နောက်ဆုံးသတင်း/ဆောင်းပါးများ

ကျောက်လှေကားမှ ရဲမှူး၏ တပည့်ဖြစ်သူ ဒေသခံများကို မတရား စွပ်စွဲ၍ ခြိမ်းခြောက် ငွေညှစ်



MYARF
RB News
29.1.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ အမှတ် (၆) နယ်မြေ၊ ကျောက်လှေကား ကျေးရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ စခန်းမှူး ရဲမှူး၏ တပည့်ဖြစ်သူသည် ကျောက်လှေကား ကျေးရွာမှ နယ်ခြားစောင့် ရဲတပ်ဖွဲ့၏ သတင်းပေး လူဘောနှင့် အတူ ကျောက်ပြင်ဆိပ် အရှေ့ရွာသို့ သွားရောက်၍ လမ်းလျှောက် သွားနေသည့် ကော်ဘိရ်အာမတ် (ဘ) ဦးအဒူနော်ဘီကို လိုက်လံ ဖမ်းဆီး၍ နယ်ခြားစောင့်ရဲကို မြင်၍ ထွက်ပြေးခဲ့သည်၊ တရားမ၀င် ပစ္စည်း ရှိနိုင်သည်ဟု ဆိုကာ စစ်ဆေးခဲ့သည်။ တရားမ၀င် ပစ္စည်း တစ်စုံတစ်ရာ မတွေ့ရှိခဲ့သော်လည်း၊ ထွက်ပြေးခဲ့သည်ဟု ဆိုကာ ရိုက်နှက်ခဲ့သည်။ ထို့နောက် အဆိုပါ လူငယ် MPT ဆင်းမ်ကဒ်သုံး ဖုန်းကိုယူ၍ ဖုန်းဟန်းဆက်မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံထုတ် ဖြစ်သည်၊ ဘင်္ဂလား ဆင်းမ်ကဒ်လည်း ရှိနိုင်သည်၊ နယ်ခြားစောင့်ရဲ ကိုမြင်၍ ၀ှက်ထားခြင်း ဖြစ်နိုင်သည်ဟု ဆိုကာ အမျိုးမျိုး ခြိမ်းခြောက်၍ ငွေကျပ် နှစ်သိန်းငါးသောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ 

အဆိုပါ ရဲမှူး၏ တပည့်သည် ဇန်န၀ါရီလ (၂၈) ရက်နေ့ နေ့လည် ၂ နာရီ အချိန်တွင် ၎င်း၏ တပည့်တစ်ဦးနှင့် အတူ ကျောက်ပြင်ဆိပ် အရှေ့ရွာသို့ သွားရောက်၍ လှည့်လည်နေစဉ် ဖုန်းပြောသံ ကြားနေသည်ဟု ဆိုကာ ဟာဖီးဇ် ဦးမူဇာဖောရ်၏ အိမ်ထဲသို့ ၀င်ရောက်၍ စစ်ဆေးခဲ့သည်။ စစ်ဆေးနေစဉ် ဦးဖူဇာဖောရ်၏ သားနှစ်ဦးကို ရိုက်နှက်ခဲ့သည်။ စစ်ဆေး၍ ဖုန်းနှင့် အခြား တရားမ၀င် ပစ္စည်း တစ်စုံတစ်ရာ မတွေ့ရှိခဲ့သောကြောင့် ပြန်လည် ထွက်ခွာသွားခဲ့သည်။ ယင်းအိမ်မှာ ထွက်ရာ လမ်းဘေးတွင် (၇) နှစ်အရွယ် ကလေး တစ်ဦးက ဦးမူဇာဖောရ်၏ သားနှစ်ဦးကို ရိုက်နှက်ခဲ့သည်ကို မြင်ခဲ့သောကြောင့် နယ်ခြားစောင့်ရဲ များကို တွေ့သည်နှင့် ကြောက်ရွံ၍ ထွက်ပြေးသွားခဲ့သည်။ 

လူမဆန်သည့် နယ်ခြားစောင့်ရဲ များက အဆိုပါ ကလေးငယ်ကို လိုက်လံဖမ်းဆီးပြီး ထွက်ပြေးသွားသည့် အတွက်ဟု ဆိုကာ ရိုက်နှက်ခဲ့သည်။ 

ထို့နောက် ဦးဂျော်မိလ် (ဘ) ဦးဆော်ယာဒ်ကော်ရီးမ်၏ နေအိမ်သို့ ၀င်ရောက်၍ နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ခွင့်ပြုချက် မယူဘဲ အိမ်ဆောက်လုပ်နေသည်၊ ဖမ်းဆီးမည်ဟု ခြိမ်းခြောက်၍ ငွေကျပ် ခြောက်သောင်း ညှစ်ယူခဲ့သည်။ ထို့နောက် အိမ်ထဲတွင် ရှာဖွေ စစ်ဆေးရာ ဖုန်းအားသွင်းကြိုး တစ်ခုတွေ့ရှိသဖြင့် အဆိုပါ အားသွင်းကြိုးကို သိမ်းယူသွားခဲ့သည်။ ညနေ (၄) နာရီအချိန်တွင် လက်နက်အပြည့်ဖြင့် နယ်ခြားစောင့်ရဲ (၄) ဦးက ဦးဂျော်မိလ်၏ နေအိမ်သို့ တစ်ဖန် ရောက်ရှိလာခဲ့ပြီး၊ ဦးဂျော်မိလ် မရှိသောကြောင့် ပြန်လည် ထွက်ခွာ သွားခဲ့သည်။ ယင်းနေ့ညတွင်ပင် ဦးဂျော်မိလ်အား ဖမ်းဆီးရန် ရှာဖွေခဲ့သည်။ သို့သော်လည်း ဦးဂျော်မိလ်ကို မတွေ့ရှိခဲ့ကြောင်း ဒေသခံ တစ်ဦးက ပြောပါသည်။ 

နယ်ခြားစောင့်ရဲများ စခန်းသို့ အပြန်တွင် ကျောက်ပြင်ဆိပ် အနောက်ရွာသို့ ၀င်ရောက်၍ အိမ်တစ်အိမ်သို့ ၀င်ရောက် စစ်ဆေးခဲ့သည်။ ယင်းအိမ်တွင် MPT ဆင်းမ်ကဒ်သုံး ဖုန်းသာ တွေ့ရှိခဲ့သော်လည်း ဘင်္ဂလားဖုန်း တွေ့ရှိခဲ့သည်ဟု လုပ်ကြံ စွပ်စွဲ ခြိမ်းခြောက်၍ ငွေကျပ် တစ်သိန်း ညှစ်ယူခဲ့သည်။ 

ယနေ့ ဇန်န၀ါရီလ (၂၉) ရက်နေ့တွင်လည်း အဆိုပါ နယ်ခြားစောင့်ရဲ များသည် ဦးဂျော်မိလ်၏ နေအိမ်သို့ ထပ်မံ သွားရောက်၍ ရှာဖွေခဲ့ရာ မတွေ့ရှိသဖြင့် နေအိမ်တွင် အသုံးပြု၍ ၀ယ်ထားသည့် ပျဉ်ပြား ၁၅ ချပ်ကို ယူ၍ ကျေးရွာ တာဝန်ခံ အိမ်သို့ သယ်ဆောင် သွားခဲ့သည်။ ဦးဂျော်မိလ်က ပျဉ်းပြားများ ပြန်ယူရန် ကျေးရွာ တာဝန်ခံ အိမ်သို့ သွားရာ၊ ၎င်းအား ဖမ်းဆီး၍ ဘင်္ဂလား ဖုန်းရှိသည်၊ တွေ့ရှိခဲ့သည့် ဖုန်းအားသွင်းကြိုးမှာ ဘင်္ဂလားဖုန်း အားသွင်းကြိုးသာ ဖြစ်သည်ဟု အမျိုးမျိုး ခြိမ်းခြောက်၍ ရိုက်နှက်ကာ ငွေကျပ် နှစ်သိန်းငါးသောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ထို့အပြင် နယ်ခြားစောင့်ရဲများ ယူဆောင်လာသည့် ပျဉ်ပြား ၁၅ ချပ်ကိုလည်း ပြန်မပေးဘဲ နယ်ခြားစောင့်ရဲ များက သိမ်းဆည်းသွားခဲ့သည်။ ပျဉ်ပြားများ၏ ကာလတန်ဖိုးမှာ တစ်ချပ်လျှင် ငွေကျပ် ရှစ်ထောင်၊ ၁၅ ချပ် - ငွေကျပ် တစ်သိန်းနှစ်သောင်း ဖြစ်သည်။ 

ဦးဂျော်မိလ်သည် မြို့နယ် အုပ်ချုပ်ရေးမှူးရုံးနှင့် စည်ပင်သာယာရေး ဦးစီးဌာန တို့မှ တရားဝင်ခွင့်ပြုချက် ရယူပြီး အိမ်ဆောက်လုပ်နေခြင်း ဖြစ်သည်။ ယခုအခါ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ထံမှ ခွင့်ပြုချက် မယူခဲ့ဟုဆိုကာ ငွေညှစ်သည့် အပြင် ပျဉ်ပြားများလည်း သိမ်းဆည်း သွားခဲ့သည်။ အိမ်ဆောက်လုပ်ခွင့်မှာ နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ခြင်း မရှိဘဲ၊ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးနှင့် စည်ပင်သာယာရေး ဦးစီးဌာန တို့နှင့်သာ သက်ဆိုင်မှု ရှိသည်။ နယ်ခြားစောင့်ရဲ များက လက်နက်အင်အား ပြ၍ ခြိမ်းခြောက်ပြီး ငွေညှစ်နေခြင်း ဖြစ်သည်။ 

နယ်ခြားစောင့်ရဲ များသည် ယင်းကျေးရွာ ဦးမာမတ်ကာဆိမ်း (ဘ) ဦးတာဇော်မလုခ်ကို အိမ်ဆောက်လုပ် ခွင့်ပြုမည်ဟု ဆိုကာ ငွေကျပ် တစ်သိန်း ယူသွားခဲ့သည်။ အဆိုပါ ရဲမှူး၏ တပည့်သည် အခြားသောသူများ ထံမှလည်း အိမ်ပြုပြင်ခဲ့သည်ဟု စွပ်စွဲ၍ ငွေညှစ်ယူခဲ့ကြောင်း သိရှိရသည်။

Comment ရေးရန်

Rohingya Exodus