နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တောမြို့မှ မဲဆန္ဒရှင် ဟိန္ဒူလူမျိုးများ ပါတီနှစ်ခု၏ ခြိမ်းခြောက်မှုခံနေရ



MYARF
RB News
7.11.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အတွင်းရှိ ဟိန္ဒူလူမျိုးများသည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီနှင့် ရခိုင်အမျိုးသား ပါတီ တို့၏ ခြိမ်းခြောက်မှုကို ခံနေရကြောင်း သတင်း ရရှိပါသည်။ 

မောင်တော မြို့နယ်မှ ဟိန္ဒူလူမျိုး မဲဆန္ဒရှင်များကို အဆိုပါ ပါတီနှစ်ခုက လာရောက် စည်းရုံးခဲ့ရာတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက တစ်အိမ်လျှင် ငွေကျပ် သုံးသောင်းစီ၊ လုံချည်တစ်ထည်စီနှင့် အမျိုးသမီးဝတ် လုံချည်တစ်ထည်စီ တို့ပေးကာ ၎င်းတို့ ပါတီကို မဲပေးရန် စည်းရုံးခဲ့သည်။ ထို့အပြင် ၎င်းတို့သည် လက်ရှိ အာဏာရ ပါတီ ဖြစ်ကြောင်း၊ ဟိန္ဒူများကို နိုင်ငံသားပြု အဖြစ် အသိအမှတ် ပြုခဲ့ပေးသော ပါတီဖြစ်ကြောင်း၊ အကယ်၍ ၎င်းတို့ကို မဲမပေးဘဲ နေလျှင် ယခင်က ထုတ်ပေးခဲ့သော နိုင်ငံသားပြုကဒ် များကို အချိန်မရွေး ပြန်ရုပ်သိမ်းနိုင်ကြောင်း စသည်ဖြင့် ခြိမ်းခြောက်၍ မဲဆွယ်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ရခိုင်အမျိုးသား ပါတီကလည်း လာရောက် စည်းရုံးခဲ့ရာတွင် ၎င်းတို့ပါတီသည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ကဲ့သို့ ငွေကြေး မတတ်နိုင်သဖြင့် မည်သည့်အရာမှ ထောက်ပံ့၍ မရကြောင်း၊ သို့သော် ၎င်းတို့ပါတီကိုသာ မဲပေးကြစေလိုကြောင်း၊ ရခိုင်မြေသည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက ပိုင်သည်မဟုတ်ဘဲ ရခိုင်လူမျိုးများကသာ ပိုင်ကြောင်း၊ အကယ်၍ ရခိုင်အမျိုးသား ပါတီကို မဲမပေးပါက ရခိုင်မြေပေါ်တွင် နေခွင့်ပြုမည် မဟုတ်ကြောင်း စသည်ဖြင့် ခြိမ်းခြောက်၍ မဲဆွယ်ခဲ့သည်။ 

မောင်တော မြို့ပေါ်မှ ရွှေဆိုင်ပိုင်ရှင် ဟိန္ဒူလူမျိုး တစ်ဦးက “ကျွန်တော်တို့မှာ ဘယ်ပါတီကို မဲပေးရမလဲ ဆိုတာ ဆုံးဖြတ်ရခက် နေတယ်ဗျာ၊ ဟိုပါတီက လာပြီး အာဏာနဲ့ ခြိမ်းခြောက်တယ်၊ ဒီပါတီက လာပြီး အားနဲ့ ခြိမ်းခြောက် ပြန်တယ်။ ရွေးကောက်ပွဲ ဆိုတော့ ပါတီတစ်ခုက ရှုံးနိမ့်မှာဘဲလေ။ အဲ့တော့ ရှုံးနိမ့်တဲ့ ပါတီက ငါတို့ကို ဟိန္ဒူတွေက မဲမပေးလို့ ရှုံးနိမ့်ခဲ့ရတာဆိုပြီး အကြမ်းဖ်ကမလား စိုးရိမ်ရတယ်” ဟု ပြောသည်။ 

မောင်တော မြို့နယ်တွင် မဲဆန္ဒရှင် အရေအတွက် သုံးသောင်းခန့် နီးပါးရှိနေရာ ထောင်ဂဏန်း ရှိသော ဟိန္ဒူလူမျိုး တို့၏ မဲများသည်လည်း အမတ်လောင်းများ အနိုင်ရရေး အတွက် အထူး အရေးပါနေသည်။ ရခိုင်ပြည်နယ်ရှိ အခြားသော မြို့နယ်များတွင်လည်း လူနည်းစု ဟိန္ဒူလူမျိုးများသည် အဆိုပါ ပါတီကြီးနှစ်ခု၏ ခြိမ်းခြောက်မှုကို ခံနေရကြောင်း သတင်း ရရှိပါသည်။

Comment ရေးရန်

Rohingya Exodus