နောက်ဆုံးသတင်း/ဆောင်းပါးများ

ကြိမ်ချောင်းမှ နယ်ခြားစောင့်ရဲ များက ဒေသခံ ရိုဟင်ဂျာများကို လုပ်ကြံ ဖမ်းဆီး ငွေညှစ်



MYARF
RB News
20.2.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ ကြိမ်ချောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း (ယခင် ကြိမ်ချောင်း ရဲစခန်း) မှ စခန်းမှူး အပါဝင် နယ်ခြားစောင့်ရဲ (၆) ဦးသည် ဖေဖော်ဝါရီလ (၁၈) ရက်နေ့ ညနေ ၅း၃၀ နာရီ အချိန်တွင် စံကားပြင် ကျေးရွာ တံတားသို့ သွားရောက်၍ တံတားကို ကြိုးဖြင့် ပိတ်လိုက်ပြီးနောက် ဇီးပင်ချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးလောင်း ဦးသန်းနိုင်နှင့် ဇီးပင်ချောင်း ကျေးရွာမှ ဦးရာဇာမျာ တို့ကို ဆိုင်ကယ်စီး၍ မောင်တောမြို့မှ အိမ်ပြန် သွားနေစဉ် စစ်ဆေးမည်ဟု ဆိုကာ ဆိုင်ကယ်ထဲသို့ WY ဆေးပြား ၂၀ ထည့်သွင်းပေး၍ WY တွေ့ရှိသည်ဟု လုပ်ကြံ၍ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။ 

ဖေဖော်ဝါရီလ (၁၉) ရက်နေ့တွင် ကြိမ်ချောင်း ဆေးရုံသို့ ခေါ်ဆောင် သွား၍ ဆီးစစ်ခိုင်းပြီးနောက် ကြိမ်ချောင်း စခန်းသို့ ပြန်လည် ခေါ်ဆောင် သွားခဲ့သည်။ ၎င်းတို့ နှစ်ဦး ဖမ်းဆီးခံရခြင်းမှာ ဇီးပင်ချောင်း ကျေးရွာမှ လက်ရှိ အုပ်ချုပ်ရေးမှူး ဦးအာယုဖ်၏ ပယောက ကြောင့်သာ ဖြစ်သည်ဟု ဒေသခံများက RB News သို့ပြောသည်။ ဇန်န၀ါရီလတွင် ဇီးပင်ချောင်း ကျေးရွာ၌ ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ရန် ရွေးကောက်ပွဲ ကျင်းပခဲ့ရာ ဦးသန်းနိုင်က လက်ရှိ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအာယုဖ်ကို အနိုင် ရရှိခဲ့သည်။ သို့ဖြစ်၍ လက်ရှိ အုပ်ချုပ်ရေးမှူးက အနိုင်ရရှိသူ ဦးသန်းနိုင် အပေါ် မနာလိုဖြစ်ကာ ကြိမ်ချောင်း စခန်းမှ နယ်ခြားစောင့်ရဲ များကို ငွေပေး၍ အုပ်ချုပ်ရေးမှူးလောင်း ဦးသန်းနိုင်နှင့် ရွာသား ဦးရာဇာမျာ တို့ကို လုပ်ကြံ ဖမ်းဆီးခိုင်းခြင်း ဖြစ်သည်။ 

ဖေဖော်ဝါရီလ (၁၇) ရက်နေ့ ည ၈း၃၀ နာရီခန့် အချိန်တွင်လည်း ကြိမ်ချောင်း စခန်းမှ စခန်းမှူး အပါအ၀င် နယ်ခြားစောင့်ရဲ (၁၂) ဦးသည် ဆိုင်ကယ် ၆ စီးဖြင့် ကြိမ်ချောင်း တောင်ရွာသို့ သွားရောက်ပြီး ဦးမာမတ်အာမီးန် (ဘ) ဦးဆွေတာမတ် (အသက် ၃၀ နှစ်) ကို နေအိမ်မှ ဖမ်းဆီး၍ တရားမ၀င် သစ်ခုတ် ထုတ်လုပ် ရောင်းချနေသည်ဟု စွပ်စွဲ၍ ရိုက်နှက် ထိုးကြိတ်ကာ ငွေကျပ် (၇) သိန်း ညှစ်ယူခဲ့သည်။ ဦးမာမတ်အာမီးန်သည် တရားမ၀င် သစ်ခုတ် ထုတ်လုပ် ရောင်းချခြင်း မရှိဘဲ တရားဝင် ခွင့်ပြုချက် ဖြင့်သာ သစ်ခုတ် ထုတ်လုပ် ရောင်းချလျက် ရှိသည်။ မောင်တော မြောက်ပိုင်းရှိ တောတောင်များကို MIKKO ကုမ္ပဏီက နှစ်ပေါင်း ၃၀ အတွက် မောင်တော အာဏာပိုင်များ ထံမှ ၀ယ်ယူ၍ သစ်ခုတ် ထုတ်လုပ် ရောင်းချလျက် ရှိသည်။ 

ဦးမာမတ်အာမီးန်က MIKKO ကုမ္ပဏီမှ တဆင့် ခွင့်ပြုချက် ရယူပြီး သစ်ခုတ် ရောင်းချနေခြင်းသာ ဖြစ်သည်။ နယ်ခြားစောင့်ရဲ များက မင်းမဲ့ တိုင်းပြည်သဖွယ် ဥပဒေမဲ့ သောင်းကျန်းနေသည်ကို ကြိမ်ချောင်းရှိ စခန်းအမှတ် (၂၄) တွင် စခန်းချ နေထိုင်သည့် ဒုကွပ်ကဲရေးမှူးက အမှန်တကယ် မသိသည်လား၊ သို့မဟုတ် မတရားသဖြင့် ငွေရှာရန် လက်အောက်ငယ်သား များကို ခွင့်ပြု၍ ဝေစုရယူကာ မသိဟန်ဆောင် နေသည်လား ဆိုသည်ကို ဒေသခံများက ဝေဖန် ပြောဆို နေကြသည်။ နယ်ခြားစောင့်ရဲ များက နိုင်ငံတော် အကြည်ညို ပျက်အောင် သောင်းကျန်း နေသည်ကို အကြိမ်ကြိမ် တိုင်တန်းသော်လည်း မည်သည့် အခါမှ ဥပဒေဖြင့် အရေးယူခြင်း မရှိကြောင်း ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus