နောက်ဆုံးသတင်း/ဆောင်းပါးများ

ညောင်ချောင်း ကျေးရွာ တာဝန်ခံ အသတ်ခံရမှုနှင့် ပတ်သက်၍ အပြစ်မဲ့များကို ဖမ်းဆီးရန် ကြိုးစားနေ



RB News
26.1.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ ညောင်ချောင်း ကျေးရွာ အုပ်ချုပ်ရေး တာဝန်ခံကို အမည်မသိ လူနှစ်ယောက်က ဓါးဖြင့်ထိုးလိုက်ရာ သေဆုံးသွားပြီး၊ ကျေးရွာ အတွင်းသို့ နယ်ခြားစောင့် ရဲများ ၀င်ရောက်၍ ရမ်းကားလျက် ရှိသည့်အတွက် ဒေသခံများ အထူး စိုးရိမ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

ယနေ့ ဇန်န၀ါရီလ ၂၆ ရက်နေ့ နံနက် ၂း၁၅ နာရီ အချိန်တွင် မောင်တောမြို့နယ် ညောင်ချောင်း ကျေးရွာ၏ အုပ်ချုပ်ရေး တာဝန်ခံ ဦးဇော်ကိရ် (အသက် ၂၅ နှစ်) နှင့် ၎င်း၏ ကိုယ်ရံတော် ဦးဇူဘိုင်ရ် (ဘ) ဦးတာန်ဒူး (အသက် ၂၃ နှစ်) တို့ကို အမည်မသိ လူနှစ်ဦးက ဓါးဖြင့်ထိုးခဲ့သည်။ ကျေးရွာ အုပ်ချုပ်ရေး တာဝန်ခံ ဖြစ်သူ ဦးဇော်ကိရ်နှင့် ၎င်း၏ ကိုယ်ရံတော် ဦးဇူဘိုင်ရ် တို့သည် ထိုအချိန်တွင် နယ်ခြားစောင့် ရဲများနှင့် ရွာအတွင်း ကင်းလှည့်၍ ပြန်လာနေစဉ် ဦးဇော်ကိရ်၏အိမ်နှင့် မနီးမဝေးသို့ ရောက်ရှိချိန်တွင် အမည်မသိ လူနှစ်ဦးက ၎င်းတို့နှစ်ဦးကို ဓါးဖြင့် ထိုး၍ ထွက်ပြေး သွားကြောင်း သိရသည်။

၎င်းတို့ နှစ်ဦးလုံး ဓါးဖြင့် ထိုးခံရပြီးနောက် ၃ မိုင်ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့သို့ အကြောင်းကြားခဲ့ရာ၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ရဲမှူးနှင့် အဖွဲ့ ရောက်ရှိလာပြီး ဓါးထိုးခံရသူ နှစ်ဦးစလုံးကို မောင်တော ဆေးရုံသို့ ချက်ချင်း ပို့ဆောင် ခဲ့သည်။ သို့သော်လည်း ဆေးရုံ အရောက်တွင် ကျေးရွာ အုပ်ချုပ်ရေး တာဝန်ခံ ဖြစ်သူ ဦးဇော်ကိရ် သေဆုံးသွားပြီး၊ ဦးဇူဘိုင်ရ်မှာ ဓါးဒဏ်ရာဖြင့် ဆေးကုသမှု ခံယူလျက် ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

အဆိုပါ လူသတ်မှုနှင့် ပတ်သက်၍ ဆေးကုသမှု ခံယူနေသည့် ဦးဇူဘိုင်ရ်ကို အမှု စုံစမ်းရေး ရဲအဖွဲ့က ထွက်ဆိုချက် ယူခဲ့ရာ ၎င်းက လူသတ်မှု ကျူးလွန်သူ နှစ်ဦးမှာ ၎င်းတို့၏ ရွာမှ ဖြစ်ကြောင်း၊ နှစ်ဦးစလုံးကို ကောင်းမွန်စွာ မြင်ခဲ့ကြောင်း ထွက်ဆိုခဲ့သည်ဟု သိရှိရသည်။

ယနေ့ ညနေ ၅ နာရီ အချိန်တွင် ၃ မိုင်နှင့် ဂေါ်ဒူသာရ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့်ရဲ ၄၀ ကျော်ခန့် ညောင်ချောင်း ကျေးရွာသို့ ရောက်ရှိလာပြီး ရွာတစ်ဖက်ကို ပိတ်ဆို့၍ အိမ်တိုင်းကို ၀င်ရောက် စစ်ဆေးခဲ့သည်။ နယ်ခြားစောင့် ရဲများ၏ ထုံးထမ်းစဉ်လာကို သိရှိသော ရွာမှ အမျိုးသားများသည် မတရား စွပ်စွဲခံရပြီး တရားခံ ဖြစ်ခံရမည်ကို စိုးရိမ်၍ နယ်ခြားစောင့်ရဲများ မရောက်လာမှီ ရွာအတွင်းရှိ အမျိုးသား တစ်ဦး မကျန် တိမ်းရှောင် သွားခဲ့သည်။

နယ်ခြားစောင့်ရဲများသည် အိမ်များ အတွင်းသို့ ၀င်ရောက် စစ်ဆေးစဉ် နေအိမ်အချို့မှ အသုံးအဆောင် ပစ္စည်းများကို ဖျက်ဆီးခဲ့သည်။ ထို့အပြင် နယ်ခြားစောင့် ရဲများက ရွာအတွင်း တွေ့သမျှ ယောက်ျား များကို ဖမ်းဆီးရန် ကွပ်ကဲရေးမှူး ရဲမှူးချုပ် တင်ကိုကိုက အမိန့်ပေးထားကြောင်း အော်ဟစ် ပြောဆိုခဲ့သည်ဟု ရွာမှ အမျိုးသမီး အချို့၏ ပြောကြားချက်များ အရ သိရသည်။

ဓါးဒဏ်ရာဖြင့် ဆေးကုသမှု ခံယူနေသည့် ဦးဇူဘိုင်ရ်သည် မျက်မြင် သက်သေ တစ်ဦး ဖြစ်ပြီး၊ ၎င်း၏ ထွက်ဆိုချက် အတိုင်း အမှုစစ် ရဲများက တရားခံ နှစ်ဦးကို သိရှိပြီး ဖြစ်သောကြောင့် တရားခံ ပေါ်ပြီးသား အမှု ဖြစ်သည်။ သို့သော်လည်း နယ်ခြားစောင့် ရဲများက အပြစ်မဲ့ ကျေးရွာသား များ၏ အိမ်များထဲသို့ ၀င်ရောက် စစ်ဆေး၍ ပစ္စည်းများ ဖျက်ဆီးခြင်း၊ တွေ့သမျှ ယောက်ျားများကို ဖမ်းဆီးမည်ဟု ခြိမ်းခြောက် နေခြင်းအပြင် အမျိုးသားများ ရွာထဲတွင် မရှိချိန်တွင် အမျိုးသမီးများကို မုဒိန်းကျင့်မှုများ ဖြစ်ပေါ်လာမည်ကို အလွန် စိုးရိမ်ပူပန် လျက်ရှိသည်ဟု ကျေးရွာသားများက ပြောပါသည်။

ကျေးရွာသားများက တရားခံများကို အမှုစစ်ရဲများက သိရှိပြီးသောကြောင့် တရားခံ အစစ်အမှန် ဖြစ်သူ နှစ်ဦးကို တရား ဥပဒေနှင့် အညီ အရေးယူ ဆောင်ရွက်ရန်နှင့် မဆိုင်သူများကို ဒုက္ခမပေးရန် တောင်းဆိုနေကြသည်။

တစ်ဆက်တည်းမှာပင် အနီးအနားရှိ ကျေးရွာများ ဖြစ်သော ပန်းတောပြင်၊ ဘဂုံးနား ကျေးရွာများတွင်လည်း လူသတ် တရားခံ နှစ်ဦးကို ရှာဖွေရန် အိမ်တိုင်း ၀င်ရောက်၍ မွှေနှောက် စစ်ဆေးရန် စီစဉ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

Comment ရေးရန်

Rohingya Exodus