နောက်ဆုံးသတင်း/ဆောင်းပါးများ

ဂျပန်ရှိ ရိုဟင်ဂျာ အသင်းက နိုင်ငံခြားရေး ၀န်ကြီးဌာနမှာ အရာရှိများ၊ ရှေ့နေများ အဖွဲ့တို့နှင့် တွေ့ဆုံဆွေးနွေး



RB News
18.12.2015

တိုကျို၊ ဂျပန် ။ ။ ဒီဇင်ဘာလ (၁၇) ရက်နေ့ နေ့လည် ၃ နာရီ အချိန်တွင် မြန်မာနိုင်ငံသား ရိုဟင်ဂျာများ အသင်း (BRAJ) မှ အဖွဲ့ဝင်များသည် ဂျပန် နိုင်ငံခြားရေး ၀န်ကြီးဌာနရှိ မြန်မာရေးရာဌာနမှ အကြီးတန်း အရာရှိများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံသား ရိုဟင်ဂျာများ အသင်းမှ ဥက္ကဌ ဦးအောင်တင်၊ ဒု-ဥက္ကဌ ဦးဟာရွန်ရော်ရှိတ်နှင့် ရန်ကုန် အခြေစိုက် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ပါတီမှ ဒု-ဥက္ကဌ ဦးတော်ယုပ်အူဒင်တို့ တက်ရောက်ခဲ့သည်။ 

ဆွေးနွေးပွဲတွင် အဓိက အားဖြင့် မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုးများ နေ့စဉ်နှင့် အမျှ ခံစားနေရသည့် အတိဒုက္ခများနှင့် ပတ်သက်သည့် အကြောင်းအရာများ၊ မကြာမီ NLD အစိုးရသစ် တက်လာပါက ဂျပန်နိုင်ငံ အနေနှင့် မြန်မာအစိုးရသစ်အား လူ့အခွင့်အရေး အပြည့်အ၀ပေးရန်၊ လူမျိုးဘာသာ မခွဲခြားဘဲ အေးအတူပူအမျှ နေထိုင်နိုင်ရန် တိုက်တွန်း ပေးရန်နှင့် နိုင်ငံတွင်း နိုင်ငံသားများ အားလုံး တန်းတူရည်တူ အခွင့်အရေး ရရှိမှသာ နိုင်ငံတိုးတက်လာမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အေးချမ်းမှသာ မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့ ပူးပေါင်း လုပ်ဆောင်မည့် စီးပွားရေးလည်း ပိုမို တိုးတက် ကောင်းမွန်လာမည် ဖြစ်ကြောင်း တို့ကို ဆွေးနွေးတင်ပြခဲ့သည်။ 

ထို့အပြင် ဂျပန်နိုင်ငံတွင် နိုင်ငံရေး ခိုလှုံခွင့် မရသေးသည့် BRAJ အသင်းသား များ၏ လူနေမှုဘ၀ကိုလည်း ထည့်သွင်း စဉ်းစားပေးရန် ပန်ကြားခဲ့ကြောင်း သိရှိရသည်။ တွေ့ဆုံ ဆွေးနွေးပွဲမှာ တစ်နာရီခွဲခန့် ကြာမြင့်ခဲ့ပြီး၊ ညနေပိုင်းတွင် ဂျပန်နိုင်ငံရှိ မြန်မာနိုင်ငံသား ဒုက္ခသည်များအား ကူညီ စောင့်ရှောက်ရေး ရှေ့နေများ အဖွဲ့ ရုံးခန်းတွင် ရှေ့နေကြီး မစ္စတာရူဂူဝါတာနာဘဲနှင့် အဖွဲ့အား တွေ့ဆုံ ဆွေးနွေးခဲ့ရာ၊ ပြည်တွင်းပြည်ပရှိ ရိုဟင်ဂျာများ၏ အခြေအနေများ၊ ဂျပန်နိုင်ငံ အတွင်းတွင် နိုင်ငံရေး ခိုလှုံခွင့် မရသေးသည့် ရိုဟင်ဂျာများအား အမြန်ဆုံး ခိုလှုံခွင့် ပေးရေး တို့ကို တင်ပြ ဆွေးနွေးခဲ့သည်။ 

ရှေ့နေများ အဖွဲ့က သက်ဆိုင်ရာသို့ တင်ပြသွားမည် ဖြစ်ပြီး၊ လူ့အခွင့်အရေး ချိုးဖောက်ခံ နေရသူများကိုလည်း ရသည့်နည်းလမ်းဖြင့် ကူညီသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။





Comment ရေးရန်

Rohingya Exodus