နောက်ဆုံးသတင်း/ဆောင်းပါးများ

မြန်မာ့အရေး The Elders နဲ့ ချင်း မိုင်ရောက် မြန်မာတွေ ဆွေးနွေး



RFA မြန်မာပိုင်း
13.12.2014

ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ The Elders ခေါ် ကမ္ဘာ့ ထင်ရှား ပုဂ္ဂိုလ်များ အဖွဲ့က ချင်းမိုင်မြို့ရှိ မြန်မာ့ အရေး လှုပ်ရှား ဆောင်ရွက် နေတဲ့ အဖွဲ့အစည်း တွေနဲ့ ဒီကနေ့ တွေ့ဆုံခဲ့ ကြပါတယ်။

ဆွေးနွေး ခဲ့တာတွေနဲ့ ပတ်သက်လို့ WLB အမျိုးသမီးများ အဖွဲ့ချူပ် (မြန်မာနိုင်ငံ) က အထွေထွေ အတွင်းရေး မှူး ဒေါ်တင်တင်ညို က
"အဓိကတော့ ပေါ့နော် ကျမတို့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ဖြစ် နေတဲ့ ကိစ္စတွေကို ထောက်ပြတယ်၊ အဲ့ဒီထဲမှာမှ ကျမတို့ ဒီပြီးခဲ့တဲ့ လကပေါ့နော် ဒီအစီရင်ခံစာ တစ်စောင် ထပ်ထုတ်တာ ရှိပါတယ် အဲ့ဒါတော့ အမျိုးသမီးတွေ က ဆက်လက်ပြီးတော့မှ ဒီစစ်တပ်ရဲ့ အဓ္ဓမပြုကျင့် မှုတွေ ဆက်ခံနေရတယ်ဆိုတဲ့ဟာ အဲ့ဒီ ကိစ္စကိုလည်း ဆက်ပြောတာ ရှိတယ် အဲ့ဒီအပြင်ကို စစ်ပွဲတွေ ထပ်ဖြစ်နေတဲ့ ကိစ္စရပ်တွေရယ် နောက်ပြီးတော့မှ အခု ငြိမ်းချမ်းရေး ဖြစ်စဉ်ပေါ့နော် ရှေ့ဆက်မတိုးတဲ့ ကိစ္စအဲ့လိုမျိုး ထောက်ပြတယ်။ သူတို့ ဘာပြောသွားလဲဆို မြန်မာနိုင်ငံမှာ ပြဿနာ အကြီးမားဆုံး နှစ် ရပ်ပေါ့နော် အဟန့်အတားနှစ်ရပ်က ရှိတယ်ပေါ့ အဲ့ဒါကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ နောက်ပြီးတဲ့ အခါကြလို့ရှိရင်တော့ ဒီ စစ်တပ်ပေါ့လေ အဲ့ဒါကတော့ အဓိက အဟန့်အတားပဲဆိုပြီးတော့မှတော့ သူတို့ သုံးသပ်သွားတာတော့ ရှိပါတယ်"

မြန်မာနိုင်ငံမှာ စစ်ပွဲတွေ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အမြန်ရပ်ဖို့နဲ့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်ခံရမှုတွေနဲ့ ပတ်သက်ပြီး တရားမျှတမှုတွေရရှိရေးအတွက် မြန်မာအစိုးရကို တောင်းဆိုပေးဖို့ အမျိုးသမီးများ အဖွဲ့ချူပ်ကတိုက်တွန်း ခဲ့တယ်လို့ ဆက်ပြောပါတယ်။

ကမ္ဘာ့ထင်ရှားပုဂ္ဂိုလ်များအဖွဲ့ဟာ နေ့လည်ပိုင်းမှာတော့ ပြည်ထောင်စုသိပ္ဗံ အဖွဲ့ရုံးကိုသွားရောက်ပြီး လက်ရှိ ငြိမ်း ချမ်းရေး ဖြစ်စဉ်နဲ့ပတ်သက်ပြီး ကူညီဆောင်ရွက်ပေးနိုင်မယ့်နည်းလမ်းတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ပြည်ထောင်စု သိပ္ဗံအဖွဲ့ရဲ့ အမှုဆောင် ဒါရိုက်တာ ဦးခွန်ဆိုင်း ကပြောပါတယ်။

"ဒီအခု ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ဖြစ်နေတဲ့ အခက်အခဲတွေ ပြသနာတွေ ကို သူတို့ နားလည်အောင် ရှင်းပြတာပေါ့ ဒီ နိုင်ငံရေးအရ အခက်အခဲတွေရှိတယ် နောက်ပြီးတော့မှ ဒီ အတတ်နည်းပညာပိုင်း ဆိုင်ရာ အခက်အခဲတွေလည်းရှိတယ် နောက်ပြီးတော့မှ နိုင်ငံရေးနဲ့ တိုက်ရိုက် မပတ်သက်သော်ငြားလည်းပဲ ဒီ ဆက်စပ်တဲ့ အခက်အခဲတွေ စီးပွားရေး မြေယာကိစ္စ မူးယစ်ဆေးဝါး ကိစ္စလား စသည်ဖြင့် အဲ့လိုမျိုး အခက်အခဲတွေ ဆိုတာ တင်ပြတာပေါ့နော်"

ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အကောင်အထည်ဖော်ရာမှာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ အစည်းတွေအကြား ကြားခံလူတစ်ယောက် ရှိဖို့လိုနေကြောင်း The Elder ခေါ် ကမ္ဘာ့ထင်ရှားပုဂ္ဂိုလ်များ အဖွဲ့ ခေါင်းဆောင်တွေက ထောက်ပြဆွေးနွေးခဲ့တာ ရှိပေမယ့် မြန်မာနိုင်ငံသားခန့်ရင်ကောင်းမလား နိုင်ငံခြားသား ခန့်ရင်ကောင်းမလားဆိုတာကိုတော့ တိကျတဲ့ အဖြေမရခဲ့ဘူးလို့ သိရပါတယ်။

The Elders အဖွဲ့မှာ အဖွဲ့ရဲ့ ဒုတိယဥက္ကဋ္ဌ Gro Harlem Brundtland ဦးဆောင်ပြီး ဖင်လန် သမ္မတဟောင်း နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် Martti Ahtisaari ၊ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ်ဟောင်းလည်းဖြစ်၊ အယ်လ်ဂျီး ရီးယား နိုင်ငံခြားရေး ဝန်ကြီးဟောင်းလည်းဖြစ်တဲ့ Lakhdar Brahimi နဲ့ ပါကစ္စတန်နိုင်ငံက နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားသူ Hina Jilani တို့ ပါဝင်ပြီး ဒီအဖွဲ့ဟာ မြန်မာနိုင်ငံကို မနက်ဖြန် ခရီးဆက်မှာဖြစ်ပါတယ်။

Comment ရေးရန်

Rohingya Exodus