဉ်းပန်း နှိပ်စက်မှု များကိုလည်း ဒေသခံ ရိုဟင်ဂျာများ ခံစားနေရ



RB News
1.1.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင် အတွင်းရှိ တပ်မတော်သား များသည် အခြားသော ဌာနဆိုင်ရာများ၊ နယ်ခြားစောင့် ရဲများကဲ့သို့ ဒေသခံ ရိုဟင်ဂျာ များကို ရိုက်နှက် ညှဉ်းပန်း နှိပ်စက်၍ ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

မောင်တော ခရိုင် အတွင်းရှိ မြို့နယ်များ ဖြစ်သည့် မောင်တော၊ ဘူးသီးတောင်နှင့် တောင်ပြိုလက်ဝဲ မြို့နယ်များတွင် အခြေစိုက်သည့် တပ်ရင်းများမှ တပ်မတော်သား များသည် အခြားသော ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့၊ စ.ရ.ဖ၊ မ.က.ဖ နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကဲ့သို့ပင် ဒေသခံ ရိုဟင်ဂျာ များကို ပစ်မှတ် ထား၍ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ပြီး ငွေညှစ်ခြင်းများ နေ့စဉ် အဆက်မပြတ် ပြုလုပ်လျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

၂၀၁၄ ဒီဇင်ဘာလ (၃၀) ရက်နေ့ ည ၁၀ နာရီခန့် အချိန်တွင် ဘူးသီးတောင် မြို့နယ် သင်္ဂနက် အခြေစိုက် အမှတ် ၅၅၂ တပ်ရင်းမှ တပ်ရေး ဗိုလ်ကြီးနှင့် တပ်မတော်သား (၄) ဦးတို့သည် မိချောင်းဈေး ကျေးရွာ အုပ်စု၊ ဘိုကြီးချောင်းရွာမှ တပ်ရင်း၏ အကူဖြစ်သူ ဦးရော်ဖိတ် (ဘ) ဦးအက်ရာမ် နှင့်အတူ မိချောင်းဈေး ကျေးရွာ အုပ်စု၊ ဘိုကြီးချောင်းရွာမှ အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာ လူငယ် (၃) ဦးကို အကြောင်းမဲ့ ဖမ်းဆီး၍ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ပြီး ငွေကျပ် ၅ သောင်းစီ - စုစုပေါင်း ငွေကျပ် တစ်သိန်း ငါးသောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ ရိုက်နှက် ငွေညှစ်ခံရသူ (၃) ဦးအနက် တစ်ဦးမှ သတ္တမတန်း ကျောင်းသား တစ်ဦး ဖြစ်ကြောင်း သိရှိရသည်။

ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ခံရပြီး ငွေကျပ် ၅ သောင်းစီ ညှစ်ခံရသူ (၃) ဦးမှာ --

(၁) ဖိုက်ဆဲလ် (ဘ) ဦးရှော်ဖီအုလ္လာ (အသက် ၁၄ နှစ်) သတ္တမတန်း ကျောင်းသား
(၂) မော်လ၀ီ အာမာန်အုလ္လာ (ဘ) ဦးယူဆုဖ်အလီ (အသက် ၂၂ နှစ်)
(၃) ဂျာနီအာလမ် (ဘ) ဦးဟာဖီးဇ် အာမတ် (အသက် ၂၀) နှစ် -- တို့ဖြစ်သည်။

အဆိုပါ တပ်ရေး ဗိုလ်ကြီးသည် ဒေသခံများကို အကြောင်းမဲ့ ရိုက်နှက် ငွေညှစ်သည်ဟု နာမည်ဆိုးဖြင့် ကျော်ကြား နေသူ တစ်ဦး ဖြစ်ပြီး၊ ၎င်း၏ ပတ်သက်၍ ဒေသခံများက စ.က.ခ (၁၅) သို့ အကြိမ်ကြိမ် စာရေးသား တိုင်ကြားခဲ့သော်လည်း အထက် အရာရှိများက အရေးယူ ဟန့်တားခြင်း မရှိကြောင်း ဒေသခံများက ဆိုသည်။

ကျေးရွာများတွင် လုံခြုံရေး တာဝန်ယူ ရသည့် တပ်မတော်သား များသည် မိမိတို့နှင့် မဆိုင်သည့် ကိစ္စရပ်များတွင် ၀င်ရောက်၍ နှောက်ယှက်ခြင်း၊ ကျေးရွာသူ/သား များထံမှ စားစရိတ် တောင်းခြင်း၊ ရွာသားများကို ကင်းစောင့်ခိုင်း ထားပြီး ကင်းသမား များကို အပြစ်ရှိသည်ဟု လုပ်ကြံ စွပ်စွဲ၍ ကြက်များကို ဒဏ်ခတ်သည်ဟု ဆိုကာ အတင်း အဓမ္မ လုယက်ခြင်း၊ လယ်ယာ လုပ်ငန်း၊ ငါးဖမ်းခြင်း လုပ်ငန်းများဖြင့် တပိုင်တနိုင် လုပ်ကိုင် စားသောက် နေသူများကို ထောက်ခံစာ ယူရမည်ဟု ဆိုကာ ငွေညှစ်ခြင်းများ နေ့စဉ် အဆက်မပြတ် ပြုလုပ်လျက် ရှိသည်ဟု ဆိုသည်။

ယခုကဲ့သို့ တပ်မတော်သား များက ဥပဒေ ချိုးဖောက်၍ ရိုက်နှက် ငွေညှစ်နေခြင်း များကို ဒေသတွင်းရှိ တပ်မမှူးနှင့် ဗျူဟာမှူးများက စီစစ်၍ အရေးယူ ဆောင်ရွက် ပေးရန် တောင်းဆိုကြောင်း ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus