နောက်ဆုံးသတင်း/ဆောင်းပါးများ

နယ်ခြားစောင့်ရဲ များက ငါးဖမ်းသမား လူငယ်နှစ်ဦးကို သေနတ်ဖြင့် ပစ်သတ်




MYARF
RB News
14.1.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ ရွှေဇား ကျေးရွာအုပ်စု၊ ကပ္ပားခေါင်း ကျေးရွာမှ ကတိုးသမား ဦးဆော်ယာဒ်အာလောမ်၏ သား ရော်ဖိတ်နှင့် အပ်ချုပ်ဆရာ ဦးယာစီးန်၏ မြေး၊ အပ်ချုပ်ဆရာ ဦးအုစ်မာန်၏တူ ဖော်ရိတ်တို့ နှစ်ဦးသည် ဇန်န၀ါရီလ (၁၀) ) ရက်နေ့ ည ၉း၃၀ နာရီခန့် အချိန်တွင် ကညောင်ချောင်း စခန်း (စခန်း ၁၄) ၌ ငါးဖမ်းစာအုပ် လက်မှတ် ရေးထိုးပြီး မျောပိုက်ဖြင့် ငါးဖမ်းရန် လှေငယ် တစ်စီးဖြင့် ထွက်ခွာခဲ့သည်။ အလားတူ လူနှစ်ဦးစီ ပါသည့် အခြားလှေငယ် နှစ်စီးလည်း ထွက်ခွာခဲ့သည်။

၎င်းတို့ ထွက်ခွာပြီး ၁၅ မိနစ်ခန့် အကြာတွင် သေနတ် ပစ်ခတ်သံကြားခဲ့ရပြီး၊ အမှတ် (၁) အ၀င်အထွက် စခန်း (POE) မှ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များသည် အမြန်စက်လှေဖြင့် နတ်မြစ်တွင် ကင်းလှည့်နေစဉ် ကညောင်ချောင်း ထဲသို့ ၀င်ရောက်လာပြီး ငါးဖမ်းလှေကို တွေ့ရှိသဖြင့် အနီးကပ် သွားရောက်၍ စစ်ဆေး မေးမြန်းခြင်း မပြုဘဲ ဓါတ်မီးဖြင့် ထိုးကာ သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်ဟု ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ 

သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်နှစ်ဦး လှေပေါ်တွင်ပင် ချက်ချင်း သေဆုံးခဲ့သည်။ လူငယ်နှစ်ဦးကို လှေပေါ်တွင် သေနတ် ကျည်ဆံ ထိမှန်ပြီး သေဆုံးနေသည်ကို တွေ့ရှိရသော်လည်း အခြားလှေငယ် နှစ်စီးဖြင့် သွားသည့် လူ (၄) ဦးကို ယခုအချိန်ထိ ရှာဖွေ တွေ့ရှိခြင်း မရှိသေးကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။ အဆိုပါ လူ (၄) ဦးကို နယ်ခြားစောင့်ရဲများက ဖမ်းဆီးသွားသည်လား၊ သေနတ်ထိမှန်ပြီး ရေထဲ နစ်မြှပ်သွားသည်လား ဆိုသည်ကို မသိရှိဟု ဆိုသည်။ 

သေနတ်ထိမှန်ပြီး သေဆုံးသွားသူ နှစ်ဦးမှ တစ်ဦး၏ ၀ဲဘက်မျက်စိကို ကျည်ဆံ ထိမှန်ခဲ့ပြီး၊ ကျန်တစ်ဦး၏ နဖူးကို ထိမှန်၍ ဦးခေါင်းခွံပါ ပြတ်ထွက် သွားကြောင်း သိရှိရသည်။ အနီးအနားရှိ ရွာသားများက လှေသမားများကို ပစ်ခတ်သည့် သေနတ်သံမှန်း သိကြသော်လည်း ညအချိန်ဖြစ်၍ နေအိမ်များမှ ထွက်၍ မကြည့်ရဲသောကြောင့် ထွက်မကြည့်ခဲ့ရဟု ရွာသား တစ်ဦးက ပြောပါသည်။ အမြန်စက်လှေ၏ အသံနှင့် အတူ သေနတ်ကြားသည့် အချိန်မှာ ညသန်းခေါင်ယံ တစ်နာရီထိုး ဖြစ်သည့် အတွက် ကြောက်ရွံကြသည်ဟု ဆိုသည်။ 

ဇန်န၀ါရီလ (၁၁) ရက်နေ့ နံနက် အစောပိုင်းတွင် ရွာသားများ သွားရောက် ကြည့်ရှုရာ လှေတစ်စီးတွင် လူမပါဘဲ မျောနေသည့် ပုံစံတွေ့သဖြင့် လှေအနီးသို့ သွားကြည့်ရာ လှေပေါ်တွင် သေနတ်ထိမှန်၍ သေဆုံးနေသူ နှစ်ဦး၏ အလောင်းများ တွေ့ရှိခဲ့သည်ဟု ရွာသား တစ်ဦးက RB News သို့ပြောပါသည်။ ထို့နောက် ရွာသားများက ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်သန်း (ခ) ငလုံးကို အကြောင်းကြားခဲ့ရာ၊ အုပ်ချုပ်ရေးမှူးက သက်ဆိုင်ရာ အာဏာပိုင်များကို သတင်းပေးပို့ခဲ့သည်။ 

အာဏာပိုင်များက အလောင်းများကို လှေပေါ်တွင်သာ ထားရှိရန် မည်သူမှ မကိုင်တွယ် ကြရန် ပြောကြားခဲ့၍ ရွာသားများက အလောင်းများကို လှေပေါ်တွင်သာ ထားခဲ့သည်။ ထို့နောက် ငါးခူရ ကျေးရွာ အခြေစိုက် ဒေသ (၂) မှ နယ်ခြားစောင့် ရဲတပ်ဖွဲ့ တပ်ရင်းမှူးနှင့် အဖွဲ့ ရောက်ရှိလာခဲ့သည်။ သို့သော် ထိုအချိန်တွင် လှေသည် ရေစီးကြောင်းဖြင့် ကမ်းစပ်ရှိ တောထဲသို့ ၀င်သွားသဖြင့် တပ်ရင်းမှူးနှင့် အဖွဲ့က အလောင်းများကို မတွေ့ရှိခဲ့ပေ။ တပ်ရင်းမှူးက အလောင်းများ တွေ့လျှင် ၎င်းအား အကြောင်းကြားရန် အုပ်ချုပ်ရေးမှူးကို ပြောဆို၍ ထွက်ခွာသွားခဲ့သည်။ 

နေ့လည်ပိုင်းတွင် အုပ်ချုပ်ရေးမှူးက အလောင်းများကို ရှာတွေ့သည့် အခါ သက်ဆိုင်ရာသို့ သတင်းပို့ပြီး အလောင်းများကို မောင်တော ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ ည (၆) နာရီ အချိန်တွင် အလောင်းများကို စစ်ဆေးပြီး မိသားစုများထံ အပ်နှံခဲ့သည်။ မိသားစုများက နေအိမ်များသို့ သယ်ဆောင် သွားပြီး ညအချိန်တွင် မြေမြှပ် သဂြိုဟ်ခဲ့သည်။ 

ယခုအခါ သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် နယ်ခြားစောင့်ရဲ များက WY မူးယစ်ဆေးဝါးပြား တစ်သောင်းဖြင့် တွေ့ရှိခဲ့သောကြောင့် ပစ်ခတ်ခဲ့သည်ဟု တပ်ရင်းမှူးအား လိမ်လည်၍ တင်ပြထားကြောင်း သိရှိရသည်။ ယခုအချိန်ထိ အဆိုပါ နယ်ခြားစောင့်ရဲ များကို အရေးယူခြင်း မရှိသေးကြောင်း၊ ပစ်ခတ်သည့် သေနတ်မှာလည်း သာမာန် သေနတ် မဟုတ်ဘဲ အလွန် အားပြင်းသော သေနတ်မျိုး ဖြစ်သည်ကို ကျည်ဆံ ထိမှန်သည့် ဒဏ်ရာများကို ကြည့်ခြင်းဖြင့် သုံးသပ်နိုင်ကြောင်း၊ စင်စစ် အသတ်ခံရသူ နှစ်ဦးမှာ WY သယ်ဆောင်သူများ မဟုတ်ဘဲ ငါးဖမ်းသမားများသာ ဖြစ်ကြောင်း၊ အကယ်၍ WY လက်ဝယ် တွေ့ရှိလျှင်လည်း သေနတ်ဖြင့် ပစ်ခတ်ရန် မလိုဘဲ ဥပဒေနှင့် အညီသာ အပြစ်ပေးရမည် ဖြစ်ကြောင်း ဒေသခံများက ပြောပါသည်။ 

WY နှင့် ဖမ်းမိ၍ သေနတ်ဖြင့် ပစ်ခတ်ရမည် ဆိုလျှင် ရွှေဇား ကျေးရွာအုပ်စု၊ အောင်ဗလရွာနှင့် အမှတ် (၃) ရပ်ကွက် အုပ်စု ၀ီးမလားရွာ များတွင် နေ့ညမပြတ် WY များ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ တင်ပို့နေသည်ကိုလည်း ပစ်ခတ်ပြီး သတ်ဖြတ်ရန် လိုကြောင်း၊ ထိုရွာများမှ WY တင်ပို့ သယ်ဆောင်သူများမှာ ရခိုင်လူမျိုး၊ ဗုဒ္ဓဘာသာဝင်များ ဖြစ်သောကြောင့် ပစ်ခတ်ခြင်း မရှိသည့် အပြင် ဖမ်းဆီးခြင်းလည်း မရှိကြောင်း၊ သက်ဆိုင်ရာမှ မသိဟန်ဆောင် နေကြောင်း၊ ဤသည်ကို ကြည့်ခြင်းအားဖြင့် ရိုဟင်ဂျာများကို လူမျိုးဘာသာ ခွဲခြား၍ မျိုးတုန်းအောင် ရည်ရွယ်ချက် ရှိရှိ ပစ်သတ်နေသည်မှာ ထင်ရှားနေကြောင်း ဒေသခံများက ဝေဖန် ပြောဆို နေကြသည်။

Comment ရေးရန်

Rohingya Exodus