နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တော ခရိုင်မှ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ရုပ်သိမ်း၍ အထူးတပ်ဖွဲ့နှင့် အစားထိုးမည်ဟု သတင်းထွက်

MYARF
RB News
26.8.2016

မောင်တော
။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ကို မကြာမီ အချိန်ကာလ တစ်ခုအတွင်း ရုပ်သိမ်းတော့မည် ဖြစ်ကြောင်း၊ သြဂုတ်လ (၂၃) ရက်နေ့က ကျင်းပ ပြုလုပ်ခဲ့သော အစည်းအဝေး တစ်ခုတွင် ဂေါ်ဒူသာရ တံတားစခန်းမှ ရဲမှူးက ထုတ်ဖော်ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။


သြဂုတ်လ (၂၃) ရက်နေ့က မောင်တောမြို့နယ် တောင်ပိုင်း၊ နူရူလ္လာကျေးရွာရှိ မူလတန်းကျောင်း၌ မကျည်းချောင်း စခန်းအပိုင် ကျေးရွာများ ဖြစ်ကြသည့် ပညောင်ပင်ကြီး၊ သရေကုန်ဘောင်၊ သရေကုန်တန်း၊ ဂေါ်ဒူသာရ၊ ဒုချီးရာတန်း၊ ဒုညောင်ပင်ကြီး၊ ပဒင်း၊ တပ်ဦးချောင်း၊ ပန်းတောပြင်နှင့် ညောင်ချောင်း ကျေးရွာအုပ်စု (၁၀) အုပ်စုမှ ကျေးရွာအုပ်ချုပ်ရေးမှူးများအဖွဲ့၊ ကျေးရွာတာဝန်ခံများအဖွဲ့နှင့် ကျင်းပပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် ဂေါ်ဒူသာရ တံတားစခန်းမှ ရဲမှူးက နယ်ခြားစောင့်ရဲတပ်ဖွဲ့ နေရာတွင် အထူးတပ်ဖွဲ့ဖြင့် အစားထိုးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

အမှတ် (၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့၏ ကွပ်ကဲရေးမှူး၊ ဒေသမှူးများနှင့် နယ်မြေမှူးများသာ ကျန်ရစ်နေမည် ဖြစ်ပြီး၊ ကျန်သည့် နယ်ခြားစောင့်ရဲများ အားလုံး ပြောင်းရွှေ့သွားမည် ဖြစ်ကြောင်း၊ ၎င်းတို့၏ နေရာတွင် အထူးတပ်ဖွဲ့များနှင့် အစားထိုးမည်ဟု ဂေါ်ဒူသာရ တံတားစခန်းမှ ရဲမှူးက ပြောသည်။ 

အထူးတပ်ဖွဲ့ ဆိုသည်မှာ မည်ကဲ့သို့ တပ်ဖွဲ့ဖြစ်မည်ကို ရဲမှူးက အသေးစိတ် ပြောကြားခဲ့ခြင်း မရှိသော်လည်း၊ အသစ်လာမည့် အထူးတပ်ဖွဲ့ ရောက်ရှိလာပြီး ဒေသခံ ရိုဟင်ဂျာမွတ်စလင်များကို မည်ကဲ့သို့ စစ်ဆင်ရေး လုပ်မည်ကို စောင့်ကြည့်ရန် ခြိမ်းခြောက် ကြိမ်းမောင်းသည့် အသံဖြင့် ပြောဆိုခဲ့သည်ဟု အဆိုပါဒေသခံက ပြောပါသည်။

ရိုဟင်ဂျာများ အပေါ် ရာဇ၀တ်မှု ကျူးလွန်ခဲ့၍ နာမည်ဆိုးဖြင့် ကမ္ဘာကျော်ခဲ့သည့် စစ်အစိုးရလက်ထက် ဖွဲ့စည်းခဲ့သော န.စ.က အဖွဲ့ကို ၂၀၁၃ ခုနှစ် ဇူလိုင်လတွင် ဦးသိန်းစိန် အစိုးရက ဒီမိုကရေစီ သိက္ခာဆယ်ရန် နယ်ခြားစောင့် ရဲတပ်ဖွဲ့ အမည်ဖြင့် ၀တ်စုံပြောင်းခဲ့သော်လည်း၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့က ရာဇ၀တ်မှုများ နေ့စဉ်ကျူးလွန်လျက် ရှိသည်။ 

အစည်းအဝေးတွင် ဂေါ်ဒူသာရ တံတားစခန်းမှ ရဲမှူးက ကြိမ်းမောင်း ခြိမ်းခြောက်၍ ပြောဆိုခဲ့ခြင်းကြောင့် အထူးတပ်ဖွဲ့ ရောက်ရှိလာမည့် သတင်းသည် မောင်တောခရိုင်အတွင်း အချိန်တိုအတွင်း ပြန့်နှံ့သွားပြီး၊ ဒေသခံ ရိုဟင်ဂျာများက ယခုကတည်းက စိုးရိမ်ကြောင့်ကြလျက် ရှိနေကြသည်ဟု မောင်တောမြို့ခံတစ်ဦးက RB News သို့ပြောသည်။ 

“န.စ.က ရှိတုန်းကတော့ စစ်အစိုးရပေါ့ဗျာ၊ သူတို့နှိပ်စက်ခဲ့တာတွေ ဖြေသိမ့်လို့ ရသေးတယ်၊ အခုလို ဒီမိုကရေစီ ခေတ်မှာ လူနည်းစုတစ်စုကို သီးခြားဖိနှိပ်ဖို့ အတွက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဖွဲ့ခဲ့တယ်၊ အခုက လူမဆန်အောင် နှိပ်စက်တဲ့ နယ်ခြားစောင့်ရဲကို ရုပ်သိမ်းပြီးတော့မှ အထူးတပ်ဖွဲ့နဲ့ အစားထိုးပြီး နှိပ်စက်ဖိနှိပ်မယ် ဆိုတာထက် ဒီလူတွေကို တစ်ခါတည်း ဗုံးကြဲ သတ်ပစ်လိုက်ရင် ကိစ္စပြီးတာပါပဲ၊ အခုက တစက္ကန့်တောင် အာမခံချက် မရှိတဲ့ ဘ၀မျိုးမှာ နေရတာ အင်မတန် စိတ်ပျက်စရာပါပဲ” ဟု အဆိုပါ မြို့ခံက ပြောပါသည်။

မောင်တောခရိုင်တွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ကို ကွပ်ကဲရေးမှူး၊ ဒုကွပ်ကဲရေးမှူး၊ ဒေသမှူး (၄) ဦး၊ နယ်မြေမှူး (၁၀) ဦးတို့က ဦးဆောင်နေခြင်းဖြစ်သည်။ 

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ရခိုင်ပြည်နယ် တည်ငြိမ်းအေးချမ်းရေ ကော်မီတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်၏ သိမ်မွေ့နက်နဲသော ပြဿနာများ၏ မူရင်းဇစ်မြစ်ကို ရှာဖွေ ဖော်ထုတ်ရန် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ကို ဦးဆောင်စေ၍ ဖွဲ့စည်းခဲ့သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်မှ ရခိုင်ပြည်နယ်တွင်းသို့ ကွင်းဆင်းမလာမီ အချိန်တွင် ရိုဟင်ဂျာများအပေါ် ရာဇ၀တ်မှုများ ကျူးလွန်နေသည့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ကို ရုပ်သိမ်းနေခြင်းသည် အင်မတန်ထူးခြားနေသည်ဟု ဒေသခံများက ဝေဖန် ပြောဆိုနေကြသည်။

ပြောင်းရွှေ့သွားတော့မည် နယ်ခြားစောင့်ရဲများ၏ နောက်ဆုံးပိတ် အိတ်နှင့်လွယ် ပုံစံဖြင့် ဒေသခံ ရိုဟင်ဂျာများ အပေါ် ကျူးလွန်နေလျက် ရှိသည့် ပြစ်မှုများကို အနီးကပ် စောင့်ကြည့်နေကြောင်း မြို့ခံ လူ့အခွင့်အရေး လှုပ်ရှားသူများက ပြောပါသည်။


Comment ရေးရန်

Rohingya Exodus