အလယ်သံကျော် ကညင်တန်းမှ နယ်ခြားစောင့် ရဲများက ဒေသခံများထံမှ ငွေညှစ်
Rohingya Eye
RB News
10.3.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း အလယ်သံကျော် ကညင်တန်း ကျေးရွာမှ ဒေသခံများကို နယ်ခြားစောင့် ရဲများနှင့် ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့က မဟုတ်မမှန် စွပ်စွဲမှုများ ပြုလုပ်၍ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။
မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကညင်တန်း ကျေးရွာတွင် ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် နယ်ခြားစောင့်ရဲများ ပူးပေါင်း၍ ညပိုင်းတွင် ကင်းလှည့်နေစဉ် ရွာသားများက ၎င်းတို့၏ နေအိမ်များထဲမှ ဆဲဆိုမှုများ ပြုလုပ်ခဲ့သည်ဟု မဟုတ်မမှန် လုပ်ကြံ စွပ်စွဲ၍ နတ်ခေါင်းဒီးယား နယ်ခြားစောင့် ရဲတပ်ဖွဲ့စခန်းမှ နယ်ခြားစောင့် ရဲများက ဒေသခံ ရိုဟင်ဂျာများကို မတ်လ (၇) ရက်နေ့ နေ့လည် ၃ နာရီ အချိန်တွင် အုပ်ချုပ်ရေးမှူး ရုံးသို့ ဆင့်ခေါ်ခဲ့သည်။ အုပ်ချုပ်ရေးမှူး ရုံးတွင် ဒေသခံ ရွာသားများက ၎င်းတို့ ကင်းလှည့်စဉ် ဆဲဆိုသည်ဟု မဟုတ်မမှန် လုပ်ကြံ စွပ်စွဲရာ ရွာသားများက ၎င်းတို့ မဆဲကြောင်း ငြင်းဆိုသော်လည်း ရာအိမ်မှူးများ ဖြစ်သော ဂျာဟန်ဂိရ် (ဘ) ဦးဘာဆဲရ် (အသက် ၂၄ နှစ်) နှင့် ဦးနော်ဇိရ် (ဘ) ဦးမာဆောင်း (အသက် ၅၀ နှစ်) တို့က ၎င်းတို့ ကြားခဲ့သည်ဟု လိမ်ညာ၍ သက်သေခံခဲ့သောကြောင့် ဒေသခံများက နယ်ခြားစောင့် ရဲများ တောင်းသည့် ငွေကို ပေးခဲ့ရကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။
ငွေညှစ်ခံရသူများမှာ --
(၁) ဦးအဒူဟာကိမ်း၏ ဇနီး ဒေါ်ဟာဆီနာ (အသက် ၃၆ နှစ်) - ညှစ်ခံရသည့် ငွေကျပ် နှစ်သိန်း ငါးသောင်း
(၂) ဦးဖော်ယာဇူလ္လာ၏ ဇနီး ဒေါ်ဆော်မူဒါဟ် (အသက် ၃၆ နှစ်) - ညှစ်ခံရသည့် ငွေကျပ် နှစ်သိန်း ငါးသောင်း -- တို့ဖြစ်သည်။
ထို့အပြင် မတ်လ (၉) ရက်နေ့ နံနက် ၇း၃၀ နာရီတွင် မော်လ၀ီ ရောဟီမူလ္လာ (ဘ) ဦးအဒူလောခ် (အသက် ၅၅ နှစ်) ထံမှလည်း အဆိုပါ ကိစ္စနှင့် ဆက်နွယ်၍ ငွေကျပ် နှစ်သိန်း ညှစ်ယူခဲ့သည်။
ရပ်မိရပ်ဖ တစ်ဦးက “ဒီအုပ်ချုပ်ရေးမှူးကို ကျွန်တော်တို့က မဲထည့်ပြီး ရွေးကောက် တင်မြှောက်ထားတာ၊ ရွာမှ မတော်မတရား လုပ်တာဆိုရင် တားရမယ့် တာဝန် သူ့မှာ ရှိတယ်။ ရွာသားတွေကို အကာအကွယ် ပေးရမယ့် တာဝန် သူ့မှာ အပြည့်အ၀ ရှိတယ်။ အခု ဘာမဟုတ်တဲ့ ကိစ္စတွေမှာ နယ်ခြားစောင့် ရဲတွေနဲ့ ပူးပေါင်းပြီး ငွေညှစ်နေတာတွေကို အထက် အာဏာပိုင်တွေက လွှတ်ထားပေးမယ် ဆိုရင် မင်းမဲ့ စရိုက်ဆန်ဆန် လုပ်တာတွေ ပိုများလာမယ်” ဟု ပြောပါသည်။