နောက်ဆုံးသတင်း/ဆောင်းပါးများ

ငါးခူရမှ နယ်ခြားစောင့်ရဲ များက ဒေသခံများ ထံမှ ငွေညှစ်၊ ငွေနှင့် ပစ္စည်းများ လုယက်



MYARF
RB News
28.10.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ ဒေသ (၂) (ယခင် အမှတ် ၅ နယ်မြေ) ငါးခူရ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့်ရဲ (၁၀) ဦးသည် အောက်တိုဘာလ (၂၆) ရက်နေ့ ညသန်းခေါင်ယံ အချိန်တွင် ငါးစကြူး ကျေးရွာသို့ သွားရောက်၍ ဦးမှန်ချီး (ဘ) ဦးအိုမောရ်ဟာကိမ်းကို ၎င်း၏ နေအိမ်မှ ဖမ်းဆီးခဲ့သည်။ ထို့နောက် ငါးစကြူးဈေးသို့ သွားရောက်၍ ဆိုင်တစ်ဆိုင်တွင် မိုဘိုင်းဖုန်း အားသွင်းနေသော Indicator မီးလင်းနေသည်ကို မြင်၍ ဆိုင်ထရံကို ဖောက်ထွင်းကာ နယ်ခြားစောင့်ရဲ တစ်ဦးက လက်တစ်ဖက်သွင်း၍ ဖုန်းကို ယူရန် ကြိုးစားနေစဉ် ဆိုင်ထဲတွင် အိပ်နေသည့် ဆိုင်ပိုင်ရှင် မာမတ်ဖိုင်ဆဲလ် (ဘ) ဦးနူရ်ဟာမိတ် နိုးလာပြီး သူခိုးထင်ကာ လက်ကို ဖမ်းဆွဲထားခဲ့သည်။ 

နယ်ခြားစောင့်ရဲက ၎င်း၏ လက်ကို အတင်းဆွဲထုတ်ကာ သေနတ်ပြောင်းတံကို ထိုးသွင်းသည့်အခါ ဆိုင်ပိုင်ရှင် ဖြစ်သူက သေနတ်မှန်း သိသွား၍ ထိတ်လန့် သွားခဲ့သည်။ ထိုအချိန်တွင် အခြားသော နယ်ခြားစောင့်ရဲ များက ဆိုင်တံခါးကို ကန်ကျောက် ပြိုဖျက်၍ ဆိုင်ထဲသို့ဝင်ကာ ဆိုင်ရှင်ကို လူမဆန်စွာ ရိုက်နှက်ခဲ့သည်။ ဆိုင်တွင် စုထားသည့် ငွေကျပ် နှစ်သိန်း ခြောက်သောင်းနှင့် သေတ္တာရှိ တစ်ရက်လုံး ရောင်းရငွေ ကျပ်သုံးသောင်းခန့်ကို လုယူသွားခဲ့သည့် အပြင် ဆိုင်ထဲမှ အချိုရည်ဘူး၊ ဆေးလိပ်ဘူး၊ မုန့်ထုပ် အချို့ (တန်ဖိုး အားဖြင့် ကျပ်ငါးသောင်းခန့်ရှိ) တို့ကိုလည်း လုယက် ယူသွားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ဆိုင်ရှိ ကျန်ပစ္စည်းများကို ဆိုင်အပြင်ဘက်သို့ ထုတ်ယူလာပြီး မြေပြင် ဖြန့်ကြဲခဲ့သည်။ ထို့ပြင် ဆိုင်ရှင်၏ ဖုန်းထဲတွင် ဘင်္ဂလားဖုန်း နံပါတ် တွေ့ရှိသည်ဟု လုပ်ကြံ စွပ်စွဲကာ ဖမ်းဆီး ခေါ်ဆောင်သွားရာ မိသားစုများက သိရှိသွားပြီး လမ်းတစ်ဝက်တွင် ငွေကျပ် တစ်သိန်း ပေး၍ ပြန်လည် ရွေးယူခဲ့ရသည်ဟု ဒေသခံများက ပြောပါသည်။ 

ထို့နောက် နယ်ခြားစောင့်ရဲ များက ဦးမှန်ချီး ဆိုသူကို လမ်းတစ်လျှောက် ရိုက်နှက် ကန်ကျောက်၍ စခန်းသို့ ခေါ်ဆောင် သွားခဲ့သည်။ ဦးမှန်ချီးသည် ဆင်းရဲသား နေ့စား အလုပ်သမား တစ်ဦး ဖြစ်သည်။ ငါးစကြူး ကျေးရွာတွင် ဆောက်လုပ် နေသည့် တံတားတွင် နေ့စား အလုပ်လုပ် နေသူ ဖြစ်သည်။ အောက်တိုဘာလ (၂၆) ရက်နေ့ နေ့လည်တွင် တံတား၌ အလုပ်လုပ်နေစဉ် အနီးမှ ဖြတ်သန်း သွားသော လောင်းဒုံ ကျေးရွာသား တစ်ဦးနှင့် အငြင်းပွားမှု ဖြစ်ပွားခဲ့ပြီး ရိုက်နှက် ခဲ့သည်ဟု စွပ်စွဲ၍ ဖမ်းဆီးခြင်း ဖြစ်ကြောင်း သိရသည်။ လောင်းဒုံ ကျေးရွာသားကို ရိုက်နှက်သူမှာ ဦးမှန်ချီး မဟုတ်ဘဲ တံတားတွင် အလုပ်လုပ်နေသည့် အခြား အလုပ်သမား တစ်ဦး ဖြစ်သည်။ သို့သော်လည်း နယ်ခြားစောင့်ရဲ များက ရိုက်နှက်သူနှင့် အတူ ဦးမှန်ချီးပါ ပါဝင်သည်ဟု စွပ်စွဲ၍ ဖမ်းဆီးခဲ့သည်။ 

အောက်တိုဘာလ (၂၈) ရက်နေ့ ညနေပိုင်းတွင် နယ်ခြားစောင့်ရဲ များက ဦးမှန်ချီးထံမှ ငွေကျပ် ၇ သိန်း ၅ သောင်း ညှစ်ယူပြီးမှ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ ဦးမှန်ချီးသည် ဆင်းရဲသား နေ့စား တစ်ဦး ဖြစ်သောကြောင့် နယ်ခြားစောင့်ရဲများ ညှစ်သည့်ငွေကို ရွာသားများ ထံမှ ချေးငှား၍ ပေးခဲ့ရသည်။ ငွေချေးငှားသူ များအား ပြန်လည် မဆပ်နိုင်ပါက အိမ်ခြံမြေကို ပေးပါမည်ဟု ကတိပေး၍ ချေးယူခဲ့ခြင်း ဖြစ်သည်။ နေ့စား အလုပ်သမား တစ်ဦး ဖြစ်သောကြောင့် ချေးယူထားသည့် ငွေကို ပြန်လည် ဆပ်နိုင်၍ အခြေအနေ မရှိဘဲ နေအိမ်မဲ့ ဘ၀သို့သာ ရောက်မည့် အခြေအနေတွင် ရှိနေသည်ဟု ဒေသခံများက ဆိုသည်။ 

အောက်တိုဘာလ (၂၆) ရက်နေ့တွင် အဆိုပါ နယ်ခြားစောင့်ရဲ များသည် ငါးစကြူး ကျေးရွာမှ ဦးမာမတ်ဆော်လာမ်၏ နေအိမ်သို့ ၀င်ရောက်ပြီး ဦးမာမတ်ဆော်လာမ်တို့ ညီအစ်ကို နှစ်ဦးကို ရှာဖွေရာ မတွေ့ရှိသဖြင့် နယ်ခြားစောင့်ရဲ များက ဦးမာမတ်ဆော်လာမ်၏ ညီမ ဖြစ်သူကို မေးမြန်းရာ၊ ညီမဖြစ်သူက သူမ မသိကြောင်း အမှန်အတိုင်း ဖြေဆိုသော်လည်း နယ်ခြားစောင့်ရဲ တစ်ဦးက သူမကို အကြောင်းမဲ့ ပါးနှစ်ချက် ရိုက်ခဲ့သည်။ အဆိုပါ နယ်ခြားစောင့်ရဲ များသည် နေ့စဉ် နေ့တိုင်း ရွာများသို့ သွားရောက်၍ ဒေသခံ ရိုဟင်ဂျာ များကို အမျိုးမျိုး လုပ်ကြံ စွပ်စွဲမှုများ ပြုလုပ်ပြီး ရိုက်နှက် ငွေညှစ်လျက် ရှိသည်ဟု ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus