နောက်ဆုံးသတင်း/ဆောင်းပါးများ

နယ်ခြားစောင့်ရဲ များ၏ သတင်းပေး တပည့်က ထင်းခုတ်သမား (၅) ဦးထံမှ ငွေညှစ်ရန် ကြိုးစားနေ



MYARF
RB News
19.3.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ မြင်းလွတ် ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာ ထင်းခုတ် သမား (၂၀) ဦးခန့် ပါသည့် အဖွဲ့တစ်ဖွဲ့သည် မတ်လ (၁၀) ရက်နေ့ ည (၆) နာရီခန့် အချိန်တွင် ၎င်းတို့၏ ရွာနှင့် နီးစပ်ရာ တောင်များမှ ထင်းခုတ်ပြီး ပြန်လာနေစဉ် မြင်းလွတ် နယ်ခြားစောင့် ရဲတပ်ဖွဲ့ နယ်မြေစခန်းမှ နယ်ခြားစောင့်ရဲ များက မည်သည့် အကြောင်းပြချက် တစ်စုံတစ်ရာ မရှိဘဲ ရပ်တန့်ခိုင်းပြီး၊ ထင်းခုတ်ဓါးများနှင့် သယ်ယူလာသည့် ထင်းများကို သိမ်းဆည်းသည့် အပြင် ထင်းခုတ်သမား များကို ဖမ်းဆီးရန် ကြိုးစားစဉ် ထင်းခုတ်သမား အချို့ ထွက်ပြေး တိမ်းရှောင် သွားခဲ့သည်။ 

ထွက်ပြေး၍ မရခဲ့သည့် ထင်းခုတ်သမား (၅) ဦးကို နယ်ခြားစောင့်ရဲ များက စခန်းသို့ ဖမ်းဆီး ခေါ်ဆောင် သွားနေစဉ် နယ်ခြားစောင့်ရဲ များနှင့် အတူ လိုက်ပါလာသည့် မြင်းလွတ် (ဇူမ်ဟာဒါ) ကျေးရွာမှ သတင်းပေး အဒူလ္လာ (ဘ) ဦးဖော်ဇော်လ် (အသက် ၂၇ နှစ်) က ၎င်းအား ငွေကျပ် တစ်သိန်းစီ ပေးလျှင် လွတ်မြောက်နိုင်ကြောင်း ကြားဝင် ပြောဆိုခဲ့သည်။ အဖမ်းခံရသည့် ထင်းခုတ်သမား များသည် နယ်ခြားစောင့်ရဲ များ၏ သတင်းပေး အဒူလ္လာနှင့် စကားပြောနေစဉ် အခွင့်ကောင်း ရရှိသဖြင့် ငွေပေးမည်ဟု ကတိမပေးဘဲ ထွက်ပြေး လွတ်မြောက်ခဲ့သည်။ ယခုအခါ အဆိုပါ သတင်းပေး အဒူလ္လာက ထင်းခုတ်သမား (၅) ဦးကို ငွေကျပ် တစ်သိန်းစီ ပေးမည်ဟု ကတိပေးခဲ့ခြင်းကြောင့် လွတ်မြောက်လာခြင်း ဖြစ်ကြောင်း၊ ၎င်းအား ငွေကျပ် တစ်သိန်းစီ မပေးပါက နယ်ခြားစောင့်ရဲ များကို ခေါ်ဆောင် လာပြီး ဖမ်းဆီးမည်ဟု ခြိမ်းခြောက်လျက် ရှိကြောင်း ဒေသခံ လူကြီးတစ်ဦးက RB News သို့ပြောပါသည်။ 

သို့ဖြစ်၍ သက်ဆိုင်ရာ နယ်ခြားစောင့် ရဲတပ်ဖွဲ့ အကြီးအကဲများ အနေဖြင့် မိမိတို့ လက်အောက်ခံ တပ်ဖွဲ့ဝင်များ၏ သောင်းကျန်းမှုများကို ရပ်တန့်ပေးရန်နှင့် သက်ဆိုင်ရာ သစ်တော ဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့် ထင်းခုတ်ပြီး ၀မ်းစာ ရှာဖွေနေသည့် မရှိဆင်းရဲသား ဒေသခံ ရိုဟင်ဂျာများကို ဒုက္ခပေးနေသည့် သတင်းပေး တပည့် လောက်ကောင် များကို အရေးယူပေးပါရန် လိုလားနေသည်ဟု အဆိုပါ ဒေသခံက ဆက်လက် ပြောပါသည်။ 

ခြိမ်းခြောက်ခံနေရသည့် ထင်းခုတ်သမား များမှာ -- 

(၁) ဦးအဒူရော်ဟိမ်း (ဘ) ဦးဇော်လိလ် (အသက် ၃၂ နှစ်) - မြင်းလွတ် အရှေ့ရွာမှ
(၂) ဦးမိုဟာမတ်ရှာကေရ် (အသက် ၃၀ နှစ်) - မြင်းလွတ် အရှေ့ရွာမှ
(၃) ရာမောတ် (ဘ) ဦးကာလူ (အသက် ၂၄ နှစ်) - မြင်းလွတ် ဖွေရာရွာမှ
(၄) ဦးမာမတ်ရိယာစ် (ဘ) ဦးယာစီးန် (အသက် ၃၀ နှစ်) - မြင်းလွတ် အရှေ့ရွာမှ 
(၅) ဦးဟာဆူ (ဘ) ဦးကာလာမျာ (အသက် ၃၅ နှစ်) - မြင်းလွတ် အရှေ့ရွာမှ -- တို့ဖြစ်ကြသည်။

Comment ရေးရန်

Rohingya Exodus