နောက်ဆုံးသတင်း/ဆောင်းပါးများ

ခမောင်းဆိပ် မာဇီး တံတား ကင်းစခန်းမှ ဒုရဲအုပ်က ကင်းသမား (၄) ဦးထံမှ ငွေညှစ်

MYARF
RB News
26.8.2016


ခမောင်းဆိပ် ။ ။ ရခိုင်ပြည်နယ်၊ မောင်တော ခရိုင်၊ ခမောင်းဆိပ်မြို့ (ယခင် န.စ.က နယ်မြေ ၁) အပိုင် ရဲအောင်စံရာဖွေ ကျေးရွာအုပ်စု၊ မာဇီးရွာ တံတားအနီး အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ စခန်းမှူး ဒုရဲအုပ်သည် ရွာကင်းစောင့်နေသည့် ရိုဟင်ဂျာ (၄) ဦးကို အိပ်စက်နေသည်ဟု လုပ်ကြံစွပ်စွဲ၍ ငွေကျပ် ၄ သောင်း ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။

သြဂုတ်လ (၂၁) ရက်နေ့ ညသန်းခေါင်ယံ တစ်နာရီခွဲ အချိန်ခန့်တွင် အဆိုပါစခန်းမှ စခန်းမှူး အပါအ၀င် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များသည် ကြောင်နဖေ ကျေးရွာအုပ်စု၊ ဂယောင်ရွာသို့ ကင်းလှည့် သွားရောက်ကာ ရွာကင်းစောင့်နေသည့် ဂယောင်ရွာသားများကို စစ်ဆေးခဲ့ရာ ကင်းစောင့်နေသူ ၄ ဦးစလုံးကို အသင့်အနေအထားတွင် တွေ့ရှိခဲ့သည်။ သို့သော်လည်း စခန်းမှူးနှင့်အဖွဲ့က “ငါတို့လာနေတုန်း မင်းတို့က တုတ်ချောင်းတွေ ဘာတွေ ကိုင်ပြီး ဘာလို့ အပြင်ထွက် မလာတာလဲ ဘာလို့ လာမထိုးတာလဲ” ဟု ယုတ္တိကင်းမဲ့စွာ ပြစ်တင်စွပ်စွဲ၍ ငွေကျပ် တစ်သောင်းစီ ညှစ်ယူခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

အထက်ဖော်ပြပါ စခန်း ဆိုင်ကယ်တစ်စီးပေါ်တွင် ၎င်း၏ ကိုယ်ရံတော် ရဲတပ်သား တစ်ဦးကို တင်ကာ ဒေါသထွက်နေသည့် ပုံစံဖြင့် ဘေးပတ်ဝန်းကျင်ရှိ ရွာများသို့ ညအချိန်မတော် ၀င်ရောက် လှည့်လည် သွားလာနေကြောင်း၊ ထိုသို့ လှည့်လည်ခြင်းမှာ လုံခြုံရေးကို အထူးဂရုစိုက်၍ လှည့်လည်နေခြင်း မဟုတ်ဘဲ ငွေညှစ်နိုင်ရန်နှင့် ရိုဟင်ဂျာများက ၎င်းကို ကြောက်လန့်စေရန် အတွက်သာ ဖြစ်သည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။ 

စခန်းမှူးသည် ရွာအတွင်း လှည့်လည်နေစဉ် နေအိမ်တစ်အိမ်တွင် အလင်းမြင်ရုံနှင့် နေအိမ်သို့ စီးနင်း ၀င်ရောက်၍ မိသားစုဝင်များကို လည်းကောင်း၊ ရွာထဲ ဆိုင်မှ ဈေးဝယ်သူများကို လည်းကောင်း၊ အိမ်အပြင်ထွက်၍ လေညှင်းခံနေသူ များကို လည်းကောင်း ဖမ်းဆီး ငွေညှစ်နေကြောင်း၊ ထိုမျှမကဘဲ ကင်းစောင့်များကိုလည်း တစ်နည်းမဟုတ် တစ်နည်းဖြင့် အပြစ်တင်၍ ငွေညှစ်လျက် ရှိကြောင်း အဆိုပါ ဒေသခံက ဆက်လက်ပြောပါသည်။ 

ငွေညှစ်ခံခဲ့ရသည့် ကင်းစောင့် (၄) ဦးမှာ --

(၁) ဦးမာမတ်အာယုပ် (ဘ) ဦးဒေါ်လိလ်ဘောက်ရှု
(၂) ဦးရှော်ဘီရ်အာလောမ် (ဘ) ဦးအာရှော်ရော်ဖ်မျာ
(၃) ဦးအာဘူတာလေခ် (ဘ) ဦးရှောမ်ရှုအာလောမ်
(၄) ဦးဖေရင် (ဘ) ဦးဟာမီဒူရာမန် -- တို့ဖြစ်ကြသည်။ 

မာဇီးတံတားအနီး အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ စခန်းမှူး၏ အချိန်မတော် လှုပ်ရှားမှု၊ ရိုင်းစိုင်းစွာဆက်ဆံမှု၊ မသမာသောနည်းဖြင့် အကွက်ဆင်၍ ငွေညှစ်နေမှု စသော ဗိုလ်ကျမိုက်မဲမှုများကြောင့် ရွာသားများ နေ၀င်သွားသည်နှင့် မည်သည့် အရေးပေါ် ကိစ္စနဲ့မှ အပြင်မထွက်နိုင်ခြင်း၊ ကျောင်းသားများ အိမ်တွင် မီးထွန်း၍ စာမကျက်နိုင်ခြင်း၊ ကင်းစောင့်ရန် အလှည့်ကျသည့်နေ့တွင် မတရားသဖြင့် ငွေညှစ်ခံရသည့် အတွက်ကြောင့် မရှိဆင်းရဲသော ဒေသခံရိုဟင်ဂျာများ၏ စိုးရိမ်မကင်း ဖြစ်နေရခြင်း များသည် အာဏာပိုင် အဖွဲ့အစည်းများ၏ ရိုဟင်ဂျာ လူမျိုးများအပေါ် အကြင်နာမဲ့စွာ လက်တွဲ ကျင့်သုံးနေသော ဖိနှိပ်ချုပ်ချယ်မှု များသည် အလွန်တုန်လှုပ်ဖွင် ကောင်းပြီး၊ နယ်မြေ တည်ငြိမ်အေးချမ်းရေးနှင့် အစိုးရအပေါ် ရိုဟင်ဂျာလူမျိုးများ၏ ယုံကြည်မှု တည်ဆောက်ရေးကို ထိခိုက် ပျက်ပြားစေနိုင်ကြောင်း ဒေသခံများက ဝေဖန်သုံးသပ် နေကြသည်။


Comment ရေးရန်

Rohingya Exodus