နောက်ဆုံးသတင်း/ဆောင်းပါးများ

လက်နက်ကိုင် အာဏာပိုင်များက ရှောင်တခင် စစ်ဆေးမှု ခေါင်းစဉ်ဖြင့် ဖျက်ဆီး လုယက်



Rohingya Eye
RB News
4.11.2015

မောင်တော ။ ။ အောက်တိုဘာလ (၂၉) ရက်နေ့ ည (၁၀) နာရီ အချိန်တွင် နယ်ခြားစောင့်ရဲ များနှင့် စစ်သားများ ပူးပေါင်း၍ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ ၀ါးချ ကျေးရွာသို့ သွားရောက်ကာ ဒေသခံ ရိုဟင်ဂျာများ၏ နေအိမ်များကို ရှောင်တခင် စစ်ဆေးခဲ့သည်။ ထိုသို့ စစ်ဆေးရာတွင် နေအိမ်တံခါးများကို ဖျက်ဆီးခြင်း၊ ၎င်းတို့ မျက်စိရှေ့မှောက်တွင် တွေ့ရှိသည့် ပစ္စည်းများကို လုယက် ယူဆောင် သွားခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

ထိုသို့ အင်အား အပြည့်ဖြင့် ရှောင်တခင် စစ်ဆေးမှုကြောင့် အကြောင်းမဲ့ ဖမ်းဆီးခံရမည်ကို စိုးရိမ်၍ အိမ်ရှင် အမျိုးသားများ ရှောင်တိမ်း သွားခဲ့ကြသည်။

နယ်ခြားစောင့်ရဲ များနှင့် စစ်သားများက ဦးအာစ်မောဒ်အူလ္လာ (ဘ) ဦးဖွေယာစ်အာမတ် (အသက် ၄၅ နှစ်) ၏ နေအိမ်၏ ဗီရို (၃) လုံးကို ဖျက်ဆီးခဲ့သည့် အပြင်၊ ငွေကျပ် နှစ်သိန်းတန် နာရီတစ်လုံး၊ ကြက် (၁၀) ကောင်၊ ဖိနပ်များနှင့် အ၀တ်အထည်များကို လုယက် ယူဆောင် သွားခဲ့သည်။ ဦးဒိလ်မိုဟာမတ် (ဘ) ဦးဆွေယောဒ်အာမတ် (အသက် ၄၅ နှစ်) နှင့် ဦးဘော်ဒူဇော်မာ (အသက် ၆၀ နှစ်) တို့၏ နေအိမ် တံခါးများ အပါအ၀င် ဗီရို အချို့ကိုလည်း ဖျက်ဆီးခဲ့သည်။ ဦးဇိုက်ဟူဆောင်း (ဘ) ဦးဟာရွန် (အသက် ၃၀ နှစ်) ၏ နေအိမ်မှ ငွေကျပ် တစ်သောင်းကိုလည်း အတင်းအဓမ္မ လုယက်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

မောင်တော မြို့နယ် တောင်ပိုင်း ကျေးရွာ အချို့တွင်လည်း အလားတူ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရိုဟင်ဂျာများသည် လာမည့် ရွေးကောက်ပွဲတွင် မဲပေးခွင့် မရှိတော့သဖြင့် ဆူပူ သောင်းကျန်း အကြမ်းဖက်မည်ကို စိုးရိမ်မှုကြောင့် ရှောင်တခင် စစ်ဆေးနေသည်ဟု အာဏာပိုင်များက ပြောဆိုလျက် ရှိနေသော်လည်း လက်နက် အင်အား သုံး၍ ရိုဟင်ဂျာများကို ထိတ်လန့်အောင် ပြုလုပ်နေခြင်းမှာ နောက်ထပ် နှိပ်ကွပ်ရန် ခြေလှမ်းတစ်လှမ်းသာ ဖြစ်လိမ့်မည်ဟု ဒေသခံ အများအပြား ယူဆလျက် ရှိနေကြသည်။

Comment ရေးရန်

Rohingya Exodus