နောက်ဆုံးသတင်း/ဆောင်းပါးများ

ထင်းခုတ်သမား များကို ရိုက်နှက်၍ ထင်းများနှင့် ထင်းခုတ်ဓါးများ သိမ်းဆည်း



MYARF
RB News
4.2.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ ကံပူးကျေးရွာ၏ မြောက်ဘက် တောတောင် အနီးတွင် စခန်းချ လုံခြုံရေး တာဝန်ယူထားသည့် နယ်ခြားစောင့်ရဲ များက ဇန်န၀ါရီလ (၃၁) ရက်နေ့ နံနက် ၁၁း၃၀ နာရီခန့် အချိန်တွင် တောတောင်မှ ထင်းခုတ်ပြီး အိမ်ပြန်နေကြသည့် ကံပူး ကျေးရွာအုပ်စု၊ ဒိလ်ဖာရာရွာမှ ကလေးနှင့် လူငယ် ၃၀ ဦးကို စခန်းရှေ့မှ ဖြတ်သန်းသွားနေစဉ် ရိုက်နှက်၍ ထင်းစည်းများနှင့် ထင်းခုတ်ဓါးများကို သိမ်းဆည်းခဲ့သည်။ 

နောက်နောင် တောတောင်မှ ထင်းမခုတ်ရန်၊ အကယ်၍ ထင်းခုတ်လျှင် ဖမ်းဆီး ထောင်ချမည်ဟု ခြိမ်းခြောက်ခဲ့သည်။ နယ်ခြားစောင့်ရဲ များ၏ ရိုက်နှက်မှုကြောင့် ထင်းခုတ်သမား အချို့ ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ ထင်းခုတ်သမား များမှာ ဆင်းရဲသားများ ဖြစ်ပြီး ထင်းခုတ် ရောင်းချခြင်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေသူများ ဖြစ်သည်။ ယခုအခါ နယ်ခြားစောင့်ရဲ များမှ ရိုက်နှက်ခြင်း၊ ထင်းနှင့် ဓါးများ သိမ်းဆည်းခံရခြင်းကြောင့် နောက်နောင် တောတောင်မှ ထင်းခုတ်ရန် အခွင့်အလမ်း ပျောက်ကွယ် သွားပြီဖြစ်၍ ထင်းခုတ်၍ မရလျှင် မိသားစု စားဝတ်နေရေး အခက်အခဲ ကြုံရမည်ကို ထင်းခုတ်သမား များက စိုးရိမ်နေသည်။ 

ရိုက်နှက်ခံရပြီး ထင်းစည်းများနှင့် ဓါးများ သိမ်းဆည်းခံရသူ အချို့မှာ -- 

(၁) မာမတ်ဖိုက်ဆဲလ် (ဘ) ဦးအဒူရော်ဇောက် (အသက် ၁၇ နှစ်)
(၂) အစ္စမိုင်လ် (ဘ) ဦးဟော်လီလုရာမန် (အသက် ၂၂ နှစ်) 
(၃) မာမတ်နော်ယိမ် (ဘ) ဦးအိုဘိုင်ဒူရာမန် (အသက် ၁၂ နှစ်)
(၄) မာမတ်ရှားဟ် (ဘ) မော်လ၀ီဆော်ဒူလ္လာ (အသက် ၁၃ နှစ်)
(၅) နီယာမောတ်အုလ္လာ (ဘ) ဦးဘော်ဒီယိုဇာမာ (အသက် ၁၄ နှစ်)
(၆) အာနိုဝါရ်ရှား (ဘ) ဦးကော်လီမူလ္လာ (အသက် ၁၂ နှစ်)
(၇) မာမတ်ရော်ဖိတ်ခ် (ဘ) ဦးဆော်လီမူလ္လာ (အသက် ၁၉ နှစ်)
(၈) မာမတ်အာလောမ် (ဘ) ဦးဂူလာဟူစိန်း (အသက် ၁၈ နှစ်) တို့အပါအ၀င် (၃၀) ဦး ဖြစ်သည်။ 

သိမ်းဆည်းခံရသည့် ထင်းများမှာ တန်ဖိုးအားဖြင့် ငွေကျပ် တစ်သိန်းကျော်ဖိုး ရှိပြီး၊ ဓါး ၃၀ လက်မှာလည်း တန်ဖိုး တစ်သိန်းကျော်ဖိုး ရှိသည်။ ဓါးများ သိမ်းဆည်းခံရပြီး၊ နောက်ထပ် ဓါးတစ်လက် ၀ယ်ရန်ပင် အခက်အခဲ ကြုံရမည့် ဆင်းရဲသားများ ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus