နောက်ဆုံးသတင်း/ဆောင်းပါးများ

အပြစ်မဲ့ လူငယ် တစ်ဦးကို ဖမ်းဆီးပြီး ငွေညှစ်၍ မရသဖြင့် အကျဉ်းထောင်သို့ ပို့ထား



MYARF
RB News
18.6.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ ကြိမ်ချောင်း ကျေးရွာအုပ်စု၊ အလယ်ရွာမှ ဈေးဆိုင် လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေသူ ဦးဟာလာ၏ သားဖြစ်သူ ဂျီယိုရာမန် (အသက် ၂၃ နှစ်) သည် ဇွန်လ (၁၀) ရက်နေ့ ညနေပိုင်းတွင် ဆိုင်ကယ်ဖြင့် ငါးခူရ ကျေးရွာသို့ သွားနေစဉ် လောင်းဒုံ ကျေးရွာသို့ ရောက်သည့် အခါ အမည်မသိ လူတစ်ဦး ၎င်း၏ ဆိုင်ကယ် နောက်မှ တက်၍ လိုက်ပါခဲ့သည်။ ၎င်းသည် ဒုတန်း ကျေးရွာသို့ ရောက်သည့် အခါ ဒုတန်း ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးရှေ့တွင် စောင့်နေသည့် ငါးခူရ စခန်း (အမှတ် ၅ နယ်မြေ) မှ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ရဲမှူးနှင့် အဖွဲ့က ဆိုင်ကယ်ကို ရပ်တန့် ခိုင်းသဖြင့် ဂျီယိုရာမန်က ဆိုင်ကယ်ကို ရပ်တန့်ရာ ဆိုင်ကယ်နောက်တွင် လိုက်ပါလာသူ ထွက်ပြေး သွားခဲ့သည်။ ၎င်းသူ ထွက်ပြေးရာတွင် ဖုန်းတစ်လုံး ကျကျန်ခဲ့ပြီး နယ်ခြားစောင့် ရဲများက ကောက်ယူ စစ်ဆေးရာ ဖုန်းထဲတွင် မြန်မာဆင်းမ်ကဒ်နှင့် ဘင်္ဂလားဆင်းမ်ကဒ် နှစ်မျိုးလုံး တွေ့ရှိခဲ့သည်။

နယ်ခြားစောင့် ရဲများ ရရှိသည့် ဖုန်းမှာ ဂျီယိုရာမန်နှင့် သက်ဆိုင်ခြင်း မရှိသော်လည်း နယ်ခြားစောင့် ရဲများက ဂျီယိုရာမန်ကို ဆိုင်ကယ်နှင့် အတူ ဖမ်းဆီး ခေါ်ဆောင် သွားပြီး ငါးခူရ စခန်းသို့ ရောက်သည်နှင့် ရိုက်နှက် ခြိမ်းခြောက်၍ ငွေကျပ် ၈ သိန်း တောင်းရာ ဂျီယိုရာမန်က ဖုန်းမှာ ၎င်းနှင့် သက်ဆိုင်ခြင်း မရှိသဖြင့် ငွေပေးရန် ငြင်းဆန်ခဲ့သည်။

ဇွန်လ (၁၂) ရက်နေ့တွင် ဂျီယိုရာမန်ကို ဘင်္ဂလားဖုန်း မိသည်ဟု ဆိုကာ ဘူးသီးတောင် အကျဉ်းထောင်သို့ ပို့ဆောင် လိုက်ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ ၎င်း၏ ဆိုင်ကယ်ကို ငါးခူရ စခန်းတွင် သိမ်းဆည်း ထားပြီး မိသားစုများကို ငွေကျပ် နှစ်သိန်း ပေး၍ ဆိုင်ကယ် ရွေးယူရန် ဖိအားပေးလျက် ရှိကြောင်း သိရသည်။

ငါးခူရ စခန်းမှ နယ်ခြားစောင့် ရဲများသည် နေ့စဉ် နေ့တိုင်း အနီးအနားရှိ ရိုဟင်ဂျာရွာ များထဲသို့ ၀င်ရောက်ပြီး မတရားသဖြင့် ရိုက်နှက်ခြင်း၊ ဖမ်းဆီး ငွေညှစ်ခြင်း၊ ဈေးဆိုင်များမှ ပစ္စည်းများ လုယက်ခြင်းများ ပြုလုပ်ကြောင်း ဒေသခံများက ပြောပါသည်။ ထိုသို့ သောင်းကျန်းနေသည်ကို ငါးခူစခန်းရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ တပ်ရင်းမှူးကို တိုင်တန်းသော်လည်း မည်သို့မျှ အရေးယူ ဟန့်တားခြင်း မရှိကြောင်း ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus