နောက်ဆုံးသတင်း/ဆောင်းပါးများ

တောင်ပြိုလက်ဝဲမှ နယ်ခြားစောင့် ရဲများက ဒေသခံ တစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်



MYARF
RB News
14.3.2015

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင် တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ သဲချောင်း ကျေးရွာ အုပ်စု၊ သဲချောင်း ချောင်းဝ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့် ရဲတစ်ဦးက ဒေသခံတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် မြောက်ပိုင်း၊ လောင်ဒုံ ကျေးရွာအုပ်စု၊ မျှာဇင်ရွာမှ ဆော်ဒူလ်အာမီးန် (ဘ) ဦးအာဘူလ်ဟိုက်ရ် (အသက် ၂၅ နှစ်)နှင့် တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ သင်္ဘောလှ ကျေးရွာမှ ဟာလာရှုနာ (ဘ) ဦးအာဘူအီဆုပ် (အသက် ၂၀ နှစ်) တို့သည် သက်ဆိုင်ရာမှ ခွင့်ပြုချက် ရယူပြီး တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ သင်္ဘောလှ ကျေးရွာမှ ထင်းများ ၀ယ်ယူပြီး စက်လှေတစ်စီးဖြင့် မောင်တောမြို့သို့ သယ်ယူသွားပြီး ရောင်းချ၍ အသက်မွေးဝမ်းကျောင်း ပြုနေသူများ ဖြစ်သည်။

မတ်လ (၁၃) ရက်နေ့ နေ့လည် ၂ နာရီ အချိန်တွင် ဆော်ဒူလ်အာမီးန်နှင့် အပေါင်းအပါ ၃ ဦးတို့သည် စက်လှေဖြင့် သင်္ဘောလှ ကျေးရွာသို့ ထင်းများ ၀ယ်ယူရန် သွားနေစဉ် ချောင်းကမ်း တောထဲတွင် ပုန်းအောင်း နေသည့် တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ သဲချောင်း ကျေးရွာ၊ ချောင်းဝစခန်းမှ နယ်ခြားစောင့် ရဲများက စက်လှေ ဆိုက်ကပ်ရန် ခေါ်သည်ကို အသံလည်းမကြား၊ လူကိုလည်း မမြင်သဖြင့် စက်လှေကို ဆက်လက် မောင်းနှင်သွားရာ နယ်ခြားစောင့် ရဲများက သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ဆော်ဒူလ်အာမီးန်၏ ပေါင်ကို ကျည်ဆံထိမှန်၍ ပေါင်ထဲမှာ ကျည်ဆံ ပေါက်ထွက်သွားခဲ့သည်။ ထို့နောက် နယ်ခြားစောင့် ရဲများက ဆော်ဒူလ်အာမီးန်နှင့် အပေါင်းအပါ ၃ ဦးကို ဖမ်းဆီး၍ ဆော်ဒူလ်အာမီးန်ကို ကြိမ်ချောင်း ဆေးရုံသို့ ခေါ်ဆောင် သွားပြီး ဆေးကုသပေးပြီးနောက် သဲချောင်း၊ ချောင်းဝ စခန်းသို့ ခေါ်ဆောင် သွားခဲ့သည်။ ကျန်နှစ်ဦးကိုလည်း သဲချောင်း၊ ချောင်းဝ စခန်းတွင် ချုပ်နှောင် ထားကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

ညအချိန်တွင် ဆော်ဒူလ်အာမီးန်၏ ကျန်းမာရေး အခြေအနေ ဆိုးရွားလာရာ မတ်လ (၁၄) ရက်နေ့ နံနက် ၂ နာရီအချိန်တွင် နယ်ခြားစောင့် ရဲများက ကြိမ်ချောင်း ဆေးရုံသို့ တစ်ဖန် ခေါ်ဆောင်သွားပြီး အစောင့်အကျပ်များ ထား၍ ဆေးကုပေးလျက် ရှိသည်ဟု ဆိုသည်။ သို့သော်လည်း မည်သူ တစ်ဦးတစ်ယောက်ကိုမှ ၀င်ရောက် ကြည့်ရှုခွင့် မပေးကြောင်း သိရသည်။

သဲချောင်း၊ ချောင်းဝစခန်းသည် တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ လိပ်ရ ကျေးရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း (ယခင် နယ်မြေ ၄ စခန်း) ၏ လက်အောက်ခံ စခန်းဖြစ်သည်။ ယခုလို နေ့အချိန်တွင် သေနတ်ဖြင့် ပစ်ခတ်ရန် လိပ်ရစခန်းရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း ရဲမှူး၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ တပ်ရင်းမှူးနှင့် နည်းဗျူဟာမှူး တို့က ညွန်ကြားထားခြင်း ဖြစ်နိုင်သည်ဟု ဒေသခံများက ဝေဖန် ပြောဆို နေကြသည်။ နယ်ခြားစောင့် ရဲများ၏ ပစ်ခတ်မှုကြောင့် ဒေသခံ တစ်ဦး အသက်ဆုံးရှုံး ရမည့် အခြေအနေသို့ ရောက်ရှိနေချိန်တွင်ပင် အဆိုပါ အရာရှိကြီးများက ပြစ်မှု ကျူးလွန်သည့် နယ်ခြားစောင့် ရဲများကို စစ်ဆေး၍ အရေးယူခြင်း မရှိသည့်အပြင် သေလုမျောပါး ဖြစ်နေသည့် အပြစ်မဲ့ ဒေသခံ လူနာကိုလည်း လာရောက် ကြည့်ရှု အားပေးခြင်း မရှိသောကြောင့် ဖြစ်သည်ဟု ဆိုသည်။

ယခုအခါ နယ်ခြားစောင့် ရဲများက ဆော်ဒူလ်အာမီးန်နှင့် အပေါင်းအပါများ၏ စက်လှေပေါ်တွင် ဘင်္ဂလားဖုန်း သုံးလုံးနှင့် ဓါးရှည်သုံးလက် တွေ့ရှိခဲ့သည်ဟု လုပ်ကြံ၍ တရားစွဲ အရေးယူရန် ပြင်ဆင်လျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။ ၎င်းတို့၏ မဆင်မခြင် ပစ်ခတ်မှုကို အရေးယူခံရခြင်းမှ ရှောင်ရှားရန် ယခုကဲ့သို့ အပြစ်မဲ့ ၃ ဦးကို လုပ်ကြံ၍ တရားစွဲဆိုရန် ပြင်ဆင်နေခြင်း ဖြစ်သည်ဟု ဆိုသည်။

Comment ရေးရန်

Rohingya Exodus