နောက်ဆုံးသတင်း/ဆောင်းပါးများ

အာဏာပိုင်များက လွှတ်ပေးသည့် ရိုဟင်ဂျာ လှေစီးပြေးများထံမှ ငွေညှစ်ရန် ကြိုးစားနေ



MYARF
RB News
22.1.2016

မောင်တော ။ ။ ၂၀၁၅ ခုနှစ် မေလ (၂၁) ရက်နေ့ နေ့လည် ၃ နာရီ အချိန်တွင် ဘင်္ဂလား ပင်လယ်အော်တွင် ကင်းလှည့်နေသော မြန်မာ့ရေတပ်က မလေးရှားနိုင်ငံသို့ သွားနေသည့် စက်လှေ တစ်စီးကို ဖမ်းဆီးပြီး မောင်တော အာဏာပိုင်များကို အကြောင်းကြားခဲ့သည်။ အာဏာပိုင်များက မေလ (၂၂) ရက်နေ့တွင် အဆိုပါ စက်လှေမှ လှေစီးပြေး ဒုက္ခသည်များကို ရသေ့တောင် မြို့နယ် အငူမော်ဆိပ်ကမ်းမှ တင်ယူပြီး အချို့ကို သီးခြား ခေါ်သွားခဲ့သည်။ ရိုဟင်ဂျာ လူမျိုးများကို သီးခြား ခွဲထုတ်၍ ခေါ်သွားခြင်း ဖြစ်ပြီး၊ ၂၂၈ ဦး ကျန်ခဲ့သည်။ ၂၂၈ ဦးမှ ၂၀ ဦးကို တစ်ဖန် သီးခြား ခွဲထုတ်ပြီး မောင်တော ရဲစခန်းသို့ ပို့ဆောင်ခဲ့သည်။ အဆိုပါ (၂၀) ဦးတွင် ဧရာဝတီတိုင်းမှ (၈) ဦးပါဝင်သည်။ ၎င်းတို့ကို ထောင်ဒဏ် (၈) နှစ်စီချမှတ်ခဲ့သည်။ 

ကျန်သည့် ၂၀၈ ဦးမှ (၈) ဦးမှာ ကျောက်တော်မြို့သား ရိုဟင်ဂျာ (၈) ဦးဖြစ်ပြီး၊ ၎င်းတို့ကို ကျောက်တော်မြို့သို့ ပို့ဆောင်ခဲံသည်။ ကျန်သည့် (၂၀၀) ဦးကို တောင်ပြိုလက်ဝဲ မြို့နယ်ခွဲတွင် ဒုက္ခသည် စခန်းဖွင့်လှစ်၍ ထားခဲ့သည်။ ထိုထဲမှ မြန်မာနိုင်ငံသား ရိုဟင်ဂျာများကို စီစစ်၍ ပြန်လည် လွှတ်ပေးခဲ့ပြီး၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများကို UNHCR ၏ စောင့်ရှောက်မှုဖြင့် ဆက်လက် ထားခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ပြန်လည် ပို့ဆောင်ခဲ့သည်။ 

ပြန်လည် လွတ်လာသည့် မြန်မာနိုင်ငံသား ရိုဟင်ဂျာများ ဖြစ်သည့် မောင်တော မြို့နယ် ကျီးကန်းပြင် ကျေးရွာအုပ်စု၊ အလယ်ရွာမှ (၁) နူရ်ဟူစိန်း (ဘ) ဦးနူရ်ဘော်ရှော်ရ် (အသက် ၂၀ နှစ်)၊ (၂) မာမတ်တော်ယုဖ် (ဘ) ဦးအဒူကော်ရိမ် (အသက် ၁၉ နှစ်)၊ (၃) အာယာတူလ္လာ (ဘ) ဦးဆော်လီမူလ္လာ (အသက် ၁၆ နှစ်) နှင့် (၄) ရှော်ဘိရ်အာမတ် (ဘ) ဦးအာဇီရာမန် (အသက် ၁၈ နှစ်) တို့ကို မောင်တော မြို့နယ်ရှိ လူကုန်ကူးမှု တားဆီးရေး အဖွဲ့က လွန်ခဲ့သည့် အပတ်တွင် ကျေးရွာ အုပ်ချုပ်ရေးမှူးမှ တဆင့် တရားရုံးတွင် စစ်ဆေးလိုသည်ဟု ဆိုကာ အကြိမ်ကြိမ် ဆင့်ခေါ်ခဲ့သည်။ သို့သော်လည်း ၎င်းတို့က သွားရောက် တွေ့ဆုံခြင်း မရှိခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

တစ်ဖန် ဇန်န၀ါရီလ (၂၀) ရက်နေ့တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ်မှ မှုခင်းစာရေး (ဂိတ်စာရေး) ဦးတင်လှကလည်း ကျီးကန်းပြင် ကျေးရွာ အုပ်ချုပ်ရေးမှူးမှ တဆင့် ထိုလူငယ် လေးဦးကို ဆင့်ခေါ်ခဲ့သည်။ သို့သော်လည်း ၎င်းတို့က မတရားသဖြင့် ထောင်ချခြင်း ခံရမည်၊ သို့မဟုတ် ငွေညှစ်ခံရမည်ကို စိုးရိမ်၍ သွားရောက် တွေ့ဆုံခဲ့ခြင်း မရှိကြောင်း သိရသည်။ အကယ်၍ ၎င်းတို့အား ထောင်ဒဏ်ချမှတ်လိုလျှင် ၎င်းတို့ ဖမ်းဆီးခံနေရစဉ်က ကျခံရမည် ဖြစ်ပြီး၊ ယခုမှ တရားရုံးမှ စစ်ဆေးလိုသည်ဟု ဆိုကာ အကြောင်းပြ၍ လူကုန်ကူးမှု တားဆီးရေး အဖွဲ့နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ မှုခင်းစာရေး တို့က ဆင့်ခေါ်နေခြင်းမှာ ငွေညှစ်ရန်သာ ဖြစ်သည်ဟု ဒေသခံများက သုံးသပ်နေကြသည်။

Comment ရေးရန်

Rohingya Exodus