နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင်မြို့တွင် ပြန်ပေးဆွဲ သကဲ့သို့ ခေါ်ဆောင် သွားပြီး ဆွဲ၊တင်၊စစ် တွင် ပါဝင်ခိုင်းပြီးမှ ပြန်လွှတ်




RB News
25.1.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် ငါးရန့်ချောင်း ကျေးရွာ အုပ်စုတွင် ဒေသခံ ရိုဟင်ဂျာ အချို့ကို မ.က.ဖ များက ပြန်ပေးဆွဲ သကဲ့သို့ ခေါ်ဆောင် သွားပြီး အတင်း အဓမ္မ ဆွဲ၊တင်၊စစ် တွင် ပါဝင်စေခဲ့ကြောင်း သတင်း ရရှိပါသည်။

ယနေ့ ဇန်န၀ါရီလ (၂၅) ရက်နေ့တွင် ဘူးသီးတောင်မြို့နယ် ငါးရန့်ချောင်း ကျေးရွာ အုပ်စု၊ တောင်ဘဇား ကျေးရွာသို့ မ.က.ဖ နှင့် နယ်ခြားစောင့် ရဲများ သွားရောက်၍ ဒေသခံ ၃၀ ဦးခန့်ကို ခေါ်ဆောင် သွားပြီး၊ ဆွဲ၊တင်၊စစ် တွင် ပါဝင်မှသာ ပြန်လည် လွှတ်ပေးမည်ဟု ဆိုကာ အတင်း အဓမ္မ ပါဝင် အစစ်ဆေးခံ စေခဲ့ကြောင်း၊ ထို့အပြင် မ.က.ဖ မှ တာဝန် ရှိသူ တစ်ဦး ဖြစ်သည့် ဗိုလ်ကြီးမောင်ဖြူက ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

အလားတူ တောင်ဘဇား ဈေးအနီးရှိ ယင်းမရွာမှ ဒေါက်တာ ဦးယာကုဗ်နှင့် ဦးဇာဖောရ် တို့ကိုလည်း မ.က.ဖ အဖွဲ့က ပြန်ပေးဆွဲ သကဲ့သို့ ခေါ်ဆောင် သွားပြီး၊ ဆွဲ၊တင်၊စစ် တွင် မပါဝင်ပါက ပြန်လည် လွှတ်ပေးမည် မဟုတ်ဟု ဗိုလ်ကြီးမောင်ဖြူက ခြိမ်းခြောက်၍ အတင်းအဓမ္မ စစ်ဆေးခဲ့ကြောင်း သိရသည်။

ဆွဲ၊တင်၊စစ် တွင် ဖြည့်စွက် နေသည့် ပုံစံအချို့ကို အစစ်ဆေးခံသူ များအား မပြသော်လည်း၊ မ.က.ဖ အဖွဲ့မှ လျှို့ဝှက် ဖြည့်စွက် နေသည့် ပုံစံတွင် ခိုးဝင် ဘင်္ဂါလီဟု ခေါင်းစဉ် တပ်ထားကြောင်း သိရသည်။

မ.က.ဖ ဆိုသည်မှာ နိုင်ငံခြားသားများ တရားမ၀င် ၀င်ရောက် နေထိုင်မှု ကာကွယ် တားဆီး နှိမ်နင်းရေး အဖွဲ့ ဖြစ်ပြီး၊ ယခင်က န.စ.က များ ပြုလုပ်ခဲ့သည့် ဆွဲ၊တင်၊စစ် ကို ပြန်လည် အသက်သွင်း၍ ဒေသခံ ရိုဟင်ဂျာများကို အတင်း အဓမ္မ ခိုးဝင် ဘင်္ဂါလီ စာရင်းတွင် ရေးသား မှတ်တမ်း နေခြင်းကြောင့် ဒေသခံများ မပါဝင်ခြင်း ဖြစ်သည်။ မ.က.ဖ များက မြို့မိမြို့ဖ အချို့အား ဆွဲ၊တင်၊စစ် အောင်နိုင်ရေး ကော်မီတီဟု ဖွဲ့စည်းပေးပြီး၊ ဒေသခံများ ပါဝင် လာအောင် နည်းမျိုးစုံဖြင့် ခြိမ်းခြောက်၍ လှုံ့ဆော်မှုများ ပြုလုပ်လျက် ရှိသည်။ ဆွဲ၊တင်၊စစ် အောင်နိုင်ရေး ကော်မီတီတွင် ပါဝင်သည့် မြို့မိမြို့ဖ အများစုမှာ ၎င်းတို့၏ ဆန္ဒမပါဘဲ နာမည် ရေးသွင်းခံရခြင်း ဖြစ်သည်ဟု ဆိုသည်။

Comment ရေးရန်

Rohingya Exodus