နောက်ဆုံးသတင်း/ဆောင်းပါးများ

မိခင်ဖြစ်သူကို မဖွယ်မရာ ပြုလုပ်သည့် အသွင်ဖြင့် စစ်ဆေးနေသည်ကို သားဖြစ်သူက ပြောသဖြင့် ငွေညှစ်ခံရ



MYARF
RB News
15.1.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ သီဟိုဠ်ကျွန်း ကျေးရွာ (ဟောလ္လာဘင်္ဂါ) ဈေး အရှေ့ဘက်ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲ (၆) ဦးသည် လက်နက်အပြည့်ဖြင့် ဇန်န၀ါရီလ (၁၀) ရက်နေ့ ည ၇း၄၅ နာရီ အချိန်တွင် ယင်းကျေးရွာ ဦးအလီအာမတ်၏ နေအိမ်ကို ၀န်းရံပြီးနောက် နယ်ခြားစောင့်ရဲ နှစ်ဦး အိမ်ထဲသို့ ၀င်ရောက်၍ ဦးအလီအာမတ်၏ သမီးပျိုနှင့် ချွေးမတို့၏ ခန္ဓာကိုယ် အနှံ့ကို ကိုင်တွယ် စစ်ဆေးခဲ့သည်။ ထို့နောက် ဘင်္ဂလားဖုန်း ရှာဖွေသည်ဟု ဆိုကာ အိမ်တွင် ခင်းထားသည့် ပျဉ်ပြားများကို ခွာချခဲ့သည်။ ရှာဖွေပြီးနောက် တရားမ၀င် ပစ္စည်း တစ်စုံတစ်ရာ မတွေ့ရှိသောကြောင့် ပြန်လည် ထွက်ခွာသွားခဲ့သည်။ ထိုသို့ ရှာဖွေစဉ် ဦးအလီအာမတ်သည် နေအိမ်တွင် မရှိသည့်အပြင် နယ်ခြားစောင့်ရဲ များနှင့် အတူ ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင် တစ်ဦးတစ်ယောက်မှလည်း မရှိခဲ့ကြောင်း သိရသည်။ 

ဇန်န၀ါရီလ (၈) ရက်နေ့ ည ၆ နာရီခန့် အချိန်တွင်လည်း ယင်းကျေးရွာမှ မော်လ၀ီ မာမတ်ဟူစိန်း၏ ဇနီး (အသက် ၄၀ နှစ်ခန့်ရှိ) သည် ကင်းစခန်းရှေ့မှ လမ်းလျှောက် သွားနေစဉ် WY သယ်ဆောင်သော အမျိုးသမီးဟု ဆိုကာ နယ်ခြားစောင့်ရဲများ နောက်မှ လိုက်လာပြီး အိမ်သို့ သူမ၏ အိမ်သို့ ၀င်ရောက်၍ ခန္ဓာကိုယ် အနှံ့ကို ကိုင်တွယ်၍ စစ်ဆေးခဲ့သည်။ သူမ၏ သားဖြစ်သူ မောင်ယာယာဟ်ဟူစိန်း (အသက် ၁၆ နှစ်) က မြင်တွေ့သည့် အခါ အဘယ်ကြောင့် အမျိုးသမီး တစ်ဦးကို ထိုကဲ့သို့ မဖွယ်မရာ ပြုလုပ်နေရသနည်းဟု မေးမြန်းရာ နယ်ခြားစောင့်ရဲများက အဆိုပါ ကလေးကို ခြေထောက်ဖြင့်ကန် လက်သီးဖြင့်ထိုးနှက် ကန်ကျောက်ပြီး လက်ထပ်ခတ်၍ စခန်းသို့ ခေါ်ဆောင် သွားခဲ့သည်။ 

စခန်းသို့ရောက်သည့်အခါ နယ်ခြားစောင့်ရဲ များကို ဆဲဆိုသည်ဟု စွပ်စွဲ၍ ဆက်လက် ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ပြီး ငွေကျပ် နှစ်သိန်း တောင်းခံခဲ့သည်။ ၎င်းတို့ မိသားစုသည် ဆင်းရဲ၍ ငွေမရှိသဖြင့် မိခင်၏ ရွှေနားကွင်းကို ရွာသား တစ်ဦးထံ ပေါင်နှံ၍ နယ်ခြားစောင့်ရဲ များကို ငွေကျပ် တစ်သိန်း ခုနှစ်သောင်း ပေးခဲ့ရသည်။ နယ်ခြားစောင့်ရဲ များက ငွေကျပ် တစ်သိန်း ခုနှစ်သောင်းနှင့် မလွှတ်ဘဲ နှစ်သိန်းတောင်းခံ သဖြင့် ကျန်ငွေ သုံးသောင်းကို နှစ်ရက်အတွင်း လာပေးမည်ဟု ကတိပေးမှ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ 

ဇန်န၀ါရီလ (၅) ရက်နေ့ ည ၉း၃၀ နာရီ အချိန်တွင် အဆိုပါ စခန်းမှ နယ်ခြားစောင့်ရဲ (၅) ဦးသည် သီဟိုဠ်ကျွန်း တောင်ရွာသို့ သွားရောက်၍ ဦးမာမတ်အာလောမ် (ဘ) ဦးနိုရို၏ အိမ်သို့ တိတ်တဆိတ် ၀င်ရောက်၍ ဆေးခြောက် နှစ်ထုတ် ထည့်သွင်းခဲ့သည်။ ထို့နောက် အိမ်ရှင်ဖြစ်သူအား ခေါ်ပြီး အိမ်စစ်ဆေးမည်ဟု ပြောကာ စစ်ဆေး၍ ၎င်းတို့ ထည့်သွင်းထားသည့် ဆေးခြောက် နှစ်ထုတ်ကို ရှာထုတ်ကာ ဆေးခြောက်မိသည်ဟု လုပ်ကြံ၍ ဦးမာမတ်အာလောမ်ကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။ စခန်းသို့ ရောက်သည့်အခါ ဆေးခြောက် ရောင်းချသူဟု ဆိုကာ ရိုက်နှက် ခြိမ်းခြောက်၍ ငွေကျပ် တစ်သိန်း ခုနှစ်ထောင် ညှစ်ယူခဲ့သည်။ 

ဦးမာမတ်အာလောမ်သည် နေ့စား အလုပ်သမား တစ်ဦး ဖြစ်ပြီး၊ နယ်ခြားစောင့်ရဲ များအား ပေးရန် ငွေကျပ် တစ်သိန်း ခုနှစ်ထောင် မတတ်နိုင်၍ ၎င်း၏ အိမ်ကို ပေါင်နှံ၍ ပေးခဲ့ရသည်။ သတ်မှတ်ရက် အတွင်း ငွေမပေးနိုင်ပါက အိမ်ဆုံးရှုံးမည် ဖြစ်ပြီး၊ နေ့စား အလုပ်သမား တစ်ဦး အနေဖြင့် ငွေကျပ် တစ်သိန်းကျော် စုဆောင်းရန် မလွယ်ကူဟု ရွာသားများက ပြောပါသည်။ ငွေပြန်မဆပ်နိုင်ပါက အိမ်ရာမဲ့ ဘ၀သို့ ရောက်မည့်အရေးကို ဦးမာမတ်အာလောမ်က တွေးပူလျက် ရှိသည်ဟု ဆိုသည်။ 

နယ်ခြားစောင့်ရဲ များက အမျိုးသမီးအား မဖွယ်မရာ ပြုလုပ်၍ စစ်ဆေးနေသည်ကို သက်ဆိုင်ရာ တာဝန်ရှိသူများက အရေးယူ ဟန့်တားပေးရန် ရွာသားများက အထူးလိုလား နေကြသည်။

Comment ရေးရန်

Rohingya Exodus